ကျွန်တော်က ကော်ပီကတ် (copycat) ဖြစ်ပါတယ်၊ မြန်မာလိုဆိုရင်တော့ ပုတ်သင်တကောင် ဖြစ်ပါတယ်။ အလွယ်တကူ ကော်ပီလုပ်နိုင်တယ်၊ ပတ်ဝန်းကျင်နဲ့အတူ အလိုက်သင့် အလွယ်တကူ အရောင်တူ အရောင်ပြောင်းနိုင်တယ်။ မလုပ်ချင်လို့သာ နေရမယ်၊ လုပ်ပါ… နေပါ… စားပါဆိုရင် ဘယ်ရောက်ရောက် ဘာလုပ်လုပ် ဘာစားစား နေထိုင် ရှင်သန်နိုင်သူ ဖြစ်ပါတယ်။

အတုခိုးလွယ်တယ်၊ သင်ရင်တတ်လွယ်တယ်။ သင်ရင်တတ်လွယ်တယ် ဆိုပေမယ့် ပန်းချီနဲ့ ဂစ်တာကိုတော့ သင်မရခဲ့ပါဘူး။ အပီအပြင် စိတ်မပါလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီသုံးလလောက် သင်တန်းတက်ခဲ့ဖူးသလို ညီငယ်ဆီကလည်း ဂစ်တာတီးတာ သင်ယူဖူးပါတယ်၊ နည်းနည်းလေးတောင် မဖြစ်မြောက်ခဲ့ပါဘူး။

ဒီမှာတော့ လေ့လာ စူးစမ်း သင်ယူဖို့အတွက် အားရင် အခန်းထဲကနေ ကမ္ဘာပတ်နေတာပေါ့။ အင်တာနက် လှိုင်းစီးရင်း ဟိုကြည့်ဒီကြည့် ဟိုဟာ ကလစ်နှိပ် ဒီဟာ ကလစ်နှိပ်နဲ့ လျှောက်လည်လိုက်တာ တနေ့သားမှာ လန်ဒန်မင့်ရုံး London Mint Office ၀က်ဘ်ဆိုက် http://www.londonmintoffice.org/ ကို အမှတ်မထင် ရောက်သွားပါလေရော…။ အဲဒီရုံးက အစိုးရတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ယုံကြည်ထိုက်တဲ့ အဖွဲ့အစည်းတခုပေါ့။

သူတို့အဖွဲ့က စုဆောင်းသူတွေအတွက် အမှတ်တရ ဒင်္ဂါးပြားတွေ ထုတ်လုပ် ရောင်းချတယ်။ ရွှေသားအစစ် ၂၄ ကာရက် ပါဝင်တဲ့ သတ္တုကွိုင်ပြားတွေ (ဒင်္ဂါးပြားတွေ) ထုတ်ဝေပါတယ်။ ဘုရင်မကြီးရုပ်ပုံနဲ့ ဒင်္ဂါးတွေရော၊ တခြား တော်ဝင် ရေတပ်၊ ကြည်းတပ်နဲ့ ဆိုင်တဲ့ ဒင်္ဂါးတွေရော၊ အခုနောက်ဆုံး ၀ီလီယံ မင်းသားနဲ့ ကတ်သရင်း မင်းသမီးတို့ မင်္ဂလာဆောင် ဒင်္ဂါးတွေတောင် ထွက်နေပါရောလား…။

ကျွန်တော်ငယ်ငယ်က အမေ့မှာ ဂျော့ရှ်ဘုရင် ခေါင်းပါတဲ့ ရွှေဒင်္ဂါးဆွဲပြားပါတဲ့ ဆွဲကြိုးတကုံးရှိတယ်။ အမေက အဲဒါကို အမြဲဆွဲထားတာ မဟုတ်ဘူး၊ မင်္ဂလာဆောင်တို့ အလှူတို့ သွားတဲ့အခါမှာသာ ထုတ်ဆွဲတတ်တယ်။ နောက်တော့လည်း စီးပွားရေး အဆင်မပြေတဲ့အခါ ထုခွဲရောင်းချတဲ့အထဲ ပါသွားတယ်ထင်ပါရဲ့၊ မတွေ့တော့ဘူး။

