ရန်ကုန်က ကျွန်တော့် အချစ်ဆုံးမြို့ဆိုရင် မန္တလေးဟာ ကျွန်တော့် အကြိုက်ဆုံးမြို့လို့ ဆိုရပါမယ်၊ ရန်ကုန်ကလွန်ရင် ဘယ်မြို့မှာ မင်း နေချင်သလဲလို့ မေးလာရင် စဉ်းစား မနေဘဲ ဖြေလိုက်မယ့် ကျွန်တော့်အဖြေက မန္တလေးပါပဲ။

ကျွန်တော်စသိတဲ့ မန္တလေး

အရေးအခင်းဖြစ်ပြီးစမှာ ကျွန်တော်တို့ ညီအကိုနှစ်ယောက်ရဲ့ အနာဂတ်ကောင်းအောင် အင်္ဂလိပ်စာတော်အောင်ဆိုပြီး အမေက ပြင်ဦးလွင်က ခရစ်ယာန် ဘုရားကျောင်းကို ကျောင်းအိပ်ကျောင်းစားပို့ဖို့ လုပ်ပါတယ်။ အဲဒီမှာ မန္တလေးကို စရောက်ဖူးတာပါ၊ ဒါပေမဲ့ ကျွန်တော့်အသက်က ၁၃ နှစ်လောက်ပဲ ရှိသေးတာကတကြောင်း၊ နောက်ပြီး မန္တလေးဆိုတာလောက်သာသိပြီး၊ ပြင်ဦးလွင် ဆက်တက်သွားတာကတကြောင်းမို့ အဲဒီအချိန်က မန္တလေးကို မျက်စိထဲ ပြန်မမြင်တော့ပါဘူး။

ပြင်ဦးလွင်ကျောင်းကလည်း ကျောင်းသားဦးရေပြည့်နေတော့ လက်မခံတော့တာနဲ့ ကျောက်မဲကျောင်းကို သွားနေရပါတယ်။ ဒါပေမဲ့ လက်သန်ပြောင်ပြောင်နဲ့ ညီအကို နှစ်ယောက် ကျောင်းကပြန်လာတဲ့ အချိန်တိုင်း ရန်ကုန်ကို စာချည်းထိုင်ရေးနေတော့ သားတို့စာဖတ်ရတဲ့ အမေ့မှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်ပြီး ရန်ကုန်ပြန်ခေါ်လိုက်ရပါတယ်။ အဲဒီလို စာအရေးအသား လက်သံပြောင်ခဲ့တဲ့ ညီနောင်ပါ။

တခါ ၁၀ တန်း စာမေးပွဲဖြေပြီးတော့ (၁၇ နှစ်သားပေါ့) အဘိုးရဲ့အထောက်အပံ့နဲ့ ပြင်ဦးလွင်ကို ပို့ပြန်ပါတယ်။ ညီအကိုနှစ်ယောက်ပါပဲ၊ အကြောင်းအရာက မေမြို့က ဆစ်ခ်ဘုရားကျောင်းမှာ ဆစ်ခ်ဘာသာတရားအခြေခံနဲ့ ဟိန္ဒီဘာသာစာပေ အခြေခံသင်ကြားဖို့ပါ။ အဲဒီမှာတခါ မန္တလေးရောက်ပြန်ပါတယ်။ ပြင်ဦးလွင် သွားဖို့ မန္တလေးကို ဖြတ်ရတာကိုး။ အဲဒီတုန်းကလည်း မန္တလေးက ဆစ်ခ်ဘုရားကျောင်းမှာ တထောက်နားတာရယ်၊ ကျုံးပတ်လည် လျှောက်ကြည့်တာလောက်ရယ်၊ မုန့်လေးဘာလေးစားတာလောက်နဲ့ပဲ ပြီးပြန်ပါတယ်။ ဒါပေမဲ့ မန္တလေးကိုတော့ ကြိုက်မိသွားပါတယ်။

