ဒီလိုလေ… လူတွေက ကောင်းတဲ့အရာတွေ လုပ်ရကိုင်ရ ဆောင်ရွက်ရမယ် ဆိုတာကို သိထားကြပေမယ့် မေ့မေ့သွားကြတယ်၊ ကျွန်တော်လည်း အပါအ၀င်ပေါ့။ လူဆိုတဲ့အမျိုးက ဆင်ခြေဆင်လက်ကလည်း အကောင်းသားဗျ၊ မဟုတ်တာ တခုခု လုပ်ထားဦး… အဲဒီအတွက် အကြောင်းပြချက်က ရှိပြီးသားရယ်…။

“မျိုး… မင်း မျက်နှာက ပြုံးနေရင် သိပ်ကြည့်လို့ ကောင်းတယ်၊ မျက်နှာကြီးကို မှုန်ကုပ်ကုပ် မလုပ်ထားပါနဲ့“ ကျွန်တော့် အဖွားအရွယ်လောက်ရှိတဲ့ နိုင်ငံခြားသူ တဦးက ပြောဖူးတာပါ၊ သူတယောက်ထဲမှရယ် မဟုတ်ပါဘူး… ကျွန်တော့်ကို အဲဒီလို ပြောတဲ့လူတွေ လေး၊ ငါးယောက် ရှိပါတယ်။ ဒီတော့ ကျွန်တော် သတိရတိုင်း ကြိုးစားပြီး ပြုံးပါတယ်၊ ဒါပေမဲ့ ကျွန်တော် ပြုံးဖို့ တခါတခါ မေ့မေ့နေခဲ့တယ်။

လူတွေက သိကြပါတယ်၊ အရက်သောက်တာဟာ မကောင်းဘူး… စီးပွားဥစ္စာတွေ ပျက်စီးဆုံးရှုံးစေတယ်၊ အပေါင်းအသင်းတွေရဲ့ ကျဉ်ခြင်းကို ခံရတတ်တယ်၊ ကျန်းမာရေး ထိခိုက်စေတယ်။ ဒါပေမဲ့ ဘာဖြစ်သလဲ၊ လူတွေ မေ့မေ့သွားတယ်။ မေ့သွားအောင်ပဲ အရက်သောက်တာလို့ သူတို့က ဆိုတယ်။ ကျွန်တော့် မိတ်ဆွေတယောက်ကဆိုရင် အခုလို ဆိုဖူးတယ်၊ “မေ့လိုက်ချင်တယ်ဗျာ“တဲ့။

ကျွန်တော် သိတယ်၊ စာအုပ်တွေ ၀ယ်ထားတာ ကုန်အောင် ဖတ်ရမယ်၊ ပြီးရင် သူများ ပေးချင်လည်း ပေး၊ ပစ်ချင်လည်း ပစ်…။ ဒီမှာက လူတွေက အိမ်တွေ ခဏခဏ ပြောင်းရွှေ့နေကြတော့ ပစ္စည်းတွေ များများ မသယ်ချင်ရင် လွှင့်ပစ်ကြတယ်၊ စာအုပ်တွေလည်း ပစ်တာပဲ၊ ကျွန်တော်တောင် သူများ ပစ်ထားတာ တခါ ကောက်သယ် လာဖူးတယ်။ ဒါပေမဲ့ ကျွန်တော် မေ့မေ့နေတယ်။ ဟား ဟား… တကယ်တော့ မျက်စိရှေ့ထားပြီး မေ့တာမျိုးကတော့ မကောင်းပါဘူးဗျာ။

ကျွန်တော် မေ့နေတာတွေ များတယ်။ ကောင်းတာတွေ… ကိုယ့်အတွက် အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေကို မေ့မေ့လိုက်တော့ ကျွန်တော်ပဲ နစ်နာဆုံးရှုံးတာပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာ အကြောင်းပြချက် ရှိတယ်၊ ကျွန်တော်ဟာ ကျွန်တော့်မိတ်ဆွေလိုတော့ မေ့လိုက်ချင်ခဲ့သူ မဟုတ်ဘူး။ ကျွန်တော့် ဆင်ခြေ မလှဘူးလား။

