ကျွန်တော် လန်ဒန်မှာ အလုပ်လုပ်ပြီး တနှစ်ခွဲကျော်လာတော့ အိမ်ပြန်ပါတယ်၊ (၂၀၁၁ ခုနှစ် မတ်၊ ဧပြီမှာပါ) အမေ့ကို လန်ဒန်လာဖို့ ခေါ်ပေမယ့် အမေက မလာတော့ သားက ပြန်ပါတယ်။ တခါ အမေရယ်… ဗုဒ္ဓဂယာ သွားရအောင်လို့ ခေါ်တော့လည်း အမေက “ဟိုမှာ တအားပူနေပြီ ကြားတယ်၊ မသွားချင်သေးဘူးကွယ်၊ နောက်တော့ သွားတာပေါ့“လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျွန်တော် မရောက်ဖူးသေးတဲ့ ပြည်တွင်းက နေရာတွေ၊ ဘုရားတွေ ဖူးဖို့ သွားဖို့ ခရီးတွေ ထွက်ခဲ့ကြတယ်၊ သားသွားချင်ရာကို အမေက တကောက်ကောက်လိုက်လို့ ပို့ဆောင်ပေးတယ်၊ နှမငယ်လေးက ခရီးစဉ်တွေကို ကူညီစီစဉ်ပေးခဲ့တယ်။

တနှစ်ခွဲကျော်ကြာပြီး ရန်ကုန်ပြန်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ဘ၀မှာ စာနယ်ဇင်းပညာကို ပထမဆုံး စနစ်တကျ သင်ပေးခဲ့တဲ့ သတင်းစာဆရာ (အမေရိကန်ဆရာ) နဲ့ ပြန်တွေ့တယ်၊ ဆရာက ရန်ကုန်ကို သူ့ကိစ္စနဲ့သူ ရောက်နေတာကိုးဗျာ၊ သူက မေးတယ် “မင်းသွားတဲ့ တနှစ်ခွဲအတွင်း ဘာတွေ ပြောင်းလဲသွားတာကို မြင်သလဲ“တဲ့။ ကျွန်တော်က ရိုးရိုးပဲ ဖြေတယ်။ “ဘာမှ မတွေ့ပါဘူး၊ ဒီအတိုင်းပါပဲ“လို့။

ကျွန်တော်က ညဘက် ဘယ်လောက်နောက်ကျ အိပ်အိပ် မနက်စောစော ထတတ်တဲ့ အကျင့်ရှိတယ်၊ အဲဒီအခါမှာလည်း ဗိုက်က ဆာတတ်တယ်။ ဒီတော့ ကျွန်တော်ရော အမေပါ စားနိုင်အောင် ထမင်းကြမ်းရှိရင် ထမင်းကြမ်းနဲ့၊ ထမင်းကြမ်း မရှိရင် ထမင်းအိုး အသစ်တည်လို့ ထမင်းနဲ့ ပဲပြုတ်နှဲ့ဆီနဲ့ဆားနဲ့ နယ်စားတတ်တယ်၊ လက်ဖက်ရည် သောက်တတ်တယ်။

ဒါနဲ့ မနက်စောစော ပဲပြုတ်ထွက်ဝယ်တော့ ပဲပြုတ်က တဆယ်သား ၂၀၀ ကျပ်၊ ကျွန်တော် သဘောကျသွားတယ်။ ဒါနဲ့ ပဲပြုတ်သည်ဘေးမှာ ကောက်ညင်းပေါင်းတို့၊ ဆီထမင်းတို့ ရောင်းနေတာနဲ့ ၁၀၀ ဖိုးစီဗျာ ဆိုတော့လည်း ရတယ်။ အမယ်… မဆိုးပါလားလို့ တွေးလိုက်တယ်၊ ပြီးတော့ လက်ဖက်ရည်ဆိုင်က ပါဆယ်တခွက် ဆွဲလိုက်တော့ ၅၀၀ ကျပ်တဲ့၊ ဒါလည်း အရင်အတိုင်းပဲပေါ့။

နွေရာသီလည်း ဖြစ်၊ ဆန်သစ်တွေလည်း ဖြစ်တော့ ညက ချက်ထားတဲ့ ထမင်းအိုးက ကျွန်တော် လက်နဲ့ ကိုင်လိုက်တဲ့အခါ ပျော့ရွဲနေပြီး သိုးနံ့လည်း နည်းနည်း ရတာနဲ့ ကျွန်တော် စောစောပိုင်းက ထမင်းအိုး တလုံးတည်ထားခဲ့တယ်၊ အခု ၁၀၀၀ တန်ကိုင်ပြီး ၀ယ်ခြမ်းလိုက်တော့ အမေနဲ့ ကျွန်တော် မနက်စာ စားဖို့ရပြီ။ ဘုရားကို ဦးဦးဖျားဖျား အရင် ကပ်လှူလိုက်သေးတယ်၊ ပြီးမှ စွန့်လို့ သားအမိနှစ်ယောက် စားကြတယ်။ ညီနဲ့ ညီမငယ်တို့ကတော့ အိပ်လို့ ကောင်းတုန်းပဲ။

