ဘ၀မှာ အချိန်နဲ့အမျှ အဆုံးအဖြတ် (Decision) တွေကို ကျွန်တော်တို့ ချမှတ်နေရပါတယ်။ ဘာပဲဆုံးဖြတ်ရပါစေ၊ နည်းနည်း အချိန်ပေးပြီး သေချာ ဆုံးဖြတ်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ အကောင်းအဆိုး အကျိုးဆက်တွေကို ဆက်ပြီး သယ်ဆောင် ခံစားကြရဖို့ ရှိနေပါတယ်။

ကျွန်တော့် မိဘများကတော့ ငယ်စဉ်ကတည်းက ဒီလို ဆုံးမခဲ့ပါတယ်။ ကိုယ့်ကြိုက်တာ ကိုယ်လုပ် (ကြိုက်ရာ ဆုံးဖြတ်ပါ)၊ ကိုယ်ဖြစ် ကိုယ်ခံ (ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို မရှောင်လွှဲဘဲ သယ်ဆောင် ခံယူပါ)။ ဒီတော့ ဘ၀ရှည်သလောက် ဆုံးဖြတ်ချက်တွေ အများကြီး လုပ်ရပါလိမ့်မယ်၊ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ မှန်တာတွေ ရှိသလို မှားသွားတာတွေ၊ လွဲသွားတာတွေ ရှိနိုင်ပါတယ်၊ ဆုံးဖြတ်ချက်အတွက် အကျိုးဆက်ကတော့ အနည်းနဲ့ အများဆိုသလို တုန့်ပြန်မှုတွေ၊ သက်ရောက်မှုတွေ ရှိလာမှာပါပဲ။ ရှောင်လွှဲလို့ မရပါဘူး။

ကျွန်တော်ကတော့ ကျွန်တော့်သူငယ်ချင်းတွေ ညီ၊ ညီမတွေကို ပြောလေ့ရှိတာက ကျွန်တော့် မိဘများ ဆုံးမခဲ့တဲ့ အတိုင်းပါပဲ၊ ကြိုက်တာလုပ်ပါ (ဆုံးဖြတ်ပါ)… ဖြစ်လာတဲ့ အကျိုးဆက်ကိုလည်း ခံယူလိုက်ပါ။ ဒါပေမဲ့ တခုတော့ ကျွန်တော် အပိုထည့်ပြောတတ်ပါတယ်၊ နှစ်ခါတော့ စဉ်စားပါလို့။ နှစ်ခါစဉ်းစားတာက တခါတည်း စဉ်းစားတာထက် စာရင်တော့ ဆုံးဖြတ်တဲ့နေရာမှာ ပိုအကျိုးရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီစာစုထဲမှာတော့ နှစ်နှစ်အတွင်း ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အထဲက ဆုံးဖြတ်ချက်လေးတွေနဲ့ ပတ်သက်လို့ ဖတ်မိတဲ့ သူငယ်ချင်းတွေ အတွေ့အကြုံလေးတွေ ရရာရကြောင်း တင်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။ ဆုံးဖြတ်ချက် မှန်သွားလို့ အဆင်ပြေသွားတဲ့ အကြောင်းတွေထက်စာရင် ဆုံးဖြတ်ချက် လွဲသွားလို့ ခံလိုက်ရတဲ့ အကြောင်းတွေကို ပြောပြမှာပါ။ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတယ်လို့ ဆိုချင်ဆို…။

ပထမဆုံး လောလောလတ်လတ် အဖြစ်တခုနဲ့ စလိုက်ချင်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇူလိုင် ၁၄ ရက်) က ရုံးက ဆင်းလာတော့ နည်းနည်း မှောင်စပြုနေပြီ၊ ည ၉ နာရီ ကျော်နေပြီ။ ဘူတာရုံ အ၀င်လည်းကျရော လူတယောက်က ကျွန်တော့်ဆီ တန်းတန်မတ်မတ် ရောက်လာပြီး “တခုလောက် ကူညီလို့ ရမလားခင်ဗျာ“ ဆိုပြီး ပြောလာတယ်။

ကျွန်တော့်မှာ လူတယောက်က သေသေချာချာ အကူအညီတောင်းတာမျိုးတွေ ကြုံဖူးသလို ကူလည်း ကူညီပေးခဲ့ဖူးပါတယ်။ မှတ်မှတ်ရရ အိမ်နားက ဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ) ကုလားတယောက်က အိမ်နှစ်လုံးပိုင်တော့ သူ့အမေနေတဲ့ အိမ်ဘက်က ဘီရိုတလုံးကို သူ့အိမ်ဘက် ရွှေ့တာမှာ ၀ိုင်းမပေးပါဆိုတာနဲ့ (ရုံးက ပြန်လာတဲ့ တရက်မှာပါပဲ) သယ်မ ပေးလိုက်ရပါတယ်။

ဘူတာရုံမှာဆိုလည်း ကလေးအမေတယောက်တည်းက ကလေးတွန်းလှည်းနဲ့ဆိုရင် ဘူတာအတက်အဆင်း လှေကားထစ်တွေမှာ တယောက်တည်း သယ်ဖို့ လုပ်နေတာတွေ့လို့ တခြားကူမယ့်သူလည်း မရှိဘူးဆိုရင် ၀ိုင်းကူသယ်ပေးလိုက်တာပါပဲ။ အဲဒီလို ကူတဲ့လူတွေကတော့ တယောက်မဟုတ် တယောက် ရှိတတ်ပါတယ်။

ဒါနဲ့ ခုနလူ လာအကူအညီတောင်းတာကို “ဘာလုပ်ပေးရမှာလဲ“ လို့မေးလိုက်တော့ “ကားလေး ၀ိုင်းတွန်းပေးပါ“ တဲ့၊ အော်… သူ့ကား ဒီနား ပျက်သွားတယ် ထင်ပါ့လို့ တွေးလိုက်ပြီး အေးလေ… တွန်းတာပေါ့ဆိုပြီး သူ ခေါ်ရာနောက် လိုက်လာခဲ့ပါတယ်။ “မင်းက ရဲကို အကူအညီ မတောင်းဘူးလား၊ လန်ဒန်ရဲတွေက အားကိုးရသားပဲ“လို့ ပြန်ပြောလိုက်ပါသေးတယ်။