နေဦးဗျ၊ ကျွန်တော်က မေ့သာသွားတယ်၊ ခံစားချက်ကတော့ ပြင်းထန်သူတယောက်… သေးသေးဖွဲဖွဲလေးကနေ ကမ္ဘာပျက်မယ့် ကိစ္စအထိ ကျွန်တော် ခံစားတတ်တယ်၊ ခံစားတတ်သမှ ဘယ်လောက် နူးနူးညံ့ညံ့ ခံစားမလဲ၊ အကြမ်းလား… ကျွန်တော် အကုန်လုံးကို ခံစားလိုက်လို့ရတယ်။

ကျွန်တော် သိပါတယ်၊ တကယ်က သရုပ်ဖော် တင်ဆက်သူ (performer) တယောက်အဖြစ် လေ့ကျင့်ပြီး လုပ်မယ်ဆို ကျွန်တော့် စိတ်အခံနဲ့ လုပ်လို့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် မေ့မေ့နေတယ်။

အပြုံးကိစ္စ ပြန်သွားရအောင်… ပြုံးတာဟာ မကောင်းဘူးလား၊ ပြုံးတာဟာ မကောင်းဘူးဆိုရင် မဲ့တာဟာ ကောင်းသလား။ ကျွန်တော်တို့ အားလုံး သိပါတယ်၊ ပြုံးတာက ကောင်းတယ်၊ မဲ့တာက မကောင်းဘူး။ ကဲ… ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ နေ့စဉ်(အချိန်ကာလ)ကနေ ဘ၀(တလျှောက်)ထဲမှာ ပြုံးတာနဲ့ မဲ့တာ ဘယ်ဟာက ပိုများနေသလဲ။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစု၊ ကျောင်း၊ လုပ်ငန်းခွင်နဲ့ နေရာဌာနတွေမှာ ကျွန်တော်တို့ ရှိနေခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ ပြုံးနေရယ်နေ နိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ မေ့နေလို့ပါ၊ အဲဒီလို အချိန်တွေက ဘ၀တခုလုံးနဲ့ ယှဉ်လိုက်ရင် လူအများစုမှာက သိပ်များများ မရှိနိုင်ပါဘူး၊ ဒီနေ့လိုခေတ်(ကျပ်)မှာဆိုရင် ပိုဆိုးတာပေါ့ဗျာ။

ဒါပေမဲ့… ဒါပေမဲ့၊ ဒီဒါပေမဲ့ကတော့ အကောင်းဗျ၊ အမြဲတမ်း ပြုံးနေတဲ့ လူတွေရှိတယ်၊ သူတို့ကို ကြည့်လိုက်ရင် အမြဲပြုံးနေတယ်။ ဥပမာ ခုန အပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ သရုပ်ဖော် တင်ဆက်သူ (သရုပ်ဆောင်)တွေ၊ လူထုဆက်ဆံရေးမှူးတွေ၊ ကျွမ်းကျင်သူတွေ၊ လေ့ကျင့်ထားသူတွေ… သူတို့ကြတော့ အမြဲပြုံးနေကြတယ်။

“ပန်းပန်လျှက်ပါ“ ရုပ်ရှင်ဇာတ်ကားမှာ မဗေဒါလေ.. “ငိုချင်ရက်နဲ့ ဇာတ်ကွက်ကိုဆ… ရယ်လိုက်ရတယ်“တဲ့။ သူတို့ ရင်ထဲမှာ ငိုနေပေမယ့် အခု ရယ်ဆို မျက်နှာက ပြုံးပြနိုင်တယ်လေ၊ ဒါက သူတို့ အလုပ်ကိုးဗျလို့ ဦးလေး ဆင်ခြင်ပေးတော့မယ်နဲ့ တူပါတယ်။ ကျွန်တော်တို့ မေ့နေလို့ပါ၊ ဒီလို ပြုံးနိုင်ဖို့ဆိုတာ ကျွန်တော်တို့ လေ့ကျင့်ထားလို့ ရပါတယ်၊ အဲဒီလို လေ့ကျင့်ထားသူတွေကို ကျွန်တော် နေ့စဉ်တွေ့နေရလို့ပါ။