ဒီလိုတွေဆိုတော့ ကျွန်တော်က ဆရာ့ကို ဘာမှ မပြောင်းပါဘူးလို့ ဖြေခဲ့တာပေါ့၊ ဆရာက တချက်ရယ်တယ်။ ကျွန်တော့်ကို သေချာကြည့်ပြီး “မင်းကလည်းကွာ၊ အခု လက်ကိုင်ဖုန်းတွေ အများကြီး ပေါပေါလောလော ကိုင်နေပြီမဟုတ်လား၊ ဈေးလည်း သက်သာသွားပြီ မဟုတ်လား“လို့ ပြောရင်း မေးလာတယ်။

ဟုတ်တာပေါ့၊ ကျွန်တော် ဒါကို သတိလက်လွတ်ဖြစ်သွားတယ်၊ ဒီလက်ကိုင်ဖုန်းတွေကိုပဲ နေ့တိုင်းဆက်သွယ်နေရတာ ကျွန်တော်ဘာဖြစ်လို့ မေ့သွားတာလဲလို့ ကိုယ်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒီအလုပ်လုပ်နေရင် ဒီလိုတိုးတက်မှုတွေ၊ ပြောင်းလဲမှုတွေကို အမြဲတမ်း သိနေ၊ မြင်နေ၊ ကြားနေရမှာပဲ မဟုတ်လားလို့ ကိုယ့်ကိုယ်ကိုယ် သတိပြန်ပေးရတယ်။

“ဟုတ်တယ်ဆရာ၊ နောက်ပြီး လူလတ်တန်းစားအပေါ်ပိုင်း မြန်မာတွေ ကြီးပွားချမ်းသာလာပုံရတယ်၊ အရင်က ဘန်ကောက်လောက် စင်ကာပူလောက် ဈေးဝယ်ထွက်၊ ဗုဒ္ဓဂယာ ဘုရားဖူးနဲ့ အလည် သွားရာကနေ အခု ဒီဘက်နှစ်တွေမှာ ဥရောပနဲ့ အမေရိကအထိ အလည်သွားနိုင်တဲ့ ဦးရေများလာတယ်“လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ အခုဆို အဲဒီလို အမေရိကနဲ့ ဥရောပဘက် အလည်အပတ်ခရီး သွားတာ ကျွန်တော့် မိတ်ဆွေတွေထဲမှာတောင် ရှိလာတာကို တွေ့ရတာကိုးဗျာ။

အခု ဒီနေရာမှာ ကျွန်တော်ရေးချင်တာက အပြောင်းအလဲတွေလည်း မဟုတ်ပါဘူး၊ အနုတ်လက္ခဏာတွေနဲ့ အပုပ်ချရေးသားဖို့လည်း မဟုတ်ဘူး။ မြန်မာချင်း လုပ်စားကိုင်စားရာမှာ နည်းနည်းလေး စိတ်ထားပြင်ပြီး အေးအေးသက်သာ လုပ်ကြကိုင်ကြဖို့ကိုပါ၊ မြင်ရတွေ့ရ ကြုံရခံရတာ မခံစားနိုင်လို့ပါ။ ကျွန်တော့်တို့လို နိုင်ငံတကာ အတွေ့အကြုံနည်းနည်းပါးပါးရှိပြီး၊ မြင်တတ်ပြုတတ် ပြောတတ်ဆိုတတ် ရေးတတ်သားတတ် သူတွေတောင် စိတ်အနှောင့်အယှက် တော်တော် ဖြစ်နေတယ်ဆိုရင် လိုအပ်လည်း ကြောက်၊ မလိုအပ်လည်း ကြောက်နေရပြီး၊ ပြုသမျှနုရသလို ဖြစ်နေတဲ့ သာမန်ပြည်သူတွေဆို ဘယ်လိုနေမလဲလို့ တွေးမိပြီး တော်တော် စိတ်မကောင်းဖြစ်လို့ ရေးမိတာပါ။

ဒါပေမဲ့ ခက်တာက ကျွန်တော်ကသာ တခါတခါ စိတ်ညစ်၊ ပြောပစ် ဆိုပစ် လိုက်ပေမယ့် ပြည်သူအများစုကတော့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ အလိုက်သင့် နေတတ်၊ စားတတ်၊ သွားတတ်၊ လာတတ်တာကိုလည်း တွေ့ရပါတယ်။

ဒီလိုပါဗျာ… ဆိုခဲ့သလို ပြည်တွင်းမှာပဲ ဘုရားဖူးခရီးတွေ ထွက်နေတော့ ဒီတလအတွင်းမှာပဲ ရန်ကုန်လေဆိပ်ကိုလည်း သုံးလေးခေါက်၊ အောင်မင်္ဂလာ အဝေးပြေး ကားကွင်းကိုလည်း သုံးလေးခေါက် စသဖြင့်ရောက်ပါတယ်၊ ရောက်တော့ ခုန မြန်မာချင်း လုပ်ချင်သလို လုပ်တဲ့သူက လုပ်၊ ခံတဲ့သူကလည်း ခံ စတာတွေကို တွေ့ရပါတယ်။

