ဒီရက်ကို ကျွန်တော့်ဘ၀ရဲ့ အမှတ်တရ ရက်ထဲတွေထဲမှာ ထည့်ထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကနေ ဆက်သွယ် မေးမြန်းခွင့် ရခဲ့လို့ပါပဲ။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် မီဒီယာပေါင်းစုံက ဆက်သွယ်မေးမြန်းကြ ကတည်းက ကျွန်တော်လည်း မေးမြန်းချင်နေခဲ့တာပါ။

ကျွန်တော်တို့ရုံးက ကိုမင်းထက်တို့၊ ဒေါ်လေးမေတို့ကလည်း အခွင့်သင့်ကြလို့ မေးမြန်းခဲ့ကြပြီ၊ ကျွန်တော့်အလှည့်လည်း တနေ့တော့ ရောက်မပေါ့လေ… ဆိုပြီး အားခဲထားခဲ့တယ်။ ကံကောင်းချင်တော့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး နှစ်သစ်သန္တွိဋ္ဌာန် New Year Resolution နဲ့စပ်လို့ မေးမြန်းဖို့ အကြောင်းပေါ်လာပါတယ်။ ကြိုတင် ပြင်ဆင် သတ်မှတ်ထားတဲ့ မေးရမယ့်ရက်၊ အချိန်ရောက်တော့ ဖုန်းဆက်… အံကျပဲဗျာ ပြောခွင့်ရခဲ့ပြီ၊ မေးခွင့်ရခဲ့ပြီ၊ ကျေနပ်စရာ ကောင်းပါဘိတော့…။

ပထမတယ်လီဖုန်းလိုင်းက မကောင်းလို့ ဒေါ်စုက ကောင်းတဲ့လိုင်းကနေ ပြန်ခေါ်စေခဲ့တယ်၊ တခါ မေးတဲ့ မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ကျကျနန ဖြေဆိုပေးခဲ့တယ်။ စကားပြောရှင်းပြီး မေးခွန်းနဲ့ကိုက်တဲ့ အဖြေကို အတတ်နိုင်ဆုံး ဖြေပေးခဲ့တာ သတိပြုမိပါတယ်။ အင်တာဗျူးမေးတဲ့သူရဲ့ နာမည်ကို ထည့်သွင်း ပြောကြားတတ်တာကိုလည်း အရင်အင်တာဗျူးတွေ နားထောင်ဖြစ်ရင်း သတိထားမိခဲ့တယ်။

လူဆိုတဲ့အမျိုးက ကိုယ့်နာမည်လေး ခေါ်ဆိုခံရတဲ့အခါ အင်မတန် ၀မ်းမြောက်တတ်ကြတာလားဗျာ၊ ကျွန်တော်လည်း ဒါကို မူလကတည်းက သတိပြုမိခဲ့လို့ လူတွေကို နာမည်ခေါ်ခေါ် စကားပြောခဲ့ဖူးတယ်။ စာထဲမှာလည်း ဖတ်ဖူးတယ်။ သူငယ်ချင်း မိတ်ဆွေကစလို့ လူတွေကို နာမည်ခေါ်ပြီး စကားပြောပါဆိုတာလေ… ဒေါ်စုက ဒါကို ကောင်းကောင်း အသုံးချနိုင်တာကို တွေ့ရတယ်။

လူငယ်တွေကို ဂရုထားတဲ့၊ အားကိုးတဲ့၊ နေရာပေးတဲ့ ဒေါ်စုဟာ လူငယ်တွေ အတုယူစေမယ့် စကားတွေ ပြောတာကို တွေ့ရပြန်ပါတယ်။ ဆိုခဲ့သလိုပါပဲ… ကျွန်တော်က New Year Resolution နှစ်သစ်သန္တွိဋ္ဌာန်နဲ့ ပတ်သက်ပြီး မေးရတာ ဖြစ်လေတော့ သူ ဖြေတာလေးက လှတာတွေ့ရတယ်။

