အမှန်က လူဖတ်အောင် လုပ်လိုက်တာပါ၊ ဇာဂနာနဲ့ ကျွန်တော်က ဘာမှ မဖြစ်ပါဘူး။ အောက်တိုဘာလ ၁၂ ရက် သီတင်းကျွတ် လပြည့်နေ့က ကမ္ဘာကျော် မြန်မာ့ လူပြက်ကြီး ပြန်လွတ်လာတော့ ၀မ်းသာခဲ့ပါတယ်။ ထွက်ထွက်ခြင်း ပြောတဲ့ ဖြေတဲ့ အပြောတွေ၊ အဖြေတွေကလည်း ဒက်ကနဲ ဒုန်းကနဲ ဒိုင်းကနဲ ဖြစ်နေတော့ သူ့ကတုံးဟာ ရွှေချထားဖို့ ကောင်းတယ်လို့ပဲ စိတ်ထဲ ကြိတ်တွေး ခဲ့ပါတယ်။

ဦးနှောက်က ကောင်းလွန်း ထက်လွန်း တော်လွန်းနေတာကိုးဗျာ၊ မြန်မာပြည်မှာ ဒီလို ကမ္ဘာ့အဆင့်မီ လူပြက်တယောက် ရှိနေတာ၊ ရထားတာ အင်မတန် ဂုဏ်ယူဖို့ ကောင်းတယ်လို့လည်း ကိုယ့်ဘာသာကိုယ် ကျေနပ်မိပါတယ်။ ဖေ့စ်ဘုတ်ကနေတဆင့် ဇာဂနာ့ အင်တာဗျူးတွေ၊ သတင်းတွေ ဖတ်ရတော့လည်း ကောင်းလိုက်တာဗျာ၊ ပြောတတ်လိုက်ဗျာ၊ ဖြေတတ်လိုက်တာဗျာလို့လည်း သြော်ချ မိပါတယ်။

သတင်းထောက်တွေ၊ အင်တာဗျူးတဲ့သူတွေ၊ မေးခွန်းမေးသူတွေက မေးခွန်းတွေ အများကြီး မမေးနိုင်ပါဘူး၊ ဒီ လေး ငါး ဆယ်ခွန်းကိုပဲ ပတ်မေးနေကြရတာပါ။ ဇာဂနာဟာ မေးခွန်းအတူကို အဖြေကွဲတဲ့ ခပ်သွက်သွက်နဲ့ မှတ်သားစရာပါတဲ့ ဖတ်ထားတာတွေကိုပါ ဝေမျှလို့ ပြောဆိုသွားခဲ့တာကိုလည်း သူ့အဖြေတွေ၊ သူ့အင်တာဗျူးတွေ ဖတ်တဲ့အခါ တွေ့ရပြန်ပါတယ်။ သတင်းထောက်ကတော့ အစုံမေးတာကိုး… ဖြေသမျှထဲက တလုံးအထူး ပါလာရင် တလုံး သတင်းလုပ်မှာကိုးဗျာ။ သတင်းထောက်နဲ့ လူပြက် အားစမ်းတာလို့ တနည်းတလမ်း သုံးသပ်မယ်ဆိုလည်း အလုပ်တခု ရနိုင်ပါတယ်။

အဲဒီမှာ သတင်းဌာနတခုက မေးတဲ့ မေးခွန်းလေး တခုက ချစ်စရာပါ။ သမ္မတ အိန္ဒိယ ရောက်နေတယ်… ဇာဂနာ ဘာများ ပြောမလဲတဲ့။ လူပြက်ကြီးက ပြန်ဖြေတယ်။ မလှလားဗျာ… “သမ္မတကြီး… လို့ ။ အိန္ဒိယ ရောက်ရင် ချာပါတီ စားပါလို့။ အာလူးပူရီ မစားပါနဲ့…လို့ ကျနော်ပြောချင်ပါတယ်“ တဲ့။

ရယ်လိုက်ရတာ ဖတ်ဖတ်မော… ရင်ဘတ်နောက်က ကျော…။ ဇာဂနာဟာ လူပြက်ဖြစ်လေတော့ တင်္ခဏုပ္ပတ္တိဥာဏ် (ရုတ်တရက် ဖြစ်သောဥာဏ်) အလွန်ရွှင်ပါတယ်။ လူပြက်တွေမှာ အသော အဖောက် အခံ အခု ညီညွတ်ရပါတယ်။ ဒါမှ ရယ်စရာ ဖြစ်ပါတယ်။ မေးသူက မေးတော့ ဖြေသူက ဖြေရပါတယ်၊ ရယ်ရပါတယ်။ ကျွန်တော်လည်း ဖတ်ပြီး ရယ်လိုက်မိပါတယ်။

