တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ ၈၈၈၈ လူထုလှုပ်ရှားမှု အရေးတော်ပုံဟာ အခု သြဂုတ်လ ၈ ရက်နေ့ဆိုရင် ၂၃ နှစ်ပြည့် နှစ်ပတ်လည်ပါပြီ။ အစိုးရယန္တရားတခုလုံး ပျက်ဆီးသွားအောင် ၀န်ထမ်းတွေကပါ ဆန္ဒပြခဲ့ကြလို့ နှစ်ပေါင်းများစွာ တိုင်းပြည်ကို ထင်သလို အုပ်စိုးခဲ့တဲ့ တပါတီ အာဏာရှင် အစိုးရကို ဖြုတ်ချနိုင်လိုက်ပေမယ့် စစ်တပ်ကတော့ ဆန္ဒပြသူတွေကို ပစ်သတ်ခဲ့ပြီးနောက်မှာ အာဏာသိမ်းလိုက်ပါတော့တယ်။

အဲဒီကနေ နှစ်ပေါင်း ၂၂ နှစ်ကျော် စစ်တပ်ကပဲ တိုင်းပြည်ကို ထင်သလို အမိန့်အမျိုးမျိုး ထုတ်လို့ ဖိနှိပ် အုပ်ချုပ်ခဲ့ပြန်ပါတယ်။ အခုတော့ မနှစ် ၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့အတူ စစ်တပ်အသွင်ပြောင်း ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သမ္မတလုပ်လို့ တိုင်းပြည်ကို ဆက်အုပ်ချုပ်နေပြန်ပါတယ်။

၈၈၈၈ အရေးတော်ပုံကာလကတော့ ကျွန်တော့်အသက်က ၁၂ နှစ် ပြည့်လုလု၊ ခြောက်တန်းကျောင်းသား။ တက်ခဲ့တဲ့ အထက်တန်းကျောင်းက အကိုအရွယ် ကျောင်းသားကြီးတွေ ဦးဆောင်လို့ ကျောင်းမှာ ဆန္ဒပြကြတာကို မှတ်မိနေတယ်။ နောက်တော့ ရန်ကုန်တမြို့လုံး လမ်းတွေပေါ်မှာ ပြည်သူတွေ၊ အနုပညာရှင်တွေ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်သား၊ ဆရာ ဆရာမတွေ၊ အစိုးရ၀န်ထမ်းတွေ အကုန်လမ်းမပေါ်ထွက် စီတန်း လှည့်လည် ဆန္ဒပြကြတာကို မျက်မြင်တွေ့ခဲ့ရတယ်။

“ဒို့အရေး… ဒို့အရေး“ အော်သူအော်၊

“ဒီမိုကရေစီရရှိရေး ဒို့အရေး“

“ဘာလုပ်နေလဲ ချီတက်နေတယ်၊ ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ၊ ဘာလိုချင်လဲ ဒီမိုကရေစီ“

“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ကျောင်းသား၊ ပြည်သူ သတ်ဖို့ မဟုတ်ဘူး“

ဒီအသံတွေကို ကျွန်တော် နားယဉ်ပါးခဲ့တယ်၊ လူငယ်လေးတဦးရဲ့ ဥာဏ်အလင်းမှာ လူတွေဟာ ဘာဖြစ်လို့ လမ်းမပေါ်ထွက်ပြီး အော်ဟစ် ဆန္ဒပြနေတာလဲ၊ ဒီလို အော်ဟစ် ဆန္ဒပြရင် လိုချင်တာ ရသလားလို့ စဉ်းစားခဲ့ပါတယ်။ အဲဒီမှာ လူထုတွေရဲ့ လမ်းတွေပေါ်ထွက် ချီတက် လှည့်လည် ဆန္ဒပြတာတွေကို ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေက ရပ်လို့ ကြည့်ကြတယ်၊ အားပေး အော်ဟစ်ကြတယ်၊ တချို့ စိတ်ပါတဲ့ လူတွေလည်း လူအုပ်နဲ့အတူ လိုက်သွားခဲ့ကြတယ်။

အားလုံးဟာ အောင်ပွဲတခု မကြာခင် ရတော့မယ့် အနေမျိုးနဲ့ ပျော်ခဲ့ကြတယ်၊ လမ်းထိပ်က ကောက်ညှင်းပေါင်းသည် အဒေါ်ကြီးဟာ အဲဒီမနက်မှာ ကောက်ညှင်းပေါင်း မရောင်းတော့ဘဲ ချီတက်လာတဲ့ ကျောင်းသားတွေကို ကျွေးလိုက်တယ်။ ကောက်ညှင်းပေါင်းသည် အဒေါ်ကြီး ဘာတွေ ပျော်နေတာလဲ… ကျွန်တော် စဉ်းစားကြည့်တယ်။ သူလည်း လက်ရှိ (အဲဒီတုန်းက) မဆလ အစိုးရကို မကျေနပ်ဘူး… ကျောင်းသားတွေကို အားပေးတယ်။