သူက ရဲမတွေ့ဘူးလို့ ပြောတဲ့အပြင် “မင်းက မွတ်ဆလင်လား၊ ဘယ်ကလဲ“ လို့ လာမေးနေသေးတယ်။ ဒါနဲ့ “မဟုတ်ဘူးကွ၊ ငါက ဗုဒ္ဓဘာသာဝင်ကွ၊ မြန်မာပြန်က လာတယ်“လို့ ကျွန်တော်က သူ့ကို ပြန်ပြောလိုက်တယ်။ တခါ ဆက်ပြီး “မင်း မြန်မာပြည်ရော သိသလား၊ အိန္ဒိယနဲ့ တရုတ်ပြည်ကြားက နိုင်ငံကွ“ လို့ ထပ်ပြောလိုက်ပါသေးတယ်။ ဒီလိုပဲ ကျွန်တော်က ကြုံရင်ကြုံသလို ကျွန်တော့်တိုင်းပြည်ကို ဈေးကွက်တင်တတ်ပါသေးတယ်။ သူက ကျွန်တော့် အရွယ်လောက်ပါပဲ၊ ပိန်ပိန်ပါးပါး အရပ်ကတော့ နည်းနည်းရှည်တယ်၊ ခြောက်ပေသာသာလောက် ရှိမယ်ထင်တယ်။ သူက ပါကစ္စတန်ကလို့ ပြောတယ်။

ဒါနဲ့ နည်းနည်းလျှောက်လာမိတော့ “ဟ.. မင်း ကားက ဘယ်မှာလဲကွ“လို့ မေးကြည့်တော့ “ဟိုး… ရှေးနားလေးမှာပါ“ လို့ ပြောပြန်တယ်။ ရှေ့နားမှာ လမ်းဆုံတခု တွေ့တာနဲ့ လမ်းဆုံနားထင်ပါရဲ့လို့ တွေးမိပြီး မထူးပါဘူးကွာ၊ ကူညီလိုက်တာပဲ ကောင်းပါတယ်လို့ ဆိုပြီး ဆက်လျှောက်ခဲ့ပြန်ပါတယ်။ မီးပွိုင့်ကူးပြီး နည်းနည်း လျှောက်လာပြန်တော့ “ဟ… မင်းဟာက ဝေးမယ်ထင်တယ်၊ ရှေ့က တာနယ်လ် (မြေအောက်လှိုဏ်ခေါင်း) ထဲမှာလား“ လို့ မေးပြန်တော့ သူက မဟုတ်ဘူးတဲ့၊ တမိုင်လောက်တော့ လျှောက်ရဦးမယ်တဲ့။

ဟာ… ဆရာ၊ ဒါဆို မကူညီနိုင်တော့ဘူး၊ ငါ နောက်ကျနေပြီ။ ပြန်ရတော့မယ်ဆိုပြီး ပြန်လှည့်ထွက်ဖို့ လုပ်လိုက်တယ်။ “ဟာ… ကူညီပါဗျာ၊ ဒီမှာ အိမ်မှာ ကလေး ကျန်ခဲ့လို့ပါ“ ဆိုပြီး တယ်လီဖုန်းထဲက ကလေးဓာတ်ပုံလေး တပုံပြပြန်ပါတယ်။ အဲဒီမှာ ကျွန်တော်က “မင်း ၉၉၉ ကို ဖုန်းဆက်ပါလား“ လို့ မပြောလိုက်မိတာ ကျွန်တော့်အမှားပါပဲ။ ကျွန်တော်က တကယ့်ကို သဘောရိုးနဲ့ ကူညီဖို့ လိုက်လာခဲ့မိတာကိုး။

အဲဒီအချိန်မှာ ကျွန်တော် ချက်ချင်းပဲ တွေးလိုက်မိတယ်၊ ဒီကောင် ငါ့ကို ဘတ်မလို့လား…၊ ဘာလုပ်မလို့လဲ၊ သူ တကယ် အကူအညီ တောင်းနေတာလား။ ကျွန်တော့် ခေါင်းထဲ အလကားနေရင်းကို အပြေးအလွှား စဉ်းစားနေရပြီ။ အခုလိုတော့ လန်ဒန်မှာ တခါမှ မကြုံဖူးဘူးလေ၊ သူများတွေတော့ ရွှေလက်စွပ်ပြပြီး မင်းယူလိုက်… ငါ့ကိုတော့ ဘယ်လောက်ပေး ဆိုတာမျိုးတွေ ရှိတယ်လို့ ကြုံဖူးသူတွေက ပြောပြကြတယ်၊ ကျွန်တော်လည်း ရွှေလက်စွပ် ကိုင်ထားတဲ့ အဒေါ်ကြီး တယောက်ကို တခါက တွေ့ဖူးပေမယ့် သူက ကျွန်တော့်ကို ဘာမှ ပြောမလာတော့ လက်တွေ့မကြုံဖူးသေးဘူး။ အခုက လက်တွေ့ကြုံနေရပြီ။ ကျွန်တော် ဆုံးဖြတ်ချက်တခု ချရတော့မယ်။ ဘယ်လို ဆုံးဖြတ်မလဲ။ ဘာလုပ်ရမလဲ။ ဒီလူ ဘာဆက် ပြောမလဲ။

သူက “ဒီလိုလုပ်ပါလား၊ ကျွန်တော့်ကို ကားအတွက် ဆီဝယ်ဖို့ ပိုက်ဆံနည်းနည်း ပေးပါလား“ တဲ့။ အင်း… နည်းနည်းပါးပါးတော့ ပေးလိုက်ပါမယ်လေ၊ တဖက်သားမှာ အကူအညီ တကယ်လိုတယ်ဆိုလည်း ကူညီရာရောက်တာပေါ့လို့ ကျွန်တော် တွေးမိပြန်တယ်။ ဘယ်လောက်ပေးရမှာလဲလို့ ပြန်မေးကြည့်လိုက်သေးတယ်။

