၁၀ ရက်လောက်နဲ့ ရေးလို့ဖြစ်ပါ့မလား စဉ်းစားသေးတယ်။ ဒါပေမဲ့ ရေးချင်နေတာနဲ့ အို… ဖြစ်ပါတယ်လို့ပဲ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဘန်ကောက်ကို ဒီတကြိမ် (ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်က) ရောက်တယ်၊ ဒီနေ့ စက်တင်ဘာ ၇ ရက်မှာပဲ ၁၀ ရက်ပြည့်တယ်။ ဒီတကြိမ်ဆိုတော့ အရင်ကရော ရောက်ဖူးသလားလို့ မေးစရာ ရှိလာတယ်။

ဘန်ကောက်ကို ၂၀၀၂ ခုနှစ်က ပထမဆုံးအကြိမ် ရောက်ဖူးတယ်။ သင်္ကြန်ပြီးစ မေလဆန်းမှာ ရောက်ခဲ့တာ၊ ခြောက်ခြောက်ကပ်ကပ် ပူပူလောင်လောင်… အဲဒီလောက်ပဲ မှတ်မိလိုက်တယ်။ အဲဒီတုန်းက ဘန်ကောက်ကနေ ချင်းမိုင်သွားတာမို့ ဘန်ကောက်ရဲ့ မောချစ်အဝေးပြေး ကားကွင်းကနေ ချင်းမိုင်အထိ ဘတ်စ်ကားကြီးနဲ့ ၁၀ နာရီလောက် သွားခဲ့ရတာပေါ့။ အဲဒီမှာပဲ ပထမဆုံး မိန်းကလေး (ချောချောလေးတွေ) စပယ်ယာ စမြင်ဖူးတာပဲ။

ကားမထွက်ခင် စောင်တွေ လိုက်ဝေပေးနေတော့ “အော်… ဒီယူနီဖောင်းနဲ့ ကောင်မလေးတွေက ကားဂိတ်က ၀န်ထမ်းလေးတွေ ထင်ပါရဲ့“ လို့ တွေးနေခဲ့မိတာကိုး… မဟုတ်ဘူးဗျ၊ လမ်းတလျှောက် သူတို့က လိုက်လာတယ်၊ စပယ်ယာဆိုတော့ လိုက်မှာပေါ့လေ၊ ကော်ဖီတွေ၊ မုန့်တွေတောင် တိုက်ကျွေးသေးတယ် မှတ်တာပဲ။ လေယာဉ်မယ်ကျတော့ ကျွန်တော်က ထူးဆန်းတယ်လို့ မထင်ဘူး၊ အဝေးပြေးကားမှာ စပယ်ယာမယ် (မယ်စပယ်ယာလား…) ကျတော့ ထူးဆန်းသလိုလို ထင်မိသေးတယ်၊ ကျွန်တော်က အဲဒီလို…။

စောင်ပေးတယ် ဆိုတာကလည်း ကားက လမ်းမှာ တယ်အေးသကိုးဗျ၊ မြန်မာပြည်က အဝေးပြေးကားတွေလို ဟိုအကြောင်းပြ၊ ဒီအကြောင်းပြပြီး အဲကွန်း မဖွင့်တာ မဟုတ်ဘူး၊ သူတို့ကတော့ ဖွင့်ထားလိုက်တာမှ စောင်ခြုံထားတာတောင် မီးယပ်ချမ်း တုန်နေသလိုမျိုး တုန်စေရမယ် အာမခံနဲ့လား မသိပါဘူး။

ဘန်ကောက်ကနေ ချင်းမိုင်တလျှောက် အဝေးပြေး လမ်းတွေဆိုတာကလည်း ကောင်းလိုက်တာမှ ပြောမနေပါနဲ့တော့… ဖြူးလို့ ဖြောင့်လို့၊ မနေ့ တနေ့ကမှ ဖွင့်ခဲ့တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းထက် အများကြီး သာတာပေါ့။ ဒါ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးလောက်ကဟာကို ပြန်ပြောပြတာပါ။