အလုပ်ဝင်ပြန်တော့လည်း မန္တလေးက ဆရာသမားတွေနဲ့ အလုပ်လုပ်မိပါတယ်။ အဲဒီမှာ အလုပ်ဝင်ပြီး ခြောက်လလောက်ကြာတော့ သင်္ကြန်ကျပါတယ်။ ဒီတော့ ဆရာဖြစ်တဲ့ အယ်ဒီတာချုပ် ကိုနေထွတ်အပါအ၀င် တရုံးလုံးက မန္တလေးပြန်ကြတော့ ရန်ကုန်သား ဘာသာပြန်ကလေးတွေကိုလည်း တပါတည်းလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ဘာပြောကောင်းမလဲ… မန္တလေးသင်္ကြန်ကို ကျချင်တော့ လိုက်သွားကြပါတယ်။ ကျွန်တော့်အသက်က ၂၄ လောက် ရှိသေးတာပေါ့။ ဘာပြောကောင်းမလဲ… ပျော်လိုက်ကြတာ၊ မန္တလေးသင်္ကြန်ကို ချစ်မိသွားပြန်တယ်။

ကျုံးပတ်လည်က မဏ္ဍပ်တွေလည်ရတာ၊ ရေတွေတဝေါဝေါနဲ့ပက်ကြလောင်းကြတာ၊ ဆိုင်ကယ်သံတဗျင်းဗျင်းနဲ့ ပျော်ပျော်ပါးပါး မောင်းနှင်သွားကြတာ၊ ဘီယာ အရက် စာကလေးကြော်နဲ့ နှက်ခဲ့ကြတဲ့ သင်္ကြန်ရက်တွေဟာ အခုပြန်တွေး အခုမှတ်မိနေဆဲပါ။ ညလုံးပေါက်ဖွင့်တဲ့ မန္တလေးက လက်ဖက်ရည်ဆိုင်တွေ ထိုင်ရင်း ကော်ဖီမစ်တခွက်နဲ့ စကားတွေပြောရတာကလည်း မန္တလေးအရသာလို့ ဆိုရမလားပါပဲ။

နောက်တော့ မန္တလေးဟာ အထက်အညာဘက်မြို့ရွာတွေသွားတိုင်းမှာ တထောင့်နား၊ ခဏ၀င်တဲ့မြို့ ဖြစ်လာပါတော့တယ်။ မူဆယ်သွားလည်း မန္တလေးကို ၀င်ခဲ့ကြတယ်၊ ခန္တီးသွားလည်း မန္တလေးမှာ နားခဲ့ကြတယ်၊ ပုဂံဆိုလည်း မန္တလေးဘက် ဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ မန္တလေးကို အကြိမ်ကြိမ် ရောက်ခဲ့တယ်၊ သောက်ခဲ့တယ်၊ ကြိုက်လျက်ကွယ်…။

ဒီနှစ် သင်္ကြန်မတိုင်ခင်လေးမှာပဲ မန္တလေးကို ရောက်ခဲ့ပြန်တယ်၊ မန္တလေးက ကိုရဲက “ဟေ့လူ… မန္တလေးကို ကြည့်ထားစမ်းပါဦး၊ ကြည့်သွားစမ်းပါဦး“ လို့ တခုတ်တရမှာတော့ ပညာရှိတို့ နှုတ်ထွက် အဟုတ်ဟဲ့ မှတ်မှလို့ ဆိုတဲ့ပြီး သွားခဲ့ရတာပေါ့။ မြစ်ကြီးနားခရီးက ဆင်းလာပြီး မန္တလေးကို ၀င်ကြတယ်။

မြစ်ကြီးနားရထားက မန္တလေးကို မနက်ခြောက်နာရီလောက်မှာ ၀င်လာခဲ့တယ်၊ ဧပြီလ ၈ မနက်… အလုပ်လုပ်ပြီးနောက်ပိုင်း မန္တလေးရောက်တိုင်း ပထမဆုံး ဒါမှမဟုတ် မဖြစ်မနေ လုပ်တာကတော့ ဘုရားကြီးကို ဦးတိုက်တာပါပဲ။ ဒီတော့ ဘူတာက ဆင်းတာနဲ့ လေးဘီးတစီးနဲ့ ဘုရားကြီး (မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး) ကို ဦးတိုက်ဖို့ ထွက်လာပါတယ်။ လေးဘီးကတော့ တောင်းတဲ့ဈေး ပေးစီးလိုက်တာပါပဲ၊ မန္တလေးလေးဘီးတွေက ပိုက်ဆံမတရား မတောင်းဘူး ထင်တာပါပဲ။ ၂၅၀၀ လား၊ ၃၀၀၀ ကျပ် လား ပေးရတယ် မှတ်တာပဲ။