“၇၀“…

“ဘာ ၇၀“

“မဟုတ်ပါဘူး… ၁၇ ပါ“

“၁၇“

အင်း… ဒီလူတော့ ခွင်ဖန်နေပြီ ထင်တယ်လို့ ကျွန်တော် တွေးတယ်။ သူ့ပုံကြည့်ရတာလည်း လူလိမ်လိုလို၊ ဆေးဘဲလိုလို ရုပ်ပေါက်နေပေမယ့် ကျွန်တော့်စိတ်က အဲဒီအချိန်မှာ အလွန်ကောင်းနေပုံ ရတယ်။ လူလိမ်တွေမှာ ညှို့ဓာတ် ရှိတယ်ဆိုတာ တကယ်မှန်ရင်တော့ ကျွန်တော် အညှို့ခံလိုက်ရပြီပဲ။ ကျွန်တော် ပေးချင်နေတယ်၊ သူ့ပုံစံက အလွန်တောင်းပန်နေတဲ့ပုံ၊ တကယ့်ကို အကူအညီ တကယ်လိုနေတဲ့ပုံ၊ ကလေးပုံလေး ပြလာတာ… အကွက်ကတော့ အားလုံး လှနေတယ်။ လူလိမ်တွေက ဘယ်သူ့ကို ဘယ်လို လိမ်လိုရတယ်ဆိုတာ သိတယ်တဲ့။ ကျွန်တော့်ပုံစံက လိမ်လို့ရတဲ့ပုံစံ ပေါက်နေလောက်ပုံရတယ်။ ဒါတွေက နောက်မှ ပြန်စဉ်းစားမိတာတွေပါ။

အဲဒီအချိန်မှာတော့ ကျွန်တော့်စိတ်က ရှင်းရှင်းလေးပဲ၊ ကူညီလိုက်မယ်။ ကျွန်တော် သူခေါ်တဲ့နောက်တော့ မလိုက်နိုင်တော့ဘူး။ ပိုက်ဆံ နည်းနည်းပါးပါး ပေးလိုက်ရတာက အရေးမကြီးဘူး။ ကျွန်တော် ဗိုက်ဆာနေပြီ၊ အိမ်ပြန်မယ်၊ အိမ်နားက ဆိုင်မှာ တခုခု စားမယ်။ ကိုယ့်အခန်း ပြန်ရောက်ရင် အင်တာနက် တချက်ကြည့်ပြီး အိပ်တော့မယ်။ မနက်ဖြန်ကျရင်လည်း ရုံးက အစောကြီး သွားရဦးမှာ…။

“ကိုယ့်လူ ၁၇ ပေါင်က နည်းနည်းတော့ များတယ်၊ ကဲ ဟုတ်ပါပြီ… ခင်ဗျားကို ကျွန်တော်က ပိုက်ဆံပေးပြီ ထားပါဦး၊ ခင်ဗျားကားကလည်း ပျက်နေတာ ဘယ်လိုလုပ် ဆီဆိုင်သွားမလဲ“။ အဲဒီမှာ ကျွန်တော့် စဉ်းစားတာတွေက လောဂျစ်မကျ (ကြောင်းကျိုးမမှန်) တော့ဘူးဆိုတာ ကျွန်တော် သတိမထားနိုင်တော့ဘူး၊ သတိလွတ်သွားပြီလေ။ ကျွန်တော်က သူ့ကို ပိုက်ဆံ နည်းနည်းပါးပါးပေးပြီး ကျွန်တော် ပြန်ဖို့ပဲ ဆုံးဖြတ်မိသွားတာကိုး။

သူ ပထမ ကျွန်တော့်ကို ကားတွန်းပေးဖို့ အကူအညီတောင်းတယ်၊ နောက်တော့ ကားက အဝေးကြီးမှာလို့ ပြောတယ်၊ နောက်တော့ ဆီဝယ်ဖို့ ပိုက်ဆံပေးပါလို့ တောင်းပြန်တယ်။ ကျွန်တော်က “ဟ… ဝေးတယ်ဆိုရင် ကျွန်တော် မလိုက်နိုင်တော့ဘူး၊ ဆောရီးပဲ… ရဲကိုပဲ အကူအညီတောင်းပါ“ ဆိုပြီး ပထမတော့ ပြန်လှည့်ဖို့ လုပ်လိုက်သေးတယ်။

အဲဒီမှာ သူက တခါ ကျွန်တော့်ကို ပြောတာက အခုကူညီတဲ့ငွေကို ဘဏ်ကနေ ငွေပြန်လွှဲပေးမယ့်အကြောင်း၊ ဒါမှမဟုတ်လည်း ဘယ်မှာနေတာလဲလို့ မေးပြီး အခုညပဲ အိမ်လာပို့လိုက်မယ်လို့ တခါ ပြောပြန်ပါတယ်၊ ဒါမှမဟုတ် မင်း… ငါနဲ့အတူတူ လိုက်ခဲ့ပြီးရင် မင်းကိုပါ အိမ်ပြန်ပို့ပေးမယ်လို့လည်း ဆိုပြန်ပါတယ်။ ကျွန်တော် သူနဲ့ ဘာမှ ဆက်မလုပ်နိုင်တော့ဘူး၊ ပိုက်ဆံပေးလိုက်တော့မယ်၊ အလှူပေါ့… လိမ်တော့လည်း လိမ်ပေါ့လို့ တွေးမိပြီး နောက်ဆုံး မေးခွန်းတခု မေးလိုက်မယ်… ကျေနပ်စရာကောင်းရင် ငါ ပိုက်ဆံပေးလိုက်တော့မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ။

