စာမရေးတာကြာတော့ ဘာလေးရေးရင် ကောင်းမလဲလို့ စဉ်းစားကြည့်တော့ တိုင်းပြည်ခေါင်းဆောင်တွေအကြောင်း သွားစဉ်းစားမိတယ်။ ဘယ်နိုင်ငံက ခေါင်းဆောင်ကိုများ သူ့ပြည်သူတွေက တခဲနက် ချစ်ကြသလဲလို့ ကျွန်တော် သိသလောက် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို လက်လှမ်းမီသလောက် လိုက်ကြည့်မိတာ အဆဲခံမထိတဲ့ ခေါင်းဆောင်၊ အဝေဖန် မခံရတဲ့ ခေါင်းဆောင် ဆိုတာ မရှိတဲ့အပြင် နောက်ဆုံး လုပ်ကြံခံရတဲ့ ခေါင်းဆောင်တွေအထိ သွားတွေ့ရတယ်။

ဒါဖြင့်ရင် ပြည်သူတွေ တခဲနက်ချစ်တဲ့ ခေါင်းဆောင်ရော မရှိဘူးလား ဆိုတော့ ရှိတာပေါ့။ မြန်မာပြည်မှာဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့ ဆိုတာ ပြည်သူတွေက သိပ်ချစ်ကြတာပေါ့။ အဲ… ဒါတောင် ခြွင်းချက်က ရှိပြန်သေးတယ်။ သူတို့က အာဏာကို မယူခဲ့ကြသေးလို့ ဆိုတာ သွားတွေ့ရပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရော ဒေါ်အောင်ဆန်းစုကြည်ပါ အာဏာရခဲ့၊ ယူခဲ့မယ်ဆိုရင်လည်း ဝေဖန်သံတွေ၊ အဆဲခံရတာတွေ ရှိဦးမှာပါပဲလို့လည်း ကျွန်တော် စဉ်းစားမိတယ်။

ဗိုလ်ချုပ်အောင်ဆန်းဆိုရင် လွတ်လပ်ရေးရပြီးရင် တိုင်းပြည်ခေါင်းဆောင် အနေနဲ့ လွတ်လပ်တဲ့ မြန်မာပြည်ကို အုပ်ချုပ်တော့မယ် ဆိုတာကို သိလို့ ဂဠုန်ဦးစောတို့က ရှင်းပစ်ခဲ့တယ် မဟုတ်လား။ အာဏာဆိုတာ သိပ်ကြောက်ဖို့ ကောင်းတာပေါ့။ ဒါတောင်… ဗိုလ်ချုပ်က စောစောပိုင်းက ပြောခဲ့သေးတယ်လို့ မှတ်သားဖူးပါတယ်။ ဘာတဲ့… တိုင်းပြည်များ လွတ်လပ်ရေး ရခဲ့ရင်တော့ အေးအေးဆေးဆေး စာရေးစားမယ်ဆိုလား…။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်အောင်ဆန်းသမီး ပီသပါတယ်၊ အာဏာနဲ့ပတ်သက်လို့ တခွန်းတပါဒမှ တရားဝင် ထုတ်ပြောတာမျိုး မကြားမိသေးပါဘူး။ တိုင်းပြည်နဲ့ လူမျိုးတွေအကျိုးကို သူ နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်မယ်လို့ပဲ ပြောတာပါ။

တကယ်တော့ ပြည်သူတွေဟာ အာဏာရှင်တွေကို မချစ်ကြပါဘူး၊ မုန်းကြပါတယ်။ အော့နှလုံး နာကြပါတယ်၊ ကြောက်လို့သာ ဘာမှ ပြန်မပြောရင် နေကြမယ်၊ ချစ်တာကတော့ လုံးဝမချစ်ဘူးဆိုတာကို ကျွန်တော် သိပါတယ်။

အဲ… ဒါပေမဲ့ လစ်ဗျားခေါင်းဆောင်ဟောင်း ကာနယ် ကဒါဖီကတော့ ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ “ပြည်သူတွေက သူ့ကို ချစ်ပါတယ်၊ သူ့အတွက်ဆိုရင် အသက်ပေးလို့ ကာကွယ်မှာပါ“ လို့ ပြောခဲ့ပါတယ်။ ဟုတ်တန်သလောက်တော့ ဟုတ်တာလည်း တွေ့ရပါတယ်၊ သူ့အတွက်နဲ့ အသေခံသွားတဲ့လူတွေ ရှိပါတယ်။ အခုလို သူပုန်တပ်တွေက တတိုင်းပြည်လုံးနီးပါး လစ်ဗျားမှာ သိမ်းနေတာတောင် ကဒါဖီကို ချစ်သူတွေက အသေခံလို့တမျိုး၊ အဖမ်းခံလို့တသွယ် ဆက်လက် ခုခံနေကြတုန်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ တကယ်ပဲ ခေါင်းဆောင်ကြီး ကဒါဖီကို ချစ်တာလား၊ ဒါမှမဟုတ် ဘာကြောင့် ချစ်တာလဲ ဆိုတာကတော့ မေးခွန်း ထုတ်စရာပါ။ ရူးလို့ ချစ်တာပါလို့တော့ ကျွန်တော် မပြောလိုပါဘူး။ လူတိုင်းမှာ ကိုယ့်သဘောကျတဲ့ လူကို ချစ်ခွင့်၊ ကြည်ညိုခွင့်၊ လေးစားခွင့် ရှိနေတာပါပဲ။ ဒါပေမဲ့ ကဒါဖီလည်း ပြည်သူတွေက သူ့ကို ချစ်ပါတယ်ဆိုတဲ့ နိုင်ငံ့ခေါင်းဆောင်ဘ၀ကနေ အခုလို ပုန်းလျှိုး ကွယ်လျှိုး နေရတော့ ချစ်သူထက် မုန်းသူများနေတယ် ဆိုတာကတော့ သိသိသာသာကြီး ပေါ်လွင်သွားပါပြီ။

အာဏာကို အတင်းအဓမ္မ ယူထားတဲ့ တိုင်းပြည်ခေါင်းဆောင်တွေဟာ အနှေးနဲ့အမြန် ဆိုသလို တယောက်ပြီးတယောက် ကျဆုံးနေတာပါပဲ။ ဒါပေမဲ့လည်း အဲဒီ အာဏာရှင်တွေရဲ့ စိတ်ဓာတ် အတွေးအခေါ်ဟာလည်း အနည်းနဲ့အများဆိုသလို ထပ်တူကျနေပြန်ပါတယ်။ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန် ကျခါနီးတုန်းကလည်း ကျွန်တော်က သူများနဲ့မတူတဲ့ ကွဲကွဲပြားပြား အတွေးမျိုး တွေးမိဖူးပါတယ်။

ဆက်ဒမ်ဟူစိန်ဟာ နွေ၊ မိုး၊ ဆောင်း နန်းတော်သုံးခုနဲ့ နေတယ်လို့ နာမည်ကြီးပါတယ်။ တကယ်တော့ လူသားယဉ်ကျေးမှုရဲ့ အစလို့တောင် တချို့က ပြောကြတဲ့ ဘေဘီလုံခေတ် သမိုင်းဝင်နေရာတွေ၊ နန်းတော်တွေ ရှိနေတဲ့ အီရတ်မှာ ဆက်ဒမ်ဟူစိန်နေတဲ့ သမ္မတနန်းတော်ဟာ ၈ ခု ရှိတယ်လို့ ကုလသမဂ္ဂ စာရင်းအရ သိရပါတယ်။

တိုင်းပြည်ရဲ့ပိုက်ဆံ၊ ပြည်သူတွေအတွက် သုံးရမယ့် ဘဏ္ဍာငွေတွေကို အာဏာရှင်ခေါင်းဆောင်က ထင်သလို လုပ်ပစ်ခဲ့တာပါ။ တချို့သတင်းဌာနတွေကလည်း ဆက်ဒမ်ဟူစိန် ပိုင်တဲ့ နေတဲ့ အိမ်ရာပေါင်းဟာ ၅၀ လောက်ရှိတယ်၊ တချို့ကလည်း ၈၀ လောက်ရှိတယ်လို့ ပြောကြပါတယ်။ အဲဒီလောက် တိုင်းပြည်ရဲ့ ငွေတွေကို ရေလိုသုံးပြီး တိုင်းပြည်အတွက် အလွန်လိုအပ်တဲ့ လူ့အဖိုးတန်တွေကိုတော့ အတင်းအဓမ္မ နှိမ်နင်းခဲ့တဲ့ ဆက်ဒမ်ဟူစိတ်ဟာ နောက်ဆုံး တိုင်းပြည်ထဲ အမေရိကန်တွေက ၀င်ဖမ်းတော့ ကြွက်ကလေး တကောင်လို မြေအောက်တွင်း ကျဉ်းကျဉ်းလေးထဲမှာ အမိခံခဲ့ရပါတယ်။

ကျွန်တော်သာဆိုရင်တော့ ငါ့ကို နန်းတော်ကြီးတလုံးပဲ ပေးပါ၊ ကျန်တာတွေကို တိုင်းသူပြည်သားတွေအတွက် သုံးပါလို့ စောစော ကထဲက ပြောမှာပေါ့လို့ တွေးခဲ့မိတာပါ။ အာဏာရှင် ဆက်ဒမ်ဟူစိန်ကြီးတယောက် ကြက်ကလေး ငှက်ကလေးလို အဖမ်းခံရပြီး ကြိုးပေးသတ် ခံခဲ့ရတာကို ကျွန်တော် မပျော်ရွှင်ခဲ့ပါဘူး၊ အာဏာများ တယ်ကြောက်ဖို့ ကောင်းပါလားလို့ပဲ တွေးခဲ့မိတာပါ။

ပြီးခဲ့ သီတင်းပတ်စောစောပိုင်းကလည်း လစ်ဗျားက ကာနယ် ကဒါဖီဟာ ဒီလိုပဲ ကြောင်တောင်တောင် ပြောပြန်ပါတယ်၊ နောက်ဆုံး သွေးတစက် ကျန်တဲ့အထိ အသေခံ တိုက်သွားမယ်တဲ့၊ သူ့သား (လန်ဒန်မှာ ကျောင်းတက်ခဲ့တယ်လို့ ဆိုတဲ့သူ) ကလည်း သူပုန်တွေကို ထရီပိုလီမြို့တော်ထဲ ထောက်ချောက်ဆင် ကျုံးသွင်း လိုက်တာပါတဲ့။ ကျွန်တော် မရယ်နိုင်ပါဘူး၊ အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။

တိုင်းပြည်ရဲ့ပိုက်ဆံတွေ၊ လူထုအတွက် သုံးရမယ့်ငွေတွေကို ထင်သလို မိသားစုအတွက်သုံး၊ တိုင်းပြည်ပိုက်ဆံ ကိုယ့်ပိုက်ဆံမှတ်ခဲ့တဲ့ မိသားစုဟာ အခုတော့ တကွဲတပြားနဲ့ ထွက်ပြေးကြရတယ်၊ သွေးရူးသွေးတန်းနဲ့ စကားတွေ ပြောရတယ်။

တိုင်းပြည်မှာ အကောင်းဆုံး ပစ္စည်းတွေ သုံး၊ ကိုယ့်တိုင်းပြည်က မထွက်တဲ့ ပစ္စည်းဆို ကမ္ဘာအရပ်ရပ်က မှာသုံး၊ ၀ယ်သုံး၊ အကောင်းတကာ့ အကောင်းဆုံး ဇိမ်ခံ၊ ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး။ ကဒါဖီကြီးဆို အီတလီ သွားသွားပြီး အီတလီ ပျိုဖြူချောတွေကို ဘာသာပြောင်းပေးသေးတာ… ကိုယ်ရံတော်တွေကလည်း မိန်းမချောတွေနဲ့ ဇိမ်ခံတာပါ။

သူ့သားဆိုလည်း လန်ဒန်က တကယ့် သူဌေးသူကြွယ်တွေနေတဲ့ နေရာမှာ ပေါင်စတာလင် ၁၀ သန်းတန် အိမ်ကြီးနဲ့ ဇိမ်ခံနေတာပါ။ အခုတော့ နေ့သေမလား၊ ညသေမလား ဒါမှမဟုတ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး အတင်ခံရမလား စိတ်တထင့်ထင့်နဲ့ စောင့်နေ၊ တွေးနေရတာပါ။

စောစောကထဲကများ ကျွန်တော့်ကိုတော့ လန်ဒန်က အိမ်လေးတလုံးတော့ ပေးပါဗျာ၊ ကျန်တာတွေကိုတော့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် သုံးကြပါဗျာ၊ အရင်က စော်ကားမော်ကား လုပ်မိခဲ့သမျှတွေကိုလည်း တောင်းပန်ပါတယ်လို့ ပြောလို့မရဘူးလားလို့ ကျွန်တော်တော့ ရိုးရိုးလေး တွေးမိပါတယ်။ အာဏာရှင်မျိုး သွေးကြောင်ရိုး မရှိလို့ ကျွန်တော့်ကို ပြန်ပြောမယ်ဆိုလည်း ကျွန်တော်ကရော ဘာများတတ်နိုင်မှာလဲဗျာ။

အာဏာရှင်တိုင်းကို ပယ်ပယ်နယ်နယ် ဝေဖန်နေတာ မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုချင်တာက အာဏာယူတဲ့ တိုင်းပြည်ခေါင်းဆောင်တိုင်းဟာ အဆဲခံရတယ်၊ အဝေဖန်ခံရတယ်၊ တိုင်းပြည်နဲ့ ပြည်သူတွေကို ဘာမှ မသိပါဘူး၊ မတတ်ပါဘူး၊ ငါတို့ ပြောသမျှ နားထောင်၊ ငါတို့ လုပ်သမျှ ခံကြလို့ ဖိနှိပ်ထား၊ အမျိုးမျိုး နှိပ်စက်ထားလည်း တချိန်ကြရင်တော့ မရှုမလှ ခံကြရတယ်ဆိုတာကို ကျွန်တော် သံဝေဂ ယူမိတာပါ။ ဒါပေမဲ့ အာဏာရှင်ဟာ အာဏာရှင်လမ်းစဉ်ကိုပဲ လိုက်ပါတယ်။ ဘယ်တော့မှ လျှော့ရိုးထုံးစံ မရှိပါဘူး။

၁၉ ရာစုမှာလည်း အာဏာရှင်ဆိုတာ ရှိခဲ့ပါတယ်၊ ၂၀ ရာစုမှာလည်း ရှိခဲ့ပါတယ်၊ အခု ၂၁ ရာစုမှာလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ သူတို့အားလုံး အနှေးနဲ့အမြန် ဆိုသလို ကျဆုံးခဲ့ပါတယ်။ ၂၂ ရာစုကိုတော့ ကျွန်တော်လည်း မှီမှာ မဟုတ်တော့ အာဏာရှင်တွေ ဆက်ရှိဦးမလား၊ မရှိနိုင်တော့ဘူးလား ဆိုတာတော့ ကျွန်တော်လည်း မမှန်းဆနိုင်ပါဘူး။ အာဏာရှင်ဆိုတာ ခေတ်တိုင်းရှိတယ်လို့ ပြောလို့ရနိုင်သလား ဆိုတာလည်း ကျွန်တော်တော့ အပြတ် မပြောနိုင်ပါဘူး။

အာဏာယူတဲ့ တိုင်းပြည်ခေါင်းဆောင်တွေဟာ အဆဲအဆို မခံရဘဲ ပြည်သူချစ်အောင် လုပ်ဖို့ကတော့ ရိုးဖြောင့်မှ ဖြစ်မှာပါ၊ အာဏာ မမက်မှ ဖြစ်မှာပါ၊ အပြောမဟုတ်ဘဲ လက်တွေ့ မျက်တွေ့ တကယ်ကို တိုင်းပြည်နဲ့ လူမျိုးအတွက် လုပ်မှ ဖြစ်မှာပါ။