ဒုတိယတခေါက်ကျတော့ ၂၀၀၅ ခုနှစ်က… အမယ် အဲဒီတုန်းကလည်း မေလပဲဗျာ။ အဲဒီတုန်းကတော့ ချူလာလောင်ကွန်း တက္ကသိုလ်ထဲ တပတ်နေပြီး သင်တန်း တက်ရတယ်။ နောက်ပိုင်းရက်တွေကျတော့ ချင်းမိုင်က တက္ကသိုလ်ထဲမှာ သွားသင်ရတယ်။ ဂျာနယ်လစ်ဇင်သင်တန်းပါပဲ။ IMMF ဆိုတဲ့ အဖွဲ့က ပေးတာပေါ့။ အဲဒီမှာ ဟောလီးဝုဒ်က ကမ္ဘာကျော် သရုပ်ဆောင် ဟူပီ ဂိုးလ်ဘတ်နဲ့ သိပ်တူတဲ့ မြန်မာသူငယ်ချင်းတယောက်နဲ့ တော်တော်ရင်းရင်းနှီးနှီး ခင်ခဲ့ဖူးတယ်။ အမှတ်တရပေါ့။

၂၀၀၅ ဘန်ကောက်ကတော့ ဂျာနယ်လစ်ဇင်ပညာ ဘယ်လောက်ရသလဲတော့ မသိပါဘူး။ MBK မှာ ရုပ်ရှင်ကြည့်ရတဲ့ အရသာ၊ Food Court မှာ ၀က်သားပေါင်းနဲ့ ထမင်းစားရတဲ့ အရသာ၊ ဈေးဝယ်ရတဲ့ အရသာ စသဖြင့် ခံစားလို့ကောင်းတဲ့ အရသာတချို့ ရခဲ့ဖူးတယ်။ ဘန်ကောက် နောက်တကြိမ်ရောက်ရင် လုပ်ဖြစ်အောင် လုပ်မှာက ရုပ်ရှင်ကြည့်တာနဲ့ ၀က်သားပေါင်းနဲ့ ထမင်းစားတဲ့ အလုပ်လို့ တေးထားဖူးတယ်။

၂၀၀၉ ခုနှစ် ဧပြီလမှာ တခေါက်ရောက်ပြန်တယ်၊ အဲဒီတုန်းကတော့ မေလ မဟုတ်တော့ဘူး။ ဧပြီလ ဖြစ်သွားပြီ။ နဂိုတေးထားခဲ့တဲ့အတိုင်း ရုပ်ရှင်ကြည့်ဖြစ်တယ်၊ ၀က်သားပေါင်းနဲ့ ထမင်းစားတယ်။ ၂၀၀၅ ခုနှစ်ကနဲ့ သိပ်မကွာဘူးလို့ ထင်မိတယ်၊ ဒါပေမဲ့ ၂၀၀၅ ခုနှစ်က ရခဲ့တဲ့ အရသာမျိုးတွေတော့ မရခဲ့တော့ဘူး။

တခါ အခုနှစ် ၂၀၁၁ ခုနှစ် ဧပြီမှာ တခေါက်ထပ်ရောက်တယ်။ ထုံးစံအတိုင်းပေါ့၊ ရုပ်ရှင်ကြည့်တယ်၊ ၀က်သားပေါင်းနဲ့ ထမင်းစားတယ်။ ကြိုက်တာကိုး။ ရုပ်ရှင်က တကယ်တော့ ဈေးကြီးပါတယ်။ ဒါပေမဲ့ ရတဲ့ အရသာက တကယ်မိုက်တယ်။ ရုပ်ရှင်ရုံကြီးတခုလုံးမှာမှ လူ ၁၀ ယောက်လောက်ပဲ ရှိတယ်။ ထိုင်ခုံကြီးတွေက ကောင်းသလား မမေးနဲ့… ဇိမ်ပဲ။ အဲကွန်းကလည်း ကောင်းမှကောင်း၊ တခုပဲ မကောင်းတာက သူတို့ ဘုရင်ကြီးကို အရိုအသေပေးရတာပဲ။

