ကျွန်တော်ငယ်ငယ်က ပထ၀ီဝင် သင်ခန်းစာမှာ ဧရာဝတီမြစ်အကြောင်း သင်ရတော့ ဧရာဝတီမြစ်ဟာ မေခနဲ့ မေလိခ မြစ်နှစ်သွယ် ပေါင်းစုံရာက ဖြစ်လာတယ်၊ မြောက်ဘက် ကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီး တောင်ဘက် ပင်လယ်ထဲကို စီးဝင်တယ်လို့ သင်ခဲ့ရဖူးတယ်။ အဲဒီမှာ ကချင်ပြည်နယ်ရယ် မြစ်ဆုံဆိုတာရယ်ကို ကျွန်တော် နည်းနည်း ကြားဖူးနားဝရှိခဲ့ရတယ်။

နောက်တော့ ပထ၀ီဝင် သင်ခန်းစာမှာပဲ မြေပုံဆွဲရပြန်တော့ မြန်မာပြည် မြေပုံခေါင်းထဲက ခရင်းခွနှစ်ခု စဆွဲရတဲ့ ဧရာဝတီ စတည်ရာကို ရောက်ချင်ခဲ့ပြန်တယ်။ ကချင်ကို စွဲလန်းစေတဲ့ နောက်တဆင့်ကတော့ ပြည်ထောင်စုနေ့ အခမ်းအနားတွေမှာ တွေ့ခဲ့ရတဲ့ ကချင်ဝတ်စုံဝတ်တဲ့ ကောင်မလေးတွေပါပဲ (အဲဒီတုန်းကတော့ အမကြီးတွေပေါ့လေ)။

အဲဒီကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားကို ကျွန်တော့် ဘ၀သက်တမ်းတ၀က်ကျိုးချိန်မှ ရောက်ခဲ့ဖူးတယ်။ မြစ်ကြီးနားကို အရှင်လတ်လတ် တွေ့ရတဲ့ ကျွန်တော့်မှာ ရင်ခုန်သံတွေ မြန်နေခဲ့ရတယ်။

ဧပြီ ၄၊ ၂၀၁၁

ရန်ကုန်က မနက် ၆ နာရီသာသာထွက်တဲ့ အဲပုဂံလေယာဉ်နဲ့ မြစ်ကြီးနားကို ထွက်ခဲ့တာ မနက် ၉ နာရီလောက်မှာ ရောက်တယ်၊ လေယာဉ်က မန္တလေးမှာ တချက်ဝင် လူတင်လူချ လုပ်တယ်။ ရန်ကုန်-မြစ်ကြီးနားကို တယောက် တသိန်း နှစ်သောင်းကျပ် ပေးရတယ်။ ပိုက်ဆံတွေ အများကြီးပေးလိုက်ရပေမယ့် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ရောက်သွားလို့ သဘောကျမိပါတယ်။

မြစ်ကြီးနားလေဆိပ်ရောက်တော့ လေတပ်ထောက်လှမ်းရေးတွေက လေဆိပ်ထဲမှာ အသင့်စောင့်နေကြတယ်။ ကျွန်တော်က မြစ်ကြီးနားလေဆိပ် ရောက်တုန်းရောက်ခိုက် အမှတ်တရ ဓာတ်ပုံ ရိုက်ချင်ပေမယ့် ထောက်လှမ်းရေးတွေက ပေးမရိုက်ကြဘူး။ သူတို့က နိုင်ငံခြားသားကို စစ်တာလား၊ နိုင်ငံသားတွေကိုပဲ စစ်တာလားတော့ မသိဘူး။ လေဆိပ်ထဲမှာ ထောက်လှမ်းရေးဗိုလ်တွေ အပါအ၀င် တော်တော်များများတွေ့တယ်။

