လက်ရှိကာလတွင် ကျွန်တော့်မှာ ကတုံး ဖြစ်နေပြီး စိတ်မှာလည်း မိမိကိုယ်ကို တုံး၊ အ၊ န၊ ပိန်းလွန်းတယ်လို့ ထင်မြင်နေပါလို့ ဒီစာစု မဖြစ်ညစ်ကျယ်ကို ရေးထုတ်ရခြင်း ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်နဲ့ ပတ်သက်လို့ အရင်ပြောပါရစေဦး၊ ကျွန်တော်က ဖေ့စ်ဘုတ်ကို သတင်း အချက်အလက်များ ဖလှယ်ရာ၊ အတွေးအခေါ်များ ဖော်ထုတ် တင်ပြရာ၊ တဦးနဲ့တဦး ပြင်ဆင် တည့်မတ် ထောက်ပြရာလို့ ရိုးရိုးသားသား ယူဆပါတယ်။ သို့မို့ကြောင့်လည်း ရင်ထဲမှ ပေါက်ဖွားလာတဲ့ အတွေးလေးတွေ၊ ရယ်စရာလေးတွေကို နုတ်နဲ့ တမျိုး၊ မတ်ဆေ့ခ်ျနဲ့ တသွယ် တင်ပြလေ့ ရှိပါတယ်။

တခါတခါတော့ ငါ… ဒါ… စတန့်ထွင်သလိုများ ဖြစ်နေရယ်သလားလို့ သရိုးသရီ ဖြစ်မိပါတယ်။ ကျွန်တော်ကလည်း တခါတခါ လုပ်တတ်တာကိုးနော်ဗျာ၊ ဘာရယ် မဟုတ်ပါဘူး… ဒီလို မတ်ဆေ့ခ်ျမျိုး ကျွန်တော် ကြိမ်ဖန်များစွာ ရေးဖူးပါတယ်။ “အရည်အချင်း တူရင် မောင်မောင် အရှုံးပေးလိုက်မယ်“။ သို့လော… သို့လော မတွေးလိုက်ပါနဲ့နော်… အရည်အချင်းနဲ့စပ်လို့ စိတ်ထဲ ပေါ်လာတာလေး ချရေးဖြစ်တာပါ၊ ဝေဖန်ဖို့နဲ့ ဆင်ခြင်နိုင်ဖို့ပါ။ ဟဲ… ဟဲ…။

တခါတလေတော့ ကျွန်တော့်စိတ်ထဲ ရေးချင်တာတွေများ လက်ယားနေတာပါပဲ၊ ဒါပေမဲ့ သင့်မသင့် တော်မတော် စဉ်းစားနေတာနဲ့ပဲ တချို့ အတွေးတွေဟာ နေလာ နှင်းပျောက် ဖြစ်ရတာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော် တခါတလေ နှုတ်ဆိတ်နေတာ (အမှန်က လက်တိတ်နေတာလို့ ပြောရတယ်) များတဲ့အခါ ကျွန်တော့်ကို ခင်တဲ့ ကျွန်တော်ကလည်း ခင်တဲ့ သူငယ်ချင်းမ တယောက်က ကျွန်တော့်ကို အကြံပေးပါတယ်။

“မျိုးကြီးရာ… နင် ရေးတာလေးတွေ တချို့တလေ ကောင်းပါတယ်၊ စိတ်ထဲရှိတာလေးတွေ တခါတခါ ရေးပြတာ ကောင်းပါတယ်၊ ၀ှက်မထားပါနဲ့… သိရတာပေါ့“လို့ ဆရာလေလိုလို အညာလေလိုလိုနဲ့ သူက ပြောလာတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်၊ သူ့ကို ကျေးဇူးတင်တဲ့အခါတိုင်းမှာလည်း ဒီကလေးမဟာ… စိတ်နှလုံးကောင်း ရှိရှာတယ်၊ ဒါကြောင့် သူ့ရုပ်ရည် ကလေးဟာ ကမ္ဘာကျော် ရုပ်ရှင်ကားဖြစ်တဲ့ ကျွန်တော်တို့ ငယ်ငယ်က အထူးကြိုက်ခဲ့ရတဲ့ GHOST ရုပ်ရှင်ထဲက အကယ်ဒမီဆုရှင် သရုပ်ဆောင် မင်းသမီး ဟူပီ ဂိုးလ်ဘတ်နဲ့ တူနေတာပဲလို့ တွေးထင်မိခဲ့ပါတယ်။

