ကျွန်တော် ဆရာဝန်တယောက် မဟုတ်ပါဘူး၊ ကျောင်းဆရာလည်း မဟုတ်ပါဘူး၊ စာရေးဆရာလည်း မဟုတ်ဘူး။ မဟုတ်တာတွေချည်း ပြောနေတယ်၊ ဒါဖြင့် ခင်ဗျားက ဘာလဲလို့တော့ မမေးလိုက်ပါနဲ့… ကျွန်တော်က ဖြေချင်နေလို့ပါ။ ဟုတ်ကဲ့… ကျွန်တော် လူပျိုကြီးပါ။

လူပျိုကြီး ဖြစ်ရတာ ကောင်းပါတယ်။ ကျွန်တော်က ဒီလိုပြောလိုက်လို့ မဲ့ရွဲ့လို့ စကားတင်း မဆိုလိုက်ပါနဲ့နော်… တကယ်ကောင်းလို့ ကောင်းတယ် ပြောတာပါ။ ကျွန်တော်က သူငယ်ချင်းများ အထူးသဖြင့် ဖေ့စ်ဘုတ်မှာ သူငယ်ချင်းသစ်များ ရတဲ့အခါ မိတ်ဆက်တတ်ပါတယ်။ အဲဒီအခါမှာ ကျွန်တော့်နာမည်က ဘယ်သူပါ၊ အသက်က ဘယ်လောက်ပါ၊ အဲ… ပြီးတော့ ဘာပြောတယ် ထင်ပါသလဲ။ ဟဲ ဟဲ… ကျွန်တော် လူပျိုကြီးပါလို့…။ မပိုင်ဘူးလားဗျာ။

လူပျိုကြီး ဖြစ်ရတာ ကောင်းပါတယ်၊ ဂုဏ်ရည်တခုလည်း ရှိတယ်လို့ အလိုလို ထင်မိပါတယ်။ အထူးသဖြင့် တံဆိပ်ကပ်ထားတာ မခံရသေးတဲ့ ပစ္စည်း၊ ပိုင်ရှင် မရှိသေးတဲ့ အရာဝတ္ထု ဖြစ်တာမို့ လူတိုင်းမှာ အဲဒီပစ္စည်း၊ အဲဒီအရာကို ပိုင်ဆိုင်ခွင့် ရှိသလို လူတိုင်း ၀ယ်ချင်လာအောင် ဟိုလိုလို ဒီလိုလိုလည်း လုပ်လို့ ရပါတယ်။ ဟိုလိုလို ဒီလိုလို ဆိုတာက ပက်ကင် ပြောင်းထုပ်တာ၊ အရောင်တင်တာ၊ ဆေးခြယ်တာကို ပြောတာပါ။

ဒီတော့ ဟိုလိုလို ဒီလိုလို လုပ်ချင်တဲ့ စရိုက်ရှိတဲ့ ကျွန်တော်နဲ့ ဟိုလိုလို ဒီလိုလို လုပ်သာတဲ့ အခွင့်အရေးရှိတဲ့ လူပျိုကြီးဂုဏ်တို့ဟာ အံကျ ဖြစ်နေပါတော့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လူပျိုကြီးဆိုတော့ မျက်နှာတော့ နည်းနည်းပွင့်တာပေါ့လေ၊ ကျွန်တော့် အထင်ပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊ ဟုတ်ချင်လည်း တကယ် ဟုတ်နေမှာပါ။

ဒီနေရာမှာ အပျိုကြီးနဲ့ လူပျိုကြီး မတူပါဘူး။ နှိမ်တာတော့ မဟုတ်ပါဘူး… အပျိုကြီးဆိုတာက အိတ်စ်ပါရာ ဒိတ် ပါနေသလိုပါပဲ… ခဏနေ သိုးတော့မှာကိုးဗျ။ လူပျိုကြီးကတော့ အဲဒီလို မဟုတ်ပါဘူး… အဲဗား ရယ်ဒီဆိုတာမျိုးပါ။ ဒါကြောင့် နည်းနည်းတော့လည်း ဈေးကြီးတတ်ပါတယ်။ ဟဲ ဟဲ… ကျွန်တော်ကတော့ ဈေးမကြီးပါဘူး။ ပေါချောင်ကောင်းလေးပါ (ကြုံတုန်း ကြော်ငြာဝင်ထားတာပါ)။