အားလုံးမှာ ကိုယ့်ပြဿနာနဲ့ ကိုယ်ရှိတယ်ဆိုတာကို လက်ခံပေမယ့် ကိုယ့်အခွင့်အရေး ကိုယ်ရဖို့ကိုလည်း ကိုယ်ကိုယ်တိုင်ကပဲ တောင်းဆိုရတာ ဖြစ်ပါတယ်။ ဆိုင်ရာ အာဏာပိုင်ချည်း အားကိုးနေလို့လည်း မဖြစ်ပါဘူး၊ အခုမြင်နေရတာကတော့ အများစုက ဘာမှမပြောဘဲ အလိုက်သင့်ချည်း နေနေကြတာကို တွေ့ရပါတယ်။

ခရီးသွားဖို့ လေဆိပ်သွားပြီဆိုရင် အိမ်ကနေ လေဆိပ်အထိကတော့ အိုကေပါ၊ သတ်မှတ် တက္ကစီခနဲ့ ရောက်သွားပါတယ်။ လေဆိပ်အ၀င်ကျတော့ ၂၀၀ တောင်းပါတယ်၊ ဒါလည်း အိုကေပါ။ လေဆိပ်ကို အစိုးရက တဦးတယောက်ဆီ ရောင်းထားတာကိုးဗျာ… ပိုက်ဆံပေးပေါ့။ ရပါတယ်၊ ပေးပါတယ်။ တကယ်တမ်းကျတော့ ဂိတ်ပေါက်ကနေ ခြေလှမ်း ၂၀ လောက်ရှိတဲ့ နေရာကို ၂၀၀ ကျပ် ပေးလိုက်ရတာပါ။ အို… ကားခတောင် ၄၀၀၀၊ ၅၀၀၀ ပေးစီးခဲ့တာပဲ၊ နောက်ထပ် ၂၀၀ လောက်ကတော့ဆိုပြီး စိတ်လျှော့ ပေးလိုက်ပါတယ်။

အဲဒီမှာ စလာပြီ၊ ကားတစီး ဆိုက်တာနဲ့ လူတွေက ၀ိုင်းအုံလာပြီ၊ ကျွန်တော်ရောက်ဖူးတဲ့ နိုင်ငံတကာက လေဆိပ်တွေမှာတော့ ကျွန်တော့်ကို အဲဒီလို ခရီးဦးကြိုပြုသူတွေ တခါဖူးမှ မဆုံဖူးပါဘူး၊ ကိုယ့်အထုပ်တွေ နိုင်နိုင် မနိုင်နိုင် တယောက်ထဲ ဆွဲရ သယ်ရတာပါပဲ။ အခုတော့ သကာစက်ကို ပရွက်အုံသလို ပြေးလာကြတာပါ။ သူတို့က လေဆိပ်ဝန်ထမ်းပဲလား၊ ဘယ်သူတွှေ ခန့်ထားသလဲတော့ မသိပါဘူး။ ပထမတော့ ကျွန်တော် ဒေါကန်ပါတယ်၊ နောက်တော့ အို… သူတို့လည်း ပိုက်ဆံ ရှာတာပဲလို့ တွေးမိပြီး “ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော့်အိတ် ကျွန်တော် သယ်နိုင်ပါတယ်“လို့ ပြောပြီး ကိုယ့်အိတ် ကိုယ်ဆွဲရတယ်။ သူတို့က အလကား လိုက်ဆွဲပေးမယ်လို့လည်း ကျွန်တော် မထင်ပါဘူး။ ဒါ ကျွန်တော့်အတွက် လေယာဉ်နဲ့ ခရီးတခု ထွက်ဖို့မှာ ပထမဆုံး ကြုံတွေ့ရတဲ့ အနှောင့်အယှက်တခုပါ။

ဒီပြဿနာကို နှစ်နည်းနဲ့ ရှင်းနိုင်ပါတယ်၊ တနည်းက ဒီလူတွေကို လေယာဉ်ကွင်း တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်း တနေရာရာမှာ အလုပ်ပေးမလား၊ ဒါမှမဟုတ် ခရီးသည်တွေကို အနှောင့်အယှက် မပေးဘဲ ဒီထက်သိပ်မွေ့တဲ့နည်း (ခရီးသည်က အကူအညီတောင်းရင် ကူညီ၊ အေးအေးသက်သာ ကူညီ၊ စေတနာနဲ့ ပေးသွားတာမျိုးကို ယူပါ၊ စားပါ) နဲ့ လုပ်ကိုင်မလား။ ဒါဆိုနည်းနည်း ခရီးသည်တွေ သက်သာသွားနိုင်တယ်။ ကားတစီးဝင်လာ လူတွေအုပ်လိုက် ပြေးလိုက်တာမျိုး ကတော့ မကောင်းလှပါဘူး။

အဲဒီလေယာဉ်စီးလို့တခါ ကျွန်တော်တို့ သွားမယ့်မြို့ရောက်ပါပြီတဲ့၊ ကျွန်တော်ဆို လေယာဉ်စီးပြီး စစ်တွေတခေါက် ရောက်တယ်၊ မြစ်ကြီးနား တခေါက်ရောက်ပါတယ်။ မြစ်ကြီးနား သွားဖို့က MA မြန်မာ့လေကြောင်းက လက်မှတ်ဝယ်ရခက်တာနဲ့ (သူကလည်း ဖောင်ဝယ်ရ၊ တရက်တင်ထားရ၊ နောက်တရက် သွားကြည့်ရ၊ မရရင် ပြန်တင်ရ… တယ်အလုပ် ရှုပ်သကိုးဗျာ) အဲပုဂံနဲ့ သွားလိုက်ပါတယ်။