အဲဒါကို တခါသားတော့ မနေနိုင်လို့ သူ့ကို ထုတ်ဖော် ပြောဆိုမိပါတယ်၊ ဒီတော့ သူက စိတ်ဆိုးပါတယ်။ ကျွန်တော်ကလည်း အထက်က ဆိုခဲ့သလို တော်တော် တုံးပါတယ်၊ ဟ… ဘယ့်နှာကြောင့်လဲ… ကမ္ဘာကျော် မင်းသမီးနဲ့ တူတယ်လို့ ပြောတာကို ဘာကြောင့်များ စိတ်ဆိုးရသလဲပေါ့။

လန်ဒန်မြို့မှာများ ပြီးခဲ့တဲ့နှစ် (၂၀၁၀) သြဂုတ်လက ဟူပီ ဂိုးလ်ဘတ် တယောက် Sister Act ပြဇာတ် လာကတဲ့အခါ လက်မှတ်များ ရောင်းမလောက်အောင် ဖြစ်သွားတဲ့အပြင် လက်မှတ်ခတွေလည်း ဈေးကြီး ကုန်ပါတယ်၊ ခမျာလေးမှာ ရက်ပိုင်းသာ ကရပါသေးတယ်၊ အမေကြီး လေဖြတ်လို့ အမေရိကကို အပြေးအလွှား ပြန်သွားခဲ့ရပါရောလားဗျာ။

ဒီတော့ သူငယ်ချင်းမ ဘာကြောင့် စိတ်များ ဆိုးလေသလဲ ဆိုတာကို စဉ်းစားမရပါ။ ကျွန်တော့်များ ဟောလီးဝုဒ် သရုပ်ဆောင်တွေဖြစ်တဲ့ ဂျော့ ကလူနီတို့၊ ဒင်ဇယ် ၀ါရှင်တန်တို့နဲ့ တူတယ်လို့ ချီးကျူးပြောလာခဲ့ရင် အသက်ငယ်သေးတဲ့ ကျွန်တော့်ကို အသက်ကြီးသော သရုပ်ဆောင်များနဲ့ နှိုင်းရက်လေခြင်းလို့ စိတ်ဆိုးနေမှာ မဟုတ်ပါဘူး၊ သဘောကျလို့တောင် နေဦးမှာပါလေ။

ထားပါတော့… ပြောချင်တာက ကျွန်တော် တုံးတဲ့ အကြောင်းပါ၊ တချို့က လည်တယ်လို့ ထင်တတ်ကြပါတယ်၊ ရုပ်ရည်ကို ကြည့်ပြီး ပြောကြတာလည်း ဖြစ်ပါလိမ့်မယ်၊ တကယ်တော့ ကျွန်တော်က တုံးတယ်၊ ရိုးရိုးသားသားပဲ မြင်တတ် ပြောတတ်တယ်၊ ဟန်ဆောင် ပန်ဆောင်လည်း မလုပ်တတ်ဘူးလေ။

ကိုယ်က လုပ်ချင်သလိုကို မဟုတ်တာ လုပ်ထားပြီး မသိရင် အလွန်သဘောထားကြီးတဲ့ ပုံစံမျိုး နေတတ်တဲ့ ခေါင်းဆောင်တွေကို ကျွန်တော် တွေ့ဖူးပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာလည်း ရှိပါတယ်။ သတင်းစာ ဖတ်တဲ့သူတွေ၊ ရုပ်မြင်သံကြား ကြည့်တဲ့သူတွေဆိုရင် သိကြပါလိမ့်မယ်။ အဲဒါမျိုးတော့ ကျွန်တော် သရုပ်ဆောင် မကောင်းပါ၊ ဟန်လည်း မလုပ်တတ်ပါ၊ ခပ်တည်တည်လည်း မပြောတတ်ပါ၊ ကျွန်တော် တုံးပါတယ်။

ကျွန်တော်တို့ သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာလည်း ဒါမျိုး ဟန်ဆောင်တတ်သူတွေ၊ လိမ်ညာတတ်သူတွေ ရှိပါတယ်။ ရှေ့တမျိုး၊ ကွယ်ရာတမျိုး အိုက်တင် အမျိုးမျိုး ပြောင်းလဲတတ်သူတွေ ရှိပါတယ်။ အဲဒါမျိုးတော့ ကျွန်တော် မလုပ်တတ်ပါ၊ တုံးပါတယ်။

