ကျွန်တော်က နာမည်ကျော်လည်း မဟုတ်ပါဘူး၊ ရုပ်ကလည်း မချောပါဘူး၊ အပြောကလည်း မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်က လူကို လူလို ဆက်ဆံတတ်တယ်၊ ဖြောင့်ဖြောင့်ပြောတတ်တယ်၊ အခုမှသိသိ ကြာကြာကသိသိ ရင်းရင်းနှီးနှီး ရှိတတ်တယ်၊ ဒါနဲ့ပဲ နည်းပညာခေတ်မှာ ကျွန်တော့်နာမည် အရင်းနဲ့ တတိယမြောက် အကောင့်တခုကို ကမ္ဘာကျော်လူမှုကွန်ရက် ၀က်ဘ်ဆိုက်တခုဖြစ်တဲ့ facebook မှာ လုပ်ပြီးနောက်မှာ မိတ်ဆွေထောင်နဲ့ချီ ရှိလာခဲ့တယ်။

အစပိုင်းကတော့ ကျွန်တော်ကချည်း လိုက်ဖိတ်ထားတာပေါ့လေ၊ နောက်တော့ ကျွန်တော်က ဖိတ်လိုက်၊ သူတို့က ဖိတ်လိုက်ပေါ့၊ အခုတော့ ကျွန်တော်က ဖိတ်တာ တော်တော် နည်းသွားပြီး သူများက ဖိတ်တာ များများ ဖြစ်လာတယ်။

ဒါက ဇာတ်လမ်းခင်းတာပေါ့လေ၊ ကြွားလုံးပေါ့။ တကယ့်ဇာတ်သားက အခုမှ လာမှာ… စိတ်ဝင်စားစရာလည်း ကောင်း၊ အံ့သြစရာလည်း ကောင်းတယ်။

ကျွန်တော့် နာမည်ရင်းကို အဖေနဲ့အမေက ဂရုစိုက်ပြီး သေချာပေးခဲ့ကြတာ၊ ဘုန်းကြီးပေးတာလည်း မဟုတ်ဘူး၊ ဗေဒင်ဆရာပေးတာလည်း မဟုတ်ဘူး၊ မိဘတွေက သေချာစဉ်းစားပြီး ပေးခဲ့တာပဲ။ နာမည်မှာ အဓိပ္ပာယ်ရှိတယ်လို့ ဆိုကြတယ်။ ဒါက မိဘတွေ ကျွန်တော်ငယ်ငယ်က ပြန်ပြောပြခဲ့လို့ သိတာပါ။ အဓိပ္ပာယ်ရှိတယ်ဆိုလည်း ရှိတယ်ပေါ့၊ မှတ်ထားလိုက်တာပေါ့။

နောက် နည်းနည်း အသက်ရလာတော့ သူများတွေရဲ့ နာမည်တွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ နာမည်တွေ၊ လှပတဲ့ နာမည်တွေ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ နာမည်တွေကို စိတ်ဝင်စားလာတယ်၊ ရွတ်ကြည့်တယ်၊ ခံစားကြည့်တယ်၊ အဓိပ္ပာယ် ရှိမရှိကြည့်တယ်။ ကိုယ့်နာမည်ကိုလည်း ပြန်လေ့လာကြည့်မိတယ်။ အမယ်… ငါ့ နာမည်က မဆိုးဘူးပေါ့၊ မိဘတွေကိုလည်း ကျေးဇူးတင်ရတယ်၊ တော်သားပေါ့။

တခါ နာမည်တခုကိုပဲ ဟိုလူလည်း ဒီနာမည်၊ ဒီလူလည်း ဒီနာမည်၊ ဗိုလ်ချုပ်လည်း ဒီနာမည်၊ ရုံးစာရေးလည်း ဒီနာမည်၊ ဈေးသည်လည်း ဒီနာမည် နာမည်တူတွေ မှည့်တတ်တာ သိလာပြန်တော့ အို့… နာမည်တခုကို လူအမျိုးမျိုးက ရယူလို့လည်း ရပါလားပေါ့။ ဒါဆို ငါ့ နာမည်နဲ့ တခြားလူတွေလည်း ရှိသေးလားပေါ့၊ နာမည်တွေ တွေ့တိုင်း ဖတ်ကြည့်တယ်၊ စိတ်နဲ့ တိုက်ကြည့်တယ်၊ နည်းနည်းကြာလာတော့ ဒီလို တွေးမိပြန်တယ်။ ဟ… ငါ့နာမည်က ရှားပါးထဲကပဲ၊ ငါ့နာမည်နဲ့ လူက ငါတယောက်တည်း ရှိတာပါလားပေါ့။