ဆက်ရရင် ဖေ့စ်ဘုတ်မှာပဲဖြစ်ဖြစ်၊ ဂျီတော့ခ်မှာပဲဖြစ်ဖြစ် ကျွန်တော်က သူငယ်ချင်းတွေကို ရွှင်ရွှင်မြူးမြူးလေး စကားပြောလေ့ ရှိပါတယ်။ ဥပမာတခု ဆောင်ပြပါ့မယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လန်ဒန်မှာ အဓိကရုဏ်းတွေဖြစ်ပြီး ဆိုးသွမ်းလူငယ်တချို့ ခိုးဆိုး လုယက်၊ ဖျက်ဆီး၊ ဆိုင်တွေ မီးရှို့ကြတော့ စိတ်ပူတဲ့ (ခင်တဲ့) သူငယ်ချင်းတချို့က လှမ်းမေးကြ၊ နှုတ်ဆက်ကြပါတယ်။

ကျွန်တော်က ဘာပြန်ပြောတယ် ထင်ပါသလဲ။ “မသေ သေးပါဘူးဗျာ“ “မာမာချာချာ ရှိနေပါသေးတယ်“ စသဖြင့် ပြောလိုက်တော့ သူငယ်ချင်းမ တယောက်က တကယ့်လူပျိုကြီးပဲလို့ စကားပြန်ဆိုပါတယ်။ အမယ်… လူပျိုကြီးဆို ဒီလို ပြန်ပြောသလား။ ကျွန်တော်တော့ မသိပါ၊ လူပျိုကြီးမို့ လူပျိုကြီး စကား ပြောလိုက်တာတော့ မဟုတ်ပါ။

ကျွန်တော်က စိတ်ထဲ ရှိတာကို ပြောတတ်ပါတယ်၊ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်မြူးမြူး စကားပြောချင်ပါတယ်။ တနေကုန် (တနေ့ ၁၀ နာရီလောက်) အလုပ် လုပ်ထားပြီးပြီ၊ တော်ပြီပေါ့ဗျာ… မဟုတ်လား။ သူငယ်ချင်းတွေနဲ့ဆိုရင် ပေါ့ပေါ့ပါးပါး ရွှတ်ရွှတ်နောက်နောက် ပြောသင့်တယ် မဟုတ်လား။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံယူ ကျင့်သုံး ပြောဆိုပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့… ဒါပေမဲ့ အမြဲတမ်းနီးပါးပါပဲ။

ကျွန်တော် လူပျိုကြီးဖြစ်ရခြင်းအကြောင်း နောက်တချက်ကို ပြန်စဉ်းစားကြည့်တော့လည်း အဲဒီရွှတ်နောက်တတ်တာက ပြဿနာတခုအနေနဲ့ သွားရှိနေပါတယ်။ သူငယ်ချင်းတွေကတော့ ရွှတ်နောက်တယ်လို့ မခေါ်ပါဘူး၊ ပေါတယ်လို့ ပြောပါတယ်။ သူတို့က “ဟယ်… ပေါရဲလိုက်တာ“ တဲ့။ အဲဒီလို ပြောတတ်ပါတယ်။ ကျွန်တော်ကတော့ ပေါတယ်ဆိုတာ ရှားတာထက်တော့ လူတွေကို စိတ်ချမ်းသာစေတယ်လို့ ထင်တာပါပဲ။ ရှားတယ်ဆိုရင် လူတွေ အလွယ်မရနိုင်လို့ စိတ်ဒုက္ခ ရောက်ကြရတယ် မဟုတ်လား။

တကယ်တမ်းတော့ ကျွန်တော်ကသာ လူပျိုကြီး တန်မဲ့ ဟန်ဆောင် ပန်ဆောင်တောင် မလုပ်နိုင်တော့ဘဲ အကုန်ထုတ်ပြောနေတာ နေရာကျရဲ့လားတောင် မသိပါဘူး။ ကဲဗျာ… မထူးတော့ပါဘူး၊ ပြောလက်စနဲ့မို့ ဆက်ကြဲလိုက်ပါဦးမယ်။ ဒီနေရာမှာ ကျွန်တော် လူပျိုကြီး ဖြစ်ရတဲ့ အကြောင်း နောက်တကြောင်းလည်း ရှိပြန်ပါသေးတယ်။