ဆိုတော့ ရောက်သွားတဲ့ ၀က်ဘ်ဆိုက်က အော်ဖာ (ကမ်းလှမ်းချက်) ကို ကြည့်လိုက်တဲ့အခါ သင့်ငွေ စတာလင် ၂ ပေါင်ခွဲနဲ့ စာတိုက်ခ (စာပို့ခ) နောက်ထပ် စတာလင် ၂ ပေါင်ခွဲ ပေးရင် ၁၉၆၇ ခုနှစ်ထုတ် အယ်လ်လိဇဘတ် ဘုရင်မကြီးရုပ်ပုံပါ ဒင်္ဂါးတပြားရမယ်လို့ ကြေညာထားတာတွေ့တော့ အမှတ်တရတော့ ၀ယ်ဦးမှလို့ စိတ်ကူးမိတယ်။

ထမင်းတခါစား ၅ ပေါင်လောက် ကျနေတော့ ထမင်းတပွဲစာပဲ ရှိပါတယ်လေဆိုပြီး အချိုအချောင်ရတာပဲလို့ မှတ်ပြီး မှာယူလိုက်ပါတယ်။ အွန်လိုင်းကနေ ဘဏ်စာရင်း အချက်အလက်တွေနဲ့ အိမ်လိပ်စာ၊ ဖုန်းနံပါတ် အကုန် ဖြည့်သွင်းရတာပေါ့။ သူက ရေးထားသေးတယ်၊ ဒါက လျှောက်လွှာအဆင့်ပေါ့လေ… လျှောက်လွှာအောင်မှ (ကံကောင်းမှ) ၀ယ်ခွင့်ရမယ်ပေါ့။

အလုပ်မလုပ်ဘဲ သူဌေးဖြစ်ရင် ကောင်းမှာပဲလို့ တွေးမိပြီး ယူရိုမီလီယံ (ယူရိုသန်းထီ) ပေါက်လေအောင် ကံစမ်းတာလည်း ပေါင် ၅၀ ကျော်၊ ၆၀ လောက် ပါသွားဖူးပါပြီ။ အမေကလည်း ဖုန်းဆက်ရင် “မင်းအတွက် ဗေဒင်မေးစမ်းကြည့်တာ ဗေဒင်ဆရာက မင်းမှာ ထီပေါက်ကိန်း ရှိတယ်လို့ ဟောတယ်ကွဲ့၊ ထီလေး ဘာလေး ထိုးကြည့်စမ်းပါ၊ ထီပေါက်ဖို့ဆိုတာ ထီထိုးထားမှ ရတာ သားရဲ့“ မိခင်ကပြောလို့ ကျွန်တော်လည်း မိခင်စကား နားထောင်ပြီး ကံစမ်းနေတာ တခါမှတော့ မပေါက်သေးပါဘူး။

တလောကပဲ (ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ) စကော့တလန်က အငြိမ်းစား ဇနီးမောင်နှံ ယူရိုငွေ သန်း ၁၈၀ ကျော် ထီပေါက်သွားကြတာ ကျွန်တော့်မှာ ကျွန်တော် မရပေမယ့် ၀မ်းသာ အားကျလိုက်ရတာ…။ သူတို့က တစောင်တည်းထိုး တစောင်ပေါက်ဆိုပဲ…၊ နည်းတဲ့ ကုသိုလ်ကံ မဟုတ်ပါဘူး။ ကျွန်တော်တော့ ပြောခဲ့သလို အလကားရဖို့ ကံက ငယ်ငယ်ကထဲက မပါခဲ့ပါဘူး။ ပင်ပင်ပန်းပန်း အလုပ်လုပ်မှသာ ပိုက်ဆံရခဲ့တာချည်းပါပဲ။