ဒါနဲ့ ခုန မေးခွန်းကို ကျွန်တော်မေးပါတယ်။ “ကဲ… မင်းကို ပိုက်ဆံပေးရင် ဆီ ဘယ်လို သွားဝယ်မလဲ“ “ငါ့ကားမှာ ဆီပုံးပါတယ်၊ အဲဒါလေးနဲ့ သွားဝယ်လိုက်မှာပေါ့“။ ဟား ဟား… ကျွန်တော့် စိတ်ထဲထားတဲ့ ကတိ တည်ရတော့မယ်၊ သူ့အဖြေက ကျွန်တော့်ကို ကျေနပ်စေပါတယ်။ အိတ်ထဲက ပိုက်ဆံ ၂၀ တန် တရွက်ကို ထုတ်လိုက်တယ်။ သူ့ကို ပေးလိုက်တယ်၊ ကဲ… သွားတော့ကွာ။

သူက ကျွန်တော့်လက်မောင်းကို ကိုင်တယ်၊ “ကျေးဇူးတင်ပါတယ်၊ မင်း အိမ်ကို ဘယ်အချိန် ပြန်ရောက်မလဲ၊ အခုညပဲ အိမ်ကို လာပို့လိုက်မယ်“

“မလိုဘူး… မပို့နဲ့၊ မင်းကို အပိုင်ပေးတာ… ထားလိုက်တော့၊ သွားတော့… ငါလည်း သွားတော့မယ်“

“ကျေးဇူးတင်ပါတယ်၊ ဒါဆို ငါ ဗလီကို လှူလိုက်မယ်“

“အိုကေ…“။

ကျွန်တော် ပိုက်ဆံ ၂၀ အတွက် ပေါ့ပေါ့ပါးပါး ရှိနေလွန်းတာကို အံ့သြမိတယ်။ လိမ်တဲ့လူတွေဟာ လူတွေ သဘောကောင်းချိန်ကို သိပါသလား။ ကျွန်တော်ဟာ သုံးပဲနိအတွက်တောင် စေးနှဲတဲ့သူပါ။ ကျွန်တော်တို့ လမ်းထိပ်က လန်ဒန်တမြို့လုံးမှာ ဆိုင်ခွဲတွေရှိတဲ့ (ချိန်းစတိုး) LiDL ကုန်စုံဆိုင်မှာ ဈေးဝယ်လို့ရှိရင် ဆိုင်က ဈေးဝယ်ကို အိတ်မပေးပါဘူး။ ဈေးဝယ်က ပစ္စည်းတွေထည့်ဖို့ အိတ်လိုချင်ရင် သုံးပဲနိနဲ့အထက် ပေးရတဲ့ ပလတ်စတစ် လက်ဆွဲအိတ်တွေ ၀ယ်ရပါတယ်။ ကျွန်တော်က အဲဒီ သုံးပဲနိ ကုန်မှာစိုးလို့ အိမ်က အိတ်ကို ယူယူသွားပါတယ်။ ပဲနိကအစ တပေါင် နှစ်ပေါင် သုံးတာတောင် စစ်စီသူဖြစ်ပါရက်နဲ့ ဒီငနဲကိုတော့ ကြည်ကြည်ဖြူဖြူ ပိုက်ဆံ ၂၀ ပေးလိုက်ပါတယ်။

ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ပေါ့ပေါ့ပါးပါး ရှိနေတာဟာ အံ့သြစရာကောင်းနေပါတယ်။ အဲဒီဆုံးဖြတ်ချက်ရဲ့ အရင်းခံအကြောင်းကလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ဗုဒ္ဒမြတ်စွာက ဟောကြားထားတာကိုးဗျ၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့…။ ဖြစ်သမျှအကျိုးတရားတိုင်းမှာ အရင်းခံ အကြောင်းတရားတွေ ရှိနေတာကိုး…။ တချို့ကတော့ ဖြစ်သမျှအကြောင်း အကောင်းလို့ ဆိုတတ်ကြတယ်။ ဖြစ်သမျှအကြောင်း အကောင်းမှန်ရင်တော့ အကျိုးဆက်ကလည်း ကောင်းရင် တော်တာပေါ့။

ပြောရရင်တော့ အဲဒီအကြောင်းက နည်းနည်းရှက်စရာပါ၊ ဒါပေမဲ့လည်း ဆင်ခြင်စရာလေးတွေ ပါသမို့ ပြောပြပါ့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျွန်တော် ရုံးအားလပ်ရက်ရလို့ အတ္တလန္တိတ် သမုဒ္ဒရာထဲက ဆဲလ်တစ်ပင်လယ်မှာရှိတဲ့ ယူကေပိုင် စစ္စလီကျွန်းစုဆီ သွားပါတယ်။ လူပျိုကြီးမို့ တယောက်တည်း သွားတာကတော့ အထူးပြောစရာ မလိုဘူး ထင်ပါတယ်။ ပြောစရာ လိုတာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် အမှားတခုအကြောင်းပါ။

ပင်လယ်ထဲက ကျွန်းကလည်း ဖြစ်၊ နေရတာကလည်း ရဲတိုက်ဟိုတယ်ကြီးမှာ နေ၊ အပြင်မှာလည်း မိုးကလည်း ရွာနေတော့ အဲဒီတညက အပြင် မထွက်မိပါဘူး။ မထွက်မိဘဲ ဘာလုပ်မိသလဲဆိုတော့ တယောက်ထဲ ပျင်းပျင်းရှိတာနဲ့ အိုင်ဖုန်းကို ကလိရင်း Porn site တခုကို သွားကြည့်မိပါတယ်။ ကောင်မလေးက အချောလေးဆိုတော့ ကြည့်ချင်မိသွားပါတယ်။

“ပိုက်ဆံပေးတဲ့“။

နမူနာ (trial) စာ အမေရိကန်ဒေါ်လာ တဒေါ်လာတဲ့။ “အို… အပျင်းပြေပေါ့။ တဒေါ်လာဟာ စတာလင်ပေါင်နဲ့ဆို ပဲနိ ၇၀ လောက်ရှိတဲ့ဟာ…“ ဆိုပြီး ဖီလင်တက်မိတော့ အွန်လိုင်းမှာ ဘဏ်စာရင်း အချက်အလက်တွေ ဖြည့်မိရောဗျို့။ ဒီဆိုက်တွေက အကြံအဖန်တွေက အများသား မဟုတ်လား။ ဘာပြောကောင်းမလဲဗျာ၊ တခုပြီးတခု ဆိုက်တွေ တက်လာတော့တာပေါ့။

