တနှစ်ကျော်ကွဲကွာနေတဲ့ အမိမြန်မာမြေပြန်လည်ပြီး လန်ဒန်ပြန်လာတော့ ဗိုက်ကလေးတလုံးနဲ့ ဖြစ်လာပါတယ်၊ လန်ဒန်မှာ အစားအသောက် ထိန်းစားခဲ့သမျှ အိမ်လည်း ပြန်ရောက်ရော စိတ်ကြိုက်တွယ်ပါတော့တယ်။ အမေရော၊ နှမကလေးကပါ ကျွန်တော့် စိတ်ကြိုက် ချက်ကျွေး၊ ၀ယ်ကျွေးတော့ ကျွန်တော်ကလည်း ကျွေးသမျှ စားပစ်တော့ ၀ကစ်လာပါတော့တယ်။ ခက်တာက စားသမျှ အာဟာရတို့မှာ ညီညီညာညာ ခန္ဓာကိုယ်အနှံ့ အချိုးကျ မသွားဘဲ ဗိုက်ဆီသာ လာစုနေတာမို့ လန်ဒန်ပြန်လာတော့ ဗိုက်ကလေးတလုံးနဲ့… ဖြစ်လာပါတော့တယ်။
မြန်မာပြည် လွမ်းတယ်ဆိုတာ တကယ် ဟုတ်ပါတယ်၊ ပထမတော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် စိတ်ခိုင်သူလို့ ထင်ခဲ့ပါတယ်။ မြန်မာပြည်ကိုလည်း အနည်းဆုံး သုံးနှစ် မပြန်ဘဲ နေနိုင်တယ်လို့ ခပ်ရဲရဲ တွေးမိခဲ့ပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော် မနေနိုင်ခဲ့ပါ၊ ပြန်ချင်နေခဲ့ပါတယ်။ ဘာလို့ ဘာကို လွမ်းလို့ လွမ်းမှန်း မသိဘူးလို့ ပြောရင်တော့ တမျိုးထင်စရာ ရှိပါမယ်၊ ဆိုတော့… ကျွန်တော် ဘာကို လွမ်းပါသလဲ။
ကျွန်တော်တို့အိမ်မှာ ငယ်ငယ်ကတည်းက ဂျုံနဲ့လုပ်တဲ့ ချာပါတီတို့၊ ပေါင်မုန့်တို့ကို စားပါတယ်၊ ထမင်းလည်း စားပါတယ်။ ဒီတော့ ကျွန်တော်က ထမင်းမစားဘဲ ဂျုံနဲ့လုပ်တဲ့ ပေါင်မုန့်တို့၊ ကိတ်မုန့်တို့ စားလည်း နေနိုင်ပါတယ်။ ကိတ်မုန့်ကလည်း ဈေးပေါတဲ့ ဆိုင်မျိုးမှာ ၀ယ်ရင် တတောင်လောက်ရှိတဲ့ ကိတ်မုန့်ကိုမှ တပေါင်ခွဲလောက် ပေးရတာပါ၊ ပေါင်မုန့်ကလည်း အချပ်လိုက် လှီးပြီးသား အချပ် ၂၀ လောက်ပါတဲ့ တထုပ်မှ တပေါင်လောက်ပါပဲ။ ထမင်းကမှ ဈေးကြီးနေပါသေးတယ်၊ တခါစားကို တပေါင်ခွဲလောက်ပေးရပါတယ်။ ဒီတော့ ဆိုရရင် ပေါင်မုန့်တို့၊ ကိတ်မုန့်တို့ စားပြီးလည်း မြန်မာပြည်နဲ့ အဝေးမှာ ကျွန်တော် နေနိုင်ပါတယ်။ ဒါဆို ဘာကို လွမ်းပါသလဲ။
မိတ်ဆွေတယောက်ရဲ့ အကိုကတော့ ကျွန်တော့်ကို ပြောဖူးပါတယ်၊ ကျွန်တော့်လိုပဲ နိုင်ငံခြားမှာနေတဲ့ သူ့ညီက သူ့အမေကို ပြောဖူးတယ်တဲ့… “အမေရယ်တဲ့၊ မြန်မာပြည် လွမ်းတာများဗျာ၊ နောက်ချေး(နွားချေး)နံ့လေးတောင် လွမ်းပါသဗျာ“လို့ ဆိုတယ်တဲ့။ ရန်ကုန်သား ကျွန်တော်ကတော့ အဲဒီလိုမျိုး ရေရေလည်လည် မလွမ်းတတ်ပါဘူး၊ ဒါဆို ဘာကိုများ ကျွန်တော် လွမ်းမိပါလိမ့်ဗျာ။