ဒီတော့ ကျွန်တော်လည်း ငါးပေါင်လောက်နဲ့ ရလည်းရ မရလည်းနေဆိုပြီး ဒင်္ဂါးပြား ခပ်တည်တည်နဲ့ အ၀ယ်ကောင်းခဲ့တယ်ပေါ့ဗျာ၊ ၀ယ်ပြီးတော့ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်ပါပဲ၊ အဲဒီလို စိတ်ဝင်စားတာပါ။ အဲ… ၀ယ်ပြီး တလလောက်နေ့မှ ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်တော့်နာမည်နဲ့ စာတိုက်တလုံး စာတိုက်ကနေ ရောက်လာခဲ့တယ်။ လန်ဒန်မင့်ရုံးကပေါ့။ အမယ်… အတော်ဝမ်းသာသွားသဗျ။ ဒီတခါ ကံတယ်ကောင်းပါလားပေါ့။

အဲဒီမှာ အရာရှိတယောက် လက်မှတ်ထိုးထားတဲ့ စာနဲ့အတူ သူတို့ကလည်း ကျွန်တော် ကံကောင်းလို့ ၀ယ်ခွင့်ရတဲ့အကြောင်း၊ ၀မ်းသာဂုဏ်ယူကြောင်းပေါ့။ ဒါနဲ့ ပစ္စည်းကို ကြည့်လိုက်တော့ အမယ်… သေသေချာချာ ပါကင်ထုပ်ထားတာ၊ သပ်သပ်ရပ်ရပ်ဗျ။ ဒင်္ဂါးပြားကို ဒီအတိုင်းတောင် ကြည့်လို့မရဘူး၊ ပလတ်စတစ် ဘူးအမာ အ၀ိုင်းလေးနဲ့ သေချာထည့်ထားတဲ့ ဒင်္ဂါးကို ကိုင်ကြည့်ဖို့ လက်အိတ်အဖြူတွေ ဘာတွေတောင် ထည့်ပေးလိုက်သေးတာ…။

ကျွန်တော်တော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်တွေ ဘာတွေတောင် ၀င်သွားသေးတယ်၊ တကယ့်ကို ဟောလီးဝုဒ် ရုပ်ရှင်ကားတွေထဲကလို ဂိုဏ်းစတားကြီးတွေ ကျောက်သံပတ္တမြားတွေ ကြည့်သလိုလို ဘာလိုလို ပုံစံဖမ်းလို့ အိုက်တင်လုပ်ကြည့်ရင် ကောင်းမလားလို့တောင် တွေးမိသေးတယ်။ ဒါပေမဲ့ အခန်းထဲနေရင်း အိမ်နေအ၀တ် လဲထားတော့ စွပ်ကျယ်လက်ပြတ်နဲ့ ပုဆိုးအနွမ်း ခပ်တိုတိုနဲ့ ပုံစံက လန်းမနေဘူး။ ဒါနဲ့ တော်ပါပြီကွာ သိပ်ထားလိုက်တော့မယ်လို့ တွေးလိုက်မိတယ်။

အဲဒီမှာ နောက်ထပ်ဘူးလေးတခုနဲ့ နောက်ထပ်ကွိုင်လေးတခု ပါလာတာတွေ့ရပြန်တယ်။ နောက်ထပ် ဒင်္ဂါးပြားတခုပေါ့။ သူက အရွယ်ငယ်ပြီး ပိုတောင် တောင့်တင်းသေးတယ်၊ လှသေးတယ်။ ဘေးပတ်လည်က ရွှေ၊ အလယ်က ပလက်တီနမ်သတ္ထု… သူက ပိုတောင်မိုက်နေသေးတယ်။ ဟ… တယ်ဟုတ်ပါလား၊ ငါးပေါင်ဖိုး ဒင်္ဂါးဝယ်တာ နောက်ဒင်္ဂါးတခုတောင် အပိုထည့်ပေးလိုက်တယ်လို့ ခပ်ပေါ့ပေါ့ တွေးလိုက်မိတယ်။ မလည်ဘဲနဲ့ ကျွန်တော် စရှုပ်လိုက်မိပါပြီ။

