ကျွန်တော်က တခါတခါ အတွေးလွန်မိတတ်တယ်၊ ငယ်ငယ်ဘ၀ကို ပြန်တွေးလိုက်၊ လက်ရှိ အခြေအနေကို သုံးသပ်လိုက်၊ ဘာဖြစ်လို့ ဘာဖြစ်ခဲ့ရင် ဘာဖြစ်လိုက်မယ် ဆိုပြီး ဘာချင်းထပ်လို့ တခါတလေ ဘာတွေ တွေးလို့ တွေးမိမှန်းတောင် မသိတော့ပါဘူး။ အခုတော့ ကျောင်းတွေ မကြာခင် ပြန်ဖွင့်တော့မယ်၊ ကလေးတွေ ကျောင်းတက်ရတော့မယ် ဆိုတော့ “ငယ်ငယ်တုန်းက… အပျော်ဆုံး ဘ၀ပါပဲ“ ဆိုသလို ငယ်ငယ်က အကြောင်းတွေကို နည်းနည်း နည်းနည်း ပြန်စဉ်းစားကြည့်မိတယ်။

အဲဒီမှာ ကျွန်တော့်ကို သွန်သင်ဆုံးမခဲ့တဲ့ ဆရာမတွေနဲ့စပ်လို့ ကျွန်တော် စဉ်းစားမိပါတယ်။ ငယ်ငယ်က သူငယ်တန်း မတက်ခင်မှာ မူကြိုဆိုတာကြီး တက်ရသေးတယ်၊ ဘယ်မှန်း မသိ သွားတဲ့ ကားကြီးပေါ်မှာ တက်လိုက်သွားရင် မူကြိုရောက်တာပဲ၊ သိပ်တော့ မသွားချင်ခဲ့ဘူး၊ အမေတို့ကလည်း အတင်းလွှတ်တယ်။ ကလေးဆိုတော့လည်း ကြောက်ကြောက်နဲ့ သွားခဲ့ရတာပေါ့။

သူငယ်တန်းကိုတော့ သေချာမှတ်မိတယ်၊ ကျွန်တော်က ငယ်ငယ်က သိပ်ကို သပ်သပ်ရပ်ရပ် ရှိတယ်၊ အခုလို ကပိုကရို၊ ဗြုတ်စဗျင်းတောင်း မဟုတ်ဘူး။ ကျောင်းသွားရင် သနပ်ခါး လိမ်းတယ်၊ အင်္ကျီ ဘောင်းဘီကို သန့်ပြန့် ကော့ကြော့နေမှ ၀တ်တယ်။ စာကိုလည်း အပီကြိုးစားမယ်လို့ စိတ်ကူးရှိခဲ့တယ်။

တကယ်တော့ ကျောင်းရောက်တဲ့အခါမှာ သူငယ်တန်းထဲမှာ ကျွန်တော်ဟာ စာတော်သူတယောက် မဟုတ်ခဲ့ပါဘူး၊ ကျွန်တော့်ထက် တော်တဲ့သူတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့၊ သူတို့က အများကြီး တော်ပါတယ်။ အဲဒီတုန်းက အတန်းပိုင် ဆရာမက အပျိုကြီး၊ အလွန်တော်တယ်။ ဒေါ်ဝင်းတင်တဲ့။

အပြန်မှာ ကလေးတွေကို အိမ်စာတွေ ပေးတတ်တယ်။ လေးကြောင်းတပုဒ် ဖတ်ရတဲ့ ကဗျာလိုလို စာလိုလိုလေးတွေ ရေးကူးခိုင်းခဲ့တာပေါ့။ ဟုတ်တယ် ထင်တယ်နော်။ “ညအခါ လသာသာ၊ ကစားမလား နားမလား၊ အစားအစာ ၀ါးစားပါ၊ အသားပါသလား ငါးပါသလား“ ဆိုတာမျိုးတွေပေါ့။ မူကြိုတက်ထားတဲ့ ကျွန်တော် မစွံပါဘူးဗျာ၊ ကိုယ့်ဘာသာ မရေးနိုင်ဘူး၊ အမေက ကူရတယ်ထင်တာပါပဲ။

