သီချင်းလေးဆိုရင်း လမ်းလျှောက်နေမိတာ တော်တော်တောင်ကြာနေပြီ၊ မိုးရွာလိုက် နေသာလိုက်… ဗွက်ရှောင်လိုက် တတ်ယောင်ဂိုက်နဲ့ ရပ်လိုက် သွားလိုက်၊ ဒီလိုနဲ့ အချိန်တွေ ကုန်စေရင်း နေရာများများကို တတ်နိုင်သမျှ ရောက်ဖူးအောင် ကြိုးစားနေမိတယ်။

သီချင်းကလည်း ပါးစပ်ထဲတွေ့တာ ညည်းမိတာပါ၊ တွံတေးသိန်းတန်ရောက်လိုက်… ကိုမင်းနောင်ရောက်လိုက်… မာမာအေးရောက်လိုက် စွမ်းသမျှလေးနဲ့ ကိုယ့်ဟာကိုယ် မပျင်းအောင် ဖျော်ဖြေနေရတာပါ၊ အဖော်မှ မပါဘဲကိုး…။

နေရာကတော့ တကယ်လှတယ်၊ ကျွန်တော်ကြိုက်တဲ့ ပင်လယ်၊ ကောင်းကင်၊ ကွင်းပြင်နဲ့ တောင်တန်း၊ တခါ နားမယ်စားမယ်ဆို ပါ့ဘ် ထိုင်မလား၊ ကော်ဖီဆိုင် ထိုင်မလား။ ဖိအားများတဲ့ ၀န်းကျင် (အလုပ်) က ခဏခွာ၊ နှစ်ရက် သုံးရက်လောက် ခရီးထွက်၊ အခုလို နားရတာ အရသာ ရှိလှတယ်။ ပင်ကိုယ် စေးနှဲသူ ဖြစ်ပေမယ့် ရောမရောက်တော့ ရောမစတိုင်ပေါ့။ လုပ်တဲ့အခါ လုပ်၊ နားတဲ့အခါ နားပေါ့။

အရသာ

ဂေါက်ကွင်း အ၀င်မှာ ရေးထားပါတယ်၊ “ဂေါက်သီး ကစားနည်းဟာ အင်မတန် အန္တရာယ်များတဲ့ အားကစား ဖြစ်ပါတယ်“တဲ့၊ “ပြင်းထန်စွာ ထိခိုက်တတ်တယ်“တဲ့၊ “ကွင်းထဲမှာ ၀ဲပျံလာတဲ့ ဂေါက်သီး သတိထားပါတယ်“တဲ့။ ရပါတယ်ကွာ… ကြည့်ရှောင်တာပေါ့ဆိုပြီး ကွင်းခြံစည်းရိုးကနေ ၀င်သွားလိုက်တယ်။

ကောင်းကင်က ကြည်လင် ပြာလွင် နေတယ်၊ sky blue ခေါ်မလား။ နေမင်းက ပုန်းလိုက် ထွက်ပြူလိုက် ကိုယ့်များ သူ့ရည်းစား မှတ်နေလား မသိ။ အဝေးမှာ ပင်လယ်ကြီး (အတ္တလန္တိတ် သမုဒ္ဒရာကြီးပေါ့) အနီးမှာ စိမ်းပြီး အဝေးမှာ ပြာနေတာလေ… ရက်ရက်စက်စက်ပေါ့ လှချက်၊ ဂေါက်ကွင်းမြက်ခင်း စိမ်းတာကိုတော့ အပို မကြွားတော့ပါဘူး။

ပင်လယ်ကြီးကို ခဏငေးကြည့်… လေကို တချက်နှစ်ချက် ရှု၊ အို… မောပါတယ်ကွာဆိုပြီး လုပ် ရှုမနေတော့ဘဲ သက်သောင့်သက်သာ နေလိုက်တယ်။ ကောင်းကင်ကို နေမင်း… တိမ်ကွယ်နေတုန်း ရွှန်းရွှန်းစားစား တချက်ကြည့်လိုက်တယ်၊ အရသာ ရှိလိုက်တာ… သဘာဝဟာ သိသိကြီးနဲ့ကို လှနေပါလား။ စာရေးဆရာတွေ ရေးတဲ့အတိုင်း တွေ့ရပါပေါ့လား။ စာရေးဆရာဆိုတာ လိမ်ညာရေးသူ နည်းပါတယ်လေ၊ ပိုသာရေးသူသာ များတယ်မို့လားဗျာ၊ ယုံပါ… ကျွန်တော်က စာရေးဆရာ မဟုတ်ပါဘူး။

အော်… မြက်ခင်းစိမ်းလေး ကျန်သေးတယ်၊ ဘာလုပ်ရမလဲ။ အမှန်တော့ သူဌေးတွေ ဂေါက်သီး ကစားဖို့ သေချာစိုက်ပျိုး ရိတ်သိမ်း ညီညာအောင် ညှိထားတဲ့ နေရာ၊ သူတို့ နင်းလျှောက်မယ့် နေရာ… အနင်းခံ မြက်ကိုမှ ကိုယ်က ချစ်နေမိတော့… မပြောမဆို သူတို့အပေါ် ဖိချလို့ လှဲအိပ်လိုက်မိတယ်။ သူတို့ကပဲ ကိုယ့် ဆွဲဆောင်လေသလား၊ ရုံးက အမကြီးပြောသလို ကိုယ်ကပဲ အာသာငမ်းလေသလား။ ကိုယ့်အတွက်တော့ ညစဉ်အိပ်နေကျ အိပ်ရာထက် အိစက်နေတယ်လို့ ထင်မိတယ်။