အစိုးရက လူထုရဲ့ မိဘနေရာမှာ နေချင်တယ်၊ အတင်းကြီးလည်း နေတယ်။ ဒါပေမဲ့လို့ လူထုကောင်းကျိုးကျတော့ ဘာတခုမှ မလုပ်ပေးဘူး၊ ဖိနှိပ်ထားတယ်။ နား မျက်စိတွေ ပိတ်ထားတယ်၊ စဉ်းစားဆင်ခြင် ဥာဏ်တွေကို ရိုက်ချိုးထားတယ်။ ကျောင်းသားလူငယ်တွေက အဲဒီလို မလုပ်ဘူး၊ လူထုဘက်က မားမားမတ်မတ် ရပ်တည်တယ်၊ လူထုရဲ့ အခွင့်အရေးကို တောင်းဆိုပေးတယ်၊ လူထုကို ရှေ့က ဦးဆောင်ပြတယ်။

တကယ်တော့ ကျောင်းသားလူငယ်တွေ အဲဒီလူထုတွေရဲ့ သားသမီးတွေပဲ… ဒါကြောင့် ကောက်ညှင်းပေါင်းသည် အဒေါ်ကြီးအပါအ၀င် ရပ်ကွက်ထဲ၊ မြို့ထဲ တနိုင်ငံလုံးက လူထုတွေက ကျောင်းသားထုရဲ့ ဦးဆောင်မှုနောက်မှာ လိုက်ပါလာကြတယ်၊ နှစ်ပေါင်းများစွာ ဖိနှိပ်ထားတဲ့ အစိုးရကို ဆန့်ကျင်ရဲလာတယ်၊ အော်ဟစ်ရဲလာတယ်၊ သူတို့ အရင်ကလို ခေါင်းငုံ့ခံမနေတော့ဘူး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် ထုတ်ဖော် ပြောဆို တောင့်တလာကြတယ်။

ဒီလိုနဲ့ ၈၈၈၈ လူထုလှုပ်ရှားမှုအရေးတော်ပုံကြီးကနေ မဆလ အစိုးရပြုတ်ကျ၊ သမ္မတတွေ ရက်တိုကာလ တယောက်ပြီးတယောက်ပြောင်းနဲ့ နောက်ဆုံးတော့ လူထုလှုပ်ရှားမှုဟာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေ အပြီးမှာ ကျရှုံးသွားပြီး စစ်တပ်ရဲ့ နိုင်ငံတော်အာဏာ သိမ်းတာကို ခံလိုက်ရတယ်။ စစ်တပ်ကတော့ မလွှဲမရှောင်သာလို့ သိမ်းရတာပါလို့ ပြောတယ်။

ဒါက ၈၈၈၈ လူထုလှုပ်ရှားမှုကို ကျွန်တော် မှတ်မိသလောက် ပြန်ပြောပြတာပါ၊ ကျွန်တော်က အဲဒီတုန်းက လူထုလှုပ်ရှားမှုကို ထပ်ဟပ်တဲ့ သတင်းစာတွေ နေ့တိုင်း ထွက်နေတာကိုတော့ သတိထားမိတယ်။ အဖေ့ကို အားကျတဲ့ ကျွန်တော်က ဒုတိယတန်းကထဲက သတင်းစာ ကောင်းကောင်း ဖတ်တတ်နေပြီ။ ဒီတော့ အဲဒီ ဒီမိုကရေစီ သတင်းစာတွေကို ဖတ်ကြည့်တယ်၊ ကြိုက်ခဲ့တယ်။ အဲဒီတုန်းက မီဒီယာလုပ်ငန်းက သတင်းထောက်တွေ တော်တယ်လို့တော့ ပြောရမယ်။ အခက်အခဲတွေကြားက သတင်းစာတွေ နေ့စဉ် မနက်၊ ည ထုတ်နေခဲ့ကြတယ်။

အဲဒီ ၈၈၈၈ ကနေ နှစ်ပေါင်း ၂၀ နီးပါးအကြာ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာတော့ ကျွန်တော်က သတင်းစာ အယ်ဒီတာ ဖြစ်နေပြီ။ မေတ္တာပို့ စီတန်းလှည့်လည်ကြတဲ့ သံဃာတော်တွေကို ရုံးရှေ့ကနေ တွေ့နေရတယ်။ ပထမတော့ သံဃာတော်ချည်း သက်သက်၊ နောက်တော့ ရပ်ကြည့်နေတဲ့ လူတွေ၊ ဒကာ ဒကာမတွေပါ လိုက်ပါလာကြတယ်။