ဒါပေမဲ့ အဲဒီလို အမေက ကူတာကိုလည်း ကျွန်တော်က ကြိုက်ပုံမရဘူး။ ငါ့နှယ်ကွာ… ဘာဖြစ်လို့များ မရေးနိုင်ရသလဲဆိုပြီး မျက်ရည်တွေ တွေတွေကျလို့… ကျောင်းက ပြန်လာတိုင်း ဒါမှမဟုတ် ကျောင်းကို သွားခါနီးတိုင်း ကျွန်တော့်မှာ ငိုလိုက်ရတာ… မျက်ရည်တွေတောင် ခန်းပေါ့။ ဆရာမ ဒေါ်ဝင်းတင်ကိုလည်း ကြောက်လိုက်ရတာ မပြောပါနဲ့တော့…။ ဒါ သူငယ်တန်းမှာ တကယ် ဖြစ်ခဲ့တဲ့ ကျွန်တော့် စိတ်ခံစားမှု။

နောက်တော့ အပျိုကြီးဆရာမဟာ ကျွန်တော့် သူငယ်ချင်းရဲ့ ဦးလေးနဲ့ ရသွားတယ်။ အဲဒီဆရာမဟာ ကျွန်တော်မှတ်မိတဲ့ ပထမဆုံး ဆရာမ… အလွန် ချစ်ဖို့ကောင်းတယ်။

ပထမတန်းရောက်တော့ ဆရာမက သားသမီးတွေ အများကြီးရဲ့ မိခင်… ဒေါ်အေးမိတဲ့။ သဘောကောင်းလိုက်တာ မပြောပါနဲ့တော့… ကျောင်းသားလည်း ကြိုက်တာ လုပ်၊ ဆရာမလည်း လုပ်ချင်တာ လုပ်ပဲ။ ကောင်းလိုက်တာ… ကျောင်းသားတွေ သိပ်ချစ်ကြတဲ့ ဆရာမျိုးပေါ့။ အမေနဲ့လည်း ခင်တော့ မပြောပါနဲ့တော့…။

အမေက ကျောင်းမှာ ဆရာမတွေ ကလေးမွေးဖို့ ခွင့်သွားရင် တခါတလေ စာ ၀င်သင်ပေး တတ်တယ်လို့ ကြီးလာတော့ အမေက ပြန်ပြောပြတယ်။ ဒီတော့ အမေနဲ့ ကျောင်းက ဆရာမတွေ အကုန်လုံးက ခင်နေတတ်တယ်။ ဆရာမနဲ့ အမေ ခင်လို့ဆိုပြီးတော့ ကျွန်တော်တော့ တခါမှ အခွင့်အရေး မရဖူးပါဘူး၊ စောင့်ကြည့် ကြပ်မတ်တဲ့ ဒဏ်ပဲ ခံခဲ့ရပါတယ်။

ဒုတိယတန်းဆရာမက ဒေါ်အေးအေးကြူ၊ စည်းကမ်းကြီးတယ်… ရိုက်တယ်။ ဆရာမကလည်း အိမ်ထောင်သည်ပဲ…။ စည်းကမ်းကြီးတဲ့ ဆရာမအောက်မှာ စာသင်ရတော့ နည်းနည်းတော့ ကျွတ်ရတယ်၊ ဒီလိုနဲ့ ဒုတိယတန်းကို လွန်တယ်။