ဇာဂနာကို လူပြက်ထက် အများကြီး ပိုမြင်တဲ့ သူတွေလည်း ရှိပါတယ်။ (နိုင်ငံရေးခေါင်းဆောင်တယောက်လို မြင်ကြတဲ့ လူငယ်တွေ ရှိနေပါတယ်၊ နိုင်ငံရေးမှုနဲ့ ထောင်ကျတယ်၊ ထောင်ကထွက်လာတယ်၊ နိုင်ငံရေးသမားလို့ ထင်ကြတာပါ)၊ ကျွန်တော်ကတော့ ဇာဂနာဟာ နိုင်ငံကောင်းကျိုး၊ ပြည်သူတွေ ကောင်းကျိုးအတွက် တဖက်တလမ်းက သူနိုင်တဲ့ဘက်က ဆောင်ရွက်သူလို့သာ မြင်ပါတယ်။ (နိုင်ငံရေးသမားစစ်စစ်တော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်၊ ခဏနေ ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ။)

ဒီတော့ ဇာဂနာ ဖြေတဲ့ အဖြေ၊ ပြောတဲ့ စကားတွေကို ရယ်စရာရှိရင် ကျွန်တော် ရယ်ပါတယ်။ သေချာ နားစိုက်စရာရှိရင် ပြန်ဖတ်ပြီး စဉ်းစားပါတယ်။ ကျော်တွေးပါတယ်။ တမျိုး တနေရာ တယောက် တမီဒီယာကို ပြောတဲ့ ပုံစံတွေ မတူတာကို လေ့လာမိပါတယ်။

အဲဒီတော့ ပြန်ကောက်ရရင် ခုန ဇာဂနာ ပြောလိုက်တဲ့ သမ္မတ အိန္ဒိယရောက်တုန်း ချာပါတီ စားပါ၊ အာလူးပူရီ မစားပါနဲ့ကို ကျွန်တော်က တဟားဟား ရယ်မိပါတယ်။ ကောင်းလိုက်တဲ့ ခေါင်းလို့လည်း တွေးမိလို့ သဘောကျမိပါတယ်။ ဇာဂနာ့ တင်္ခဏုပ်မျိုးလည်း လိုချင်မိပါရဲ့လို့ တောင့်တမိပါတယ်။

ဒါပေမဲ့ အဲဒီဟာသကို နားမလည်လို့ မရယ်နိုင်သူတွေ ရှိပါတယ်။ အထူးအားဖြင့်တော့ အပျိုကြီးတွေ ဖြစ်ပါလိမ့်မယ်၊ သူတို့က ဘာပဲဖြစ်ဖြစ် စေ့စေ့တွေးတတ်တာကိုးဗျာ (သေချာတွေးတယ်လို့ ဆိုလိုတာပါ၊ ရိုးရိုးသားသား ပြောပါတယ်)။ ကျွန်တော်နဲ့ခင်တဲ့ အပျိုကြီးတယောက်က လာမေးပါတယ်။ “မောင်လေး… မောင်လေး… ချာပါတီစားပါ၊ အာလူးပူရီ မစားပါနဲ့ဆိုတာ ဘာလဲ“တဲ့။

သူက တော်တော် စဉ်းစားပြီး စိတ်ညစ်ပြီး နောက်ဆုံးမှ မိုးမိလို့ တုပ်ကွေးဖြစ် နေမကောင်းတာကို ကွမ်းယာဆိုင်ဆေးနဲ့ ကြိတ်ကုကြည့်လို့ မရတဲ့အဆုံး ပိုက်ဆံလေး ၅၀၀၀ ကျပ် ချိုင်းညှပ်အိတ်ထဲ အသာထည့်လို့ ဆေးလိုက်တယ်လို့ နာမည်ကြီးတဲ့ ရုပ်ဆိုးဆိုး လူပျိုကြီး ဒေါက်တာထိုင်တဲ့ ဆေးခန်းကို ရင်တမမနဲ့ ထွက်ခဲ့ရတဲ့ ခပ်ချောချော ခပ်တောင့်တောင့် အပျိုကြီးပုံစံနဲ့ အရဲကိုးလို့ ကျွန်တော့်ကို မေးတာပါ။

