ဒီနေ့ခေတ်မှာ လူတွေဟာ အွန်လိုင်းမှာပဲ အချိန်များများ ပေးထားကြတယ်၊ မသိတသိ သူငယ်ချင်းတွေနဲ့ စကားပြောနေရတယ်၊ ဟိုတွေးဒီတွေး အချိန်ကုန်နေကြတယ်၊ ဘာကို အလိုမကျမှန်း မသိပါဘဲ ဖြစ်နေကြတယ်၊ တခါတလေလည်း အထီးကျန်သလို ခံစားကြရတယ်။ ကျွန်တော် ပြောလိုက်ချင်ပါတယ်၊ အထီးကျန်ခြင်းကို ကျွန်တော့်ကို ပေးပါ၊ အထီးမကျန်စေမယ့်နည်းကို ကျွန်တော်က ပေးပါမယ်။

အထီးကျန်ဖြစ်သူ မောင်သာဖြစ်လိုတယ်

“အထီးကျန်ချစ်သူ ကိုယ်သာဖြစ်လိုတယ်“ဆိုတဲ့ သီချင်းစာသားလေးကို သဘောကျတာနဲ့ ဒီခေါင်းစဉ်ပေးလိုက်တာပါ။ တကယ်တမ်းတော့ ပြီးခဲ့တဲ့ တနင်္ဂနွေက နောက်ဆုံးထုတ် သတင်းစာထွက်ရှိပြီး ရပ်နားသွားတဲ့ သက်တမ်း ၁၆၈ နှစ်ရှိတဲ့ လန်ဒန်အခြေစိုက် တနင်္ဂနွေထုတ် News of the World သတင်းစာကို ပိုက်ဆံတပေါင် အကုန်ခံလို့ ၀ယ်ဖတ်လိုက်ပြီးနောက်မှာ ချစ်ခင်ရတဲ့ မမကြီးတွေ၊ မမလေးတွေအတွက် ဝေမျှချင်စိတ်လေး ပေါ်လာလို့ ဒီဆောင်းပါးလေးကို ရေးလိုက်တာပါ။

သတင်းစာထဲမှာ ထည့်ပေးလိုက်တဲ့ Fabulous ဆိုတဲ့ စာမျက်နှာ ၇၆ မျက်နှာပါတဲ့ မဂ္ဂဇင်းခပ်ပါးပါးလေး တအုပ်ပါလာတယ်။ အဲဒီမှာပါတဲ့ ဆောင်းပါးတပုဒ်က စိတ်ဝင်စားဖို့ ကောင်းတယ်။ “Meet Generation LONELY“ တဲ့၊ အထီးကျန်မျိုးဆက်နဲ့ တွေ့ဆုံခြင်းပေါ့။ ဒီနေ့ခေတ်မှာ လူတွေဟာ အရင်မျိုးဆက်တွေထက် ပိုပြီးဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာမှာ နေရပါရက်ကယ်နဲ့ အထီးကျန်နေကြတယ်ပေါ့လေ၊ ဆောင်းပါးရှင် Claie Wilson က ရေးထားတာပါ။

အဲဒီမှာ နယ်ပယ်အသီးသီးက အမျိုးသမီး သုံးဦးကို အင်တာဗျူးပြီး ထည့်ထားတယ်၊ အသက် ၂၄ နှစ်အရွယ် အလုပ်လက်မဲ့ အမ္မလီ၊ အသက်၃၆ နှစ် အရွယ် အိမ်ထောင်မဲ့ မိခင်တဦး (Single Mother) ဖြစ်တဲ့ လူစီ၊ အဲ… လေးနှစ်အရွယ် သမီးလေးရဲ့ မိခင်ဖြစ်တဲ့ သူကတော့ အလုပ်အကိုင်ရှိတယ်၊ အလုပ်အကိုင်ဆိုင်ရာအကြံပေး အလုပ်ကို လုပ်နေသူ ဖြစ်တယ်။ နောက်တယောက်ကတော့ ရုပ်ချောတဲ့အပြင် စာရေးပါကောင်းတဲ့ အသက် ၄၅ နှစ်အရွယ် အပျိုကြီး သတင်းစာဆရာမ… ဘီဘီတဲ့။

သူတို့တွေဟာ အမျိုးသမီးတွေ ဖြစ်တယ်၊ ထက်မြက်တဲ့ အရည်အချင်းရှိတယ်၊ လောကဓံကိုလည်း ထိုက်သင့်သလောက် ရင်ဆိုင် ကျော်ဖြတ်ပြီးသူတွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ အထီးကျန်နေကြတယ်လို့ ဆိုပါတယ်။