တကယ်တော့ အဲဒီမှာ စာရွက်စာတမ်းတွေ အများကြီးပါပါသေးတယ်၊ စာအိတ်ကြီးတလုံးနဲ့အပြည့် စာရွက်တွေပါ၊ စာအိတ်အလွတ်တွေလည်း ပါပါသေးတယ်။ စည်းမျဉ်းစည်းကမ်းတွေပေါ့။ အဲဒီတုန်းကတော့ ပစ္စည်းရနေပြီ၊ ပြီးပြီပဲလို့ ခပ်ပေါ့ပေါ့ တွက်ခဲ့ပါတယ်။ မြန်မာပြည်က လာသူဆိုတော့ ဥပဒေ စည်းကမ်းနည်းလမ်း တွေကိုလည်း ဖတ်ဖို့၊ ကြည့်ဖို့ အလွန်ပျင်းခဲ့ပါတယ်။ စာရွက်များများ ဖတ်ရ၊ မြင်ရတယ်ဆိုရင် စိတ်ညစ်နေပါပြီ။

တကယ်တော့ အဲဒီစာရွက်တွေမှာ ရေးထားတာက (နောက်မှ ပြဿနာတက်မှ ပြန်ဖတ်ကြည့်တာပါ) အခု ပစ္စည်းတွေက လူကြီးမင်း မှာယူထားလို့ ပို့လိုက်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်၊ မှာတဲ့ ပစ္စည်းနဲ့ ရောက်လာတဲ့ ပစ္စည်း မတူဘူးဆိုရင် ထည့်ပေးလိုက်တဲ့ စာအိတ်အလွတ်မှာ ပြန်ထည့်ပြီး စာတိုက်ကနေ ပို့ပေးပါ။ ဒင်္ဂါး အသစ်တပြားကိုလည်း လူကြီးမင်း ကြိုက်မယ်ထင်လို့ ပူးတွဲ ထည့်ပေးလိုက်ပါသေးတယ်။

အဲဒီ ဒင်္ဂါးက ဘယ်လို ဒင်္ဂါးအမျိုးအစား ဖြစ်ပါတယ်၊ ၃၅ ပေါင် ကျသင့်ပါတယ်။ မလိုချင်ဘူး မကြိုက်ဘူးဆိုရင်တော့ ထည့်ပေးလိုက်တဲ့ စာအိတ်လေးနဲ့အတူ ပြန်ပို့ပေးပါ၊ မပို့ဘူးဆိုရင်တော့ ၀ယ်တယ်လို့ မှတ်လိုက်ပါ့မယ် စသဖြင့် ရေးထားတာကိုးဗျာ။ ကျွန်တော်က သူများတွေ လုပ်တာကို အတုခိုးတယ်၊ ရွှေအစစ် ၂၄ ကာရက် ဒင်္ဂါးပြား (၂၄ ကာရက် ရွှေဆိုတာက အသန့်စင်ဆုံး ရွှေလို့ သတ်မှတ်ထားတာကိုးဗျာ) ကို ၅ ပေါင်လောက်နဲ့ ရမယ်ဆိုလို့ အရချောင်တယ်လို့ တွက်ဆ မိတာကိုး။

တကယ်တော့ ၂၄ ကာရက်ရွှေနဲ့ ကွပ်ထားတာပဲ ဖြစ်ပါတယ်၊ ဒင်္ဂါးတပြားလုံးက ၂၄ ကာရက် ရွှေစင် မဟုတ်ပါဘူး။ မူလ လှည့်လည် သုံးစွဲတဲ့ ဒင်္ဂါးပြားကို ရွှေကွပ်ထားတဲ့ သဘောပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ… ကျွန်တော်က အချောင်လိုချင်လို့ ၀ယ်တယ်၊ သူတို့က ကျွန်တော့်ကို မားကတ်တင်း (ဈေးကွက်) ပြန်ဆင်းရင်း ထည့်တယ် (ထပ်ရောင်းတယ်၊ တကယ့် တန်ရာတန်ကြေးဖြစ်သွားပြီ)။

ကျွန်တော်က ခပ်ပေါ့ပေါ့ လုပ်တယ်၊ စာသေချာ မဖတ်ဘူး။ မလည်ဘဲ ရှုပ်တယ်၊ စိတ်ညစ်လည်း မခံဘူး၊ ၀ယ်ပြီးပြီးရော ပစ်ထားလိုက်တော့… နောက်တလလား ၄၅ ရက်လား ကြာတော့ စာတစောင် ရောက်လာတယ်။ ပိုက်ဆံ မပို့သေးလို့ ဘယ်လောက် တောင်းခံပါတယ်ပေါ့။ ပေါင် ၄၀ လား၊ ၄၂ ပေါင်လား မသိပါဘူး။