သေချာတာကတော့ တက်ခဲ့ဖူးတဲ့ ကျောင်းတွေမှာ ဒီနာမည်နဲ့ ကျွန်တော်တယောက်တည်း၊ သွားခဲ့ဖူးတဲ့ ရုံးတွေ၊ အလုပ်တွေမှာ ဒီနာမည်နဲ့ ကျွန်တော် တယောက်တည်း၊ ဖတ်ခဲ့ဖူးတဲ့ သတင်းတွေ၊ အတင်းတွေမှာ ဒီနာမည်နဲ့ ကျွန်တော်တယောက်တည်း၊ ဟ… ဒါဆို ငါ့နာမည်နဲ့ငါဟာ ကမ္ဘာပေါ်မှာ ငါ တယောက်တည်းပေါ့၊ ဘာမှသာမဟုတ်တာ ကျွန်တော့်မှာ အဲဒါလေးကို ဂုဏ်ယူလို့ မဆုံးဘူး။

ဟဲ ဟဲ… ကျွန်တော့်နာမည်က မျိုးသာထက်ပါ၊ နာမည်အကြောင်း တောက်လျှောက်ပြောနေပြီး အခုမှ နာမည်ကို စပြောတာကို စိတ်မဆိုးပါနဲ့လေ…။ ကျွန်တော်နဲ့ ဆင်တူတဲ့ နာမည်တွေတော့ ရှိပါတယ်၊ ကျွန်တော်ရှေ့မှာ ပြောလာတာက လုံးလုံးတူတာကို ပြောတာပါ။

ကျွန်တော့်နာမည်နဲ့ ဆင်တူတဲ့နာမည်တွေဆိုရင်တော့ ပိုသတိထားမိတာပေါ့လေ။ သာထက်ပါတဲ့ စာရေးဆရာ၊ အဆိုတော်၊ ကျောင်း၊ ဆိုင် စသဖြင့် ကျွန်တော် သိထား၊ မှတ်ထားဖူးပါတယ်။

ကျွန်တော်ငယ်ငယ်ကတော့ အဖေက ပြောဖူးပါတယ်။ မင်း နာမည်အပါအ၀င် မင်းညီရော၊ ညီမရော ငါတို့ တမိသားစုလုံးနဲ့ အမည်တူ တခြားမိသားစု တစု ရှိသေးတယ်ကွ၊ ငါ နာရေးကြော်ငြာတခုမှာ ဖတ်လိုက်ရတယ်လို့ ပြောဖူးပါတယ်။ ကျွန်တော်ကတော့ အဖေစတယ်လို့ပဲ မှတ်ပါတယ်။ တခါ အဖေကတော့ ငါ့ကို လိမ်ညာပြောစရာ အကြောင်းမရှိလောက်ပါဘူး၊ တကယ်များ ရှိနေလေသလားလို့လည်း ထင်မိပါတယ်။

နာမည်တလုံးကိုပဲ ကျွန်တော်ဟာ ကြောင့်ကြနေခဲ့ဖူးပါတယ်၊ ရူးလို့နေခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ကောလိပ်အပြီးမှာ ဒီစာရေးစားတဲ့အလုပ်နဲ့ အသက်မွေးမယ်လို့ ဆုံးဖြတ်တော့ ကျွန်တော်က ကလောင်နာမည် ရွေးပါတယ်၊ ဒါကလည်း စာရေးရင် ကလောင်နာမည် ယူရတယ်ဆိုတဲ့ ရှေးက လူကြီးတွေ ပြောတာကို ကြားဖူးနားဝနဲ့ ဗေဒင်ဆရာကြီး မင်းသိင်္ခ ပြောတဲ့ နာမည်ပေးနည်း နိဿရည်းတွေထဲက နည်းတနည်းနဲ့ ပေါင်းစပ်လို့ ကျွန်တော့်ဘာသာ ကလောင်နာမည်တခုကို ယူလိုက်ပါတယ်။