မနက်မိုးလင်းလို့ အလုပ်သွားရပြီဆိုရင် မြေအောက်ရထားထဲမှာ လူအများစုက အကုန်ရုပ်တည်တွေနဲ့ချည်းပါ (ကျွန်တော် အပါအ၀င်ပေါ့၊ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေ အမြဲပေးပါတယ်၊ ငါ မေ့သွားလို့ပါကွာလို့…) အဲ… အနည်းစုဖြစ်တဲ့ တချို့ကတော့ ပြုံးလို့ပါ။

ရထားကနေ ဘူတာကိုတက်… အပြင်ထွက် လမ်းလျှောက်တော့လည်း လမ်းမှာ အများစုက သုတ်သုတ် သုတ်သုတ်နဲ့ ပြေးလွှားသွားလို့ တည်တည်ရှိနေပေမယ့် အဲဒီထဲမှာတော့ အလွန်နည်းတဲ့ အရေအတွက်နဲ့ တချို့ကတော့ ပြုံးလို့ပါပဲ။

အဲဒီတော့ ပြုံးတော့ ဘာဖြစ်သလဲ၊ မပြုံးတော့ကော ဘာအရေးလဲကွာလို့ မေးလာရင် ကျွန်တော့်မှာ အဖြေရှိပါတယ်။ ပြုံးထားတဲ့ အပြုံးပိုင်ရှင်တွေကို တွေ့ရင် ကျွန်တော်လည်း ဟိုက်… ငါပြုံးဖို့ မေ့နေပါလား၊ ငါရုပ်က ရုပ်တည်ကြီး(ရုပ်မာကြီး) ဖြစ်နေပါလားလို့ ချက်ချင်းတွေးမိပြီး ပြုံးဖို့ သတိရသွားပါတယ်၊ ချက်ချင်း ဆိုသလို ကျွန်တော် တချက် ပြုံးလိုက်မိပါတယ်။ အလွန်ကို နေရထိုင်ရ အရသာ ရှိလိုက်တာဗျာ၊ အလုပ်သွားရတာ ပိုပျော်သွားသလိုပါပဲ။

များသောအားဖြင့်တော့ မနက်မိုးလင်းရင် ရုပ်တည်ကြီးနဲ့ အိပ်ရာထ၊ ရုပ်တည်ကြီးနဲ့ ရထားစီး၊ ရုပ်တည်ကြီးနဲ့ ရုံးကိုဝင်၊ ရုံးခန်းရောက်လို့ အပေါင်းအဖော်တွေ့မှ မင်္ဂလာပါလို့ တချက်ပြုံးပြီး နှုတ်ခွန်းဆက်… ကျွန်တော် ရုပ်တည်ကြီးနဲ့ အချိန်တော်တော် ကုန်သွားခဲ့တာပါလား။ ကျွန်တော် မေ့မေ့သွားတာကိုးဗျာ။ အမှန်က အဲဒီအချိန်လေးပဲ တကယ်တမ်း ပြုံးမယ်ဆို ပြုံးနိုင်တာဗျ။ မဟုတ်ရင်…။

အဲ… ရုံးကျတော့ ရောက်တာနဲ့ အလုပ်ထဲ စ နစ်သွားပြီး (များသောအားဖြင့်) ဘယ်သူမှ မပြုံးနိုင်တော့ပါဘူး၊ အသည်းအသန်တွေပါပဲ… တခါတလေ အငြင်းအခုံ ပြုရတာမျိုးတွေ ရှိတဲ့အခါ ပိုလို့တောင် အပြုံးအရယ် နည်းသွားတတ်ပါတယ်။ ကျွန်တော်တို့ဟာ အလုပ်မှာသာ ဇောကပ်လို့ ပြုံးရယ်ဖို့ကို မေ့နေကြတာကိုးဗျာ။