တတိယတန်း… ဒေါ်မာရှိန်နဲ့ ဒေါ်သန်းသန်းစိန်။ ဘာဖြစ်လို့လဲ မသိဘူး… တတိယတန်းကို ကိုင်တာ ဆရာမ နှစ်ယောက် ဖြစ်နေတယ်။ ဒေါ်မာရှိန်က တကျောင်းလုံးက ကြောက်ရတဲ့ ဆရာမကြီး၊ ကျောင်းအုပ်ကြီးတော့ မဟုတ်ပါဘူး။ ကျောင်းအုပ်ကြီးက ဒေါ်ထားရီ။ ဒေါ်မာရှိန်က သမိုင်းသင်တယ်၊ အပြောအဟော ကောင်းတယ်၊ ဒါပေမဲ့ ကြောက်ရတော့ လန့်လှတယ်။ ဒေါ်သန်းသန်းစိန်က အပျိုမလေး…။

အလွန်ချစ်ဖို့ကောင်းတဲ့ ဆရာမလေး… ကြွေရုပ်ကလေးလိုလှတဲ့ ဆရာမလေးဟာ ကျွန်တော့်ကို ချစ်တယ်။ ကျွန်တော့်ကို သူ့အနားမှာ ခေါ်ထားတတ်တယ်။ ဒါကို ဆရာမကြီး ဒေါ်မာရှိန်က ကြိုက်ပုံမရဘူးလို့ ကျွန်တော် ထင်တယ်။ ပင်စင်နီးတဲ့ ကျောင်းဆရာမကြီးပီပီ ယောက်ျားလေးတယောက်ကို ဆရာမလေးက သူ့အနား ထားတာဟာ ဒီကလေးအတွက် မကောင်းနိုင်ဘူးလို့ ယူဆထားပုံရတယ်။

မတတ်နိုင်ဘူး… ဆရာမနှစ်ယောက်စလုံးကို ကြောက်တာတော့ ကြောက်ရတာပါပဲ။ ဒေါ်မာရှိန်က ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားရီပြီးရင် ၀ါအရင့်ဆုံး ဆရာမကြီး ထင်ပါတယ်၊ ကျွန်တော်က ဒေါ်မာရှိန်ကို ဒုတိယ ကျောင်းအုပ်ကြီးလို့ သဘောထားခဲ့မိတယ်။ နောက် ဆရာမ ဒေါ်အုန်းမေ နဲ့ ဒေါ်စိုးစိုးကြူဆိုတဲ့ ဆရာမနှစ်ယောက်လည်း ရှိသေးတယ်၊ သူတို့က တခါတလေ ၀င်သင်တာကလွဲလို့ အမြဲတမ်း ကျွန်တော် အသင်ခံရတယ်လို့တော့ မမှတ်မိဘူး။

ဆရာမကြီး ဒေါ်ထားရီ၊ ဒေါ်မာရှိန်၊ ဒေါ်စိုးစိုးကြူတို့က အိမ်ထောင်သည်တွေ ဖြစ်တယ်၊ ဒေါ်အုန်းမေကတော့ အသက်ကြီးလို့ ဗိုက်ကြီးတောင် ပူနေပေမယ့် အပျိုကြီးလို့တော့ မှတ်မိနေတာပဲ။

လူကြီးတွေကို ကြောက်တတ်တဲ့ ကျွန်တော်ဟာ ဆရာမတွေ အပြစ်ပြောမှာကို ကြောက်တဲ့အတွက် သူတို့ သင်ပေးတဲ့ စာတွေကို မလိုအပ်ပါဘဲ အတင်းကြီး လုပ်နေ၊ ကျက်နေမိတယ်။ စာ ဒီလောက် မတော်တဲ့ ကျွန်တော် တတိယတန်းရောက်မှ ဆုတွေ ဘာတွေရလို့… တတန်းလုံးမှာ ဒုတိယ အမှတ်အများဆုံးနဲ့ အောင်တယ်။ ကျွန်တော်က တတိယတန်းမှာ ဆရာမနှစ်ယောက် စလုံးနဲ့တော့ တည့်အောင် နေခဲ့တယ်၊ လူလည်…။