တခြားလင့်ခ်တွေလေ…၊ တခုပြီးတခု ဘာတွေမှန်းမသိ… (တကယ်တော့ နောက်တဆိုက် နောက်တဆိုက် ကြော်ငြာတွေပါ။) တက်လာနေတာမှာ ကွန်နက်ရှင်ကလည်း ပင်လယ်ထဲက ကျွန်းဆိုတော့ ဒီလောက်မကောင်းဘူးလေ… ဒါနဲ့ အို တော်ပါပြီကွာ ဆိုပြီး ကန်စဲ (ရပ်နား) လိုက်ပါတယ်။ ကျွန်တော် ပြောတာက နမူနာ (trial) ကို ကန်စဲ (cancel) လုပ်လိုက်တာပါ။ အင်း… ပဲနိ ၇၀ တော့ ပါသွားပြီ၊ အလကားဟာတွေလို့ စိတ်ထဲ ထားလိုက်ပြီး ငါတော့ မဟုတ်တာတွေ လျှောက်လုပ်မိတယ်၊ စိတ်ကလည်း မကောင်းတဲ့ဘက်ကို အမြဲရောက်နေပါလားလို့ တွေးမိပြီး နောက်မှာတော့ မေ့မေ့ပျောက်ပျောက်ပဲ နေလိုက်ပါတော့တယ်။

တကယ်တော့ လန်ဒန်မှာဆို ကိုယ့်ကွန်ပျူတာနဲ့ကိုယ် ကြိုက်သလို ကြည့်လို့ရနေပါလျက်နဲ့ ကျွန်းပေါ်ရက်မှ ဖီလင်တက်လာက တကြောင်း၊ အိုင်ဖုန်းနဲ့ စမ်းကြည့်ချင်တာက တကြောင်း၊ နောက် နမူနာ ဆိုတာက ဘယ်လိုဟာလဲလို့ သိချင်တာက တကြောင်း၊ နောက်ပြီး ရိုးရိုးသားသား မှန်မှန်ကန်ကန် ၀န်ဆောင်မှုတွေလို့ ယုံကြည်မိတာက တကြောင်း အကြောင်းကြောင်းတွေကြောင့် စမ်းကြည့်မိတာပါ။ ပြောရရင် ရှက်လည်း ရှက်ပါတယ်၊ အက်ပ်စတိုး (app store) ကနေ တကယ့် အသိအလိမ္မာ၊ ဥာဏ်ပညာ တိုးစေမယ့် ကိစ္စတွေကိုတော့ ပဲနိ ၅၀ ဆိုလည်း မ၀ယ်ချင်ပါဘူး၊ ၁ ပေါင်ဆိုလည်း ဈေးကြီးတယ် ထင်ပြီး မ၀ယ်မိပါဘူး။

အခုဟာလေးကျတော့ ပဲနိ ၇၀ ထဲပါဆိုပြီး နှမျောရမှန်း မသိတော့ဘဲ စမ်းကြည့်ချင်ခဲ့မိပါတယ်။ ကိုယ်ကသာ ပဲနိ ၇၀ လို့ ထင်မိလိုက်တာကိုးဗျ၊ တကယ်တော့ ဘဏ်ဝန်ဆောင်မှုက ငွေတခါလွှဲတိုင်း (one transaction) ၁ ပေါင် ထပ်ယူနေတာကိုတော့ မသိလိုက်ဘူးလေ။ ကျွန်တော် မှတ်ထင်လိုက်တာက စမ်းကြည့်တယ်၊ အဆင်မပြေဘူး၊ လိမ်တယ်၊ ပဲနိ ၇၀ ဆုံးတယ်။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။

အလုပ်တွေနဲ့ရှုပ်၊ အိမ်ပြန်၊ ပြန်လာ၊ အလုပ်တွေနဲ့ရှုပ်၊ ဘဏ်စာရင်းရှင်းတမ်းတွေ နှစ်လတခါ ရောက်လာတော့လည်း သေချာ မကြည့်မိ… ပေါ့ပေါ့ပါးပါးပါပဲ။ လန်ဒန်ရောက်ပြီး တလအတွင်းမှာပဲ ဘဏ်ကတ်နဲ့ဘာနဲ့ဖြစ်လာလို့ အလိုအလျောက်ငွေထုတ်စက် (cash machine) ကနေ ငွေထုတ်ထုတ် သုံးနေတာကိုးဗျာ၊ ငွေထုတ်ရင် ရှင်းတမ်းစာရွက်လေး (slip) ကို ကျွန်တော်က အမြဲထုတ်ထားတတ်တယ်၊ ဒါဆို ဘဏ်စာရင်းမှာ ငွေ ဘယ်လောက်ကျန်တယ် ဆိုတာကို သိနေတာပေါ့။

ပြီးခဲ့တဲ့ တလအတွင်းမှာတော့ အဲဒီလို ရှေ့ပြေစာနဲ့ နောက်ပြေစာလေးတွေ တိုက်ကြည့်ပြီး စိတ်ကူးထဲကနေ နုတ်ကြည့်တာပေါ့လေ၊ အိုင်ဖုန်းဖိုး လစဉ် ဖြတ်ခံရတာက ဘယ်လောက်၊ မြေအောက်ရထားခ ပေးလိုက်ရတာက တလ ဘယ်လောက်၊ အိမ်လခက တလ ဘယ်လောက်၊ ချည်ဘောင်းဘီတထည် ၀ယ်တာက ဘယ်လောက် စသဖြင့်ပေါ့လေ ဘဏ်ကတ်နဲ့ သုံးထားတွေကို နုတ်ကြည့်ပြီး တွက်ကြည့်လိုက်တော့ (တကယ့်ကို ပေါ့ပေါ့ပါးပါး စာရင်းကိုက် ကြည့်တာပါပဲ) ပေါင် ၂၀၊ အစိတ်လောက်ကွာနေတာ တွေ့ရပါတယ်။