ဟား… ကျွန်တော့်ဘာသာတော့ အတော်ကြိုက်သပေါ့ဗျာ၊ အတော်ကောင်းတဲ့ နာမည်ပဲလို့ ထင်တလုံးနဲ့ပေါ့။ ကျွန်တော်ကြိုက်တဲ့ အဲဒီနာမည်ကို နာမည်ကျော် စာရေးဆရာတဦးကတော့ မကြိုက်ပါဘူး။ “မင်းနှယ့်ကွာ… မူရင်းနာမည်လေးကိုက လှနေတဲ့ဟာ“တဲ့။ ကျွန်တော်ကတော့ ကျွန်တော့်နာမည်ရင်းကို သူ့ဟာသူ ရှိနေစေချင်တာပါပဲ။ ဒါနဲ့ ကျွန်တော့် စာနယ်ဇင်းနယ်ပယ်တွင်း လုပ်ကိုင်ခဲ့စဉ် နာမည်ပေါင်းများစွာ ရယူခဲ့ဖူးပါတယ်။ နောက်တော့တခါ လက်ရှိအလုပ်မှာလည်း ခေါ်ရလွယ်အောင်ဆိုပြီး တိုတိုချိုချို ကိုချိုဆိုတဲ့ နာမည်ယူပြန်ပါတယ်။

အခုမှ ဇာတ်ရှိန်တင်လိုက်ပါတော့မယ်၊ စောန ပြောခဲ့သလို ဖေ့စ်ဘုတ်မှာ သူငယ်ချင်းက များလာတော့ ကြာကြာက သိလာတဲ့သူရော၊ အခုမှ သိတဲ့လူတွေရောနဲ့ စကားတွေ ပြောဖြစ်ပါတယ်။ ပြောဖြစ်တော့လည်း ပြောပေါ့၊ အပြန်အလှန် လေးလေးစားစား ချစ်ချစ်ခင်ခင်ပေါ့။ အများစုကတော့ ကျွန်တော် လေးစားရလောက်တဲ့ လူတွေနဲ့ ပြောဖြစ်တာများကတောာ့ ကျွန်တော် ကံကောင်းလှတယ်လို့ပဲ ပြောရပါတော့မယ်၊ သူတို့က ကျွန်တော့်ကို ကူညီတာတွေလည်း အများကြီး တွေ့ရပါတယ်။ အခုမှသိ အခုတခါထဲ ကူညီဆိုတာမျိုးက မလွယ်လောက်ဘူးဆိုတာကို အကူအညီတွေ အများကြီးတောင်းဖူးသလို ပြန်လည်းပေးဖူးတဲ့ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။

ဒီကနေ့တော့ တီတီ(အန်တီကို ကျွန်တော်က တီတီလို့ ခေါ်တတ်ပါတယ်)တယောက်က မျိုးသာထက်က မင့်နာမည်ရင်းလားလို့ မေးလာပါတယ်၊ ကျွန်တော်က ဟုတ်ပါတယ်ခင်ဗျာလို့ ပြောလိုက်တော့ သူက ဟုတ်ရဲ့လားတဲ့၊ သူ့မှာလည်း သားလေးတယောက်ရှိတယ်တဲ့၊ အဲဒီနာမည်ပဲတဲ့။ ကျွန်တော်က ဒီအကွက်က ရိုးလွန်း လှတယ်လို့ ထင်သွားမိပါတယ်။ ကျွန်တော်က အရင်က မြန်မာဗီဒီယိုကားတွေ အကြည့်များခဲ့သူ မဟုတ်လားဗျာ။