မြစ်ကြီးနားရောက်တော့ ခရီးသည်တွေက လေဆိပ်အပြင်(ခြံဝင်းအပြင်)ကို လမ်းလျှောက်ထွက်ပေးရတယ်၊ အဲဒီလေဆိပ်အပြင် မထွက်ခင်မှာ ခုနလိုပဲ ဘယ်သူတွေက ခန့်ထားမှန်း မသိတဲ့ လူတွေက ပစ္စည်းရွေးတဲ့ စာရွက်လေးတွေ လိုက်တောင်းနေတယ်၊ ပစ္စည်းမြန်မြန်ရမယ်ပေါ့၊ အလကားတော့ မရဘူး၊ ပိုက်ဆံပေးရဦးမယ်။ ၁၅ မိနစ်လောက်ကြာမှ လေဆိပ်အပြင်ကို အိတ်တွေ ရောက်လာပါတယ်။ အိတ်အများစုကို ဆိုင်ကယ်နဲ့ တင်လာခဲ့တယ်။ ခုန နံပါတ်ပေးထားသူတွေရဲ့ အိတ်တွေပေါ့၊ အဲဒီ ဆိုင်ကယ်သမားတွေဆီက အိတ်ကိုယူ၊ သင့်တော်တဲ့ (ဒါမှမဟုတ် သူတို့ကျေနပ်တဲ့) ပိုက်ဆံပေးကြ၊ ဒါက ဒီလူတွေရဲ့ ပိုက်ဆံရှာနည်းပဲ။

အဲ… တကယ်တော့ အဲပုဂံက စီစဉ်ထားပုံရတဲ့ ဟိုင်းလပ်ကားတစီးနဲ့ သယ်လာတာကတော့ အိတ် သုံးလုံးထဲပဲ၊ အဲဒီကားကတော့ လေဆိပ်အထွက်တည့်တည့်မှာ မရပ်ဘဲ ၀င်းတခုထဲ မောင်းဝင်သွားပြီးမှ ရပ်တယ်၊ နိုင်ငံခြားသားနှစ်ယောက်က ပြေးလိုက်သွားပြီး အိတ်တလုံးစီ သယ်တယ်၊ အိတ်တလုံး ကျန်တာက ကျွန်တော့်အိတ်။ ကျွန်တော်က အေးအေးဆေးဆေးပဲ သွားယူလိုက်တယ်၊ ဒါတောင် အဲပုဂံ တံဆိပ်ပါတဲ့ အစိမ်းပုပ်ရောင် အင်္ကျီတွေ ၀တ်ထားတဲ့ လူသုံးယောက်ထဲက တယောက်က မျက်နှာရယ်ကျဲကျဲနဲ့ နည်းနည်းပါးပါး လုပ်ပါဦးတဲ့။ ကျွန်တော် တင်းသွားတယ်။ အိတ်ကို စောင့်ပြီး ကားဆီအရောက် ကျွန်တော် ကိုယ်တိုင် လာယူနေပြီပဲ။

“ဘာပေးရမလဲ၊ ခင်ဗျားတို့ကို အဲပုဂံက ပိုက်ဆံ မပေးဘူးလား၊ အလကား ခိုင်းနေတာလား“ လို့ မေးလိုက်တယ်။ သူတို့က ဘာမှ ပြန်မပြောဘူး။ “သွားတော့…သွားတော့“လို့ ပြောတယ်။ ကျွန်တော် သူတို့ သတ်မှတ်တဲ့ဈေးအတိုင်း ပိုက်ဆံပေးပြီး လေယာဉ်စီးတယ်၊ လေယာဉ်စီးတော့ ကျွန်တော့် အ၀တ်အိတ် သယ်လာတယ်၊ အဲဒါ ကျွန်တော့်ဆီ အိတ်ပြန်ရောက်အောင် (ဒါမှမဟုတ် ကျွန်တော်ပြန်ယူရလွယ်အောင်) လုပ်ပေးဖို့ လေကြောင်းမှာ တာဝန်ရှိတယ်။ အခုတော့ မတရား ပိုက်ဆံရှာနေတယ်လို့ ကျွန်တော်ခံစားရတယ်။

ဟိုင်းလပ်ကားတစီးလုံးက ခရီးသည်အားလုံးရဲ့အိတ်တွေ တင်နိုင်တယ်၊ အခုတော့ မလိုအပ်ဘဲ ဆိုင်ကယ်တွေနဲ့ အိတ်တွေကို ဖြစ်သလို တင်လာတယ်၊ ပိုက်ဆံရှာစားတယ်၊ နိုင်ငံခြားသားတွေက ပစ္စည်းရွှေးဖို့၊ အိတ်ရွေးဖို့ သူများကို စာရွက်မပေးဘူး၊ ကျွန်တော်က ပိုက်ဆံထပ်ပေးရမှာစိုးလို့ မပေးဘူး၊ ပေးထားတော့ရော မတော်ပျောက်သွားရင် ဘယ်လိုလုပ်မတုံး၊ ရွေးဖို့စာရွက်မရှိတော့ရင် (မပြနိုင်တော့ရင်) ဘယ်သူ့အပြစ် ဖြစ်မှာလဲ။ ပိုက်ဆံရှာစားတာက အပြစ်မဟုတ်ဘူး၊ မတော်တရော်(၀ါ) မတရားလုပ်ကိုင်နေတာကတော့ တယ်မကောင်းလှဘူး။