ကျွန်တော် ထပ်ဆင့်ပွားလို့ လျှာမရှည်ချင်တော့ပါဘူး၊ ရိုးရိုးလေးပဲ ပြောလိုက်ပါတော့မယ်။ ကျွန်တော်လွမ်းတာ သူငယ်ချင်းတွေပါ၊ မိတ်ဆွေ အဖော်အသင်းတွေပါ။ ၀ိုင်းဖွဲ့လို့ အားရပါးရ စကားပြောဖို့၊ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ဖို့ စိတ်တူကိုယ်တူ၊ လမ်းတူစခန်းတူ၊ ဘာသာစကားတူ အတွေးအခေါ်တူသူတွေကိုပါ။
အဲဒါလေးကို ဒီတခေါက် ရန်ကုန်အပြန်လမ်းမှာ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်၊ ပထမတော့ စိတ်ထဲ အထင်အနေနဲ့ပဲ ရှိခဲ့တာပါ။ တကယ်တမ်း လက်တွေ့မျက်တွေ့ ကြုံကြိုက်ခံစားလိုက်ရမှ ကျွန်တော် လွမ်းတာ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သူငယ်ချင်းတွေပါလားဆိုတာကို သွားတွေ့ပါတော့တယ်။
သူငယ်ချင်း၊ မိတ်ဆွေဆိုတာ ဘယ်လိုမိတ်ဆွေ၊ သူငယ်ချင်းပါလဲ။ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ စိတ်တူသဘောတူ၊ ရင်ဘတ်ချင်းတူတဲ့ သူတွေကို ပြောတာပါ။ ရင်ဘတ်ချင်းတူဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး၊ ဟန်ဆောင်ထားလို့လည်း မရပါဘူး။ သူ့ဟာသူ သိနေတာပါလို့ ကျွန်တော် ပြောလိုက်ရင် လွန်ရာများ ကျမလားတော့ မသိပါဘူး၊ ကျွန်တော်ကတော့ အဲဒီလို တကယ်ပဲ ခံစားရပါတယ်။
အထူးသဖြင့် ကျွန်တော့်လို အပေါင်းအသင်း နည်းနည်းပဲရှိတဲ့ သူက ပိုလို့ သိပါတယ်၊ လူများများနဲ့ နေလို့မရတဲ့ ကျွန်တော့်မှာ သူငယ်ချင်း၊ မိတ်ဆွေလည်း အများကြီး မရှိပါဘူး။ ခင်တဲ့လူ များပေမယ့် ရင်းနှီးတဲ့သူ နည်းတဲ့ (အဲဒီလို ဖြစ်အောင်လည်း မရည်ရွယ်ဘဲနဲ့ ဒါမှမဟုတ် ရည်ရွယ်ပြီး ကျွန်တော်ကိုယ်တိုင် လုပ်ထားခဲ့ပုံ ရပါတယ်) ကျွန်တော့်မှာ အခုတခေါက် ရန်ကုန်အပြန် ခရီးမှာလည်း တကယ့်ရင်းနှီးသူတွေနဲ့သာ တွေ့ခဲ့ ဆုံခဲ့ပါတယ်။
အချိန်အတိုင်းတာကြောင့် ရင်းနှီးလွန်းပြီး မတွေ့မဆုံခဲ့ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာသမားတွေလည်း ကျန်ရစ်ပါတယ်။ ကျွန်တော့်ဖြစ်ထွေကို သူတို့ သိနားလည် သဘောပေါက်လို့ ခွင့်လွှတ်နိုင်ကောင်းတယ်လို့လည်း စိတ်ထဲ ကိုယ့်ဘာသာတွေးပြီး သတ်မှတ်ထားလိုက်ပါတယ်၊ သနားသဖြင့် အပြစ်မယူဘဲ ချစ်မြဲချစ်ဆဲ ဖြစ်စေလို…။
သူငယ်ချင်းတွေထဲမှာ အများစုကတော့ ယောက်ျားလေးတွေဖြစ်ပြီး သောက်ကြ၊ စားကြ၊ ပြောကြ၊ ဆိုကြတဲ့ အရသာကတော့ တကယ့်ကို ဘာနဲ့မှ မလဲနိုင်တဲ့ အရသာပါပဲ။ လန်ဒန်ပြန်ရောက်ပြီးနောက်မှာ ကျွန်တော့်ကို “မင်း… ရန်ကုန်မှာ လုပ်ဆောင်ခဲ့သမျှထဲက အကြိုက်ဆုံး၊ အမှတ်မိဆုံး တခုကို ပြန်ပြောပါ“ ဆိုရင်တော့ အဲဒီ ပျော်ပျော်ပါးပါး၊ လွတ်လွတ်လပ်လပ် သောက်စားခဲ့တဲ့ ညတွေပါပဲ။