အမှန်တော့ ပထမဆုံး စာအိတ်ကြီးနဲ့ လာကထဲက အဲဒီမှာ ၀ယ်မယ်ဆို ပိုက်ဆံပါ ပြန်ပို့ပေးရမှာ၊ ချက်လက်မှတ်ပဲဖြစ်ဖြစ်၊ ငွေလွှဲစာနဲ့ဖြစ်ဖြစ် တနည်းနည်းနဲ့ ပိုက်ဆံပို့ရမှာလေ။ ကျွန်တော်က မပို့တော့ နောက်ထပ် သတ်မှတ်ရက်ကျတော့ ဒဏ်ကြေး ၅ ပေါင် အပိုဆောင်းလို့ ပေါင် ၄၀ ကျော် တိုးကောက်လာတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော် နည်းနည်းတင်းသွားပါတယ်၊ ဟ… ငါက ဒင်္ဂါးတပြား အချိုအချောင် ရမလားလို့ ၀ယ်ပါတယ်၊ အခုက မချောင်တဲ့အပြင် ပိုက်ဆံ ၄၀ ကျော် ထွက်တော့မယ်။ ဒါ ငါ့ကို သက်သက်လုပ်တာပဲ… မပေးဘူးကွာ၊ မပို့ဘူးကွာဆိုပြီး စိတ်ဆိုးပြီး နှစ်ရက်၊ သုံးရက် နေလိုက်ပါတယ်။ နောက်တော့လည်း မေ့သွားပြန်ပါတယ်။

နောက်တလကြာတော့ နောက်စာတစောင်လာပြန်ပါတယ်၊ ငါးပေါင် ထပ်တိုးသွားတဲ့အပြင် အပိုစာတစောင်ပါ ပါလာပါတော့တယ်။ ဘယ်နေ့ နောက်ဆုံးထားပြီး (ကျွန်တော်တို့ ပစ္စည်းကို မှာယူ လက်ခံယူထားတဲ့ လူကြီးမင်း အနေနဲ့) ပိုက်ဆံပို့ပါ၊ မပို့လာရင်တော့ ဥပဒေကြောင်းအရ တရားစွဲရပါတော့မယ်။ တရားရင်ဆိုင်မယ်ဆိုလည်း တရားစရိတ်များကိုပါ လူကြီးမင်းက ထပ်ဆင့်ကျခံရပါလိမ့်မယ်တဲ့ဗျာ။

ဟား ဟား ဟား… ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော လို့ပဲ ဆိုရပါတေ့မယ်။ ကျွန်တော်က ဆရာကြီးလိုလို ဘာလိုလိုနဲ့ ခပ်တည်တည်လုပ်ပြီး ဒင်္ဂါးပြားဝယ်မိတာ အခုတော့ အခန့်မသင့်ရင် တရားစွဲ ခံရကိန်းရှိနေပါတော့တယ်။ ခုနစာတွေ တလပြီးတလ လာနေတဲ့အချိန်မှာ ကျွန်တော်က မာတာမိခင် ကျေးဇူးရှင် အမေရှိရာ ရန်ကုန်ကို ပြန်ရောက်ပါတယ်။

ဒါကြောင့်လည်း သေချာဂရုမစိုက်နိုင်တာပါပါတယ်၊ ဒီလိုနဲ့ ရန်ကုန်ကနေ လန်ဒန်မြို့ ပြန်ရောက်လာတော့ ဓာတ်ပုံဦးထိန်ဝင်း လက်ဆောင် ပေးလိုက်တဲ့ ဘီဘီစီ ဦးနေ၀င်းရဲ့ ဘ၀မှတ်တမ်း ဒုတိယတွဲက ပါလာပါတယ်။ ဒါနဲ့ အဲဒီစာအုပ်ကို ထုံ့ပိုင်းထုံ့ပိုင်း ဖတ်နေတာမှာ ဦးနေ၀င်းက သူ အင်္ဂလန်မှာ အိမ်နှင်လိုမှုတွေ၊ အိမ်ခန်း လျှောက်ထား ၀ယ်လိုမှုတွေမှာ ဘယ်လို တရားရုံးတက် လျှောက်လဲချက်တွေ ကိုယ်တိုင်ပေးပစ်ပြီး အနိုင်ယူနိုင်ခဲ့တာတွေကို ပိုင်ပိုင်နိုင်နိုင် ရေးပြထားတာကို ကျွန်တော်က သွားဖတ်မိချိန် ဖြစ်ပါတယ်။