စတုတ္ထတန်းရောက်တော့ အ-မ-က ကျောင်းမှာဆို အကြီးဆုံးအတန်း ရောက်လာပြီပေါ့၊ ကျန်တာတွေက ကိုယ့်ထက်သာ အသက်ကြီးချင် ကြီးမယ် (ကြီးနိုင်တယ်)။ အတန်းပညာအရတော့ ကျွန်တော်တို့က အမြင့်ဆုံး ဖြစ်လာပြီ။ ဒါပေမဲ့ ကျွန်တော် မှတ်မိတယ်၊ ကျွန်တော်က ကလေးလိုပဲ နေတယ်၊ စာပိုကြိုးစားလာတယ်။

တကယ်တော့ ကျွန်တော်က ငပျင်း… ကြိုးစားချင်တဲ့သူ မဟုတ်ဘူး။ ဒါပေမဲ့ ခက်တာက စတုတ္ထတန်းသင်တဲ့ ဆရာမက ဒေါ်ကြွယ်ကြွယ်မြင့်၊ အပျိုကြီးပဲ… ဆရာမက ပြင်တတ် ဆင်တတ်တော့ လှတယ်၊ တရပ်ကွက်ထဲ အတူနေတာ ဖြစ်လေတော့ စနေ၊ တနင်္ဂနွေမှာလည်း ဆရာမကို တွေ့ရတတ်တယ်။

အခုခေတ် ကောင်မလေးတွေ ၀တ်တာ နောက်ကျပါတယ်၊ ကျွန်တော့် ဆရာမက အဲဒီတုန်းထဲက (ကျွန်တော် လူပျိုပေါက်ပေါ့) ဒူးခေါင်းပတ်လည် ဂျင်းစကတ်တိုနဲ့… ကျွန်တော်တောင် ဆရာမကို ငမ်းမိသေးတယ်။ အဲဒီလို…။

ဒါပေမဲ့ စတုတ္ထတန်းတုန်းကတော့ ငမ်းဖို့နေနေသာသာပါ၊ ဆရာမက အိမ်စာ မလုပ်ရင်၊ ကျက်ခိုင်းထားတဲ့ စာ… အလွတ် မရွတ်နိုင်ရင် ဖင်လှန် ရိုက်တာဗျ။ လေးတန်း ကလေးဖင် နုနုဖြူဖြူလေးတွေဗျာ… ကြိမ်လုံးနဲ့ဆိုတော့ အားပါးပါး နာလှတာပေါ့ဗျာ။ ကျွန်တော်တော့ တခါလား (တခါမှ မတခါဖူးဘူးလား) မမှတ်မိတော့ဘူး။

အရိုက်ခံရဖို့ကိုတော့ မ၀ံ့ရဲတာ အမှန်ပါပဲ။ ဆရာမက ကောင်မလေးတွေကိုလည်း အဲဒီလို ရိုက်တတ်တယ်လို့ ထင်ပါတယ်။ ကောင်မလေးတယောက်ဆို (ကျွန်တော့် ပြိုင်ဘက် တယောက်ပေါ့၊ သူ့ခမျာ ငယ်ငယ်မှာပဲ ဆုံးပါတယ်၊ အပျိုဖော်ဝင်စမှာ ထင်ပါတယ်) အဲဒီလို အရိုက်ခံရတော့ နောက်တရက် ကျောင်းမတက်နိုင်တော့ဘူး၊ ဖျားပြီ။ ရိုက်ခံရလို့ ဟုတ်ဟန် မတူပါဘူး၊ မိန်းကလေးမို့ ရှက်လို့နဲ့ တူပါတယ်။