ဒါပေမဲ့ မပေးရင်လည်း မဖြစ်ပြန်ဘူး၊ သူ့နိုင်ငံရောက်နေတာကိုး။ နိုင်ငံခြားသားဆိုတာ သူများနိုင်ငံသွားရင် သူများနိုင်ငံက စည်းကမ်းကို လိုက်နာရတာကိုးဗျ၊ ကျွန်တော်တို့ နိုင်ငံမှာနေတဲ့ နိုင်ငံခြားသားတွေကရော ကျွန်တော်တို့နိုင်ငံက စည်းကမ်းတွေ၊ ဓလေ့ထုံးစံတွေကို လိုက်နာကြရဲ့လား မသိပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကရော… ကျွန်တော်တို့ နိုင်ငံက စည်းကမ်းတွေကို လိုက်နာကြသလား၊ နိုင်ငံ့ခေါင်းဆောင်တွေကို ချစ်ကြသလား။ ထိုင်းနိုင်ငံမှာတော့ သူတို့ နိုင်ငံသားတွေက လိုက်နာသလားတော့ မမေးနဲ့… သူတို့ဘုရင်ကြီးကို အတော်ချစ်ကြတယ်ဆိုပဲ။

အခုတခေါက်ရောက်ပြန်ပြီ။ ၂၀၁၁ သြဂုတ်လ။ ရုပ်ရှင်သွားကြည့်တယ်… ကင်မရွန်းဒီးယားဇ်ပါတဲ့ Bad Teacher ဇာတ်ကားသစ် ကြည့်မိပါတယ်။ ထိုင်းစံချိန် စံညွှန်းနဲ့ 18+ ဆိုတော့ အားပါး… ကံများ ကောင်းချင်တော့ကွာလို့တောင် တွေးလိုက်မိသေးတယ်။ ကြည့်မိတော့မှ စိတ်ပျက်လိုက်တာ မပြောပါနဲ့တော့… အလွန်ချာတဲ့ ကားပေပဲ။ မြန်မာဇာတ်ကားတွေတောင် အရှုံးပေးရလောက်အောင် ညံ့ပါပေတယ်။ ဟောလီးဝုဒ်မှာလည်း ဒီလို ပေါချာချာကား ရိုက်ထုတ်တာပါ ကလားလို့ သင်ခန်းစာ ရသွားပါတယ်။

ဒီတခေါက် အထိနာချက်က အဲဒါနဲ့ မပြီးသေးဘူး၊ MBK Food Court မဟုတ်တဲ့ Paragon Food Court မှာ ၀က်သားပေါင်းနဲ့ ထမင်းစားမိတော့ ဈေးတွေ အတော်တက်ကုန်ပါလားလို့ တွေးမိတယ်။ ဒီလိုလေ… ၂၀၀၅ မှာ စားတုန်းက ကူပွန် ၁၀၀ ဖိုး ၀ယ်ပြီး စားရင် အားရပါးရ ဗိုက်တင်းကားနေအောင် အချိုပွဲတွေ ဘာတွေပါ စားလိုက်ပါမှ ဘတ် ၇၀ လောက် ကုန်တာကလား။ ဘတ် ၃၀ လောက်က ကူပွန်နဲ့ ပိုက်ဆံကို တန်းစီပြီး ပြန်လဲရသေးတယ်။

အခုတခါမှာတော့ ဘတ် ၁၀၀ က ထမင်း လေးငါးလုပ်စာနဲ့ ၀က်သားပါးပါးလေး လှီးထားတာက ဘတ် ၅၀၊ ပါပရာ ဆလပ်ရိုးရိုး ပုဇွန်ခြောက် လေးငါးကောင်နဲ့က ဘတ် ၄၅ ဘတ်၊ နောက် ၁၀ ဘတ် ထပ်ဆိုက်ထည့်မှ ၁၅ ဘတ်နဲ့ ရေသန့်တဗူး သောက်နိုင်တော့တယ်။ ရေခဲတခွက်တော့ အလကားပေးတယ်၊ ထိုင်းတွေက ရေခဲ သိပ်ကြိုက်တယ်။

နှစ်ပန်းကန်စားပြီး ရေသောက်တာ ဘာမှမစားထားရသေးတဲ့ အတိုင်းပဲ။ မထိလှဘူး။ တခုတော့ ရှိတယ်။ လန်ဒန်မှာ အုပ်တာ များသွားခဲ့လို့နဲ့ တူပါတယ်။ လန်ဒန်မှာ ဆိတ်သားဟင်းနဲ့ ထမင်းစားရင် ဆိတ်သားက အတုံး ၂၀ လောက်ရသမို့ စားမကုန်နိုင်ဘူး၊ မြန်မာပြည်က လာတဲ့သူမို့ အသား လေး၊ ငါးတုန်း စားပြီးရင် ဆက်မစားချင်တော့ဘူး။