ဘုရားဖူးပြီးတော့ မနက်စာ စားကြတယ်၊ ပြီးတော့ အဲဒီဘုရားကြီးရှေ့မှာ ဂိတ်ထိုးထားတဲ့ မန္တလေး-ပြင်ဦးလွင် ဘုရားဖူး ဟိုင်းလပ်ကားတွေရှိတယ်။ မနက် ၆ နာရီ ထွက်၊ ညနေ ၆ နာရီ ပြန်ဝင် ဟိုင်းလပ်ကားတွေနဲ့ ထွက်ကြတယ်။ နောက်ကစီး ၅၀၀၀၊ ရှေ့ကစီး ၆၀၀၀ ကျပ်။ ပြင်ဦးလွင်ဝန်းကျင်က ခြောက်နေရာလောက် လိုက်ပို့ပေးတယ်။

ပြင်ဦးလွင် နှီးဘုရားကြီး၊ မဟာအံ့ထူးကံသာ (ပြည်တော်ချစ်ဘုရားကြီးလို့လည်း ခေါ်တယ်၊ တရုတ်ပြည်က ၀ယ်လို့ သယ်တာ ဘုရားက မလိုက်ချင်ဘူးနဲ့ တူပါရဲ့၊ အဲဒီနားမှာ တုံးလုံးပက်လက်ကျရော… ဒါနဲ့ ဘုရားကျောင်းဆောင် ဆောက်ပြီး ကိုးကွယ်ကြတယ်၊ ဘုရားခေါင်းပေါ်က မျက်နှာကျက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုကောင်းမှုလို့ အလှူရှင်ကမ္ဗည်းစာ ရေးထားတယ်)၊ ပိတ်ချင်းမြောင် သဘာဝလှိုဏ်ဂူ၊ ပွဲကောက်ရေတံခွန် (BE Fall)၊ ရုက္ခဗေဒဥယျာဉ် (အခုတော့ အမျိုးသားကန်တော်ကြီးနဲ့ သဘာဝဥယျာဉ်လို့ ခေါ်တယ်) နဲ့ တရုတ်ဘုံကျောင်းတို့ကို ပို့ပေးတယ်။

အများနဲ့သွားရဆိုတော့ ကသုတ်ကရတ်တော့ နည်းနည်းဖြစ်တာပေါ့၊ ပြီးတော့ ဟိုလူ့စောင့် ဒီလူစောင့်ဆိုတာကလည်း နည်းနည်းပါးပါး ရှိတာပေါ့။ ဒါပေမဲ့ ပျော်ဖို့ ကောင်းပါတယ်။ ပိတ်ချင်းမြောင်မှာ ရေချိုးလိုက်ကြတော့ လန်းသွားကြတာပေါ့။ အမျိုးသားကန်တော်ကြီး ဥယျာဉ်ထဲဝင်တော့ တယောက်ကို ၀င်ကြေး ၁၀၀၀ ကျပ် ပေးရတယ်။ ဒါပေမဲ့ ပန်းခြံကြီးက ပြုပြင်ထားတာ တော်တော်လှတယ်၊ ဓာတ်ပုံရိုက်လို့ ကောင်းတယ်။ လှည့်ပတ်ကြည့်စရာ ပန်းတွေကလည်း အများကြီးပဲ။ ချစ်သူနဲ့အတူ လမ်းလျှောက်နေရရင်တော့ အင်မတန်လှနေမှာပေါ့။

အပြေးအလွှားသွားလာကြပြီး မန္တလေးပြန်ဆင်းလာတော့ ည ၇ နာရီ ကျော်နေပြီ၊ ထုံးစံအတိုင်း မန္တလေးမှာက မီးတွေက ပျက်နေပြီ။ မီးစက်သံတွေနဲ့ ဆူနေပြီ၊ ရာသီဥတုကလည်း ပူနေပြီ။ မန္တလေးကတော့ ချစ်ဖို့ကောင်းဆဲပါပဲ။ ပထမဆုံး တည်းခိုခန်းတည်းဖို့လုပ်တော့ အရင်အလုပ်ကိစ္စနဲ့ တည်းခိုဖူးတဲ့ ဈေးချိုဟိုတယ် သွားလိုက်တာ စိတ်ညစ်စရာ ကောင်းပါလေရော…။

ဧည့်သည်က တယောက်မှ မရှိ၊ ၀န်ထမ်းတွေက ကြိုမယ့်သူ မရှိ၊ အခန်းလိုက်ပြတော့ အခန်းတွေက အနံ့အသက် မကောင်း၊ အဲကွန်းက ပျက်နေ တော်တော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ မြို့လယ်ခေါင် နေရာကောင်းကြီးမှာ ရှိနေရက်သားနဲ့ စီမံခန့်ခွဲမှုတွေက ညံ့ဖျင်းတော့ ဆုံးရှုံးမှုတွေ များနေလိုက်တာလို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။ မန္တလေးမှာ လည်သူတွေက လည်သလောက် ချာသူတွေက ချာလှချည်လားလို့ စိတ်မကောင်းဖြစ်မိတယ်။ အဲဒါဟာ အလကားချာတာ မဟုတ်ဘူး… အကြောင်းရှိတယ် ချာတိတ်ရ ဆိုရင်တော့ ကျွန်တော်ပဲ အမှန်ချာတာ ဖြစ်ပါလိမ့်မယ်။ ဈေးချိုဟိုတယ်က တညတာ တည်းခိုခကတော့ ၂၅၀၀၀ ကျပ် တောင်းပါတယ်။

ဒါနဲ့ ပိုက်ဆံပေးပြီးကာမှ ဘယ်လိုမှ နေဖို့မဖြစ်နိုင်တာနဲ့ အထုပ်အပိုးတွေ ပြန်ယူ၊ ဈေးချိုဟိုတယ်ကနေ အောက်ဆင်း ဆိုက္ကားတစင်း အကူအညီနဲ့ ယူနတီ ဟိုတယ်ကို ရွှေ့ခဲ့ရပါတယ်။ ယူနတီကတော့ ဟိုတယ်တွေ သတ်မှတ်ချက် အဆင့်အတန်းအရဆိုရင် သိပ်ကောင်းတဲ့ ဟိုတယ် (တည်းခိုခန်း) မဟုတ်ပေမယ့် ပေးရတဲ့ဈေးနဲ့ ရတဲ့ဝန်ဆောင်မှု သင့်တင့်တယ်လို့တော့ သုံးသပ်မိပါတယ်။ တညတာကို ၁၇၀၀၀ ကျပ် သတ်မှတ်ပါတယ်။ မနက်စာ Breakfast သင့်ရုံ ကျွေးပါတယ်။ (သင့်ရုံလို့ ပြောရတာက သူတို့ကျွေးတဲ့ မနက်စာ စားပြီး လက်ဖက်ရည်ဆိုင် ထပ်သွားပြီး အ၀အပြဲ အုပ်ရလို့ပါ)။

ဒီနေရာမှာ တခုပြောချင်တာ မြန်မာပြည်က ဟိုတယ်တွေ၊ တည်းခိုခန်းတွေရဲ့ ဈေးက မသေးပါဘူး (ကြီးပါတယ်)၊ ဒါပေမဲ့လို့ ၀န်ဆောင်မှုကတော့ ချို့တဲ့တဲ့ပါ။ ဟိုတယ်ဝန်ဆောင်မှုမှာ လုပ်နေသူ အများစုကလည်း တကယ့်သင်တန်းဆင်းတွေ၊ ကျွမ်းကျင်သူတွေ မဟုတ်ကြပါဘူး။ ဒီလိုပဲ လက်သင်ဝန်ဆောင်နေကြတာပါပဲ။ ဟိုတယ်ဝန်ထမ်းဆိုသူတွေက ကိုယ့်ဆီလာတဲ့ ဧည့်သည်ကို Thank you! (ကျေးဇူးတင်ပါတယ်) How are you? Are you alright? How’s everything going? အဆင်ပြေပါသလား၊ နေသာပါသလား ဆိုတာမျိုးလေးတွေတောင် ကောင်းကောင်း မမေးတတ်ကြသေးပါဘူး။

အဲလိုမေးရမယ့်အစား သူတို့ မေးတတ်တာက “အကို ဘာလိုအပ်သလဲ၊ ဘာလုပ်ချင်သလဲ၊ အကုန်အဆင်ပြေရမယ်“ “လိုတာပြောနော်၊ ဘာလိုအပ်သလဲ“ စတဲ့ မေးခွန်းမျိုးတွေပါ။ သူ့မေးခွန်းမှာ ထိုက်သင့်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်ဆိုတာကို ကျွန်တော် ရိပ်မိပေမယ့် ဘာမှန်းပြန်ပြောပြဖို့ကျတော့လည်း ကျွန်တော်လည်း သေချာမသိပါဘူး။ မန္တလေးက ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တော်တော်များများမှာ တည်းဖူးပေမယ့် အိပ်ရုံလောက်ပဲ နေခဲ့တာဆိုတော့ ကျန်တာတွေတော့ သိပ်မသိလို့ ရေးမပြနိုင်ပါဘူး။