အသက်က ၉ နှစ်၊ ၁၀ နှစ်။ ကျွန်တော်ဆို လက်တောက်လောက်လေး ရှိသေးတာပေါ့၊ ကလေးစိတ် ကလေးအတွေးကို ပြောတာပါ၊ တလွဲ မတွေးပါနဲ့ဦးနော်။ ဖင်ချွတ် အရိုက်ခံရရင် အတန်းရှေ့ထွက် ကျောက်သင်ပုန်းကို ကျောပေးရပ်၊ မျက်နှာက အတန်းဘက် (ကျောင်းသူကျောင်းသားတွေဘက်) လှည့်၊ ဆရာမက ဘောင်းဘီ အောက်ချဆိုရင် ငယ်ဖော်လေး လုံအောင် ကာရင်း ဖင်လေး ပေါ်အောင် ဘောင်းဘီ ခပ်လျော့လျော့လေး လုပ်ပေးရတယ်၊ ဆရာမ ကြိမ်လုံးသေးသေးလေးနဲ့ (အမယ် အရှိုးရာတော့ ကောင်းကောင်း ထင်တယ်ဗျ၊ ထားဝယ်ကြိမ်ဆိုလား… အခုရေးနေရင်းတောင် နည်းနည်း လန့်လာသလိုပါပဲ) ဆော်ပလော်တာပေါ့။

နှစ်ကျ လူကြီးတွေကတော့ အပြုံးမပျက် ခံချင်ခံနိုင်မှာပေါ့ဗျာ၊ သူတို့က အသက်နည်းနည်းကြီးတော့ ပုဆိုးတွေ၊ ဘာတွေတောင် စည်းနိုင်ပြီ ထင်ပါတယ်၊ ပုဆိုးလေး လှန်ပေး (နောက်ဘက်က လှန်ပေးတာကို ပြောတာပါ၊ ဖင်လေးပေါ်ရုံပေါ့) ဆရာမက ရွှမ်းကနဲ ဆော်ပေါ့။

မိန်းကလေးတွေတော့ ဘယ်လိုလှန်ပေးတယ် ကျွန်တော် မမှတ်မိတော့ဘူး၊ သူတို့ ကိုယ်တိုင် ရှက် မရှက်တော့ မသိပါဘူး၊ ကျွန်တော် ယောက်ျားလေး နုနုငယ်ငယ် ကတော့ အဲဒီတုန်းကတည်းက ရှက်စိတ်က ကြီးမားနေလို့ မကြည့်ဖြစ်ခဲ့ပါဘူး (နောင်တ ရလိုက်တာဗျာ)။ တကယ်ပါ တခါဆို တခါမှ မကြည့်ခဲ့ပါဘူး၊ ဒီတော့ ဘယ်လို လှန်သလဲ မသိဘူးပေါ့ဗျာ၊ ဘယ်လို လှန်သလဲဗျ။

ထင်ရတာတော့ မိန်းကလေးတွေက အောက်ခံ ဘောင်းဘီနဲ့ ဆိုတော့ (အတွင်းခံ ၀တ်ထားမယ်လို့ ထင်ပါတယ်၊ ယောက်ျားလေးတွေကတော့ အများစုက ဘောင်းဘီကို တထပ်တည်း ၀တ်တတ်ကြတယ်လို့ ထင်တာပါပဲ၊ ကျွန်တော်ဆို ၆ တန်း လောက်အထိ ပုဆိုးဝတ်နေပြီ ဖြစ်တာတောင် အောက်ခံ ဘောင်းဘီ၊ အတွင်းခံ ဘောင်းဘီ မ၀တ်တတ်ဘူး၊ ပူတယ် အိုက်တယ်) ချွတ်ပေးစရာ (ဖင်လုံးပေါ်အောင် လျှော့ပေးစရာ) မလိုဘူး ထင်ပါတယ်။

ဆရာမကလည်း အပျိုကလေးမို့ မိန်းကလေးတွေကိုတော့ ညှာမယ် ထင်တာပါပဲ။ မိန်းကလေးတွေကလည်း သိပ် အရိုက်ခံရတယ်တော့ မရှိပါဘူး။ နှစ်ကျတွေ အသက်ကြီးတွေကသာ မကြောက်ဘဲ ဒါမှမဟုတ် ကြောက်သော်လည်း သူတို့ကိုက ထုံထိုင်း လှသမို့ (၀ါ) အိမ်မှာ တခြား အလုပ်တွေ ရှိသေးလို့ အရိုက်ခံလိုက်တော့မယ် ဆိုပြီး အရိုက်ခံနေကြတာလည်း ဖြစ်နိုင်တာပါပဲ၊ ကျွန်တော်တော့ မသိပါဘူး။