အဲဒါကလည်း ကျွန်တော်ကသာ စိတ်ထဲ အတည်ကြံစည် တွေးတောမိလို့ တကယ်ပြောပေမယ့် အများအတွက်တော့ ရယ်စရာ ဖြစ်နေမှာပါ၊ မရှက်တော့ပါဘူး… ပြောပြပါဦးမယ်။ မြန်မာပြည်မှာ ကိုရီးယားယဉ်ကျေးမှု စတင်ရိုက်ခတ် ခေတ်စားလာတဲ့ ဂျွန်စော အွန်စောတို့ပါတဲ့ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ“ က စလို့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို ကျွန်တော် တော်တော်များများ လိုက်ကြည့်ဖြစ်ပါတယ်၊ ကြိုက်လည်း ကြိုက်ပါတယ်၊ ခံလည်း ခံစားလို့ရပါတယ်။

ဒါပေမဲ့ ပြဿနာက အဲဒီမှာ ဇာတ်လိုက်မင်းသမီးလုပ်တဲ့ ကောင်မလေးတွေက မင်းသားလုပ်တဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာ၊ ဦးလေးအရွယ် စသဖြင့်ကို ချစ်ကြောင်း ကြိုက်ကြောင်း စပြောပါတယ်။ “ဟ… တယ်မိုက်ပါလား“ လို့ ထခုန်မိမတတ် ကျွန်တော် ၀မ်းသာသွားပါတယ်။ ငါ့ လာပြောလို့ကတော့ အကိုက်ပဲ လို့လည်း တွေးမိပါတယ်။

အဲဒီ ကိုရီးယားဇာတ်လမ်းတွေဟာ ကျွန်တော် လူပျိုကြီး ဖြစ်သွားစေတဲ့ အဓိက အကြောင်းရင်း တခုဆိုရင် မမှားလောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဇာတ်လိုက်မင်းသမီးလေးလို အူကြောင်ကြောင်လုပ်ပြီး ပြောလာမယ့် ကောင်မလေးကို စောင့်နေရင်း ကျွန်တော် ဒုက္ခရောက်သွားတာပါ။ ကျွန်တော့် ပတ်ဝန်းကျင်က ကောင်မလေးတွေက တခြားအရာတွေ ဖြစ်တဲ့ ဘီယာသောက်ချင် သောက်မယ်၊ စကတ်တိုတို ၀တ်ချင်ဝတ်တယ်၊ ကျန်တဲ့ တခြား ကော်ပီတွေဆို အလွယ် ကူးတတ်ပေမယ့် ရည်းစားစကား စပြောဖို့ကြတော့ လိုက်မလုပ်ကြပါဘူး။ ဒါကြောင့် သူတို့ကို ကျွန်တော် အလွန်မုန်းပါတယ်။

အဲ… အွန်လိုင်းမှာကျတော့ တချို့ကောင်မလေးတွေက သိပ်ရဲပြန်ပါတယ်။ ကိုရီးယားဇာတ်လိုက် မင်းသမီးထက်တောင် အပြန်တရာလောက် သာနေပြန်ပါသေးတယ်။ “ဟေ့ လူကြီး… မပြေးနဲ့ ခင်ဗျားကို ရအောင်ယူမယ်“ တို့၊ “ခင်ဗျားကလည်းဗျာ… ယောက်ျားလေးဖြစ်ပြီး စကားနည်းလိုက်တာ“ တို့၊ “ခင်ဗျားကြီးက ဂေါ်တေး (ဂေး) ကြီးလား မသိပါဘူး“ တို့နဲ့ ကျွန်တော့်ကို နှိပ်စက်ကြပါတယ်။

အဲဒီလိုအခါမျိုးကျရင်တော့ ကျွန်တော် စိတ်ညစ်မိပါတယ်၊ အားလည်း ငယ်မိပါတယ်။ တကယ်တော့ အဲဒီကောင်မလေးတွေရဲ့ ပြင်းထန်လှတဲ့ ခြိမ်းခြောက်တဲ့ စကားတွေကို ကြောက်လို့ မဟုတ်ပါဘူး။ သူတို့ တကယ် မလုပ်ကြမှာစိုးလို့ စိတ်ညစ်တာရယ်… စကား စကား အွန်လိုင်းမှာပဲ ပျောက်သွားမှာ စိုးလို့ရယ်သာပါ။

အင်း… အချုပ်ပြောရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ ခပ်တည်တည်ပါပဲ…။ ကျွန်တော့်နာမည်က ဘယ်သူပါ၊ အသက်က ဘယ်လောက်ပါ၊ ကျွန်တော်က လူပျိုကြီးပါလို့ အခုချိန်ထိ ပြောနေတုန်းပါပဲ။ အရသာ ရှိလိုက်တာဗျာ…။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။
ည ၉ နာရီ။

Advertisements