အမ္မလီဆို တခါတလေ နှစ်ရက်လောက် အိမ်ထဲကနေ အိမ်ပြင်မထွက်မိဘူးလို့ ပြောတယ်၊ သူငယ်ချင်းတွေက ခေါ်ပေမယ့်လည်း အတွဲကိုယ်စီရှိတဲ့ သူငယ်ချင်းတွေနဲ့ အတူမနေချင်ဘူး။ စိတ်အားငယ်ရသူမယ် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဘဲရှိတဲ့ သူငယ်ချင်းတွေ တွေ့ရရင် မနာလိုစိတ်သာ ၀င်နေမိတယ်လို့ အမ္မလီက ရင်ဖွင့်ရှာတယ်။

လူစီကတော့ အထီးကျန်တဲ့ ဝေဒနာကို မခံစားနိုင်လို့ သူ့ဟာသူ အလုပ်ရှုပ်အောင် လုပ်ထားသတဲ့။ သမီးလေးနဲ့ အပြင်သွားတယ်၊ ကော်ဖီသောက်တယ်။ ဒါပေမဲ့ သမီးလေးက သူ့အဖေဆီမှာ သွားနေတဲ့အခါမျိုးဆိုရင် သူ့အိမ်ဟာ ဟာလာဟင်းလင်းကြီးလိုဖြစ်ပြီး သိပ်ကို အထီးကျန်ပါသတဲ့။

ပညာတတ် စာတတ် သတင်းစာဆရာမ ဘီဘီက ကိုယ်သာဆိုးပေါ့၊ ဘယ်သူကရော ဘီဘီတယောက် အထီးကျန်နေတယ်လို့ ထင်ကြမလဲ။ ဒီလောက် ရုပ်ချော၊ ခေတ်မီ အီစီဂလီ (ထွန်းအိန္ဒြာဗို သီချင်းလို ခါးလေးလှုပ်ခါ… လမ်းလျှောက်သွားရင် ကောင်လေးတွေ ကြည့်တယ်… ဆိုတဲ့ အထာမျိုး) ဟာ အထီးကျန်နေ ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာကိုက သတင်းစာဆရာတွေရဲ့ ရိုးဂုဏ်ကို သူထောက်ခံပေးလိုက်တာပဲ။

ဘီဘီက သူ့မှာ ဖေ့စ်ဘုတ် သူငယ်ချင်းတွေ ရာနဲ့ချီရှိသလို တွီတာမှာ သူ့ကို ဖောလိုလုပ်ထားတဲ့ သူတွေလည်း အများကြီး ရှိပါတယ်တဲ့၊ ဒါပေမဲ့ သူ အထီးကျန်တယ်တဲ့။ လူတွေက အသက်ကြီးသူတွေကသာ အထီးကျန်ကြတယ်လို့ ထင်မှတ်ကြပေမယ့် ဘီဘီကတော့ သူဟာ လူကြားထဲမှာ နေရင်းနဲ့ကို အထီးကျန်တဲ့ ခံစားမှုနဲ့ နေနေရတယ်လို့ ဖွင့်ပြောပါတယ်။

သူတို့အရွယ် သူငယ်ချင်းတွေဟာ ပျင်းလွန်းလို့ အထီးကျန်လွန်းလို့ ဖေ့စ်ဘုတ်ကို ငါးမိနစ် တခါလောက် ကြည့်နေရတယ်တဲ့။ ဘယ်သူများ Like လုပ်မလဲ၊ ဘယ်သူများ ကွန်မန့်ပေးမလဲလို့ပေါ့လေ။ အသင့်စား (ready-meal) အစားအသောက်တွေ တယောက်တည်း ၀ယ်စားရတိုင်း ဘယ်လိုကနေဘယ်လို ဒေါသတွေ ထွက်နေမှန်း မသိပါဘူးတဲ့။

ကဲ… ဘယ်သူမဆို ငယ်ငယ် လတ်လတ် ကြီးကြီး ချောချော ပျိုပျို အိုအို မမတို့မှာ အထီးကျန်ချင် ကျန်နိုင်နေတာပါပဲ။ အထီးကျန်တာက အရေးမကြီးဘူး… အဲဒီလို မကျန်အောင် ဘယ်လိုလုပ်မလဲ။ လိုင်စင်ရ အတိုင်ပင်ခံ စိတ်ကုဆရာ လင်ဒါက နည်းလမ်းလေးသွယ် ညွှန်းထားပေးပါတယ်။ ဆောင်းပါးထဲမှာပဲ ပါတာပါ။ အဲဒါလေး ကျွန်တော် ဖောက်သည်ချချင်လို့ကို ဒီဆောင်းပါးလေး ရေးထုတ်လိုက်တာပါ။