နှစ်သစ်သန္တွိဋ္ဌာန်ကို သူ့အနေနဲ့ မယုံကြည်ကြောင်း၊ နေ့သစ်သန္တွိဋ္ဌာန်ကိုသာ ယုံကြည်ပြီး နေ့စဉ်သန္တွိဋ္ဌာန်တွေ ချမှတ်လုပ်ကိုင် ဆောင်ရွက်ပါကြောင်း ဖြေပါတယ်။ လူကြီးတွေအတွက်သာ နှစ်တနှစ်ဆိုတာဟာ ခဏကလေးလောက် ကြာတတ်ပေမယ့် လူငယ်တွေအတွက်ကတော့ နှစ်တနှစ်ဆိုတာ ကြာရှည်တဲ့ ကာလတခု ဖြစ်ပါတယ်။

နေ့တနေ့ကိုသာ ကောင်းတဲ့ သန္တွိဋ္ဌာန်နဲ့ အကောင်းဆုံး နေ့စဉ်ရက်ဆက်ကြိုးစားခဲ့ရင် ကောင်းတဲ့ အကျိုးရလဒ်တွေ ရနိုင်တဲ့အကြောင်း နမူနာပြ ဖြေကြားပေးခဲ့တယ်လို့ အောက်မေ့မိပါတယ်။

ဒေါ်စုနဲ့ ရှားရှားပါးပါး မေးရတာဆိုတော့ တခြားမေးခဲ့တဲ့ မေးခွန်းတွေလည်း ရှိတာပေါ့လေ၊ ဒါပေမဲ့ လူငယ်တွေ စိတ်ဝင်စားတဲ့ ကွန်ရက်ကိစ္စတွေ၊ အင်တာနက် သုံးဖို့ ကိစ္စတွေကိုလည်း မေးကြည့်တော့ အင်တာနက်သုံးစွဲနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစား လုပ်ကိုင်နေတဲ့အကြောင်း ဒေါ်စုက ပြောခဲ့ပါတယ်။ အခုတော့ ဇန်န၀ါရီလ ၂၀ ရက်နေ့ကစလို့ ဒေါ်စုအိမ်မှာ အင်တာနက် တပ်ဆင်ထားပြီလို့ သိရပါတယ်။

ဒေါ်စုဟာ ပြန်လည်လွတ်မြောက်ပြီးနောက်မှာ ကမ္ဘာတ၀န်းက မီဒီယာတွေမှာ အင်တာဗျူးတွေ ရာပေါင်းများစွာ ဖြေကြားပေးခဲ့ပါပြီ။ အခုထက်ထိလည်း ဖြေကြားပေးနေဆဲပါ။ အင်္ဂလိပ်လိုရော မြန်မာလိုပါ ဖြေကြားမှုတွေမှာ တွေ့ရတာကတော့ ခုနဆိုခဲ့သလို မေးခွန်းနဲ့ကိုက်ညီတဲ့ အဖြေတွေကို အကောင်းဆုံး တိတိကျကျ လှလှပပ ဖြေဆိုနိုင်တာ ဖြစ်ပါတယ်။

ဒီလိုဖြေဆိုနိုင်ဖို့ဆိုတာ ရိုးသားမှုရှိဖို့လိုသလို ကိုယ်လုပ်ကိုင်နေတဲ့ ကိစ္စတွေ၊ လုပ်ကိုင်သွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းပြတ်ပြတ် ပိုင်းဖြတ် လုပ်ဆောင်နေလို့သာ ဖြစ်မယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ်မိပါတယ်။

ကျွန်တော်ကတော့ ဒေါ်စုနဲ့ အင်တာဗျူးမေးခွင့် ရခဲ့တာကို အမြဲ အမှတ်ရနေမိပါတယ်။

၂၀၁၁ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၄ ရက်။
ညနေ ၆ နာရီ။