ဦးနေ၀င်းကတော့ မြန်မာပြည်မှာ တရားရုံးချုပ်ရှေ့နေ လုပ်ခဲ့တဲ့သူကိုးဗျာ၊ ဒီတော့ အမှုသည်အနေနဲ့ လန်ဒန်ရောက်တော့လည်း အင်္ဂလိပ် ဥပဒေတွေကို နှံ့နှံ့စပ်စပ်ဖတ်ပြီး ယိုပေါက်ဟာပေါက်ကနေ ဖိုက်ပစ်ခဲ့တော့ နိုင်ခဲ့သတဲ့ဗျာ။ ဟ… ဒါဆို ငါလည်း မင့်ရုံးက တကယ်လို့ တရားစွဲလာရင် ကိုယ်တိုင် လျှောက်လဲချက် ပေးလိုက်ရင် နိုင်နိုင်သားပဲလို့ ချော်တောငေါ့ အတွေးပေါက်မိပါတယ်။ ဦးနေ၀င်းက ကိုယ်တိုင်ရှေ့နေမို့လို့ဆိုရင်… ငါကလည်း ရှေ့နေမသားပဲ၊ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ၊ မဖြစ်နိုင်ဘူးဆိုတာ သေချာနေပြီလား… ဘာလား ညာလားနဲ့ စိတ်ကူးတောင် ယဉ်လိုက်မိပါသေးတယ်။ သိုးဆောင်းဝတ်ရုံ ရှေ့နေကြီးတွေနဲ့ ဘယ်လိုပြိုင်ပြောပစ် ဖိုက်ပစ်လိုက်မယ်ပေါ့။

သူတို့က တရားယှဉ်ပြိုင်ရင် တကယ်ကို အခွင့်အရေးပေးတယ် မဟုတ်လား၊ ဥပဒေအထက်မှာ တကယ်ကို ဘယ်သူမှ မရှိဘူး မဟုတ်လား။ ဒီတော့ ကျွန်တော် ရဲမယ်ဆိုလည်း အရဲစွန့်နိုင်သားပဲလို့ ကျွန်တော် တကယ်တွေးခဲ့ပါတယ်။ ရိုးရိုးလေးပဲ ပြောပြမှာပေါ့၊ ကျွန်တော်က အထူးလည်း စိတ်ဝင်စားတာ မဟုတ်ပါ၊ အွန်လိုင်းမှာ ကြည့်မိရင်း အချိုအချောင် ရမလားလို့ ၀ယ်ပါတယ်၊ ကျွန်တော့်ကို မလိမ့်တပတ်နဲ့ နောက်ဒင်္ဂါးတပြား ထပ်ထည့်ပေးလို့ ရောင်းပါတယ်။ ကျွန်တော်က တပြားပဲ ၀ယ်ပါတယ်၊ သူတို့က အချဉ်ဖမ်းပြီး နှစ်ပြား ထည့်လွှတ်ပါတယ်။ ကျွန်တော် ၀ယ်တာ မဟုတ်ပါ၊ ပိုက်ဆံထပ်မပေးနိုင်ပါ၊ အဲဒါကို ပိုက်ဆံတွေ အလီလီ တောင်းနေပါတယ်၊ ကျွန်တော့်မှာ အလုပ်အကိုင်ပျက်တဲ့အထိ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ဘာညာနဲ့ ကျွန်တော်က လျှောက်လဲချက်တောင် စိတ်ကူးနဲ့ ပြင်ဆင်ထားပြီပါပြီ။