ဒါနဲ့ တခါ ရန်ကုန်လေဆိပ်ကို ပြန်လာတဲ့ တခေါက်မှာ ကျွန်တော့်ကို “အကို အိတ်ပါလာလား၊ ယူပေးမယ်“လို့ ပြောတဲ့ ချာတိတ်ကို “မင်း… အလကား ယူပေးမှာလား“လို့ မေးလိုက်တော့ ရယ်ပြီး ထွက်သွားတယ်၊ ရန်ကုန်လေဆိပ် ပြည်တွင်း Arrival မှာလည်း မြင်မကောင်းဘူး၊ အဲဒီအိတ်မြန်မြန် ယူပေးမယ်ဆိုတဲ့ လူတွေ၊ တခါတလေ ခရီးသည်အရေအတွက်ထက် အဲဒီဘယ်ကမှန်းမသိတဲ့ ၀န်ဆောင်မှုပေးမယ်ဆိုတဲ့ လူက ပိုများနေတယ်၊ ကြည့်လုပ်ကြပါဦးလို့ပဲ ပြောရတော့မယ်။

ဒါက လေယာဉ်စီးတာ… အဝေးပြေးဘတ်စ်ကားတွေနဲ့ သွားတော့ရော၊ အလားတူပါပဲ။ အသွားတုန်းကတော့ ကိုယ့်အိမ်ကနေ အဝေးပြေးကားကွင်းကို တက္ကစီငှားပြီး သွားတယ်၊ ဂိတ်ကြေးပေးပြီး ၀င်းထဲဝင်တယ်။ လက်မှတ်ဝယ်ထားတဲ့ ကားတက်စီးတယ်၊ ကားသမားတွေက ခရီးသည်ကို အမျိုးမျိုးဆုံးမကြတယ်။ ရန်ကုန်-ထားဝယ်သွားတဲ့ ကားပေါ်မှာက “သင့်မာန နဲ့ စည်းစိမ်ကို အိမ်တွင် ထားခဲ့ပါ“ တဲ့။ သူတို့ ပြောတာတောင် နောက်ကျနေသေးတယ်၊ ကျွန်တော်က ကျွန်တော့် မာနရော၊ စည်းစိမ်ရော၊ ကျွန်တော် နည်းနည်း ပါးပါးတတ်ထားတဲ့ ပညာတွေရော၊ ထွက်တတ်တဲ့ ဒေါသတွေပါ ထားခဲ့လိုက်တာပါ။

တကယ်တော့ ခရီးသွားလာတဲ့အခါ ခရီးသည်တွေထဲမှာ ပညာတတ်ရော၊ နည်းနည်းပါးပါးတတ်ရော၊ မတတ်ရော၊ အသက်ကြီးသူရော၊ ငယ်သူရော၊ ရာထူးရှိသူရော၊ မရှိသူရော အစုံပါပါတယ်။ ဒါပေမဲ့ ကားပေါ်ရောက်ရင်တော့ ကားသမားစည်းကမ်းအတိုင်း (သူတို့ပြောတာ စည်းကမ်း) နေထိုင် လိုက်ပါ ရပါတယ်၊ ကျေးဇူးတောင် တင်ရပါတယ်။ မောင်မင်းကြီးသားတို့ မောင်းနှင် ပြေးဆွဲပေးလို့သာ၊ ခရီးသွားလာရတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးရတယ်။

ဘယ်လောက်မှားနေသလဲဆိုတာကြည့်ပါ… အမှန်က သူတို့က ခရီးသည်တွေကို ကျေးဇူးတင်ရမှာ၊ လေးစားစောင့်ရှောက်ရမှာ မဟုတ်ဘူးလား၊ ခရီးသည်တွေ ဒီလို ခရီးတွေ သွားနေလို့ သူတို့ ကားထွက်နေရတာ၊ ကားမောင်း၊ ကားနောက်လိုက် လုပ်နေရတာ မဟုတ်ဘူးလား၊ ပိုက်ဆံတွေရပြီး ထမင်းစားနေရတာ မဟုတ်ဘူးလား၊ ခရီးသည်တွေက သူတို့ ပင်ပင်ပန်းပန်း ရှာဖွေထားလို့ ရတဲ့ ပိုက်ဆံတွေ ကိုယ့်ကိုပေးပြီး ခရီးသွားနေကြတာ မဟုတ်ဘူးလား၊ အဲဒီလို ဆင်ခြင်တဲ့ ကားသမား မရှိသလောက် နည်းမယ်လို့ ကျွန်တော် ထင်ပါတယ်။