အဲဒီလို ဆရာမက သံမဏိစည်းကမ်း (ဖင်ချွတ်ရိုက်တာ) နဲ့ ထိန်းချုပ်လို့ ကျောင်းသူကျောင်းသားတွေကို စာသင်တော့ ကျောင်းသားကျောင်းသူတွေ စာပိုလုပ်တာကတော့ သေချာပါတယ်၊ အထူးသဖြင့် ကြိုးစားတဲ့သူတွေ… ဆုလိုချင်တဲ့သူတွေပေါ့…။

ကျွန်တော်ကတော့ ဖင်ချွတ် အရိုက်မခံရရေးအတွက် စာလုပ်တာပါပဲ၊ ရည်မှန်းချက်တော့ ဒီလောက် ကြီးလှတယ် မဟုတ်ပါဘူး။ အခုထက်ထိတော့ ကလေးတွေကို (လေးတန်းပေါ့လေ) အဲဒီလို သံမဏိစည်းကမ်းတွေနဲ့ ရိုက်နှက်ကြတာ ရှိသေးသလား မသိပါဘူး။ အခုက ဒီမိုကရေစီခေတ်လို့ ဆိုတာကိုး… အလုပ်မဟုတ်ရင်… မဟုတ်တာ လုပ်ရင် တိုင်လို့ တန်းလို့ ရတယ်၊ တရားစွဲလို့ရတယ်၊ ဥပဒေပါ ခံစားခွင့်တွေကို တင်ပြ တောင်းဆိုလို့ ရလာပြီကောဗျာ။

ကျွန်တော်က ဆရာမ အတင်းသာ နင်းကန် တုတ်နေတာ… ဆရာမ တော်တာကိုလည်း ထည့်ပြောဖို့ ကျန်နေပါသေးတယ်။ ဆရာမဟာ အင်မတန်တော်ပါတယ်၊ အဲဒီ အချိန်ကတည်းက အဲဒီ ကျွန်တော်တို့ အ-မ-က ကျောင်းလေးမှာ အတော်ဆုံး ဆရာမပါ။ အသင်အပြ၊ ဘာသာရပ်ဆိုင်ရာ အမှန်တကယ် တတ်ကျွမ်းမှု၊ စည်းကမ်းကြီးမှု၊ ကျောင်းသားကျောင်းသူတွေကို ထိန်းနိုင်မှုတွေမှာ တကယ့်စံပြပါ။

ကျွန်တော်ကတော့ အဲဒီငါးနှစ်တက်ခဲ့ရတဲ့ အ-မ-က ကျောင်းလေးမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားရီပြီးရင် ဆရာမ ဒေါ်ကြွယ်ကြွယ်မြင့်ကို အလေးစားဆုံး၊ တန်ဖိုးအထားဆုံးပါ။ အချစ်ဆုံးကတော့ အထက်က ဆိုခဲ့တဲ့ ကြွေရုပ်ကလေးလို လှတဲ့ ဆရာမ ဒေါ်သန်းသန်းစိန်ပါ။

အခုတော့ ကျွန်တော့်ဆရာမ ဒေါ်ကြွယ်ကြွယ်မြင့်မှာ အိမ်ထောင်ကျလို့ လူကြီးကြီး ဖြစ်သွားပြီး အရင်လောက် (ကျွန်တော် ငယ်ငယ်က စွဲခဲ့ရသလောက်) မလှတော့ပါဘူး။ သင်္ခါရပေါ့ဗျာ။

နောက်တခုက… အခုတော့ မသိပါဘူး၊ ငယ်ငယ်တုန်းကတော့ ကျောင်းဆရာမတယောက်ဟာ တနှစ်လုံး တတန်းလုံးကို ဘာသာရပ် အကုန်လုံး သင်ရပါတယ်။ ဆရာမ ဒေါ်ကြွယ်ကြွယ်မြင့်ဆို ငါးဘာသာတောင် (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထ၀ီ) သင်ရတယ် ထင်ပါတယ်။ ဟူး… ဆရာမမို့လို့သာမို့…။