ဒါပေမဲ့ ကျွန်တော် နောက်ပိုင်းတော့ အဲဒီ တခါပြင်မှာ ဆိတ်သား အတုံး ၂၀ ကုန်ရုံမက ဟင်းရံ သီးစုံဟင်းရော၊ ဆင်ခေါင်းပဲပေါင်းရော အုပ်ထည့်တာတောင် ဗိုက်ပြည့်ရုံပဲရှိတယ်။ ပြောချင်တာက ဟိုကအရှိန်နဲ့ ဘန်ကောက်က ကောင်မလေး ပိန်ပိန်လေးတွေ စားရုံ ပြင်ထားတဲ့ တခါပြင်လေးတွေက ကျွန်တော့်အတွက် နောက်သလို ဖြစ်နေသလားတော့ မသိပါဘူး။ တကယ်တော့ တခါပြင်တွေ၊ အ၀စားတွေ မဟုတ်ပါဘူး၊ ဈေးတွေ တက်ကုန် ပြောင်းကုန်တာကို ပြောချင်တာပါ။

ရေသန့်တဗူး (ဗူးသေး) ၁၅ ဘတ်၊ ကိုကာကိုလာသံဗူးဆိုရင် ဘတ် ၂၀၊ ဘီယာတဗူး ဘတ် ၃၀၊ ၃၅ ဘတ်ရှိတယ်။ ဘီယာနဲ့ ကိုလာဆိုရင် လန်ဒန်ဈေးပဲ ဖြစ်နေတယ်။ လန်ဒန်မှာ ၅ ပေါင်နဲ့ စားလို့ရတာမျိုးကို ဘန်ကောက်မှာ စားမယ်ဆိုရင်တော့ ဘတ် ၁၅၀ လောက် ကုန်ဖို့ရှိတယ်။ ငွေကြေးဖလှယ်ကြည့်ရင် ၃ ပေါင်သာသာပေပဲ။

ပေါင်မုန့်၊ ကော်ဖီမစ်၊ ဆလပ်၊ အချိုရည်၊ လက်ဆေးဆပ်ပြာ စတဲ့ ဟိုနည်းနည်း ဒီနည်းနည်း ကျွန်တော် ၀ယ်ကြည့်တယ်။ ဈေးတွေ မသေးတော့ဘူး။ လန်ဒန်ဈေးပဲ။ အ၀တ်အစား၊ ဖိနပ် နည်းနည်းကြည့်ကြည့်တယ်။ ဈေးမပေါ့ဘူး၊ လန်ဒန်ဈေးပဲ။ အကုန်ရတယ်၊ ဈေးတော့ မသေးဘူး။ အာရှက လူတွေ ပိုတောင် ချမ်းသာကြတယ်လို့တောင် ကျွန်တော် ထင်မိတယ်။ လုပ်ခလစာကတော့ လန်ဒန်မှာ ရတာထက်စာရင်တော့ နည်းကြမှာပဲ၊ ဒါကြောင့်လည်း အာရှက လူတွေက ဥရောပထွက် အလုပ်လုပ်ကြတာကိုးဗျာ၊ ဒါပေမဲ့ အာရှက ကုန်ကျစရိတ်ကတော့ ဥရောပနီးနီးဆိုတော့ အာရှက လူတွေက ပိုသုံးနိုင်တယ်လို့ ဆိုရပါမယ်။

ထူးဆန်းတာလေးတွေ…

ခုတခေါက်က အလုပ်နဲ့လာတာဆိုတော့ အလုပ်ဗီဇာ၊ ကျန်းမာရေးဆေးစစ်၊ ဘာညာလုပ်လိုက်တော့ ဒီနှစ်ရက် သုံးရက် အပြင်ထွက်လိုက်ရတယ်။ မြန်မာပြည်က ရန်ကုန်မြို့မှာ ပလက်ဖောင်းပေါ်၊ မီးပွိုင့်နဲ့ ကားတွေကြားမှာ ဈေးရောင်းကြတယ်။ ဘန်ကောက်မှာက ပလက်ဖောင်းပေါ်၊ မီးပွိုင့်နဲ့ ကားတွေကြားမှာ ဆိုင်ကယ်တွေ မောင်းတယ်။