ဒါကို ပြီးခဲ့တဲ့ တလလောက်က တခါ သတိထားမိခဲ့တယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတခါ သတိထားမိပြန်တယ်။ ဒါနဲ့ မဟုတ်သေးပါဘူး… ငါ့ ပိုက်ဆံများ တယောက်ယောက်က ခိုးထုတ်လေသလားလို့ သံသယ၀င်လာလို့ အိမ်ရောက်တာနဲ့ ရောက်နှင့်ထားနှင့်တဲ့ ဘဏ်က နှစ်လတခါလောက် ပို့ပေးတဲ့ ဘဏ်စာရင်း ရှင်းတမ်းတွေကို ပြန်ကြည့်တော့မှ အလားလား အော်ရတော့တာပါပဲ။

အဲဒီဆိုက်ကို အကြည့်ကောင်းလို့ဗျာ၊ လစဉ်ပုံမှန် ၂၂ ပေါင်ကျော်၊ ငွေလွှဲအတွက် ဘဏ်ဝန်ဆောင်မှု ၁ ပေါင်… စုစုပေါင်း ၂၃ ပေါင်ကျော်လောက် လစဉ် အဖြတ်ခံနေရတော့ကာ ဖေဖော်ဝါရီလက စတွက်ရင် အခု ဇူလိုင်လအထိ ခြောက်လနီးပါး ငွေ ၁၀၀ ကျော်… သေပြီပေါ့ဗျာ။ ဖီလင်လေး တကွက်အတွက် အဆုံးအဖြတ်လေး တချက် မှားမိတာ ၁၀၀ ကျော် မြောက်ပေါ့။ စေးနှဲသူကြီးခမျာ ဘယ်လောက်တောင်မှ စိတ်မကောင်းဖြစ်မလဲ စဉ်းစားသာကြည့်ပါတော့ဗျာ။

ဒါနဲ့ ငွေစာရင်းတွေကို သေချာကိုင်၊ လစဉ် အဲဒီဆိုက်ကနေ တောင်းဆိုလို့ ဘဏ်ကနေ လစဉ် လွှဲပေးနေတဲ့ ပိုက်ဆံတွေကို မှင်နဲ့ဝိုင်းပြပြီး နောက်တရက် ဘဏ်ကို သွားရတော့တာပေါ့။ ဘဏ်က မန်နေဂျာနဲ့တွေ့ပြီး “ကူညီပါခင်ဗျာ၊ ဒီဆိုက်ကို ခဏလေး ၀င်ကြည့်မိတာ မှန်ပါတယ်၊ ဒါပေမဲ့ ၀န်ဆောင်မှုက အလွန်ညံ့လို့ ချက်ချင်းပဲ ရပ်နားလိုက်ပါတယ်၊ တဒေါ်လာဆိုလို့ စမ်းကြည့်မိတာပါ။ အခုတော့ လစဉ် ၂၂ ပေါင်ကျော် ယူထားပါတယ်၊ ခင်ဗျားတို့ ဘဏ်ကလည်း ၀န်ဆောင်ခ ဆိုပြီး ငွေတခါ လွှဲတိုင်းကို ၁ ပေါင်ယူပါတယ်၊ အဲဒါလို လစဉ်ယူနေတာတွေကို တားလည်း တားပေးပါ၊ လိမ်ယူသွားတဲ့ ပိုက်ဆံတွေလည်း ပြန်လိုချင်ပါတယ်“ လို့ တောင်းဆိုရတာပေါ့။

အဲဒီဘဏ်ကို ဘဏ်ဝန်ဆောင်ခဆိုပြီး လစဉ် ၈ ပေါင် ပေးရတယ်လေ၊ ဒီတော့ ကျွန်တော်က သူတို့ရဲ့ ဘဏ် ကပ်စတန်မာ (ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ)…၊ အခု ကပ်စတန်မာ ဒုက္ခရောက်တာ ကူညီပေါ့၊ ကျွန်တော်ကတော့ အဲဒီလို ခပ်ရဲရဲပဲ ဒေါင်းတလူမောင်းတလူ (ကိုယ်အမူအရာ မာန်ပါပါ)နဲ့ တောင်းဆိုတော့တာပေါ့။ အားရစရာပါပဲ…၊ ဘဏ်မန်နေဂျာက ဘာပြန်ပြောတယ် ထင်ပါသလဲ။

“မင်းက ပေးလိုက်ပါဆိုလို့ ငါတို့က သူ့(ဆိုက်)ကို ပေးတယ်လေ၊ ဘဏ်စာရင်း အချက်အလက်တွေကို မင်း ဖြည့်တယ်မို့လား…၊ ဒီတော့ ငါတို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး“ လို့ မန်နေဂျာမက မပြုံးမရယ် မျက်နှာပေးနဲ့ ပြောလာပါတယ်။

“ဟ… ငါက မင်းတို့ရဲ့ ကပ်စတန်မာလေ… ငါက အလိမ်ခံနေရပါတယ်၊ မပေးနိုင်တော့ပါဘူး၊ ပိတ်လိုက်ပါတော့ တားလိုက်ပါတော့လို့ ပြောတာကို ဘာဖြစ်လို့ မလုပ်ပေးနိုင်ဘူး ပြောရတာလဲ“ လို့ ပြန်မေးရတာပေါ့။ သူက တခါ “မင်းက သူတို့ ဆိုက်မှာ ဘဏ်စာရင်း အချက်အလက် သွားဖြည့်လိုက်တယ်လေ၊ ဒါကြောင့်ပါ။ အဲဒီတော့ သူတို့ကို ဆက်သွယ်ပါ၊ မယူနဲ့တော့လို့ ပြောပါ… မင်း သူတို့နဲ့ရော ဆက်သွယ်ကြည့်ပြီးပြီလား“ လို့ ခပ်တည်တည် ကျွန်တော့်ကို မေးပြန်ပါတယ်။