အခုတော့ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင် ဘယ်မှာ ကားနားပါမယ်၊ အချိန်ဘယ်လောက် ရပ်ပါမယ်၊ အေးအေးဆေးဆေး စားသောက် နားနေကြပါ၊ ကားထွက်ခါနီး ကျွန်တော် သတိပေးလို့ ခေါ်ယူပါမယ် စသဖြင့် အဲဒီလို ပြောဆိုတာမျိုး ကားသမားတွေဆီက လုံးဝ(လုံးဝ) မကြားရဘဲ သူတို့ ရပ်ချင်တဲ့ ဆိုင်ရှေ့ ထိုးရပ်၊ နားချင်သလောက် နား၊ ထွက်ချင်တဲ့အချိန် ပြန်ထွက်၊ ဘာစကားမှ မပြောဘဲ ခရီးသည်ကို တော်တော် ပမာမခန့် လုပ်တာမျိုး တွေ့ရပါတယ်။

အဲဒီတော့ ကျွန်တော်က မေးရပါတယ်၊ အခု ဒီမှာ ဘယ်လောက်ကြာအောင် ရပ်မှာလဲ၊ ဒါပြီးရင် ဘယ်မှာ ရပ်မှာလဲ၊ အဲဒီနေရာကို ရောက်ဖို့ နောက်ထပ် ဘယ်လောက်ကြာမလဲ စသဖြင့် ကျွန်တော့် စားသောက်ချိန်၊ အပေါ့အလေးစွန့်ချိန်တို့ကို တွက်ချက်လို့ မေးရပါတယ်။ အဲဒီအခါကြတော့လည်း ကားသမားတွေက ရယ်ပြန်ပါတယ်၊ ဘယ်ဂြိုလ်ကလူလဲပေါ့ (ကျွန်တော်ကလည်း ကတုံးကြီးနဲ့ကိုး)။

မြန်မာပြည်မှာ အဝေးပြေးကားစီးရင် ဘယ်အချိန်ရောက်မယ်၊ ဘာညာ မမေးရဘူးတဲ့။ ကျွန်တော်တော့ ရယ်လို့သာ နေချင်ပါတော့တယ်။

နိုင်ငံတကာဝေဟင်မှာ နေ့စဉ်ထောင်နဲ့ချီလို့ ပြေးဆွဲနေတဲ့ လေယာဉ်ပျံတွေ (ပျက်လို့သာကျရော) ဘယ်အချိန်ထွက်လို့ ဘယ်အချိန်ရောက်မယ်ဆိုတာ အတိအကျ ဖော်ပြထားပါတယ် (ပြောထားပါတယ်)။ တချို့လည်း နည်းနည်းပါးပါး ထွက်တာစောတာ၊ နောက်ကျတာမျိုး ရှိပေမယ့် လေယာဉ်တော်တော်များများက အချိန် အတိအကျ ပြောပါတယ်။

လမ်းပေါ်မှာ ပြေးနေတဲ့ မော်တော်ကားက ဘယ်အချိန် ဘယ်ရောက်မယ်ဆိုတာကို မပြောနိုင်ဘူးတဲ့၊ နောက်ပြီး ပိုထူးဆန်းတာက အဲဒီလိုမျိုးလည်း မမေးရဘူးတဲ့၊ အဲဒီလိုမေးရင် ကားကို ခိုက်တယ်၊ ကားမှောက်မယ်၊ ကားပျက်မယ်၊ နောက်ကျမယ် စသဖြင့် တချို့ကားသမားတွေက ကြောက်အောင် ခြောက်တတ်ပါတယ်၊ ကျွန်တော်ကတော့ ပြောလို့ရရင် တခွန်းပဲ ပြောလိုက်ချင်ပါတယ်၊ ဒါဆိုလည်း ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ရင် ခရီးသည်တွေရဲ့ အသက်အန္တရာယ် စိတ်ပူရတယ်၊ ကားမောင်းစား မနေနဲ့၊ ကားသမား လုပ်စားမနေနဲ့လို့။

လမ်းတလျှောက်မှာ တချို့လမ်းပိုင်းတွေက စစ်ဆေးရေးဂိတ်တွေများတယ် (အထူးသဖြင့် ရန်ကုန်-ထားဝယ်လမ်းပိုင်း)၊ ကားနောက်လိုက်က ခရီးသည်တွေဆီက မှတ်ပုံတင် တောင်းတယ်၊ ဂိတ်ကို ဆင်းပြတယ်၊ ပြန်လာတော့ မှတ်ပုံတင် ပြန်ပေးတော့ တချို့တချို့ရဲ့ မှတ်ပုံတင် ပါမလာတော့ဘူး။ ခရီးသည်က တောင်းတော့ ဘောင်းဘီတို ဟိုဘက်အိတ်နှိုက်၊ ဒီဘက်အိတ်နှိုက်၊ ဟိုရှာဒီရှာလုပ်၊ နောက်ဆုံး ဂိတ်တခါ ပြန်ပြေးနဲ့ ပေါ့ပေါ့တန်တန် လုပ်တာတွေ့ရတယ်။