တိုင်းပြည်နဲ့ လူထုအတွက် တကယ်လုပ်တယ် မလုပ်ဘူးဆိုတာကို လူထုက သိပါတယ်၊ လူထုကို လှိမ့်လို့ ဖြီးလို့ ညာလို့ ရွှီးလို့ မရပါဘူး။ ပါးစပ်က ချစ်ပြနေလို့လည်း မရပါဘူး၊ အမူအရာနဲ့ စာနာပြလို့လည်း မဖြစ်နိုင်ပါဘူး။ လက်တွေ့ မျက်တွေ့ လူထုကိုယ်တိုင် တကယ်ခံစားနိုင်အောင် လုပ်ပြမှ ဖြစ်မှာမျိုးပါ။

အမေရိကန်သမ္မတ လင်ကွန်းကြီးဟာ ကျေးကျွန်စနစ်ကို တကယ် တိုက်ဖျက်ပြခဲ့ပါတယ်။ တခါသားမှာ လူမည်းတယောက်က သူ့ခြေထောက်နား ဒူးထောက်လို့ “ကျေးဇူးကြီးလှပါတယ် သမ္မတကြီး“လို့ လာလုပ်တာပေါ့လေ၊ ရိုးသားတဲ့ သမ္မတ လင်ကွန်းက ဘာပြောတယ် မှတ်သလဲ၊ “ဘုရားသခင်ကိုသာ ကျေးဇူးတင်စမ်းပါကွာ“ တဲ့။

အာဏာရှင်ခေါင်းဆောင်တွေများဆိုရင်တော့ ဒီလို အခွင့်အရေးရရင် သုံးဘ၀စာလောက် ဂုဏ်ယူနေမှာပေါ့ဗျာ၊ ကျွန်တယောက် မပြောနဲ့… တတိုင်းပြည်လုံးကို လက်မတင်လေး ကယ်တင်ထားတဲ့သူတွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့… အဖန်ငါးရာ ငါးကမ္ဘာတောင် ဂုဏ်ယူလို့ ပြီးမှာ မဟုတ်တော့ပါဘူး။

ပြောရင်းနဲ့ ကျွန်တော်က လေရှည်သွားပြီ၊ ကျွန်တော်ပြောချင်တာကတော့ အများကြီး မဟုတ်ပါဘူးဗျာ၊ အာဏာယူတဲ့ တိုင်းပြည် ခေါင်းဆောင်ဆိုတာ အဆဲခံရမှာပဲ ဖြစ်တယ်။ ခေါင်းဆောင်ဆိုတာ ချစ်အောင် စကားနဲ့ ပြောလို့မရဘူး၊ အလုပ်နဲ့ လုပ်ပြရတယ် ဆိုတာပါပဲ။

ဒါပေမဲ့ အိန္ဒိယက မျိုးချစ်ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဓီကြီးကိုပဲကြည့်ကြည့်၊ ကျွန်တော်တို့ဆီက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ကြည့်ကြည့်၊ အမေရိက က သမ္မတ လင်ကွန်းကိုပဲ ကြည့်ကြည့် တိုင်းပြည်နဲ့ လူမျိုးအတွက် ရိုးသားစွာနဲ့ အလုပ်အကျွေးပြုလို့ တတိုင်းပြည်လုံး ချစ်ချင် ချစ်လိမ့်မယ်၊ မုန်းတဲ့လူတယောက် ရှိရင်တော့ သေပြီဆိုတာကိုလည်း မမေ့ထားသင့်ပါဘူး။

တိုင်းပြည်ခေါင်းဆောင်တိုင်း အာဏာရှင်တွေ မဖြစ်ကြဘဲ မုန်းတဲ့ ပြည်သူ တယောက်တောင် မရှိလို့ တိုင်းပြည်နဲ့ လူထုအကျိုး ရိုးဖြောင့်စွာနဲ့ အစွမ်းကုန် လက်တွေ့ မျက်တွေ့ ကြိုးစားနိုင်ကြပါစေလို့ ရိုးရိုးရှင်းရှင်း ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
နံနက် ၃ နာရီ။