အဲဒီတုန်းက စစ်အစိုးရလက်အောက်မှာမို့ ဒီသတင်းတွေက ရေးသားတင်ပြလို့ မရဘူး။ ဒါပေမဲ့ မြို့တော်ခန်းမရှေ့မှာ သူတို့ စုရုံးတာတွေ၊ ချီတက်တာတွေကို လိုက်ကြည့်ဖြစ်ခဲ့တယ်။ သတင်းရေးလို့ရတာ မရတာ အပထား… မီဒီယာလုပ်နေရင် သိနေကြည့်နေရမယ် မဟုတ်လား။ နောက်တခုက အဓိကရုဏ်းကြားမှာ မီဒီယာတွေ ဘယ်လို အလုပ်လုပ်မလဲပေါ့။ လူအုပ်ကြားမှာ မီဒီယာသမားအနေနဲ့ အလုပ်လုပ်ရတာ အင်မတန် အန္တရာယ်များပါတယ်။

အစိုးရနဲ့ ထောက်လှမ်းရေးက လူတွေ ပါနေနိုင်သလို အတိုက်အခံ အင်အားစုတွေဘက်ကလည်း မျက်စိထောင့်ထောက် ကြည့်နေမှာပါပဲ။ “ဘယ်သူလဲ၊ ဘာအတွက်လဲ၊ ဘာလုပ်တာလဲ“ ဆိုတာမျိုးကို နှစ်ဘက်စလုံးက သံသယပွားနိုင်ပါတယ်။ သံဃာ့လှုပ်ရှားမှုတုန်းက ဓာတ်ပုံလိုက်ရိုက်တဲ့ သတင်းထောက်တချို့ ပြဿနာ တက်ခဲ့သလို ရန်ကုန်ရောက်လာခဲ့တဲ့ ဂျပန်သတင်းထောက် ကန်ဂျိ နာဂါအိ ဆိုရင် စစ်တပ်က သေနတ်နဲ့ အနီးကပ် ပစ်သတ်တာကို ခံခဲ့ရတယ် မဟုတ်လား။

အဓိကရုဏ်းနှိမ်နင်းမှုမှာ အင်မတန်လက်ယဉ်တဲ့ မြန်မာနိုင်ငံလိုမှာဆိုရင် ပိုတောင် ကြောက်ဖို့ကောင်းတာပေါ့။ ကင်မရာ မြင်တာနဲ့… ဖလက်ရှ်မီး ပွင့်တာနဲ့ “ဟေ့ကောင်… ဘာလဲ၊ ညာလဲ“ ဆိုပြီး အရင် ဗျင်းခံရမှာက သေချာနေပါတယ်။ ဥပဒေစိုးမိုးမှုဆိုတာက အခုမှ ပျိုးယူနေတုန်း ကာလပါ။ စစ်အစိုးရ လက်ထက်နဲ့စာရင် အခုဒီဘက်ပိုင်းမှာ နည်းနည်းပွင့်လင်း လွတ်လပ်လာတယ်လို့တော့ အထောက်အထား တချို့ကြောင့် ပြောနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီဝင်တွေနဲ့ တွေ့ဆုံ မေးမြန်း ရေးသားနိုင်တာ၊ NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ စာအုပ်တွေ ပြန်ထုတ်ဝေခွင့်ရတာ၊ တခါ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို အများကြီး ရေးသားနိုင်လာတာကို တွေ့ရပါတယ်။

ဒါပေမဲ့လို့ အဓိကရုဏ်းကြားက မီဒီယာသမားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုကတော့ ထိတ်လန့်စရာ အနေအထား ဖြစ်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်က ကန်ခဲ့တဲ့ မြန်မာ- အိုမန် ဒုတိယအကျော့ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ကြည့်ပါ။ ဘောလုံး ပရိသတ်တွေရဲ့ အားပေးမှု အနေအထားကြားမှာ မီဒီယာ သမားတွေ အဝေးကနေ ဓာတ်ပုံရိုက်နိုင်လို့သာ အန္တရာယ် နည်းနည်းသက်သာတယ်လို့ ပြောနိုင်တာပါ။