ဆရာမတွေ တော်တော်ပင်ပန်းမှာပဲလို့ ကျွန်တော် အခုအရွယ်မှာ တွေးမိပါတယ်။ ကျောင်းသားငယ်တော့ (ဥပမာ သူငယ်တန်း၊ ပထမတန်း) စာသင်ရတာ မခက်ပေမယ့် အဲဒီကောင်တွေ အိမ်သာထဲ ဘာလုပ်နေသလဲ၊ ဘောင်းဘီထဲ သေးထွက်တဲ့ ကောင်က ရှိသေးတယ်၊ ကလေးချင်း (ကျောင်းသားချင်း) ရန်ဖြစ်ပြီး ခဲတံနဲ့ ထိုးတာမျိုး ကြုံရမယ်၊ မိဘတွေ (အထူးသဖြင့် မိခင်တွေ) ပွားတာကို ခံရသေးတယ်။

ဆရာမတွေခမျာ… တော်တော် သည်းခံရပါတယ်။ အိမ်မှာလည်း အိမ်တွင်းရေးတို့၊ အိမ်ထောင်ရေးတို့၊ စီးပွားရေးတို့ အဆင်မပြေတဲ့ ဆရာမတွေဆို ကိုယ်စာသင်ရတဲ့ ဒီ ဘုစုခရု ချာတိတ်တွေ၊ ပိစိမတွေကလည်း တယောက်တမျိုး အော်နေ စိတ်နှောက်အောင် လုပ်နေမယ်ဆိုရင် တော်တော် ဒေါသထွက်မိမှာပါပဲ။ ဒါပေမဲ့ ကျွန်တော့် ဆရာမတွေကတော့ ကျွန်တော့်ကို ဘာမှ မလုပ်ခဲ့ကြပါဘူး။

ကဲ… ကျွန်တော့် ဆရာမအကြောင်း ဆက်ပြောလိုက်ပါဦးမယ်၊ ဒေါ်ကြွယ်ကြွယ်မြင့်ဟာ အဲဒီတုန်းကတော့ အပျိုကြီးလည်း ဖြစ်၊ စိတ်ထက်သူလည်း ဖြစ်၊ ကိုယ်တိုင်ကလည်း စည်းကမ်း ကြီး၊ ဘာသာရေးလည်း ကိုင်းရှိုင်းတော့ ဆရာမကို ကြည့်လိုက်မိတဲ့ အခါတိုင်း ဆရာမဟာ လန်းဆန်း၊ သန့်ပြန့်၊ အားကျစရာကြီး ဖြစ်နေပါတော့တယ်။ တကယ်လည်း အတုယူ အားကျခဲ့ရပါတယ်။

ဆရာမ ရိုက်မှာကို ကြောက်တဲ့ ကျွန်တော်လည်း ဆရာမ လုပ်ခိုင်းတဲ့ အိမ်စာတွေ၊ တွက်ခိုင်းတဲ့ သင်္ချာတွေ၊ ကျက်ခိုင်းတဲ့ စာတွေကို နှုတ်တက်ရွရွ အာဂုံရအောင် ကျက်ရ၊ မှတ်ရ၊ ဖတ်ရ၊ ကူးရပါတယ်။ ဒီလိုနဲ့ စာမေးပွဲ အတန်းတင် ဖြေပြီးတယ်။