“ဘာလဲဟဲ့… ချာပါတီစားပါ၊ အာလူးပူရီ မစားပါနဲ့ ဆိုတာ“

အရယ်သန်တဲ့ ကျွန်တော်က ရယ်ပါလေရော…။

“ဟင်း ဟင်း ဟင်း“

သူ့ကိုယ်သူ ရှေ့ နောက် ပြန်ကြည့်ပြီး မလုံမလဲ ဖြစ်သွားပုံရတဲ့ အပျိုကြီးက တခါ…

“ဟဲ့… ကောင်လေး၊ ဘာရယ်တာလဲဟဲ့၊ ဒီက အကောင်းမေးတဲ့ ဥစ္စာ“

ကျွန်တော် မျက်နှာပိုးသပ်လို့ အသာရပ်ရတယ်။ အပျိုကြီးတွေနဲ့ ခင်ရတာ ကောင်းတယ် မဟုတ်လား၊ စလို့ ရတယ်လေ…၊ တခါတည်းနဲ့ အပြတ်စိတ်ဆိုးအောင် စလို့ မကောင်ဘူး။ မျှဉ်းစရတာကိုးဗျ။

“အမ… ဇာဂနာ ဆိုတာ ဘာလဲ သိလား“

ကျွန်တော့်မှာ မေးပြီး တလွဲတွေ တွေးတတ်တဲ့ အပျိုကြီးများ တချော် ဖြေမှာကိုလည်း ကြောက်မိတာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ မြန်မြန် အဖြေထုတ်ပေးလိုက်ရတယ်။

“ဇာဂနာဆိုတာ လူပြက်လေဗျာ၊ ရယ်စရာ ပြောတဲ့သူပေါ့“

ကျွန်တော်က အတည်ရှင်းပြတယ်။ အပျိုကြီးက ကျွန်တော် အတည်ပြောတာကို နောက်တယ်လို့ ထင်တယ်။ မယုံသေးဘူး၊ အပျိုကြီးတွေ သံသယကြီးတာကို လက်တွေ့ မျက်တွေ့ တွေ့ရပြန်တယ်။

“ဟုတ်ကဲ့လားကွယ်…၊ တခြားအကြောင်း တခုခုများ ပြောသလားလို့…“

ကျွန်တော် ထပ်ပြောရပြန်တယ်။

“မေးတဲ့သူတွေကလည်း မေးတော့ သူကလည်း စိတ်ထဲရှိတာ ပြောတာပေါ့၊ မရယ်ရဘူးလား။ ကျွန်တော်တော့ ရယ်ရတယ်။ နဂိုကတည်းက အရယ်သန်လို့လားတော့ မသိဘူး“

တဆက်တည်း အပျိုကြီးမမကိုလည်း ကျွန်တော် အကြံပေးလိုက်သေးတယ်။ တချို့က အချက်ပြမှ ရယ်တတ်ကြတယ်လေ။

“အမလည်း ရယ်လေ၊ ဒါ ရယ်စရာလေ… ရယ်ပါ၊ ကြိုက်သလို ရယ်ပါ၊ တခစ်ခစ်နဲ့ ရယ်ပါ“

သူက ရယ်ချင်ပုံ မရဘူး၊ “သြော်“ လို့ပဲ အသံထွက်ရင်း ငေးမှိုင်မှိုင် လုပ်နေတယ်။

ဒါနဲ့ ကျွန်တော် တလုံးထည့်လိုက်တယ်။

“ရယ်စရာရှိတာ၊ ရယ်စရာ ပြောတာကို မရယ်ဘူး ဆိုရင် ယောက်ျား မရနိုင်ဘူး“

အပျိုကြီး စိတ်ဆိုးသွားပြီ၊ တတ်နိုင်ပေဘူး။ ဒီလောက် ပြောပြတာတောင် ခင်းပေးနေတာတောင် သူ့ရယ်ကြောက ခက်လှတယ်။ ဒါပေသိ ဒေါကန်သွားတာတွေ့တော့ ပြန်ချော့မှလို့ လက်ကနဲ ချက်ချင်း အတွေးပေါက်တယ်။ ဒါနဲ့ စကားရော ဖောသော လုပ်ရပြန်တယ်။