“ဆက်သွယ်ကြည့်ပြီးပြီ၊ ဒီကောင်တွေက အလိမ်တွေ… ငါက ခံလိုက်ရတာ… ပိုက်ဆံတွေ ၁၀၀ ကျော်ပါသွားတာ… ငါ့ ပိုက်ဆံတွေ ပြန်ရအောင် လုပ်ပေးပါ၊ ဒါဟာ လိမ်လည်မှုပါ“ လို့ နည်းနည်း အသံကျယ်ကျယ်၊ မျက်ရည်ဝဲ၀ဲ၊ မျက်နှာပေးကလည်း အင်မတန် သနားစရာကောင်းတဲ့ ပုံစံနဲ့ လုပ်ပြတော့မှ မန်နေဂျာမ (ခံစားတတ်တဲ့ အသည်းနှလုံးလည်း မရှိဘူး ထင်ပါရဲ့) က “အေး… ဒီလိုဆိုလည်း ဒီဖုန်းကို ဆက်၊ အခု ငါ့ကို ပြောပြသလို ပြန်ပြောပြ… သူတို့ ကူညီပေးနိုင်မလားတော့ မသိဘူး“ လို့ လုပ်ပါတယ်။ ခုနကထဲက အဲဒီလို မပြောဘူးလို့ စိတ်ထဲက ပြောမိပါတယ်။

မန်နေဂျာမက ဖုန်းနံပါတ်တခုကို စာရွက်ပိုင်းတခုမှာ ရေးပေးပြီး ဒါက ကိုယ့် ဘဏ်ငွေစာရင်းကို လိမ်ညာခံရတယ်လို့ ယူဆရင် တိုင်းကြားရတဲ့ ဌာနရဲ့ နံပါတ်ပါလို့ ပြောပြတယ်၊ ပြီးတော့ တယ်လီဖုန်း တင်ထားတဲ့ စားပွဲတခုကို လက်ညှိုးထိုးပြပြီး “ကဲ… ဟိုဖုန်းနဲ့ သွားခေါ်၊ ပြောပြ“ လို့ ဆိုပြီး ထွက်သွားပါတော့တယ်။

ကျွန်တော် နံပါတ်တွေ နှိပ်ပြီး တယ်လီဖုန်း ခေါ်တယ်… မိန်းမတယောက်ကိုင်လို့ သူ့ကို မန်နေဂျာမကို ပြောခဲ့တဲ့အတိုင်း ရှင်းပြတယ်။ သူကလည်း တခါ “ဟ… မင်းဟာက မလွယ်ဘူး၊ သူတို့ဆီကို ငွေ ထပ်မထွက်ဖို့ ပိတ်ပါ ဆိုရင်တော့ ပိတ်လိုက်မယ်၊ ပေးခဲ့ပြီးသား (ထွက်သွားပြီးသား) ပိုက်ဆံတွေတော့ ပြန်ရဖို့ မလွယ်တော့ဘူး“လို့ ပြောလာပြန်ပါတယ်။

“ဟာ… မလုပ်ပါနဲ့ဗျာ၊ ချွေးနှဲစာလေးတွေပါ၊ ဘာ ၀န်ဆောင်မှုမှလည်း ဘုရားစူး မယူရပါဘူး၊ ကြည့်တာပြုတာကိုလည်း တခါဖူးမှ မတခါရပါဘူး၊ မိနစ်ပိုင်းလေး စမ်းကြည့်မိပြီး အဆင်မပြေလို့ ချက်ချင်း ကန်စဲ (cancel) လုပ်ပစ်ခဲ့ပါတယ်။ သူတို့ သပ်သပ်ညစ်ပတ်တာပါ၊ လိမ်တာပါ၊ ညာတာပါ။ ငွေ ၁၀၀ ကျော်ကို အလကား မဆုံးရှုံးပါရစေနဲ့၊ ကူညီပါ၊ ကယ်ပါ“ လို့ ထပ်အော်ရပြန်ပါတယ်။

တော်ပါသေးရဲ့… ဘဏ်မှာ လူနည်းနေပေလို့…။ နောက်ပြီး ဘဏ်ကြီးကလည်း အရွယ်အစား အင်မတန် ကြီးမားပေလို့၊ မြန်မာပြည်က ဘဏ်မျိုးတွေ ဆိုရင်တော့ ဘေးကလူတွေ အကုန်ကြားကုန်လို့ “ဟ… ဒီကောင် မဟုတ်တရုတ် ဆိုက်တွေ ကြည့်တဲ့ကောင်… နည်းတောင် နည်းသေးတယ်“ ဆိုပြီး အထင်အမြင်သေးတဲ့ မျက်လုံးတွေကို ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်ရတယ်လို့ တွေးမိပါသေးတယ်။

အဲဒီအမျိုးသမီးကတခါ… ဒါဖြင့် ခဏလေးစောင့်… နောက်တယောက်ကို လွဲပေးမယ်၊ သူ့ပြောကြည့်… သူတော့ ကူညီနိုင်မလား မသိဘူးလို့ ဆိုပြန်ပါတယ်။ လုပ်ပိုင်ခွင့်ရှိသူဆီ လွဲလိုက်တယ်လို့တော့ ထင်တာပါပဲ၊ ဟုတ်မဟုတ်တော့ ဖုန်းနဲ့ ပြောနေရတာဆိုတော့ တဖက်အခြေအနေတွေကို မမြင်ရပါ၊ စိတ်ကူးနဲ့ မှန်းကြည့်တာပဲ ဖြစ်ပါတယ်။ ခဏနေတော့ နောက်တယောက်က ဖုန်းကိုင်ပြန်ပြီး ဘာဖြစ်တာလဲလို့ တခါ မေးပြန်ပါတယ်။

“ကျွန်တော် ဖေဖော်ဝါရီလက အားလပ်ရပ် ခရီးထွက်ပါတယ်၊ ဆိုက်တခုကို စမ်းကြည့်မိပါတယ်၊ ပြီးပြီးရော မှတ်ခဲ့မိပါတယ်၊ အခု တလကို ပေါင် ၂၂ ပေါင် ကျော် အုပ်နေပါတယ်။ ကျွန်တော်လည်း မသိပါဘူး။ ဒါဟာ သက်သက်မဲ့ လိမ်ညာခံရတာပါ၊ ကျွန်တော် နစ်နာပါတယ်၊ ကျွန်တော့် ပိုက်ဆံတွေကို ပြန်လိုချင်ပါတယ်“။ ကျွန်တော် စကားလုံးတွေ ကရားရေလွှတ် ပြောနေမိတယ်။