စာရေးဆရာကြီး ဇော်ဇော်အောင်ရဲ့ ယုဇန မခင်ပျို မော်ဒန်ဝတ္ထုထဲက လေနဲ့ဆိုရင်တော့ “အထင်ဆိုသည်မှာ ရှိတတ်စမြဲပါပဲ“ပေါ့လေ၊ “အရာရာကို အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်းအဆင့်သို့ ရောက်ပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်ထားသည်“ ဆိုပေမယ့် မြက်ခင်းလေးတွေပေါ်မှာ ကိုယ့်စိတ်ကို လွှတ်ပေးလိုက်မိတယ်။ စိတ်မဆိုးကြပါနဲ့ကွယ်တို့…။

မြက်ခင်းပေါ်မှာ အိပ်စက်၊ ကောင်းကင်ကြီးကို ခိုးကြည့်၊ ပင်လယ်ဘက်ကို စွေစောင်း၊ လေညင်းကလေးကို မျှဉ်းရှု… ကျွန်တော်ဟာ တယောက်တည်းနဲ့ကို မဟုတ်တာ လုပ်နေသလိုပါပဲ။ တယောက်တည်း ပျော်နေရတဲ့ အရသာ… ဘ၀မှာ မှတ်မိသလောက် ဒီတခေါက်ကို နံပါတ်စဉ် ၁ လို့ ရေးလိုက်လို့ရပြီ ထင်ပါရဲ့။

တယောက်တည်း ပျော်ပြီးတော့ အတန်ကြာမှ အမေ့ကို သတိရလာတယ်၊ အမေ့ကို ဒီနေရာလေး ခေါ်ပြရရင် ကောင်းမယ်၊ အမေလည်း သဘောကျမှာပဲလို့…၊ အသက်ကြီးတဲ့သူတွေကတော့ ယေဘူယျအားဖြင့် ကျွန်တော်တို့လို ချာတိတ်တွေလောက်တော့ အနုအရွ အလှအပမှာ အလိုလိုနေရင်း သမုဒယတွေ ထနေမှာတော့ မဟုတ်တော့ဘူးပေါ့လေ၊ သမုဒယကို ဒုက္ခလို့ မြင်အောင် ကြည့်နေကြသူတွေကိုးဗျာ၊ သို့ပေမယ့်လည်း အစားကောင်း စားရရင်၊ အရသာကောင်း ခံစားမိရင် ချစ်သူ ခင်သူတွေကို သတိရတယ်မို့လား၊ အမေ့ကို တန်းအောက်မေ့တာပေါ့လေ။

ကျွန်တော်ဟာ အဲဒီ အခိုက်အတန့်လေးကို ပျော်နေမိတယ်၊ ကျေနပ်နေမိတယ်။ ဒါဟာ ဘ၀ရဲ့ တစိတ်တပိုင်းလေးပါ၊ အခိုက်အတန့်လေးတခုပါ၊ အသက် ၃၅ နှစ် တွင်းထဲက ခံစားမှုလေးတခုပါ။ သဘာဝက ကျွန်တော့်ကို လှစေခဲ့တာပါ၊ မြက်ခင်းစိမ်းလေးတွေကတော့ သဘာဝနဲ့အတူ ပနံရအောင် ညှိထား ပြင်ထားရတာ ပေါ့လေ၊ ကျွန်တော်ကရော ဘာထူးလို့လဲ… သဘာဝနဲ့ လိုက်ညှိလိုက်တာမို့လားဗျာ။ အားတော့ နာပါတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝဟာ သဘာဝပါလို့ အဆိုတော်ကြီး စိုင်းထီးဆိုင်က ဆိုထားခဲ့တယ်မို့လား၊ ကျွန်တော်က သဘာဝမှ မဟုတ်တာလေ…။

ကျွန်တော်ဟာ အမှတ်တရ အခိုက်အတန့်လေးကို နောင်များ ပြန်ပြီး ခံစားရနိုင်မလားလို့… အလွမ်းပြေလေးဖြစ်ဖြစ်ပေါ့လေ၊ ဓာတ်ပုံရိုက်ဖို့ ကြိုးစားကြည့်ပါတယ်။ ကင်မရာကို ၁၀ စက္ကန့် ဆက်တင်လေး ချိန်ပြီးတော့ ရိုက်ကြည့်တာပေါ့၊ ခက်တာက ကျွန်တော့် ခံစားမှုက သဘာဝကို အမှီပြုပြီး ပုံသွင်းလိုက်တဲ့ အပျော် (၀ါ) ကျေနပ်မှု၊ အခု အဲဒါကို ကော်ပီပြန်လုပ်ဖို့ ကြိုးစားကြည့်တော့… ဟား ဟား၊ ကျွန်တော်က သရုပ်ဆောင်မှ မဟုတ်တာ၊ ဆယ်ခါပြန်လုပ်တာတောင် မရခဲ့ပါဘူးလေ။

အရသာဆိုတာ ပြောပြရ၊ မှတ်တမ်းတင်ရ ခက်လှပါလားဗျာ…။

၂၀၁၁ ခုနှစ်၊ မတ်လ ၄ ရက်။
မွန်းတည့်ချိန်။