အဲဒီမှာ ဒေါသထွက်တဲ့ ခရီးသည်က ထွက်၊ သူတခွန်းငါတခွန်းပြောတဲ့ ခရီးသည်ကပြောနဲ့ ကားသမားတွေ အလုပ်လုပ်ပုံက တော်တော်ဆိုးတယ်၊ မြန်မာပြည်မှာ မှတ်ပုံတင်လုပ်ရတာ လွယ်၊ မလွယ်ဆိုတာ လုပ်ဖူးသူတွေ သိပါတယ်၊ ဒီလို ဘာမဟုတ်တဲ့ လမ်းဂိတ်စစ်ဆေးမှုလေးတခုမှာ မှတ်ပုံတင် ပျောက်သွားတယ် ဆိုတာမျိုးက မဖြစ်သင့်ပါဘူး၊ မပျောက်နိုင်ဘူးလို့လည်း မပြောနိုင်ပါဘူး၊ ကားတွေက တခါတလေ ဂိတ်ကို နှစ်စီးသုံးစီး ပြိုင်ဝင်ကြတဲ့အခါ ဒီဘက်ကားက မှတ်ပုံတင် ဟိုဘက်ကားကို ရောပါသွားတယ်ဆိုရင် ဟိုလိုလို ဒီလိုလိုနဲ့ ပျောက်ပျက်သွားနိုင်ပါတယ်။ ကားသမားတွေ စီးပွားရှာတာကို နားလည်နိုင်ပေမယ့် ကိုယ့်ကိုပိုက်ဆံပေးနေတဲ့ ခရီးသည်ကို ပမာမခန့်ပြုတာမျိုးကိုတော့ ဘယ်လိုမှ နားလည်လို့ မရပါဘူး။

အဲဒီလိုကနေ ကိုယ်သွားမယ့်မြို့ရဲ့ အဝေးပြေးကားကွင်း ရောက်ပြီဆိုတော့ ကားပေါ်က ဆင်းတာနဲ့ အပြေးအလွှား အိတ်ဆွဲသူတွေ၊ ဘယ်သွားမှာလဲ မေးသူတွေ အတင်းရော အဓမ္မရော ချဉ်းကပ်သူတွေနဲ့ ရှောင်ရပြုရ တိုးရကျော်ရ လုပ်ရပြန်ပါတယ်။ ခရီးရှည်ကြီးတွေ စီးနင်းလာရတဲ့ ခရီးသည်တွေဆို ပိုလို့တောင် ပင်ပန်း ကြမှာပါ။

သူတို့ကလည်း သူတို့ စား၊ ၀တ်၊ နေရေးအတွက် ရှာဖွေတာ ဖြစ်ပေမယ့် ခရီးသည်အတွက်လည်း နည်းနည်းတော့ ငဲ့ညှာဖို့ ကောင်းပါတယ်။ တက္ကစီလိုတဲ့ ခရီးသည်က တက္ကစီ ငှားမှာပါပဲ၊ ဆိုင်ကယ်တန်တဲ့သူက ဆိုင်ကယ်၊ သုံးဘီးငှားမယ့်သူက သုံးဘီး၊ ဆိုက္ကားလိုချင်တဲ့သူက ဆိုက္ကားရှာမှာပါပဲ။ အခုတော့ ပြောရဆိုရ အော်ရဟောက်ရနဲ့ တော်တော့်ကို ဆိုးရွားလှပါတယ်၊ စိတ်ညစ်ဖို့ ကောင်းပါတယ်။

အဲ အဆိုးဆုံးကတော့ ခရီးစဉ်အဆုံးသတ်လို့ ရန်ကုန်ပြန်တဲ့ ခရီးစဉ်တွေမှာပါ၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းလည်း ပြန်ရောက်ရော တက္ကစီငှားတဲ့အခါမှာ ကားတစီးထဲမှာ မတူတဲ့နေရာတွေ သွားမယ့်သူတွေကို စုတင်ပြီး private taxi ပုဂ္ဂလိက အငှားယာဉ်ကို လိုင်းကားလို လိုင်းတကြောင်းတည်းနဲ့ ၁၅၀၀၀၊ ၂၀၀၀၀ ကျပ် အထိရအောင် စီးပွားဖြစ် လုပ်ကြတာမျိုးကို ရွံစရာတွေ့ရပါတယ်၊ မမြင်ချင်မှ အဆုံးပါ။

ကားဆရာတွေ အကြောင်းပြတာကတော့ သူတို့ဟာ အဲဒီခရီးသည် ရှာပေးသူတွေကို ၅၀၀၊ ၁၀၀၀ မျိုး ပေးရတယ်၊ ဒီလို ကားဝင်ထိုးဖို့လည်း ပိုက်ဆံပေးရတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ အဲဒီကားသမားတွေကို ကြုံတိုင်း private taxi ရဲ့ အဓိပ္ပာယ်ကို ရှင်းပြခဲ့ပါတယ်။ တက္ကစီ စီးတယ်ဆိုတာ ကိုယ်လိုရာ ခရီးကို အစကနေ အဆုံးအထိ ကိုယ်တယောက်ထဲ သီးသီးသန့်သန့် ငှားစီးတာ ဖြစ်တယ်၊ တခြားလူလည်း (ငှားကထဲက အတူမဟုတ်ရင်) တင်လို့ မရဘူး၊ လမ်းထိပ်တို့ နီးရာတို့မှာလည်း (ခရီးသည် သဘောမတူဘဲနဲ့) ချထားလိုက်လို့ မရဘူး၊ အစကနေ အဆုံးအထိ လိုက်ပို့ရတယ်၊ ခရီးသည်တွေရဲ့ အိတ်ဆွဲတန်ဆွဲ၊ ကူညီတန် ကူညီရတယ်လို့ တရားဟော ရပါတယ်။