ဒီမှာလည်း ကျွန်တော် တခါတလေ သောက်ပါတယ်၊ အထူးသဖြင့် ကျွန်တော် အားပေးတဲ့ အပြာရောင် ခြင်္သေ့တွေ ကန်တဲ့ စနေ၊ တနင်္ဂနွေ ညနေခင်းတွေမှာ ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့်ရင်း ကျွန်တော် သောက်တတ်ပါတယ်။ အလွန်ခြောက်ကပ်ကပ်ပါပဲ၊ ဘောလုံးပွဲ ကြည့်ချင်လို့သာ သောက်ရပါတယ်၊ လွတ်လွတ်လပ်လပ် စကားပြောဖော်လည်း မရှိ၊ ပြင်းပြင်းထန်ထန် ငြင်းခုံလို့လည်း မကောင်း၊ စခန်းဝင် တန်းဝင် ဟန်လုပ်နေရသလိုပါပဲ။ ရန်ကုန်မှာ ကျွန်တော် ရခဲ့တဲ့ ညတွေနဲ့ ဘာမှ မဆိုင်ပါလားဆိုတာ အခုမှ ပိုသိလာရပါတယ်။
တခုတော့ စဉ်းစားစရာ ရှိပါတယ်၊ အခုမှ တခါပြန်လို့ အထာကျန်အောင် လွမ်းသလား ဆိုတာကိုပေါ့။ ကျွန်တော် စဉ်းစားပါတယ်၊ သေချာ စဉ်းစားပါတယ်။ မဟုတ်ဘူးဗျ၊ အခုမှ တခါပြန်လို့ သေအောင် လွမ်းတာ မဟုတ်ပါဘူး။ ဟိုးအရင်ကလည်း ဒီလိုသောက်ဖူးနေတာပဲလေ၊ အဲဒီကတည်းက ဒီလိုအရသာ ရနေခဲ့တာပါ။ အဲဒီတုန်းကတော့ နီးနီးလေးမို့ အမြဲတမ်း ဒီလိုတွေ သောက်ခွင့်ကြုံ၊ ပြောခွင့်ပျော်ခွင့် ကြုံဦးမှာဆိုတော့ ကျွန်တော် အလေးမထားမိဘူးပေါ့။ အခုတော့ အဲဒါဟာ ရှယ်ဆိုတာကို ကျွန်တော် သိသွားပါပြီ။
တကယ်တော့ သောက်ရုံသက်သက်လည်း မဟုတ်ပါဘူး၊ “သောက်ပြီး ပြော၊ ပြောပြီး ပျော်၊ ပျော်ပြီး သောက်၊ သောက်ပြီး ပြော“အဲဒီလို လည်လိုက်၊ သောက်လိုက်၊ ပြောလိုက် ပျော်လိုက်၊ ရယ်လိုက် အော်လိုက် တကယ်မိုက်တဲ့ အရသာ ဖြစ်ပါတယ်။ ကျွန်တော်မှရယ် မဟုတ်ပါဘူး၊ ဒီလိုအရသာကို သူငယ်ချင်းတွေကိုယ်တိုင်နဲ့ စာပေ၊ သတင်း၊ အနုပညာ စတဲ့ အလုပ်တွေကို စိတ်ဝင်စားသူတိုင်း ကြိုက်ကြတာကို ကျွန်တော် သတိထားမိပါတယ်။
အစားကောင်း စားရရင် ချစ်သူ၊ ခင်သူကို သတိရကြတာ ထုံးစံပါ။ ဒီတော့ ကျွန်တော်ကြိုက်တဲ့ အရသာတမျိုးကို ချစ်တဲ့ ခင်တဲ့သူတွေကိုလည်း ရစေချင်၊ သိစေချင်၊ မှတ်မှတ်ထင်ထင် ရှိစေချင်တာမို့ လက်တို့လို့ အသိပေးလိုက်ပါတယ်။ ဒီတခါ ချီးယားစ်ရင် ကျွန်တော့်ကို သတိရလိုက်ပါ၊ ကျွန်တော်ကလည်း အဲဒီလိုလုပ်မိရင် သတိရလိုက်ပါ့မယ်။
သူငယ်ချင်းများ၊ မိတ်ဆွေနဲ့ ဆရာသမားများ ကျန်းမာ ချမ်းသာကြပါစေ၊ ချီးယားစ်…။
(ရန်ကုန်ပြန် ဆုံခဲ့တဲ့ သူငယ်ချင်း၊ မိတ်ဆွေနဲ့ ဆရာသမားများ အမှတ်တရ)
၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်။
ညသန်းခေါင်။
very good writing.i agree with you that miss the intimate friends who are real friends .thanks for ur post that is same like what we feel except drinking….bcs we are not men lay…:)