အဲဒီလေဆိပ်ခန်းမငယ်ကနေ လေဆိပ်ဝင်းအပြင်ကို ခရီးသည်တွေက ခြေကျင်လျှောက်ပြီး ထွက်ပေးကြရတယ်။ အဲဒီလို မထွက်ခင်မှာ အိတ်ရွေးမလား၊ မြန်မြန်ရမယ်၊ ကတ်ပြားပေးပါ… အိတ်ရွေးပေးမယ် ဆိုတာမျိုးတွေကို လူတချို့က တောက်လျှောက် လိုက်မေး၊ ကတ်ပြားလိုက်တောင်း နေကြတယ်။ မိနစ် ၂၀ လောက်ကြာတော့ ဆိုင်ကယ်လေးတွေပေါ်မှာ အထုပ်လေးတွေ၊ ခရီးဆောင်အိတ်တွေ အလျှိုလျှိုတင်ပြီး လေဆိပ်ဝင်းပေါက်ဝကို ရောက်လာကြတယ်။ ခရီးသည်တွေက ကိုယ့်အိတ်ကိုယ်ယူပြီး သူတို့ကိုတော့ ထိုက်သင့်တဲ့ မုန့်ဖိုးတွေ ပေးကြရတယ်။

နောက်ထပ် ၁၀ မိနစ်လောက်ကြာတော့မှ ဟိုင်းလပ်ကားအဖြူကြီးတစီး ထွက်လာပြီး ခုန ဆိုင်ကယ်တွေလို ၀င်းပေါက်ဝ မရပ်ပေးဘဲ လေဆိပ်အပြင်က ၀င်းတခုထဲမှာ ရပ်တယ်။ ဟိုင်းလပ်ကားကြီး တစီးလုံးမှာမှ အိတ်က သုံးလုံးပဲ ပါလာတယ်၊ သုံးလုံးပဲ ပါတော့မှာပေါ့…၊ လေယာဉ်တစီးလုံးက ခရီးသည်တွေရဲ့ အိတ်တွေက ခုနပြောတဲ့ ဆိုင်ကယ်လေးတွေနဲ့ ကဲ့သယ်ပြီး လက်ဖက်ရည်ဖိုးတွေ ဖန်သွားခဲ့ကြပြီ။ ကျွန်တော်ကသာ စာအုပ်ကြီးသမားပေမို့ မပေးဘူးကွာဆိုပြီး ပေစောင့်နေခဲ့တာပါ။

နိုင်ငံခြားသား ခရီးသွားတွေကတော့ ပိုက်ဆံပေးပြီး မရွေးကြဘူးပေါ့၊ သူတို့ အဘိဓာန်ထဲမှာ ဒီလိုမျိုး စည်းကမ်းမရှိတဲ့ လက်ဖက်ရည်ဖိုးပေး အိတ်ရွေးရတယ် ဆိုတာ ရှိမှ မရှိတာကိုး၊ တိုင်းပြည် ဂုဏ်ငယ်စရာ ကောင်းလိုက်ပါဘိ။ လေဆိပ်မှာပဲ ကျွန်တော်တို့ တိုင်းပြည်မှာ လာဘ်ပေး လာဘ်ယူ ဘယ်လောက် ထွန်းကားပါတယ် ဆိုတာကို ချက်ချင်း နားလည်သဘောပေါက်စေဖို့ ခင်းကျင်းပြလိုက်သလိုပါပဲ။

ကျွန်တော်ကတော့ မကျေနပ်လို့ကို ပိုက်ဆံပေး မရွေးဘူး၊ အိတ်က အ၀တ်အစား နှစ်စုံသုံးစုံနဲ့ လိုအပ်တာလေးတွေ နည်းနည်းပါးပါး ထည့်ထားတာ… ပေါ့ပေါ့လေးရယ်။ ရန်ကုန်လေဆိပ်တုန်းက အပ်လိုက်ပါဆိုလို့သာ အပ်ခဲ့ရတာကိုးဗျ။ အဲဒီတုန်းကလည်း ရန်ကုန်လေဆိပ် အဲပုဂံကောင်တာ ချာတိတ်က မနက်စောစောမို့ ထင်ပါရဲ့… လက်ဖက်ရည် သောက်ချင်နေသေးတယ်။