နောက်တရက်မှာတော့ တွေ့ချင်စကားပြောချင်တဲ့ ကိုရဲနဲ့က မတွေ့လိုက်ရပါဘူး။ သူက စင်ကာပူ ထွက်သွားတယ်လို့ သိလိုက်ရပါတယ်။ မန္တလေးသားတချို့ဟာ ကိုယ့်မြို့ကိုယ်ရွာနဲ့ နိုင်ငံရပ်ခြားကို ဥဒဟို သွားလာနေကြတာကတော့ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပါ၊ ကျွန်တော့်မှာတော့ ကိုရဲနဲ့ မတွေ့လိုက်ရပေမယ့် ကိုဖြိုးနဲ့ ချိန်းမိကြလို့ ကိုဖြိုးက မန္တလေးတောင်၊ ဦးပိန်တံတားနဲ့ မန္တလေးစက်မှုဇုန်တို့ကို လိုက်ပြပေးပါတယ်။ မန္တလေးတောင်ကလည်း ရောက်လိုက်တိုင်း သဘောကျစရာပါပဲ။ ဧပြီလ ၉ ရက်နေ့ နေကတော့ ရေရေလည်လည်ကို ပူတာပါပဲ။ ကျွပ်နေအောင် ပူတယ်ဆိုတာမျိုးကို လက်တွေ့ကြုံလိုက်ရပါတယ်။

ဦးပိန်ကလည်း လှမှလှပါပဲ၊ တံတားပေါ်မှာ ဖြတ်လျှောက်သွားတဲ့ စုံတွဲလေးတွေ၊ ကလေးတွေ၊ ကိုရင်တွေ၊ ဈေးသည်တွေ အစုံပါပဲ။ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အာရုံနဲ့ကိုယ် သွားလာနေကြတာပါပဲ။ တံတားအောက်မှာလည်း ငါးဖမ်းသူဖမ်း၊ လှေလှော်သူလှော်၊ ငါးရှဥ့်နှိုက်သူကနှိုက်နဲ့ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာကိုလည်း တွေ့မိပါတယ်။ ခွေးတောင်မှ ပူလွန်းလို့ ရေစိမ်နေတာကို တွေ့လိုက်တော့ ဟ… ဒီကောင်ကြီး ဇိမ်ကြလှချည်လားလို့ တွေးမိပြီး ပြုံးမိပါတယ်။

ဦးပိန်တံတားအ၀င်မှာတော့ စက်ဘီး၊ ဆိုင်ကယ်မ၀င်နိုင်အောင် အပေါက်ကို နံရံပိတ်ကွက်ကျားပိတ်ရိုက်ပစ်ပြီး လူခြေကျော်ဝင်နိုင်ရုံ အပေါက်ပဲ ဖောက်ထားပါတယ်။ ဒါတောင် စက်ဘီးသမားတွေက စက်ဘီးကိုပါ ကျော်မယူပြီး အပေါက်လွန်တော့ တံတားပေါ် ပြန်စီးသွားကြတာပါပဲ။ အဲဒီနေရာမှာ ဒီစက်ဘီးသမားတွေရဲ့ အခက်အခဲကို နားလည်ပါတယ်။ ဒီလိုမှ မစီးရင်လည်း သူတို့စက်ဘီး အပါမသယ်နိုင်ဘူးဆိုတာပါ။

ဒါပေမဲ့ မန္တလေးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တခု ဖြစ်လာနေတဲ့ ဦးပိန်တံတား ရေရှည်ခံဖို့ ဆိုရင်တော့ ဒီလို တံတားပေါ် စက်ဘီးစီးတာမျိုးက မလုပ်သင့်ပါဘူး။ တကယ့်ကို ရင်ထဲအသည်းထဲက ဘယ်သူမှ ခိုင်းတာမျိုး မဟုတ်ဘဲ လိုက်နာတာမျိုး လုပ်ရပါလိမ့်မယ်။ သူလည်းစီး ငါလည်းစီးဆိုရင်တော့ တံတားမြန်မြန် ပျက်မှာပါပဲ။ ထိန်းသိမ်းမှုကလည်း လုံးဝမကောင်းပါဘူး။ ကျိုးပျက်နေတဲ့ လက်ရမ်းတွေ၊ တိုင်တွေကို ကွန်ကရစ်တိုင်တွေ၊ လက်ရမ်းတွေနဲ့ အစားထိုး ထည့်ပစ်တာကို ကျွန်တော်တော့ အလွန်စိတ်ပျက်မိတာပါပဲ။