မီးပွိုင့်မမိခင်အထိ ကားလမ်းအတိုင်း မောင်းတယ်၊ မီးပွိုင့်မိရင် လမ်းကူးတဲ့လူလို ဆိုင်ကယ်က မျဉ်းကျားကနေ ကူးတယ်၊ ဟိုဘက်ရောက်တော့ လမ်းပေါ်တက် ပြန်မောင်း လိုက်တယ်။ ဆိုင်ကယ်အတွက် မီးပွိုင့်ဆိုတာ ရပ်စရာ မဟုတ်ဘူး၊ ဥာဏ်ရှိရင် ဖြစ်တာပဲဆိုတဲ့ အထာမျိုး၊ ကားကြားမှာ မောင်းတာ၊ ပလက်ဖောင်းပေါ် မောင်းတာကတော့ ကောင်းပါတယ်လို့ ပြောရမလား၊ ဘယ်လို ပြောရမလဲတော့ မသိဘူး။

ဘန်ကောက်လို ကားလမ်းတွေ အလွန် ကျပ်သပ်ပိတ်ဆို့တဲ့ နေရာမှာတော့ အဲဒီလိုမောင်းတဲ့အခါ မြန်မြန်တော့ ရောက်သွားတာပါပဲ။ ဒုက္ခရောက်ရတာက ပလက်ဖောင်းပေါ် လမ်းလျှောက်ရတဲ့ သူတွေ၊ ဆိုင်ကယ် ဘယ်အချိန် ကိုယ့်ဖင်နား ရောက်နေမလဲဆိုတာ ကျွန်တော့်မှာတော့ တထင့်ထင့်…။

ဘန်ကောက်က အစိုးရရုံးတရုံးက နေ့လယ် ထမင်းစားနားဆိုပြီး တနာရီတိတိ ပိတ်လိုက်တာကို ကြုံရပြန်တယ်။ နိုင်ငံခြားသားတွေကို ၀န်ဆောင်မှုပေးတဲ့ ရုံးက အဲဒီလိုလုပ်တော့ ကျွန်တော့်မှာ အံ့တွေသြလို့…။ လျှပ်စစ်မီးတွေပါ ပိတ်ချလိုက်တာ… မွန်းတည့် ၁၂ နာရီတိတိကနေ မွန်းလွဲ ၁ နာရီအထိ နားတယ်။ ပြီးရော… မီးတွေ ပိတ်ပြီး ၀န်ထမ်းတွေ အကုန်ထွက်ပြီး ထမင်းဆင်းစားကြတယ်၊ ရုံးလာတဲ့ သူတွေကတော့ တနာရီစောင့်ပေတော့ပဲ။

မြန်မာပြည်မှာ ဒီလို မလုပ်ဘူးလို့ ကျွန်တော်ထင်တယ်။ ကမ္ဘောဒီးယား၊ ဖနွမ်းပင်ရောက်တုန်းကတော့ အဲဒီလိုလုပ်တာ နေ့လယ်ဘက် ရုံးပိတ်တာမျိုး ကြုံဖူးတယ်။ ကျောင်းကနေ ထမင်းစားနားတုန်း ရန်ကုန်ကို စာသွားထည့်တာ၊ စာတိုက်က ပိတ်ထားတယ်၊ မှတ်ပုံတင်စာ ပို့လို့ မရလိုက်ဘူး။ ပြင်သစ်ကိုနီလို ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘောဒီးယားမှာ နေ့လယ် ထမင်းစားချိန်ကို ၂ နာရီ နားတယ်။ ပြင်သစ်တွေက အစားအစာကို ဇိမ်ခံ စားသောက်တယ်လို့ သိရတယ်။ မတတ်နိုင်ဘူးပေါ့။ သူ့နိုင်ငံရောက် သူ့နိုင်ငံအထာနဲ့ အလိုက်သင့် နေရုံပေါ့။

ဟိုတနေ့က ဖေ့စ်ဘုတ်က မတ်ဆေ့ခ်ျမှာ ဘန်ကောက်က မိုးပျံရထား ဘူတာရုံတွေနဲ့ ဈေးဝယ်စင်တာတွေမှာ တပ်ဆင်ထားတဲ့ စက်လှေကားတွေ အရှိန် သိပ်မြန်နေတယ်လို့ ကျွန်တော် ရေးခဲ့မိတယ်၊ ချော်မလို လဲမလို ကျွန်တော်ဖြစ်သွားခဲ့တယ်။ အခု ၁၀ ရက် အကြာမှာတော့ အိုကေသွားပါပြီ။