အဲဒါအိတ်ပြန်ယူတော့ အဲပုဂံလိုဂိုနဲ့ အစိမ်းရောင် စပို့ရှပ်ဝတ်ထားတဲ့ ကိုယ်တော်ချောတွေက လက်ဖက်ရည်ဖိုး နည်းနည်းလုပ်ပါဦးတဲ့။ ဟေ့… မင်းတို့ လေယာဉ် အလကားစီးတာ မဟုတ်ဘူး၊ တယောက်ကို တသိန်း နှစ်သောင်း ကျပ် ပေးစီးတာကွ… တန်ရာတန်ကြေးမက ပေးစီးထားတာ… ဒါနဲ့ မင်းတို့ကို အဲပုဂံက ပိုက်ဆံ မပေးဘဲ အလကား ခိုင်းနေတာလားလို့ သူတို့ဘက်က စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်ထွက်နဲ့ မေးလိုက်မိတယ်။

ငနာလေးတွေက သူတို့ဘက်က နာလို့နာမှန်းမသိဘူး၊ သွား… သွား… သွားတော့တဲ့။ ကျွန်တော့်တောင် ပြန်နှင်လွှတ်လိုက်သေးတယ်။ အဲပုဂံကလည်း အဆုံးအမ တော်ရှာတယ်ထင်ပါရဲ့…။ ကိုယ့်ဝန်ဆောင်မှုယူတဲ့ ဖောက်သည်ကို အဲဒီလို လေးလေးစားစား ဆက်ဆံရှာတယ်။ အော်… မြန်မာပြည်ကိုးလို့ ကျွန်တော် တွေးမိတယ်။ သူတို့မှ မပျံပေး၊ မပြေးပေးရင် ကျွန်တော် ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ မြစ်ကြီးနားကို ရောက်လာမှာ မဟုတ်တော့ဘူး။ ကျေးဇူးကြီးပါ့လို့တောင် စိတ်ထဲဖြစ်ရသေးတယ်။

အဲပုဂံက လေယာဉ်ခသာ ဈေးကြီးတာပါ၊ လေယာဉ်ချိန် မှန်ချင်မှန်မယ်၊ မမှန်ချင် မမှန်ဘူး၊ လေယာဉ်နှစ်စီးစာ ခရီးကို တစီးပျက်လို့ဆိုပြီး နှစ်စီးတစီး ပေါင်းပျံတာက ရှိသေးတယ်။ လတ်လတ်ဆတ်ဆတ် မတ်လ ၂၂ ရက်က ကြုံဖူးထားတဲ့ အဲပုဂံကို ကိုယ်တွေ့။ အင်း… လုပ်ငန်းရှင် အမြဲမှန် ဈေးကွက် စီးပွားရေး မဟုတ်လား၊ ဖောက်သည်က ခံပေါ့။ ဘာမှ ပြန်မပြောနဲ့… ကြိတ်မှိတ်သာခံ…။

ဒေါသထွက်ထွက်နဲ့ အိတ်ဆွဲလာပြီး မြစ်ကြီးနားက တည်းခိုခန်း အရင်သွားမလား၊ လိုင်ဇာဘက် အရင်သွားမလားလို့ တွေးကြည့်ပြီး နည်းနည်းပါးပါး စနည်းနာ မေးကြည့်တော့ လိုင်ဇာကို နေ့ချင်းပြန် သွားလို့ ရတယ်ဆိုတာကို မေးစမ်းလို့ ရတာနဲ့ လိုင်ဇာသွားကြည့်မယ်ဆိုပြီး မြစ်ကြီးနား အဝေးပြေးကားကွင်းကို ထွက်လာခဲ့တယ်။ အဲဒီမှာ စ အဆော်ခံရ တော့တာပါပဲ။

ပုံမှန် လေဆိပ်ကနေ ကားဝင်းကို ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်လောက် ယူရမှာကို (နှစ်မိုင်လောက် ဝေးတာကိုး) သုံးဘီးဆရာက ၄၀၀၀ ကျပ် ယူပါတယ်။ လုံးဝကို ဈေးဆစ်လို့ မရပါဘူး၊ သူမှ လိုက်မပို့ရင် ဒီဧည့်သည်တွေ ဘယ်လိုမှ မသွားနိုင်ဘူးဆိုတာကို သုံးဘီးဆရာ ကောင်းကောင်း သဘောပေါက် အသုံးချလိုက်တာပါပဲ။ လေဆိပ် အပေါက်ဝက သုံးဘီးဆိုင်ကယ် (တက္ကစီ)က ချတာပါ။ ရန်ကုန်သား လူလည်ခံပေါ့။ မြစ်ကြီးနားမှာ ကျွန်တော်ဟာ ယောင်လည်လည် ဖြစ်ခဲ့ရပါတယ်။

ဒါနဲ့ မြစ်ကြီးနား အဝေးပြေးကားကွင်းရောက်တော့ လိုင်ဇာသွားမယ့် ကားဂိတ်ကို သုံးဘီးဆရာက မပို့ပေးဘူး၊ လမ်းမှာ လှမ်းတားပြီး ခရီးသည်ခေါ်တဲ့ လူတယောက်က အတင်းခေါ်တာနဲ့ ကျွန်တော့်မှာ အဲဒီခေါ်သူ နောက်ကို လိုက်ရပါတယ်။ လိုင်ဇာကို အခုထွက်မယ်၊ တော်ကြာထွက်မယ်လို့ သူက ဆိုပါတယ်။ မြစ်ကြီးနား-လိုင်ဇာ ဗင်ကားနဲ့ ပြေးတာ တယောက် ၁၀၀၀၀ ကျပ်တဲ့။ ဒေသခံတွေ ဘယ်လို စီးပွားဖြစ်ကြလို့ ဘယ်လိုတွေ သွားလာနေသလဲတော့ မသိပါဘူး။ ပိုက်ဆံဆိုတာ ရေလို သုံးတဲ့ မြို့ပါလားလို့တောင် တွေးမိသွားပါတယ်။

ရေလိုသုံးတာက အရေးမကြီးဘူး၊ လိုင်ဇာ တယောက် ၁၀၀၀၀ ကျပ်နဲ့ လူစုတဲ့ ကားဆရာက နာရီဝက်သာ ကြာသွားတယ်။ ဘယ်သူမှလည်း ထပ်မရတော့ဘူး၊ ဒါနဲ့ ကိုယ့်ဆရာ သည်းခံပါဆိုပြီး ကားပေါ်က ဆင်းလို့ လိုင်ဇာကို မြန်မြန်ထွက်မယ့် ကားလိုက်ရှာရပါတော့တယ်။ ကားပေါ်က ဆင်းတော့မှ ကားက ဘရိတ် ပြင်နေတာလို့ သိရပါတယ်၊ ကားရှေ့မှန်က အက်ကွဲနေတယ်၊ ခုန ကားထဲထိုင်ခဲ့တဲ့ နေရာကို ပြန်ကြည့်တော့ စုတ်ပြတ်သတ် နေတာကို တွေ့ရပါတယ်။ နိုင်ငံခြားမှာ ကားသင်္ချိုင်းလို့ ခေါ်တဲ့ နေရာမှာ ကြိတ်ချေပစ်နေတဲ့ ကားတွေကမှ ခုန ကျွန်တော် ၀င်ထိုင်ခဲ့တဲ့ ကားထက် အဆ ၁၀၀ လောက် သစ်လွင် ကောင်းမွန်နေပါဦးမယ်။

ဒါနဲ့ ကားဝင်းထဲ နောက်ဖေးပေါက်က ၀င်ပြီး ပတ်ကြည့်လိုက်တော့ လိုင်ဇာ အခု သွားမယ်၊ တယောက် ၂၅၀၀ ကျပ်တဲ့။ ဟ… သက်သာလှချည်လား၊ ဘယ်တော့ သွားမှာလဲ (နောက် ဘယ်လောက်ကြာရင် သွားမှာလဲ)၊ ဘာကားလဲလို့ မေးလိုက်တော့… ဟိုင်းလပ်ကား၊ နောက်ခန်းက လိုက်ရမယ်။ ခရီးသည်တယောက် မှတ်ပုံတင် ကျန်ခဲ့လို့ သွားပြန်ခေါ်နေတာ ခဏနေ ထွက်မယ်လို့ ဆိုပါတယ်။ (တကယ်တော့ သူပြောတဲ့ စကားဟာ မဟုတ်ပါဘူး၊ ခရီးသည် သွားခေါ်နေတာ ဆိုတာ လိမ်တာပါ)။