နောက်တော့… ကျွန်တော် ခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့ နည်းနည်းတိုင်ပင်ဦးမှဆိုပြီး တိုင်ပင်ကြည့်တော့ “မလုပ်ပါနဲ့မောင်ရာ… ပေးလိုက်စမ်းပါ၊ တရားရုံးတွေ ဘာတွေ သွားနေရင် မင်း တရားစရိတ် ထပ်ကုန်နေလို့ အများကြီး ပေးနေရပါလိမ့်မယ်“ လို့ မြန်မာတွေပီပီ ကျွန်တော့်ကို ပြေရာပြေကြောင်း ပြောပါတယ်။ ကျွန်တော်လည်း သေချာစဉ်းစားရပါတယ်၊ ခပ်တည်တည်သာ လေကြီးမိုးကြီး လျှောက်တွေးနေတာ တကယ်တမ်း တရားရုံး ရောက်သွားရင် ကျွန်တော်ပဲ အရှက်ရမှာလို့ တွေးကြောက်မိပြန်ပါတယ်။

ဒါနဲ့ ပေးတာတော့ ပေးမယ်၊ မင့်ရုံးတော့ ဖုန်းဆက်ကြည့်ဦးမှလို့ဆိုပြီး ရုံးကို ဖုန်းဆက်ပါတယ်။ ဒီမှာက ရုံးတွေ၊ ဘဏ်တွေ ဖုန်းဆက်ရတာလည်း ကျွန်တော်တော့ အတော့်ကို စိတ်ကုန်ပါတယ်။ အားလုံးက လူတွေပြောတာ မဟုတ်ဘဲ လူအသံသွင်းထားတဲ့ စက်တွေက ပြောတာ ဖြစ်ပါတယ်။ အခု ပြောဆိုတာတွေကို သင်တန်း သင်ခန်းစာအဖြစ် အသံဖမ်းယူထားပါမယ်၊ ဘာကိစ္စအတွက်ဆို ဘယ်နံပါတ်ကို နှိပ်ပါ၊ ဘာကိစ္စဆို ဘယ်နံပါတ်ကို နှိပ်ပါနဲ့ သွားလိုက်တာ တော်တော့်ကို စိတ်ရှည် ရတဲ့အပြင် ချာလပတ်ကို လည်ပါလေရော…၊ တခါတလေ ဟိုဘက်ဖုန်းစက်က ကိုယ်ပြောတာကို နားမလည်ရင် ဖုန်းချရင် ချ၊ ခဏကိုင်ထားပါဆိုပြီး မြူးဇစ်လေး ဖွင့်ပေးထားရင်း (စောင့်ပါနော်… ဖုန်းပြောမယ့်လူ အလုပ်များနေလို့ပါ၊ လူတွေ တအားကျနေလို့ပါ၊ ကိုင်ထားပါနော်… စောင့်ပါနော်နဲ့ပဲ) နောက်ဆုံး ကိုယ်က စိတ်မရှည်တော့ ဖုန်းချလိုက်ရပါတော့တယ်။

အဲဒီအခါကျရင်လည်း တလကို ၃၅ ပေါင် ပေးရတဲ့ ဖုန်းဖိုးက ၄၀ နီးပါးဖြစ်သွားတတ်ပါတယ်။ သူက အဲဒီလို ရုံးတွေ၊ ဘဏ်တွေကို အရေးကြီးလို့ ခေါ်တဲ့ နံပါတ်တွေကို ထပ်ပြီး ပိုက်ဆံတောင်းပါတယ်။ ဟို တလ ၃၅ ပေါင် ကန်ထရိုက်နှုန်းနဲ့ ပေးထားတဲ့ ၀န်ဆောင်မှုထဲမှာ ဒီရုံးတို့၊ ဘဏ်တို့ကို ခေါ်တာတွေက မပါဘူးတဲ့၊ ထပ်ပေးရမယ်တဲ့။ ကျွန်တော့်မှာတော့ စောင့်ရင်းကုန်သွားတဲ့ မိနစ်တွေအတွက် အကျိုးမရှိတဲ့အပြင် ပိုက်ဆံတောင် ထပ်ကုန်တာမျိုးတွေ ခဏခဏ ကြုံရပါသေးတယ်။