ပွဲကြည့်စင်ကနေ အဲဒီလူတွေ ပြိုဆင်းလာရင်တော့ မီဒီယာတွေလည်း ထွက်ပေါက်မှား ကုန်မှာပါ။ ကျပ်ညပ်သပ်လို့ အကုန် ဒုက္ခရောက်မှာ ဖြစ်ပါတယ်။ ပြေးပေါက်လည်း မသိ၊ ဒေါသထွက်နေတဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက်လည်း တွေ့မယ်ဆိုရင် “ဟေ့ကောင် ဘာလုပ်တာလဲ၊ ဘာကို ရိုက်တာလဲ… မင်း ဘာကောင်လဲ“ ဆိုပြီး ဆွမ်းကြီး ၀ိုင်းလောင်းလိုက်ရင် အသက်ပါ ထွက်သွားနိုင်ပါတယ်။

ပြောချင်တာက အဓိကရုဏ်းကြား၊ ဒေါသထွက်နေတဲ့ လူအုပ်ကြားနဲ့ ဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရမယ့် ရဲ၊ လုံထိန်း၊ စစ်တပ်တွေကလည်း မီဒီယာတွေကို အရေး မစိုက်ဘဲ မိုက်ရိုင်းခဲ့မယ်ဆိုရင် မီဒီယာသမားတွေ အများကြီး ဒုက္ခရောက်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ပြည်သူတွေအတွက် သတင်းယူနေတာပဲလို့ ဆိုနိုင်ပေမယ့် ခုနပြောခဲ့တာတွေကိုလည်း ဆင်ခြင်ကြဖို့ လိုအပ်တယ်ဆိုတာကို ပြောလိုရင်းပါ။

ဘာကြောင့် ဒါတွေကို ပြောနေသလဲဆိုတော့ ၈၈၈၈ နှစ်ပတ်လည် ဖြစ်တာရယ်၊ ပြီးခဲ့တဲ့ တပတ်ကမှ ကျွန်တော့်အနေနဲ့ အဓိကရုဏ်းကြား သတင်းရယူနည်း (ပြေးနည်း၊ လွှားနည်း၊ ရှောင်နည်း၊ ရင်ဆိုင်နည်းတွေ) ကို စာတွေ့လက်တွေ့ သင်ခဲ့ရလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို သင်တန်းမျိုးတွေ စာတွေ့ လက်တွေ့ သင်ပေးဖို့ လိုနေတယ်လို့ ထင်ပါတယ်။

ဒီနေ့ခေတ် သတင်းလောက က လူငယ်တွေ တော်ကြပါတယ်၊ စိတ်ဓာတ်တွေ အားကောင်းပြီး အပြိုင်အဆိုင် ကြိုးစားချင်စိတ်လည်း ရှိကြတယ်။ လူလတ်တွေနဲ့ လူကြီးတွေလည်း အားကိုးလောက်ပါတယ်။ လူငယ်တွေကို ထိန်းသိမ်း လမ်းညွှန်နိုင်ပြီး သင်တန်းတွေကိုလည်း ကိုယ်တိုင်ပေးသလို ဆိုင်ရာတွေဆီ ပို့လွှတ်လို့ သင်ကြားစေကြတယ်။

ဒါပေမဲ့ ကျွန်တော် ပြောတဲ့ အဓိကရုဏ်းကြား၊ ဆန္ဒပြမှုတွေကြားနဲ့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်မှာ သတင်း ဘယ်လိုယူမလဲ၊ သတင်း ဘယ်လိုလိုက်မလဲ၊ ဓာတ်ပုံ ဘယ်လိုရိုက်မလဲ ဆိုတာမျိုးတွေ၊ အန္တရာယ်ကင်း ဘေးရှင်း (အနည်းဆုံး အန္တရာယ်နဲ့) အလုပ် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ သင်တန်းတွေလည်း လိုအပ်တဲ့ အကြောင်း စေတနာကောင်းနဲ့ ကြေညာ မောင်းခတ်ရပါတယ်။

ဒေါသထွက်နေတဲ့ လူအုပ်ကရော… မီဒီယာသမားဆို အရှုပ်ထုပ်တွေလို့ ထင်နေတတ်တဲ့ လုံခြုံရေး အင်အားစုတွေကပါ မီဒီယာသမားတွေ အပေါ် အကောင်းမြင် ခွင့်လွှတ်နိုင်ကြပါစေ။ မီဒီယာသမားတွေကလည်း သေဘေးအထိ ကြုံသွားနိုင်တဲ့ အန္တရာယ်ကို ဆင်ခြင်ပြီးမှ အလုပ်လုပ်နိုင်ကြပါစေ။ ဖြစ်နိုင်မယ်ဆိုတော့ ကျွန်တော် အကြံပြု ပြောကြားခဲ့သလို သင်တန်းတွေ တက်ထား၊ စာတွေ့ လက်တွေ့ သင်ယူထားနိုင်ကြပါစေလို့…။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်။
မွန်းလွဲ ၁း၃၀ နာရီ။