ဒီတော့ ကျွန်တော့်ဝသီအတိုင်း အရစ်ထပ်ရှည်ပါတယ်။ တီတီရယ်… ကျွန်တော် စိတ်မကောင်းဘူးဗျာလို့… ကျွန်တော်က ကမ္ဘာပေါ်မှာ ဒီနာမည်နဲ့လူဟာ ကျွန်တော်တယောက်တည်း ရှိတယ်မှတ်ထားတာလို့… အခုတော့ တယောက်ထက်ပိုတဲ့ လူတွေက ဒီနာမည်ကို သုံးနေကြပါလားလို့ ပြောလိုက်တော့ တီတီက မဟုတ်ပါဘူးတဲ့၊ သူက ဒေါ်သာထက် ကျောင်းက ထွက်တာပါတဲ့၊ ဆရာမကြီးရော ကျောင်းနာမည်ကိုရော သိပ်ကြိုက်ပါသတဲ့၊ သားလေးမွေးတော့ နေ့သင့် နံသင့်ဖြစ်အောင် ကျွန်တော်နာမည်နဲ့ ထပ်တူဖြစ်တဲ့ နာမည်ကို ပေးခဲ့တာတဲ့၊ သေချာ ပြောပြတယ်။

ကျွန်တော်က ပုံမှန်ဆို လွယ်လွယ်လက်ခံတတ်သူ မဟုတ်ပေမယ့် အခုလို ချက်ကျလက်ကျ ပြောလာတော့ နည်းနည်းတော့ လက်ခံသွားမိတယ်။ အဲဒီတော့ ကျွန်တော်က ဒေါ်သာထက်ကျောင်းကို ကျွန်တော်သိတဲ့အကြောင်း ပြောရတာပေါ့။ တက်ဖူးလို့တော့ မဟုတ်ပါဘူး၊ ဒေါ်သာထက်ကျောင်း ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲက သတင်းစာထဲမှာ တနှစ်တခေါက်တော့ အနည်းဆုံး ဖတ်ဖတ်နေရတာကိုးဗျာ၊ နောက်ပြီးတခါ ကျွန်တော်တို့ လေးစားအားကျရတဲ့ နာမည်ကျော် အယ်ဒီတာ၊ စာရေးဆရာ၊ ရုပ်သံတင်ဆက်သူ တယောက်ကလည်း ဒေါ်သာထက် ကျောင်းထွက်တဲ့ဗျာ၊ တခြား နာမည်ကျော်တွေ၊ ရာထူးကြီးတဲ့သူတချို့လည်း အဲဒီကျောင်းကနေ ထွက်တဲ့သူတွေ ရှိသတဲ့၊ ဒါနဲ့ ကျွန်တော်က သိနေတာပေါ့။

ကျွန်တော်သိတယ်ဆိုတာကလည်း ရန်ကုန်မြို့၊ လှည်းတန်းအလွန်နားကလို့တော့ သိတယ်၊ နေရာနဲ့ အတိအကျသိတာမျိုးတော့ မဟုတ်ပါဘူး၊ ဒါနဲ့ ကျွန်တော်က တီတီ… ဒေါ်သာထက်ကျောင်းကို ကျွန်တော် သိပါတယ်၊ ကမာရွတ်မြို့နယ်ထဲက မဟုတ်လားလို့ မေးလိုက်တော့… မဟုတ်ပါဘူးကွယ်၊ လှိုင်မြို့နယ်ထဲကပါတဲ့…။

ဒါနဲ့ ကျွန်တော်လည်း ထပ်လွဲနေမှာစိုးတာနဲ့… စကားဖြတ်မှဆိုပြီး ဟုတ်ကဲ့… တီတီ၊ စကားပြောလို့တော့ ကောင်းပါတယ်ခင်ဗျာ၊ ကျွန်တော် အလုပ်ထဲရောက်နေလို့ နောက်မှ ပြောကြသေးတာပေါ့၊ ကျွန်တော့် အလုပ်မှာတော့ ကိုချိုဆိုတဲ့ နာမည်ကို ယူထားပါတယ်လို့ ပြောတော့…. တီတီက အင်း… ဒေါ်သာထက်ကျောင်းကလည်း ဦးချိုလမ်းပေါ်မှာ ရှိတာပါတဲ့။

ကျွန်တော့် နောက်စာတကြောင်းက… ဘိုင် လို့ ရိုက်ရမယ့်အစား “ဗျာ“ လို့ ဖြစ်သွားပါတယ်။

ဟုတ်ပါတယ်… ကျွန်တော်က နာမည်တွေကို အစွဲအလန်းကြီးတာကိုးဗျာ။

၂၀၁၁ ခုနှစ်၊ မတ်လ ၉ ရက်။
သန်းခေါင် ၀၀၀၀ နာရီ။