နိုင်ငံခြားမှာဆိုရင် ဒီလို ယဉ်ကျေးမှုတခုလို ဖြစ်လာတဲ့ အရာတွေဆိုရင် အသေအလဲ ထိန်းသိမ်းကြတာပါ၊ မြို့ခံတွေရော ဧည့်သည်တွေကပါ ဂုဏ်ယူလို့ စည်းကမ်းရှိရှိလိုက်နာ ထိန်းသိမ်းကြတာ ဖြစ်ပါတယ်။ မန္တလေးမှာတော့ ဦးပိန်ထိန်းသိမ်းရေး အဖွဲ့တွေဘာတွေ ရှိသလားတော့ ကျွန်တော်လည်း မသိပါဘူး။ ဖြစ်သလို ကွန်ကရစ်တွေနဲ့ ရုပ်ဆိုးပန်းဆိုး ပြင်ထားတာတော့ တွေ့ခဲ့ရပါတယ်၊ နှလုံးမချိလှဘူး။

မန္တလေးရောက်တုန်းရောက်ခိုက် ကိုယ့်ကိုအွန်လိုင်းမှာ သွန်သင်ဆုံးမတတ်တဲ့ဆရာမတယောက်ကိုလည်း တွေ့ဆုံနှုတ်ဆက် သြ၀ါဒခံယူရပါသေးတယ်။ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် ယဉ်ကျေးမှုမှာ မန္တလေးက သာလှသမို့ ဆရာမကို တွေ့ရနှုတ်ဆက်ရတာပေါ့လေ။

မန္တလေး နှစ်ညနေခဲ့တာမှာ အရသာတွေ့ခဲ့တာကတော့ နွေပူပူ ညနေခင်းတွေမှာ ထိုင်လို့ကောင်း သောက်လို့ကောင်းတဲ့ အကင်ဆိုင်တွေပါပဲ။ ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ ဖွင့်တဲ့ဆိုင်တွေဆိုရင် ပိုသဘောကျဖို့ ကောင်းပါတယ်။ သဘောကျစရာ မကောင်းတာက မီးစက်သံတွေ ညံနေတာပါပဲ။ မီးကလည်း ဘယ်တော့များမှ မီးစက်မဖွင့်ဘဲ ရနိုင်ပါ့မလဲ မသိပါဘူး။ ဘီယာအေးအေးနဲ့ ကိုယ်ကြိုက်တဲ့ အကင်တွေ စားရတာဟာ နတ်စည်းစိမ်ပါပဲ။

ဒါပေမဲ့ ဒီစည်းစိမ်ကလည်း ခပ်သုတ်သုတ်လုပ်ရပြန်ပါတယ်၊ ဟ… ဘာကြောင့်တုန်းလို့မေးတော့ သက်ဆိုင်ရာက ည ၁၁ နာရီ မထိုးခင် ပိတ်ရမယ်လို့ မှာကြား ထားတာကြောင့်ပါပဲ။ ရန်ကုန်မှာလည်း အဲဒီလို မှာကြားတာမျိုးတွေ ရှိတယ်လို့ ကြုံခဲ့ဖူးပါတယ်။ ကျွန်တော်ဖြင့် နားမလည်နိုင်ပါ၊ ပိုက်ဆံလာပေးတဲ့သူကို “ဟေ့လူ… မြန်မြန်ဆို့ မြန်မြန်မြို… ပိုက်ဆံမြန်မြန်ပေးပြီး မြန်မြန်လစ်တော့“ လို့ ပြောနေသလိုပါပဲ။ မန္တလေးသားတွေ အဲဒီလို မပြောမှန်း ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ တယောက်ယောက်က ပြောနေသလိုပါပဲ။