၁။ မေးပါတဲ့ (ကိုယ့်ကိုယ်ကိုယ် မေးပါ)… “ငါ အထီးကျန်တယ်လို့ ခံစားရတာလား“ ဒါမှမဟုတ် “ငါ တယောက်တည်း ဖြစ်နေတာလား“။ သိပြီဆိုရင် ကိုယ့်အဖွဲ့၊ အဖော်၊ အလုပ်မှာ ပျော်အောင် နေထိုင်နိုင်အောင် ကြိုးစားခြင်းက လူကို ကျန်းမာစေတယ်တဲ့ဗျာ။ ဒီလိုမှ မဟုတ်ဘဲ အဲဒီလို ပျော်အောင်နေသူတွေကြားမှာ ကိုယ်က တသီးတခြားလို ဖြစ်နေတယ်ဆိုရင်တော့ သေချာပါပြီ… အထီးကျန်နေတာပါတဲ့။ အထီးကျန်သလား၊ တယောက်တည်း ဖြစ်နေသလားကို ကွဲပြားအောင် သိပြီဆိုရင် အထီးကျန်ဝေဒနာကို ကုစားရ လွယ်သွားပါပြီတဲ့။ လင်ဒါ့အပြောပေါ့လေ။

၂။ ဖေ့စ်ဘုတ်အသုံးပြုချိန်ကို လျှော့လိုက်ပါတဲ့ (ကန့်သတ်လိုက်ပါတဲ့)။ လူမှုကွန်ရက်ဆိုတာ အကျိုးရှိတာ မှန်ပေတယ့် တကယ့်သူငယ်ချင်း ဆက်ဆံရေးဆိုတာက မျက်နှာချင်းဆိုင် ဆက်သွယ်ရေးပါတဲ့ (အွန်လိုင်းမှာလည်း မျက်နှာချင်း ဆိုင်နိုင်သားပဲလို့တော့ ကပ်မငြင်းနဲ့ပေါ့ဗျာ)။ တကယ့်မိတ်ဖက် ဆက်ဆံရေးကို အချိန်ပေး တည်ထောင်နိုင်ပါမှ အထီးကျန်ဝေဒနာ သက်သာမယ်တဲ့။ မိတ်စစ်ဆွေစစ်အတွက် အချိန်များများပေးလေ အထီးကျန်မှု သက်သာလေတဲ့။ (ဘာမဆို ကိုယ်ကချည်း လိုချင်လို့တော့ ဘယ်ရမလဲလေ… အပေးဆိုတာလည်း ရှိဦးမှပေါ့၊ ဒါကြောင့် အပေးအယူဆိုတဲ့ စကားလုံးက ရှိနေတာကိုး)။

၃။ ၀ါသနာတခု ပျိုးထောင်ပါတဲ့။ (တို့ကတော့ ဘာကိုမှ ၀ါသနာမပါရတာကို ၀ါသနာပါတယ်လို့တော့ စကားကပ် စကားညှပ် မလုပ်နဲ့ပေါ့ဗျာ)၊ gym သွားပြီး အေရိုးဗစ် လုပ်မလား၊ အက သင်တန်းတက်မလား၊ ဘာသာစကားသင်တန်း၊ အချက်အပြုတ်သင်တန်းစသဖြင့် လူအများနဲ့တွေ့ထိ ဆက်ဆံရတဲ့ နေရာမျိုး သွားပါ၊ ပါဝင်ဆင်နွဲပါတဲ့။ (တကိုယ်တည်း နေချင်လို့ အပျိုကြီး လုပ်ပါတယ်ဆိုမှ ပေါက်တတ်ကရတွေ လာပြောနေတယ် ဆိုရင်တော့ ကျွန်တော်မျိုးလည်း မတတ်နိုင်ပါ)။

၎။ ဒီနေ့ခေတ်က တနေကုန် အလုပ်ထဲမှာပဲ ရှိတတ်တော့ အလုပ်ပြီးချိန်မှာ သူငယ်တွေနဲ့ ကော်ဖီ၊ ဘီယာ စသဖြင့် တခုခု သောက်သုံး၊ အပန်းဖြေ၊ စကားပြောဖို့ အချိန်ပေးပါတဲ့။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူငယ်ချင်းတွေ ပိုရင်းနှီးစေသလို သူငယ်ချင်း မိတ်ဆွေတောင် တိုးစေတယ်တဲ့။ မိတ်ဆွေတိုးမှတော့ဖြင့် ဘယ်လိုလုပ် အထီးကျန်တော့မလဲခင်ဗျာ၊ မဟုတ်ဘူးလားဗျာ။

ပြောမယ့်သာ ပြောရတာပါ၊ စေတနာပိုလွန်းလို့သာ အချိန်တွေပေး ရေးလိုက်ရတာပါ… ကျွန်တော့် မမတွေက ဒါလေးများ၊ သိသားပဲလို့ ပြောမှာကိုတော့ မြင်ယောင်မိပါသေးဗျာ၊ ဒါကြောင့် ကျွန်တော် ပြောလိုက်ချင်တာက… အထီးကျန်ခြင်းကို ကျွန်တော့်ကို ပေးပါ၊ မမတို့က အထီးမကျန်ဘဲ ပျော်ရွှင်ကြပါလို့…။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။
၀၀း၀၀ နာရီ။