ဒါနဲ့ ချက်ချင်းဆိုသလိုပဲ သူကပဲ လက်မှတ်ကောက်ဖြတ်လိုက်တော့ ပိုက်ဆံ ၂၅၀၀ ကျပ်ကို ပေးလို့ သူပြောတဲ့ ခဏကို စောင့်လိုက်တာ နောက်ထပ် ၁ နာရီခွဲလောက် ကြာသွားပါရောလား။ ဟ… ခင်ဗျား ခဏက ကြာလှချည်လား၊ ဘယ်လိုလဲ…၊ ဘယ်မှာလဲ ကား… လိမ်တာလားလို့ မေးတော့ အော်တော့မှ ကားတစီး ရောက်လာပါတယ်။

ဟိုင်းလပ်ကားပါပဲ၊ အောက်နောက်ခန်း အောက်ဘက်အပြည့် ကုန်တင်ထားပြီး ဟိုင်းလပ်ကား ခေါင်မိုးလို နေရာမှာ ထိုင်ခုံတွေ ရိုက်ထားပါတယ်။ တောထဲမှာနေတဲ့ တာဇံလို တွယ်တက်မှပဲ ကားခေါင်းမိုးနေရာလောက်မှာ ရိုက်ထားတဲ့ ထိုင်ခုံတွေဆီကို ရောက်ပါလိမ့်မယ်။ အဲဒီမှာ ထိုင်နေတဲ့ မိန်းမငယ်လေးတွေ တွေ့လိုက်ရတော့ အော်… သူတို့လည်း ဒီလိုပဲ သွားလာနေရတာပဲလို့ စိတ်မကောင်း ဖြစ်မိပါတယ်။

ရန်ကုန်သား ကျွန်တော် လူပျော့ကတော့ စောင့်ရလို့ စိတ်ကလည်း ဆိုးနေတော့ ကိုယ့်ဆရာ… ပိုက်ဆံ ၂၅၀၀ ကျပ်သာ ပြန်ပေးပါတော့… ကျွန်တော် မလိုက်လိုတော့ပါဆိုပြီး ခေါင်းမိုးနေရာက ထိုင်ခုံမှာ ထိုင်ပြီး လိုက်မစီးရဲတာနဲ့ ပိုက်ဆံပြန်တောင်းလို့ မြစ်ကြီးနားမှာပဲ စတည်းချဖို့ ကားဝင်းကနေ မြစ်ကြီးနား မြို့ထဲ ပြန်လာခဲ့ပါတယ်။ ဝေးခဲ့ပေါ့… လိုင်ဇာရေ၊ အခု ဒီရက်ပိုင်းမှာတော့ လိုင်ဇာဟာ စစ်ရေးတင်းမာမှုအရ အခြေအနေ တည်ငြိမ်မှု မရှိတဲ့ နေရာလိုလို ဘာလိုလို ဖြစ်နေတယ်လို့ ကြားရပါတယ်။

ကားဝင်းကနေ နောက်ထပ် သုံးဘီးဆိုင်ကယ်ဆရာ တယောက်ကို တည်းခိုးခန်းလိုက်ပို့ပါ၊ ဘယ်လောက်ပေးရမလဲ မေးတော့ ၁၅၀၀ ကျပ်တော့ ပေးပါဆိုတာနဲ့ သွားမယ်ကွာ သန့်တဲ့ တည်းခိုခန်းလေး ပို့ပေးပါလို့ ပြောလိုက်တာ… ဈေးနားက တည်းခိုခန်းတခုကို လိုက်ပို့ပါတယ်။ တညကို ၄၀၀၀ ကျပ်လို့ ဆိုပါတယ်။ လျှပ်စစ်မီးလုံးဝ မရှိပါဘူး (ညဖက်တော့ ခဏပေးမလား မသိပါဘူး)၊ လေကောင်းလေသန့် မရနိုင်တဲ့ အလုံပိတ် အခန်းတွေ ဖြစ်ပါတယ်။