“ဒီလို ရှိတယ်လေ မမရယ်… ဇာဂနာ ပြောတာကို ဖြန့်ထွက်တွေးချင်တယ်ဆိုလည်း တွေးနိုင်တာပေါ့“

ကျွန်တော် လက်ချာ ဆက်ရိုက်ရတော့တယ်၊ အပျိုကြီးက အတည်ကြီးနဲ့ နားထောင်နေတဲ့ပုံ လုပ်နေပြီ။

“ အိန္ဒိယမှာက ချာပါတီဆိုတာက ဂျုံကို မီးကင်(ဖုတ်)တာလေ၊ ကောင်းတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်“

“ဟုတ်တာပေါ့“

အမယ် အပျိုကြီးက တလုံး ၀င်ထောက်ခံလိုက်သေးတယ်။

“အာလူးပူရီကျတော့ ဆီကြော်၊ ဂျုံပဲဖြစ်ပေမယ့် ဆီများများ ထည့်ထားတဲ့ အိုးကြီးထဲ ထည့်ကြော်တာ…“

“ဒီတော့…“

အပျိုကြီးတွေဟာလေ တကယ်ပဲ ခက်ပါတယ်။ ရယ်စရာကျတော့ မရယ်ဘူး၊ ကျွန်တော် ခပ်တည်တည်နဲ့ ပြောတာကျတော့ တလေးတစား နားထောင်နေတယ်။ သဘောလည်း ကျပုံရတယ်၊ လိုက်လည်း ထောက်ခံ (စကားထောက်) နေတယ်။

“ ဆီကြော်ဆိုတော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ သမ္မတကြီးကလည်း ကျန်းမာရေး သိပ်ကောင်းလှတာ မဟုတ်ဘူးလို့ ကြားတယ်။
အထူးသဖြင့် နှလုံး (အပေါ်ဘက်ကဟာကို ပြောတာပါ) မကောင်းဘူးတဲ့။ ဒီလိုဆို ဆီကြော်တွေ စားရင် နှလုံး အဆီပိတ်နိုင်တာပေါ့“

ကျွန်တော် ခပ်တည်တည်နဲ့ ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်တယ်။

“သြော်“

အပျိုကြီးက သြော် တဲ့၊ စကားတလုံး ထောက်တယ်။ သူ အဲဒီလို မစဉ်းစားမိတဲ့အကြောင်း ရိုးရိုးသားသား ၀န်ခံပြောကြားတယ်။

ကျွန်တော်က ဇာဂနာအနေနဲ့ သမ္မတကြီးအပေါ် ထားပုံရတဲ့ စေတနာ တစိတ်တပိုင်းကို ထောက်ပြပြီး နောက်မှာ စိတ်ဝင်တစား ဖြစ်နေသေးပုံရတဲ့ အပျိုကြီးကို ဆက်ပြီး စကားပြောချင်သေးတယ်။ ဆက်ရှင်းပြချင်သေးတယ်။ အပျိုကြီးတွေအပေါ် ထားတဲ့ ကျွန်တော်ရဲ့ စေတနာတွေ ပိုလွန်းတယ်လို့ ဝေဖန်ချင်လည်း ဝေဖန်ဗျာ၊ မတတ်နိုင်ဘူး။ ဒါနဲ့ ဆက်ပြန်တယ်။

“နောက်တခုကတော့ ဒီလို ကောက်ယူ ဆက်စပ်နိုင်သေးတယ်ဗျ။ အာလူးပူရီ မစားနဲ့ဆိုတာ အာလူး မပေးနဲ့လို့လည်း ပြောလို့ရတာပေါ့။ ချာပါတီက ချာတာတာ လုပ်ရင်း ပါအောင် တီးခဲ့လို့ မြှောက်ပေးတာပေါ့“

အပျိုကြီး မျက်လုံးတွေမှာ အရောင်တွေ ထွက်လာတယ်၊ လက်လာတယ်။

“ဟယ်… အမျိုးစုံ စဉ်းစားလို့ ရတာပဲနော်…“

အမှန်တော့ အပျိုကြီးကြောင့် ကျွန်တော့်မှာ အများကြီး စဉ်းစားလိုက်ရတာပါ။ သူကတော့ ပျော်နေပြီ၊ ကျွန်တော့်မှာတော့ ဇာဂနာ စကားကြောင့် ခေါင်းတောင် နည်းနည်း ခြောက်စပြုလာပါပြီ။ ကျွန်တော့် ဥာဏ်အသေးစား အနုစားကလေး ပြန်ရွှင်ဖို့ကတော့ အပျိုကြီး အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ သူ့ကို ပြန်စရပါမယ်။ ဒါနဲ့…