စကားစပ်လို့ ပြောရရင် ဖေ့စ်ဘုတ်ကို နေ့၊ ည အသုံးစွဲကောင်းတဲ့ ကျွန်တော့်မှာ နှစ်နှစ်နီးပါး ရှိလာတဲ့အခါ မိတ်ဆွေ (Friends) ၃၀၀၀ ကျော်လာခဲ့ပါတယ်။ ပထမတနှစ်မှာတော့ ကျွန်တော်က များများ အက်ဒ်ပါတယ်၊ နောက်ပိုင်းတနှစ်မှာတော့ သူများက များများ အက်ဒ်လာတယ်။ ဒါနဲ့ပဲ လူတွေ များလာပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော်နဲ့ ရင်းရင်းနှီးနှီး ခင်တဲ့သူကကျတော့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီအောက်မှာပဲ ရှိနိုင်ပါတယ်။

တခုတော့ ရှိပါတယ်၊ အထက်မှာ ပြောခဲ့သလိုပါပဲ… ကျွန်တော်ရဲ့ စိတ်ကိုက အဖြူထည်ပါ၊ ပြောမယ် ဆိုမယ် ဆွေးနွေးမယ်၊ ဖလှယ်မယ်၊ ရှယ်မယ်ပေါ့ဗျာ။ ဒီတော့ အိုကေလောက်တယ်လို့ တွေးပါတယ်၊ အင်္ဂလိပ်လို ပြောရမယ်ဆိုရင်တော့ လူတွေမှာ Extrovert (အများကို စိတ်ဝင်စားသူ)၊ Introvert (ကိုယ့်ကိုယ်ကိုယ် စိတ်ဝင်စားသူ) ဆိုပြီး ယေဘူယျ ရှိပါတယ်။

ကျွန်တော်ကတော့ လက္ခဏာနှစ်မျိုးစလုံးနဲ့ ဖွဲ့စည်းထားသူလို့ ပြောရင်ရမယ် ထင်ပါတယ်၊ ကိုယ်ကလည်း ပြောမယ်၊ သူ့ကိုလည်း စိတ်ဝင်စားမယ်။ ပြောကြဆိုကြ ဆွေးနွေးကြမယ်ပေါ့၊ ဒါက ကျွန်တော့်ဘက်က… တဖက်ကကြတော့ အဲဒီလို မဟုတ်တဲ့သူတွေ ရှိလာတယ်။ ရင်းနှီးမှု အတိုင်းအတာ ကွာတာလည်း ရှိနိုင်ပါတယ်။ ကျွန်တော်က အဲဒီလောက်အထိတော့ အများကြီး လိုက်မတွေးတော့ဘူး၊ တုံးပါတယ်လို့ဆို…။

တချို့က သိပ်လည်တယ်၊ သူတို့က သိပ်တော်တယ် ထင်တယ်၊ လူကို မေးခွန်း သုံးလေး ငါးခွန်း မေးလာပြီး အဆုံးအဖြတ် ပြုလိုက်ချင်တယ်။ ကျွန်တော်က နဂိုကတည်းက တုံးတယ်၊ လူတွေကိုလည်း လွယ်လွယ်နဲ့ အဆုံးမဖြတ် မပြုချင်ဘူး (ဒါတောင် တခါတလေ ရင်းနှီးလွယ်လွန်းပြီး ပြောတတ်ဆိုတတ်တော့ ဒုက္ခ များဖူးတယ်) မေးခွန်းလည်း အများကြီး မေးတတ်တယ်၊ သိနိုင်သလောက် များများ သိထားတာတောင် (သိအောင် ကြိုးစားထားတာတောင်) ကျွန်တော် ခံလိုက်ရတာ များတယ်။

တချို့က လိမ်မှ ကြိုက်တယ်၊ ညာတာကို သဘောကျတယ်၊ ပါဝါကို ကစားတတ်တယ်၊ ယာစကာကို သနားတတ်တယ်။ ကျွန်တော်က တုံးတယ်လို့ ဆိုချင်ဆို… အဲဒါတွေ တခုမှ မကြိုက်ဘူး၊ ရယ်စရာတော့ နည်းနည်း ကြိုက်တယ်… တုံးတယ်လို့ ကြိုက်သလိုဆို… တချို့ဟာသတွေတော့ လွယ်လွယ်နဲ့ကို မရယ်တတ်ဘူး။

ကျန်းမာချမ်းသာပါစေဗျာ။

စကားချပ်။ ။ မဖြစ်ညစ်ကျယ်-ကြိဝိ- မစွမ်းဘဲ စွမ်းဟန်ပြုလျက်၊
သရိုးသရီ-ကြိဝိ- အနည်းငယ် မအီမသာဖြစ်လျက်
ယာစကာ-န- သူတောင်းစား

၂၀၁၁ ခုနှစ်၊ မေလ ၁၈ ရက်၊ အင်္ဂါနေ့။
ညသန်းခေါင်။