တည်းခိုရန် သင့်မသင့် အခန်းကို တချက်ကြည့်ပြီးနောက်မှာတော့ အနံ့အသက်က မကောင်း၊ ရန်ကုန်မှာ အချိန်ပိုင်း တည်းခိုနိုင်တဲ့ အခန်းတွေလို အနေအထားမျိုးပဲ ဆိုတာကို ရိပ်မိလိုက်တာနဲ့ သုံးဘီးဆရာကို ကိုယ့်ဆရာ… ကျွန်တော်ပြောတဲ့ သန့်သန့်ဆိုတာ တကယ်သန့်သန့်လေဗျာ၊ မသန့်တသန့် မဟုတ်ဘူးလို့ ပြောတော့ ဒါဆို ခင်ဗျား… ဟိုတယ်မှာပဲ နေတော့လို့ သုံးဘီးဆရာက ကျွန်တော့်ကို ပြောပြီး မြစ်ကြီးနားက နဂါးနှစ်ကောင် ဟိုတယ်ကို လိုက်ပို့ပေးပါတယ်။ အဲဒီမှာတော့ တညကို နှစ်သောင်းခွဲပေးရပါတယ်။ မနက်စာ သေသေချာချာ ကျွေးပါတယ်။

ညနေပိုင်းတော့ ရေမိုးချိုးပြီး ဟိုတယ်နားက ညဈေးတန်းကို လျှောက်၊ ချစ်သူလမ်းကြားလို့ ခေါ်တဲ့ ဧရာဝတီမြစ်ကြီးကို မေးတင်ထားတဲ့ လမ်းကလေးမှာ လျှောက်၊ အဲဒီလမ်းကလေးက အခုတော့ အစိုးရသစ်ရဲ့ ၀န်ကြီးအိမ်တွေ တည်ဆောက် ပြုပြင်နေတာကို တွေ့ခဲ့ရတယ်။ နောက်ဆို ချစ်သူတွေတောင် အဲဒီလမ်းမှာ လျှောက်လို့ရပါတော့မလား မသိပါဘူး။

ကျွန်တော်တော့ ညနေပိုင်း လမ်းလျှောက်ရင်း မြစ်ကြီးနား မြို့ပေါ်မှာပဲ ဧရာဝတီကို တွေ့တော့ ပျော်သွားတယ်၊ ခဏလျှောက်ကြည့်တော့ ဗလမင်းထင် (ဧရာဝတီ မြစ်ကူးတံတား) ကိုလည်း တွေ့ရတယ်။ နည်းနည်းဝေးတော့ မှုံပျပျပဲ တွေ့ရပါတယ်။ ဆုတောင်းပြည့်ဘုရား ဖူးပြီးတော့ လူလည်း တော်တော်ပင်ပန်းသွားတာနဲ့ ပြန်ပြီး အနားယူလိုက်တော့တယ်။

နောက်တရက်မှာတော့ ရောက်ဖူးချင်လွန်းတဲ့ မြစ်ဆုံကို ဆိုင်ကယ်နဲ့ သွားကြတယ်။ မြစ်ကြီးနား-မြစ်ဆုံက မိုင် ၃၀ လောက် ဝေးတယ်။ ဆိုင်ကယ်တစီး တယောက်စီးကို ၁၅၀၀၀ ကျပ် ပေးရတယ်။ နှစ်နာရီ လျော့လျော့ မောင်းရတယ် မှတ်တာပဲ။ လမ်းမှာ စစ်ဆေးရေး ဂိတ်တခုရှိတယ်။ ဒါပေမဲ့ အေးအေးဆေးဆေးပါပဲ။ လမ်းပိုင်းက တ၀က်သာသာကောင်းတယ်၊ တ၀က်လျော့လျော့ကြမ်းတယ်။ နောက်တော့လည်း နာမည်ကျော်မြစ်ဆုံကို ရောက်သွားတယ်။