ကျွန်တော့်မှာ တဖြည်းဖြည်း သနားစရာမကောင်းတော့ဘဲ လူမိုက်ဆန်ဆန် ဖြစ်လာပါတယ်၊ “ခင်ဗျားတို့ ကျွန်တော့် ပိုက်ဆံတွေကို ပြန်ရအောင် လုပ်ပေးမလား မလုပ်ပေးဖူးလား“ ပုံစံမျိုးလိုတောင် ဖြစ်လာတယ်လို့ ထင်မိပါတယ်။ အမှန်တော့ အဲဒါက စိတ်ကူးပါ၊ တယ်လီဖုန်းပြောတဲ့ အခါမှာတော့ စိတ်မကောင်းလွန်းတဲ့ ဒါမှမဟုတ် ခံပြင်းလွန်းတဲ့ မုဒ်မျိုးနဲ့ လေသံပျော့ပျော့လေးနဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ရေကုန်ရေခမ်းကြိုးပမ်းမှုဟာ ဇွဲ၊ လုံလ၊ ၀ီရိယရဲ့ အကျိုးကျေးဇူးကြောင့် ထင်ပါရဲ့…၊ ရာခိုင်နှုန်းအပြည့်မဟုတ်တောင် တ၀က်တော့ အောင်မြင်ခဲ့ပါတယ်။ အဲဒီ နောက်ဆုံး တယ်လီဖုန်းပြောလိုက်ရတဲ့ လုပ်ပိုင်ခွင့်ရှိသူ ဖြစ်ပုံရတဲ့ အမျိုးသမီးက “အင်း… မင်း ပြောသလိုဆိုရင်တော့ ဒါကို လိမ်လည်တယ်လို့ ငါ ယူဆလိုက်မယ်၊ ဒါပေမဲ့ ရှေ့ဘက်က ထွက်သွားပြီဖြစ်တဲ့ ပိုက်ဆံတွေကိုတော့ ငါ ပြန်ယူမပေးနိုင်တော့ဘူး၊ ရက်ပေါင်း ၁၂၀ အတွင်းက ထွက်သွားတဲ့ ပိုက်ဆံတွေကိုတော့ ငါ ပြန်တောင်းပေးမယ်၊ ဒါပဲ ကူညီနိုင်မယ်…။ ကဲ… ဘယ်လိုလဲ“ လို့ ပြောလာပါတယ်။

“ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်။ နောက်တခါ ဒါမျိုးလည်း မလုပ်တော့ပါဘူး၊ ဘဏ်စာရင်းရှင်းတမ်းကိုလည်း လာတဲ့အခါတိုင်း ဂရုစိုက်လို့ စစ်ဆေးကြည့်ပါတော့မယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ“ လို့ ကျေးဇူးတွေ အထပ်ထပ်တင်ရင်း ကျွန်တော် ဖုန်းချလိုက်ပါတော့တယ်။

တယ်လီဖုန်း ချလိုက်ပြီးနောက်မှာ ကျွန်တော် နေရထိုင်ရတာ တော်တော်ကြီး သက်သောင့်သက်သာ ဖြစ်သွားပါတယ်။ ပျော်လည်း ပျော်သွားပါတယ်၊ အောင်ပြီ… အောင်ပြီလို့လည်း ကြွေးကြော်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံ ၁၀၀ ကျော် ဆုံးရှုံးခဲ့ပြီးနောက်မှာ ကျွန်တော့်ပိုက်ဆံ ထက်ဝက်လောက်တော့ ကျွန်တော် ပြန်ရနိုင်တဲ့ အခွင့်အလမ်းလေး ပြန်ပေါ်လာတာပါပဲ ဖြစ်ပါတယ်။

အဲဒီလို မနက်ပိုင်းက ဘဏ်သွားထားပြီး ကြိုးပမ်းဆောင်ရွက်ထားခဲ့တဲ့ အောင်မြင်မှု အပျော်တွေကြောင့် တနေကုန် အလုပ်လုပ်ရတာ တက်ကြွရွင်လန်းနေခဲ့ပြီး ညဘက် အလုပ်ကနေ အိမ်အပြန်မှာတော့ သူများကို အလွယ်တကူ ကူညီချင်စိတ်တွေက ကဲနေတာမို့ ပိုက်ဆံ ၂၀ ကို လွယ်လွယ်ကူကူ ထပ်ပေးလိုက်မိ ပြန်ပါတယ်။

အသည်းအသန် အသံအိုက်တင်တွေ အမျိုးမျိုးလုပ်ခဲ့ပြီးမှ ပြန်တောင်းဆိုခဲ့တဲ့ ပိုက်ဆံက ကျွန်တော့် ဘဏ်စာရင်းထဲ ပြန်ဝင်မ၀င်တော့ မသိသေးပါဘူး။ နောက်ထပ် ပိုက်ဆံ ၂၀ ကိုတော့ အိတ်ထဲကနေ ခပ်လွယ်လွယ်လေး ကျွန်တော် ထုတ်ပေးလိုက်ပြန်ပါပြီ။

အဆုံးအဖြတ်… တကယ်တော့ အဆုံးအဖြတ်ပါပဲ။ အားလုံးဟာ အကြောင်းနဲ့ အကျိုးပါပဲ…။ ဒါပေမဲ့ ဘာပဲတွေးတွေး၊ ပြောပြော၊ လုပ်လုပ်… ဒီနေ့ခေတ်ကတော့ ကလစ်လေး တချက်ပေါ့လေ… သတိထား ဆုံးဖြတ်ကြပါလို့…။

ကျေးဇူးတင်ပါတယ်ဗျာ။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။
ညနေ ၆ နာရီ။