နွေကျောင်းပိတ်ရက်မှာ ဆရာမက သူ့အိမ်ဘေးက ကျောင်းသူ တယောက်အိမ်မှာ (ချစ်စရာ တရုတ်မလေး… ပြည်ကြီး ပြန်သွားပြီ… စိုးသူဇာလှိုင်တဲ့၊ အဲဒါတုန်းက မင်းသမီး စိုးမြတ်သူဇာ ဆိုတာ မပေါ်သေးဘူး၊ သူငယ်ချင်းမလေး နာမည်က ဘယ်လောက်လှသလဲ ကြည့်) ပရိတ်ကြီး ၁၁ သုတ်ထဲက မင်္ဂလသုတ်တို့၊ မေတ္တာသုတ်တို့နဲ့ တခြား ဗုဒ္ဓဘာသာ အခြေခံတွေကို သင်ပေးတယ်။

အမေက တက်ခိုင်းလို့ကော… ဆရာမနဲ့ ဆက်တွေ့ နေရမယ့် အရေးကော၊ တရုတ်မလေးတို့ အိမ်သွားရမှာမို့ရော သားရွှေအိုး ထမ်းကိန်းဆိုပြီး ကျွန်တော် သွားတယ်။ ဘုရားစာ တတ်ချင်လို့ မဟုတ်ဘူးနော်… အဲဒီလို ကျွန်တော်။ လိုချင်တဲ့ သုံးခုတော့ ရပါရဲ့… ဒါပေမဲ့ ဆရာမရဲ့ ဒီည ဒီသုတ်ရဲ့ သုံးပိုဒ်ရအောင် ကျက်ခဲ့၊ ဟိုဟာ အလွှတ်ရအောင် လုပ်ခဲ့ ဆိုတာတွေကို လိုက်လုပ်ရတော့ ပင်ပန်းလိုက်တာဗျာ။ တခုလိုချင် တခု ပေးဆပ်ရတယ်ဆိုတာ မှန်သားဗျာ။

အဲ… နောက်ဆုံးချုပ်ရရင်တော့ အ-မ-က ကျောင်းလေးရဲ့ နှစ်စဉ် ကျင်းပတဲ့ ပညာရည်ချွန် ဆုပေးပွဲ ကျင်းပတဲ့အခါ စတုတ္ထတန်း တတန်းလုံးမှာ ကျွန်တော် ပထမ ရပါတယ်၊ အင်္ဂလိပ်စာ ထူးချွန်ဆုလည်း ရပါတယ်၊ ဗုဒ္ဓဘာသာ အခြေခံ ယဉ်ကျေးမှု စာမေးပွဲကိုလည်း ကျောင်းကိုယ်စား ၀င်ဖြေခဲ့တာမှာ အောင်လို့ ဆုရပြန်တယ်၊ နောက်တဆုလည်း ရသေးတယ် ထင်ပါတယ်… မမှတ်မိတော့ဘူး။

ဆုတွေရတော့ ကျွန်တော့် နာမည်ခေါ်တိုင်း ဆုထွက်ထွက် ယူတာပေါ့လေ၊ အဲဒီမှာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ မိဘဆရာ အသင်းက လူကြီးလား၊ ရပ်ကွက်လူကြီးလား မသိပါဘူး လူကြီးတယောက်က ကျွန်တော့်ကို “ဟ… ကောင်လေးရ… တော်ပါတော့ကွ၊ မင်းချည်းပဲ၊ လက်ခုပ်တီးတာတောင် လက်ညောင်းလှပြီ“ လို့ ပြောခံခဲ့ရဖူးကြောင်းပါခင်ဗျာ။

ကျန်းမာချမ်းသာကြပါစေ။

ကန်တော့ပန်း။ ။ ဆရာမ ဒေါ်ကြွယ်ကြွယ်မြင့်နှင့်တကွ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားရီ အမှူးပြုသော အ-မ-က ကျောင်းလေးမှ ဆရာမများ အားလုံးကို လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ သားတပည့်လေး ကျွန်တော် ရိုသေစွာ ရှိခိုး ကန်တော့ပါတယ်ခင်ဗျာ။ ဆရာမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ ခင်ဗျာ။

၂၀၁၁ ခုနှစ်၊ မေလ ၁၉ ရက်။ ကြာသပတေးနေ့။
ညသန်းခေါင်။