မြစ်ဆုံဟာ မလှတော့ပါဘူး၊ ရွှေကျင်သူ လုပ်စားသမားတွေကြောင့် ပျက်နေပါပြီ။ တောင်တွေကို ကိတ်မုန့်လှီးသလို လှီးလှီးချပြီး ရွှေတွေ ထုတ်နေတာကတော့ ကျွန်တော့်အသားတွေ လှီးခံနေရသလို…။ သူတို့ကလည်း အပြေးအလွှား ကျင်နေကြရတာကိုး…၊ ခဏနေ ဒီမှော်တွေ အကုန်လုံးဟာ အခုဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြစ်ဆုံ ရေကာတာကြီးအောက် ရောက်ကုန်တော့မှာလေ… ဒါကြောင့် အချိန်ရှိခိုက် လုံ့လစိုက်နေကြတာပေါ့…။

မှော်ထဲလည်း လိုက်လေ့လာကြည့်မိသေးတယ်။ ရွာလေးတရွာလိုပါပဲ…၊ လက်ဖျားငွေသီးတဲ့ မှော်ထဲက ကိုကို၊ မောင်မောင် ရွှေလုပ်သားတွေအတွက် ကာရာအိုကေ၊ အရက်၊ ဘီယာ၊ ဘာညာ သာရကာ အစုံအလင် အပုံအပင် ရနိုင်အောင် စီစဉ်ဖန်တီးပေးထားတာ တွေ့ရပါတယ်။ ကိုယ့်ပိုက်ဆံကိုယ်ရှာလို့ ကိုယ့်ပိုက်ဆံကိုယ်သုံးနိုင်ကြတဲ့ နေရာ(မှော်)လေး တခုပေါ့လေ။ ပိုက်ဆံတွေပဲ လွယ်လွယ်ရနေလို့လား မသိပါဘူး…၊ မြစ်ကြီးနားမှာ အကုန်ဈေးကြီးတယ်လို့တော့ ကျွန်တော်ဖြင့် ထင်ခဲ့မိတာပါပဲ။

မြစ်ဆုံဟာ ခဏနေရင်တော့ ရှိတော့မှာ မဟုတ်ဘူးလို့ တွေးမိပြီး ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်။ ကချင်ပြည်နယ်အတွက် မြစ်ဆုံဟာ သဘာဝက ပေးတဲ့ အလှတရားတခုပါ၊ အခုတော့ တဖြည်းဖြည်းနဲ့ ပျောက်သွားတော့မှာပါ။ ကချင်ပြည်နယ်ဟာလည်း အေးမနေတော့ပါဘူး၊ ဧပြီလရဲ့ ကချင်ပြည်နယ်ဟာ ပူလောင်လွန်းလှပါတယ်။ လျှပ်စစ်မီးကလည်း အချိန်နဲ့ပဲ ရပါတယ်၊ ဒါတောင် ဟိုတယ်မှာ နေခဲ့တာပါ။

နောက်တော့ မြန်မာပြည်က သဘာဝအင်းကြီးနှစ်ခုထဲက တခုဖြစ်တဲ့ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားဖူးဖို့ နောက်တရက်မှာ မြစ်ကြီးနား-မန္တလေး ရထားနဲ့ အောက်ဘက်ကို စုံဆင်းလာခဲ့ပါတော့တယ်။ မြစ်ကြီးနားဟာ ကျွန်တော်စွဲခဲ့သလောက်တော့ ချစ်ဖို့မကောင်းဘူးလို့ ခံစားရပါတယ်။ ဒါမှမဟုတ် မြစ်ကြီးနား အရသာအစစ်ကိုပဲ ကျွန်တော် မတွေ့ခဲ့လို့များလား…။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်။
၀၀း၀၀ နာရီ။

Advertisements