“သိပ်မစဉ်းစားနဲ့ခင်ဗျ၊ အဒေါ်ကြီးလုပ်လို့ ကျွန်တော်တောင် အများကြီး စဉ်းစားလိုက်ရပြီ။ လျော်ပေး…“

အပျိုကြီးက ရယ်တယ်။

“ဟုတ်ပါရဲ့… မုန့်ဝယ်ကျွေးပါ့မယ်“

ကျွန်တော်က စိတ်ဆိုးတဲ့ပုံစံလေးလုပ်လို့ ရသမျှထည့်လိုက်တယ်။

“အပျိုကြီးတွေ တော်တော် ခက်တာပဲ။ ရယ်စရာရှိတာကို မရယ်ဘဲ အချိန်တွေ အလကား အကုန်ခံနေကြတယ်“

အပျိုကြီးကလည်း ခေသူမဟုတ်ဆိုတော့ ပြန်ပက်တယ်။

“ဟ… ချာတိတ်ရ၊ နားမှ မလည်တာကွ။ ဟာသ ဆိုတာက နားလည်မှ ရယ်လို့ရတာ မဟုတ်ဘူးလား“

ဒီနေရာမှာ ကျွန်တော်က လူလည်လူတတ်ကြီး တချက် ၀င်လုပ်လိုက်တယ်။ ဆုံးမသလိုလို ဘာလိုလိုနဲ့…

“ဒါကြောင့် ပြောပြောနေရတာပေါ့။ ရည်းစားထားပါ၊ စကားပြောပါ၊ သူပြောတာတွေ နားထောင်ပြီး ရယ်ပါ။ ဒါဆိုရင် နောက်ဆို ရယ်စရာ တွေ့တာနဲ့ ချက်ချင်း နားလည်ပြီး ရယ်တတ်သွားလိမ့်မယ်ဗျ“

အပျိုကြီးကလည်း မခံဘူးဗျ၊ မဟုတ်မခံ ဆတ်ဆတ်ကြဲ(ဇတ်ဇတ်ကျဲ)ထဲက ထင်ပါတယ်။

“ဟိတ်… သူများကို လာမပြောနဲ့၊ ကိုယ့်ဘာသာပဲ အရင်စွံအောင် လုပ်စမ်းပါဦး။ သူကတော့ အဖြစ် မရှိဘဲနဲ့များ သူများကို ဆရာလာလုပ်ချင်သေးတယ်။ နားမလည်လို့ မေးမိပါတယ်၊ မှားပါတယ်“

အပျိုကြီးက ကျွန်တော့်ကိုတောင် ဖိဟောက်သွားသေးတယ်။ အပျိုကြီးများ ခက်ပါရဲ့ဗျာ… ကျွန်တော်ကလည်း ဘယ်နေလိမ့်မလဲ။

“ကျွန်တော်က နားလည်တယ်လေ၊ ရယ်တတ်တယ်လေ၊ အခုတောင် အမျိုးမျိုး ရှင်းပြလိုက်သေးတယ်မို့လား။ မတတ်နိုင်ဘူး အမ…၊ ကျန်စစ်သားကတော့ ကယ်တာပဲ… စောလူးက အော်တယ်ဆိုရင် အော်ပေါ့။ အိုကေ… ကောင်းသော ညနေခင်းပါ၊ ကျန်းမာချမ်းသာပါစေ။ ဘိုင်…“

ကျွန်တော် အပျိုကြီးနဲ့ လမ်းခွဲလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် ပြုံးနေမိတယ်။ ဇာဂနာ့ ပြုံးဖြီးဖြီး မျက်နှာကြီး (ကတုံးကြီးနဲ့လေ…) ကျွန်တော့် စိတ်ထဲ ပေါ်လာတယ်။

ဇာဂနာကြီးကို ဒါကြောင့် ပြည်သူတွေ (အစိုးရ အရာရှိတွေပါ မကျန်) ချစ်ကြတာကိုးလို့ တွေးမိတယ်။ ဟုတ်တယ်လေ… သူက ရိုးရိုးသားသားနဲ့ ရယ်စရာတွေ ပြောတတ်တာကိုးဗျ။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။
ညနေ ၄ နာရီခွဲ။