ဒီနေ့ပဲ MRT လို့ သူတို့ခေါ်တဲ့ မြေအောက်ရထား စီးတယ်။ အဲဒီမြေအောက်ဘူတာတွေမှာ တပ်ထားတဲ့ စက်လှေကားတွေကတော့ လန်ဒန်က မြေအောက်ဘူတာတွေမှာ တပ်ထားတဲ့ စက်လှေကားနှုန်းအတိုင်း ဖြည်းဖြည်းပဲ သွားတာကို တွေ့ရပြန်ပါတယ်။ မြေအောက်က စက်လှေကားတွေမို့ မမြန်တာလည်း ဖြစ်နိုင်တယ်လို့တော့ တွေးမိပါတယ်။ ဘန်ကောက်မြေအောက်ရထားက မိုဘိုင်းလ်ဖုန်း ပြောလို့ရတယ်၊ လန်ဒန်က လှိုက်ခေါင်းထဲ ဖြတ်နေရင် ပြောလို့မရဘူး။

ဘန်ရွန်ဂရက်ဆေးရုံကိုလည်း ဆေးစစ်ဖို့ ရောက်ရသေးတယ်၊ မိုက်မှမိုက်ပဲ။ ကျန်းမာရေး ၀န်ဆောင်မှုပေးပြီး ပိုက်ဆံကို သောက်သောက်လဲ ယူနေတာပဲ။ ဆရာဝန်တွေဆိုတာ မြန်မာဆရာဝန်တွေလောက်ပါပဲ၊ မြန်မာဆရာဝန်တွေကတောင် ပိုတော်ချင် တော်နေဦးမယ်လို့ ထင်မိတယ်။ မြန်မာပြည်လည်း တကယ်သာ လုပ်နိုင်ခဲ့ရင် ဒီလို ကျန်းမာရေး ၀န်ဆောင်မှုတွေပေးပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်မှာပဲလို့ အတွေးပေါ်မိတယ်။

အခုတော့ မြန်မာပြည်မှာက နေကောင်းအောင်ပဲ ကြိုးစားနေကြရဦးမှာပဲ။ အဲဒီဆေးရုံမှာပဲ ကောင်တာကနေ သွေးပေါင်ချိန်ဖို့ ကျွန်တော့်ကို လိုက်ကာ ကာထားတဲ့ အခန်းလေး တခုထဲကို ခေါ်သွားတဲ့ နာ့စ်မလေးက မြန်မာမှန်း သိသွားတော့ စကားပြန် ခေါ်မလားတဲ့… မေးပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့ကနေ ဆေးလာကုတဲ့အခါ ဒီလိုပဲ စကားပြန် ခေါ်ပေးရပါတယ်တဲ့။

“အိုဗျာ… ကျွန်တော် အင်္ဂလိပ်လို ပြောနိုင်ပါတယ်“ ဆိုတော့… ကျွန်မနဲ့ပြီးရင် ဒေါက်တာနဲ့ တွေ့ရဦးမှာတဲ့၊ ဆရာဝန်နဲ့ တွေ့တဲ့အခါ ပြောလို့ဖြစ်ပါ့မလား“ တဲ့။ သူကလေးက စိတ်ပူရှာတယ်လေ…။

နတ်သမီးလေးတွေနေတဲ့မြို့ (Land of Angels) တဲ့… ဘန်ကောက်ကို ပြောကြတယ်။ ကျွန်တော်မှာတော့ နတ်သမီးနဲ့ တူတဲ့လူ တယောက်မှတော့ မတွေ့သေးဘူး။ ၀ိုင်းလို့ ဆုတောင်းပေးကြပါဦး…။ နတ်ပြည် မြန်မြန်ရောက်ဖို့ မဟုတ်ဘူးနော်…၊ နတ်သမီးနဲ့ တွေ့ဖို့… သူငယ်ချင်းတွေက ကျွန်တော့်ဆို စေတနာ ကောင်းလွန်လွန်းလို့…။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ည ၁၁း၁၁ နာရီ။