အခုက ဘာနဲ့တူသလဲဆိုတော့ ခရီးသည်တွေကို အတင်းကာရော ဆွဲခေါ်၊ သူတို့ ပြောတဲ့ ဈေးပေးပြီး လိုက်စီး၊ လိုချင်တဲ့ လူ မပြည့်သေးလို့ ဒါမှမဟုတ် သူတို့ လိုချင်တဲ့ ပိုက်ဆံမရသေးလို့ရှိရင် ခဏစောင့်ဆို စောင့်၊ ခရီးသည်က ဈေးနည်းနည်းပါးပါး ဆစ်ပြီး (အမှန်က ပုံမှန်ဈေးပြောတာ) သွားမယ်ဆိုရင် သဘောတူတယ်ဆိုရင်တောင် အမယ်… ကားဆရာက သူဌေးလို ရှေ့ကနေ ကြော့ကြော့လေး သူ့ကားဆီ ပြန်သွားပြီး စောင့်နေတယ်၊ ခရီးဝေးကြီး စီးလားတဲ့ ခရီးသည်ကတော့ အထုပ်အပိုးတွေနဲ့ (ကားသမားက လုံးဝ ကူမဆွဲဘူး) သူ့နောက်က အမှီလိုက်ပေရော့…၊

အဆိုးဆုံးက ကားမောင်းနေရင်း သူတို့ကိုယ်တိုင် ရေးထား (ကပ်ခိုင်းထားလို့နဲ့ တူပါရဲ့) “ဆေးလိပ် မသောက်ရ“ ဆိုတာကို ဥပေက္ခာပြုပြီး (ကိုယ်လိုက်ပို့နေတဲ့ ၀န်ဆောင်ပေးနေတဲ့ ခရီးသည်ကိုလည်း ပမာမခန့်ပြုလို့) ကားမောင်းတဲ့ ရှေ့ခန်းကနေ ဆေးလိပ်တွေ ဖွာနေ သောက်နေတော့တာပါပဲ။ ခရီးသည်ကို ပိုပြီးဒုက္ခဖြစ်စေတာကတော့ တက္ကစီတွေရဲ့ နောက်ခန်း ပြတင်းတံခါးတွေဟာ တင်လို့ချလို့ မရ (တချို့တခါးတွေက အသေပိတ်) ဖြစ်နေတတ်ပါတယ်။

ဒီလိုနဲ့ ပြောရမယ်ဆိုရင် ကားတစီးထဲကို ခရီးသည်တွေကို ထင်သလို တင်၊ အိတ်တွေ ထိုးထည့်၊ အပြေးအလွား မောင်း၊ ဟိုပတ်ဒီပတ် လှည့်ပတ်သွားပြီးမှ နောက်ဆုံး အိမ်ရောက်ပါတော့တယ်၊ ကျွန်တော်တို့ချည်း (သားအမိ) သွားပါရစေဆိုတော့လည်း ပုံမှန်မဟုတ်တာကို တောင်းဆိုတယ်လို့ ယူဆကြပုံရပြီး မတန်တဆ ဈေးတောင်းပါတယ်။

ဒါမျိုးတွေကို တကြိမ်လည်း မဟုတ်၊ ရက်ပိုင်းအတွင်းမှာပဲ အကြိမ်ကြိမ် ကြုံခဲ့ရတော့ ကျွန်တော်တော့ တော်တော် စိတ်ညစ်ရပါတယ်၊ သူတို့လည်း မြန်မာတွေပဲ ဖြစ်တာမို့ မြန်မာချင်း လေးလေးစားစား ပြောလို့ရရင် နားဝင်အောင် ပြောလိုက်ချင်ပါတယ်၊

လုပ်စားကိုင်စားတာ အပြစ်မဟုတ်ပါဘူး၊ စီးပွားရှာတာလည်း အပြစ်မဟုတ်ပါဘူး၊ ကျွန်တော်တို့အပါအ၀င် ခရီးသွားပြည်သူတွေမှာလည်း ပိုက်ဆံတွေကို တွင်းထဲက နှိုက်ယူခဲ့တာ မဟုတ်ဘဲ ပင်ပင်ပန်းပန်း ရှာထားဖွေထား ရတာမို့ နည်းနည်းလေးတော့ လျှော့ပေးပါလို့ပဲ ပြောလိုက်ချင်ပါတယ်။

စာဖတ်သူတွေရော ဘာပြောချင်မလဲ မသိပါဘူး။

ကျန်းမာချမ်းသာကြပါစေခင်ဗျာ၊ မြန်မာချင်း ရိုင်းပင်းလို့ ချစ်ခင်လေးစားစွာနဲ့ ပြောဆို ဆက်ဆံနိုင်ကြပါစေ။

၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
မွန်းလွဲ ၂ နာရီ။