နောက်တော့ စိတ်ရှည်လက်ရှည် ဆက်ပြီးနောက်မှာ (ဘယ်နှပေါင် ပါသွားပြီလဲ မသိတော့ပါဘူး) မင့်ရုံးက လူတယောက်နဲ့ ဖုန်းရပါတယ်။ ကျွန်တော်က ကောတာပေါ့၊ ခင်ဗျားတို့ လုပ်တာ ဟုတ်သလား၊ ဘာညာနဲ့ပေါ့။ သူကလည်း စကားကောင်းကောင်း ပြောပါတယ်။ နောက်တော့ ခင်ဗျား… အဲဒီ မလိုချင်တဲ့ အပြား (ဒင်္ဂါး) ကို ပြန်ပို့လိုက်ပါလားဗျာလို့ ပြောပြန်ပါတယ်။

“ဟာ… မပို့နိုင်တော့ဘူး၊ ခင်ဗျားတို့က အမျိုးမျိုး လုပ်နေတာပဲ၊ မ၀ယ်တဲ့ဟာကို ထည့်ပေး၊ ပြီးတော့ ပိုက်ဆံတောင်း… ဒါ ကောင်းသလား၊ ဘာလား ညာလား“ ဆိုပြီး ပြောဆိုပစ်တော့ “ကဲ… ကိုယ့်လူ၊ နောက် ဒင်္ဂါးပြားကို ပထမ ဒင်္ဂါးပြားလိုပဲ ငါးပေါင်နဲ့ ပေးတယ်လို့ လုပ်လိုက်မယ်၊ ခင်ဗျား ငါးပေါင်တော့ ထပ်ပေးပါ“တဲ့။ ဒါနဲ့ ကျွန်တော်ရဲ့ အချောင်စိတ်က မပျောက်သွားဘဲ ပြန်ပေါ်လာပြန်ပြီး “အင်း… ဒါဖြင့်လည်း ပြီးရော၊ ခင်ဗျားတို့က အမျိုးမျိုး လုပ်တယ်“ လို့ ပြောဆိုပြီး ကျွန်တော့် ဘဏ်စာရင်း အချက်အလက်တွေ ထပ်ပေး၊ ငွေထပ်လွှဲ လုပ်ရပြန်ပါတယ်။

ကျွန်တော်တော့ ၁၀ ပေါင် ပေးပြီး ဒင်္ဂါးနှစ်ပြားရပြီလို့ အောက်မေ့မိပါတယ်။ မပြီးခဲ့ပါဖူးဗျာ… ဗြိတိသျှတွေကို ကျွန်တော် လျှော့တွက်လိုက်တာ မှားသွားပါတယ်။ သူတို့က စည်းကမ်းနည်းလမ်းအတိုင်း (စာထဲမှာ ရေးထားတဲ့အတိုင်း) မရရအောင် နောက်ဆုံး လုပ်သွားပါတော့တယ်။ မင့်ရုံးက လူကတော့ ကျွန်တော့်ကို ချွေးသိပ် လိုက်တာလား၊ ကျွန်တော် ကောနေ အော်နေလို့ ပြီးပြီးရော လုပ်လိုက်တာလားတော့ မသိပါဘူး။

မင့်ရုံးက ကျွန်တော့်ကို ဘယ်လို အနိုင်ပိုင်းလိုက်တယ် ထင်ပါသလဲ။ သူတို့ တရားရုံးလည်း မသွားခဲ့ပါဘူး။ ကျွန်တော်လည်း လျှောက်လဲချက်တွေ မပေးခဲ့ရပါဘူး။

ရုံးက HR ကို တိုက်ရိုက်ချိတ်ပြီး ကျွန်တော့်ငွေစာရင်းကနေ သူတို့လိုချင်တဲ့ပိုက်ဆံ (ဒဏ်ကြေးပါ အပါအ၀င်ပေါ့) ပေါင် ၆၀ လား နှုတ်ယူသွားပါတော့တယ်။

ကျွန်တော့်မှာ သင်ခန်းစာတခု ထပ်တိုးပြန်ပါတယ်။ အချောင်မလိုချင်နဲ့… မလည်ရင် မရှုပ်နဲ့…။ မဟုတ်ဘူးလား။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။
ည ၁၁ နာရီ။