အမှန်တော့ တနေကုန်တနေခမ်း အလုပ်လုပ်ထားတယ်၊ ညနေဘက်က အပန်းဖြေ သောက်ကြစားကြတယ်၊ ရောင်းတဲ့သူကလည်း ရောင်းပေးတယ်၊ ၀ယ်စားတဲ့ သူတွေကလည်း ၀ယ်စားတယ်ဆိုရင် ဘာကြောင့် သက်ဆိုင်ရာတွေ၊ အာဏာပိုင်တွေက ၀င်ရှုပ်သလဲလို့ ကျွန်တော်ဖြင့် တွေးမိတာပါပဲ။ စားသူရှိလို့ ရောင်းသူကရောင်း၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်ရင် ပြီးတာပဲလို့တော့ ကျွန်တော်ထင်မိပါတယ်။

ကျွန်တော်ကသာ စွတ်တင်နေတာပါ၊ မန္တလေးသားတွေကလည်း ညဥ့်နက်တဲ့အထိ ထိုင်သူ၊ သောက်သူ နည်းတယ်လို့ ထင်ပါတယ်၊ ရန်ကုန်နဲ့ နှိုင်းယှဉ်ရင် ပြောပါတယ်။ တခါသားမှာ ခန္တီးကနေ ဆင်းလာကြတာ မန္တလေးကို ည ၉ နာရီလောက် ၀င်ကြပေမယ့် ချက်ချင်း အိပ်ချပြီး ထမင်းစားဖို့ ထွက်တာတောင် ဆိုင် မတွေ့နိုင်ဘဲ တော်တော်လိုက်ရှာနိုင်ကြလို့သာ တရုတ်ဆိုင်တဆိုင် တွေ့ခဲ့ပါတယ်။ ကျွန်တော်ထင်ပါတယ်၊ ဒီအတိုင်းဆိုရင်တော့ မန္တလေးညတွေကို နောက်ပိုင်းမှာ တရုတ် စားသောက်ဆိုင်တွေကများ သိမ်းပိုက်သွားမလား မသိပါဘူး။ အခုတောင်သိမ်းပိုက်နေပြီလား မသိပါဘူး။

မန္တလေးဟာ ရန်ကုန်နဲ့ ယှဉ်လိုက်ရင် ရုတ်တရက်ကြည့်ပြန်တော့ ရွာကျနေတယ်လို့ မြင်မိပြန်ပါတယ်။ ရွာမကျလို့ ရမလား… မန္တလေးအပြင်ထွက်တာနဲ့ တခြား မြို့ရွာတွေကို ရောက်သွားမယ် မဟုတ်လားလို့တော့ ပြောစရာ ရှိပါတယ်။ မန္တလေးမြို့လယ်မှာပဲ ခေါင်မိုးပေါ် လူတက်စီးထားတဲ့ ကားတွေ၊ နယ်မြို့တွေကနေ မြို့လယ်ကို ၀င်ထွက်နေတဲ့ လိုင်းကားတွေ၊ မောင်းချင်သလို မောင်းနေတဲ့ ဆိုင်ကယ်တွေနဲ့ မန္တလေးဟာ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အထာတွေနဲ့ မြို့တော်လို့လည်း ပြောလို့ရလိမ့်မယ် ထင်ပါတယ်။

မန္တလေးဟာ ဘီယာဆိုင်တွေကို ရန်ကုန်က အအေးဆိုင်တွေလို ဖွင့်နေပါပြီ။ မန္တလေးဟာ စီးပွားရေးသမားတွေအတွက် လုပ်စားကိုင်စား ပိုကောင်းလို့ နေပါပြီ။ ဈေးချိုဟာ ဈေးဝယ်လို့ ပိုကောင်းပါတယ်။ မန္တလေးမှာ အစားအသောက်တွေ စုံတယ်၊ မန္တလေးကနေ ပြန်မယ်ဆို လက်ဆောင်တွေ ၀ယ်ခဲ့ရတယ်။ မန္တလေးဟာ မကြာမီနှစ်တွေအတွင်းမှာ ရန်ကုန်ကိုတောင် ကျော်တက်သွားနိုင်တယ်လို့ တချို့က မှန်းဆကြပါတယ်။

ရန်ကုန်ကို ကျွန်တော်ချစ်ပါတယ်၊ မန္တလေးကိုတော့ ကျွန်တော် ကြိုက်နေဆဲပါ။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။
နံနက် ၁ နာရီ။

Advertisements