ဒီလိုသာ အပြုံးအရယ် နည်းနေရင် မျက်နှာကြောကြီးတွေ ရှုံ့တွ တင်းရင်းနေမယ်၊ အာရုံကြောတွေ တအား အားစိုက်ထားရမယ်၊ ရောဂါအခံရှိသူတွေ ရောဂါတွေ တိုးတက်လာလို့ နှလုံးတုန်၊ မူးဝေတာတွေ ဖြစ်လာမယ် (အထူးသဖြင့် အသက် ၄၀ ကျော်လာတဲ့အခါ)၊ အဲဒီ ဖြစ်စဉ်တွေကို ရင်ဆိုင်ကြရပါမယ်။

ကျွန်တော် ပြောနေတာက မိန်းမရွှင်လို အလုပ်ဖြစ်ဖို့ ပြုံးရယ်ခိုင်းတာ မဟုတ်ပါဘူး၊ အဲဒီ အပြုံးအရယ်မျိုးကို ဘယ်သူမှ မနှစ်မြို့ဘူး (မမူးသေးရင်) ဆိုတာလည်း ကျွန်တော် သိပါတယ်။

ကျွန်တော်ဆိုလိုတာက သိမ့်သိမ့်မွေ့မွေ့ နူးနူးညံ့ညံ့လေး၊ ဂန္ထ၀င်ဆန်ဆန်လေး၊ နန်းဆန်ဆန်လေး၊ တနေ့တာကို သာယာစေနိုင်တဲ့ အပြုံးမျိုးကို ပြောတာပါ။ “မနက်ခင်းလေးမှာ နိုးလာခဲ့တယ်… အရင်ဆုံး မင်းကို တွေးပါတယ်“ ဆိုပြီး ထူးအိမ်သင်လို ၀မ်းမနည်းဘဲ ပြုံးနိုင်ဖို့ပါ။ သိပ်လှတဲ့ အပြုံးမျိုးပေါ့။

ကျွန်တော်ကိုယ်တိုင်ကတော့ ပြောခဲ့သလိုပါပဲ… အာရုံစိုက် အလုပ်လုပ်ရပြီဆိုရင် မျက်ခုံးနှစ်ခုကို ပူးကပ်သွားအောင် စုစည်းအားယူ၊ နဖူးကြောတွေ ရှုံ့တွနေအောင်လုပ်လို့ မျက်နှာကြီးကို မဲ့ရွဲ့ပြီး အလုပ် လုပ်တတ်ပါတယ်။ ဒီတော့ ဘာဖြစ်သလဲ… အခုနှစ်ပိုင်းအတွင်းမှာ ကျွန်တော့် ရုပ်ကြီး မာလို့ ရင့်ထော်သွားတာပေါ့ဗျာ။ ကျွန်တော် မေ့နေခဲ့တာကိုး…။

အလုပ်နားရက် အားရက်ဆိုရင်တော့ များသောအားဖြင့် ကျွန်တော် ပြုံးနေတတ်တယ်။ တခါတလေ အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ အဖွဲ့ကျနေရင် အားပါးတရ ရယ်မောနေတတ်တယ်။ အဲဒီအခါများမှာ ကျွန်တော့် အဖွားအရွယ် နိုင်ငံခြားသူကြီး ပြောတာကို ပြန်ကြားယောင်လာတယ်၊ ဟုတ်တယ်လေ… သူတို့က နိုင်ငံအစုံစုံ၊ လူမျိုးအထွေထွေ၊ အတွေ့အကြုံ အဖွယ်ဖွယ် စုံတကာစေ့ စုံခဲ့ကြသူတွေကိုး… အလှမြင်တတ် ကြည့်တတ်သူတွေကိုးဗျာ။

ဘာတဲ့… “မျိုး… မင်း မျက်နှာက ပြုံးနေရင် သိပ်ကြည့်လို့ ကောင်းတယ်၊ မျက်နှာကြီးကို မှုန်ကုပ်ကုပ် မလုပ်ထားပါနဲ့` တဲ့။

ခက်တာက ကျွန်တော်က မေ့မေ့နေတတ်တယ်၊

ဦးဦးတို့ ဒေါ်ဒေါ်တို့ သားကို လှမ်းတွေ့လို့ သတိရတဲ့အခါ ပြုံးခိုင်းလိုက်ပါဦး… နော်။

၂၀၁၁ ခုနှစ်၊ မေလ ၁၃ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ။