စာမရေးဖြစ်တာတောင် ကြာပြန်ပေါ့၊ ခက်တယ်… အချိန်အားက မရှိ၊ အချိန်ရှိပြန်တော့ ဖီလင်က မလာ… ဒါနဲ့ပဲ နေ့ရွှေ့ ညရွှေ့ မရေးဖြစ်… မရေးဖြစ်တော့ ဘာဖြစ်သတုံး၊ ဘာညစ်သတုန်းလို့ မေးလာရင်တော့ ဘာမှမဖြစ်ပါဘူး၊ သူငယ်ချင်း မိတ်ဆွေတွေထဲမှာ “မောင်ရင် ရေးတာလေးတွေက မဆိုးဘူး… ကောင်းသားပဲ“ လို့ ပြောတဲ့လူတချို့ ရှိသလို “ငကြွား… အပိုတွေ လျှောက်ရေးနေတာ“လို့ မေးငေါ့တဲ့ လူတွေလည်း မရှားပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို မေတ္တာထားကြတယ်လို့ပဲ အောက်မေ့မိပါတယ်လေ…။
ဆက်ရရင် လက်ကသာ ကွန်ပျူတာ ကီးဘုတ်ပေါ် ပြေးလွှားပြီး စာချ မရေးဖြစ်တာကိုးဗျာ၊ အတွေးနဲ့ကတောာ့ ရေးနေတာ နေ့တိုင်းနီးပါးပါပဲ၊ တခါတလေများ တနေ့ကို သုံးပုဒ်လောက်ကို အတွေးနဲ့ ရေးချပစ်လိုက်တာ… အတွေးနဲ့ရေးတော့ ဘာဖြစ်သလဲဆိုတော့ စာပြီးမြန်တယ်၊ နောက်ပြီး ဇာတ်လမ်းကြွတယ်ခင်ဗျ။ တခါ ကျွန်တော်က အတွေးသမားလည်း ဖြစ်၊ အတွေးမြန်သူလည်း ဖြစ်တော့ ဇာတ်က သွက်သလား မမေးနဲ့… ကောင်းမှကောင်း၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်လို့ ထင်ထင်၊ မတတ်နိုင်ပါ၊ စိတ်ထဲ ရှိတာတော့ ရိုးရိုးသားသား ထုတ်ဖော် ပြောဆိုပစ်ရမှာပါပဲ။
ပြဿနာက အဲဒီအတွေးဇာတ်တွေဟာ တကယ် အချိန်ရလို့ ပြန်ရေးမယ်လည်းဆိုရော ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်တာဗျ၊ ဘယ်လိုမှ မထွက်တော့ဘူး။ အတွေးဆိုတော့လည်း ရစ်ကော်ဒါနဲ့ ဖမ်းထားလို့လည်း မရ… ခက်လှချည်ရဲ့… ခက်လှချည်ရဲ့နဲ့ပဲ တကယ်တမ်း ရေးချင်တဲ့စိတ်က တားမရ ဆီးမရ ဆည်ကျိုးသလို ဖြစ်တဲ့အခါ ကိုယ့်အကြောင်းပဲ ရေးမိပြန်တော့တယ်။ ဒါက အပိုင်ဆုံး ဆက်ဗဂျက် ဖြစ်နေတာကိုးဗျ။ မသူတော်လို့ ခေါ်လေမလား…။
အခုတလော စာမရေးဖြစ်ပေမယ့် ဖေ့စ်ဘုတ်ရဲ့ status နေရာမှာ မတ်ဆေ့ဂ်ျလေးတွေ ရေးဖြစ်တယ်၊ အလုပ်က သတင်းတွေ ဖတ်ရ၊ သတင်းတွေ ဘာသာပြန်ရဆိုတော့ နိုင်ငံတကာက အကြောင်းအရာစုံတွေ ဖတ်ရတဲ့အခါ ကိုယ့်နိုင်ငံနဲ့ယှဉ်ပြီး စဉ်းစားမိတာလေးတွေ ရှိလာတယ်၊ အဲဒါတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ကိုယ့်အမြင်လေးတွေ ရေးမိတယ်။ ရေးမိတော့ ဘာဖြစ်သလဲ…။
ခုန ပြောသလိုပါပဲ… ခင်ဗျား ဒဿနလေးတွေ ကောင်းပါတယ်ဆိုပြီး… သိပ်မကြိုက်တဲ့ သဘော ပြောတာရှိတယ်၊ ဘယ်လိုမှ မနေနိုင်သူတွေ ကြပြန်တော့လည်း ဒီချာတိတ်ကို နည်းနည်းတော့ ပညာပေးဦးမှ ဆိုပြီး ၀င်ဆုံးမတယ်၊ ကော်မန့်ပေးတယ်၊ တချို့ကလည်း မြှောက်ပေးကြတယ်၊ မြှောက်ပေးသူတွေကတော့ တကယ့်အရေးကျရင် “ကျွန်တော်မဟုတ်ဘူး… သူ သူ သူ“လို့ လုပ်နိုင်တာပေါ့လေ… စတာပါ၊ ဘာပဲဖြစ်ဖြစ် တဖက်တလမ်းက ကူညီပေးကြတယ်ပဲ အောက်မေ့မိပါတယ်။
ပြန်ဆက်ရရင် နည်းနည်းတော့ ၀မ်းသာမိတယ်၊ ရယ်မိတယ်။ ရယ်မိတယ်ဆိုတာ ပါးစပ်လေး ဟလိုက်တာကို ပြောတာပါ။ ကျွန်တော် ရန်ကုန်မှာ ရှိတုန်းက ကိုရီးယား ဇာတ်လမ်းတွဲတွေ အကြည့်များခဲ့တာကိုးဗျာ၊ အဲဒီမှာ ဇာတ်ဆောင်တွေက တခုခုကို စိတ်ညစ်၊ စိတ်ပျက်သွားရင် ဟက်ကနဲ တချက် ရယ်လိုက်ကြတယ်လေ၊ ပါးစပ်လေးဟပြီး “ဟ ဟ“ ဆိုတဲ့ သဘောမျိုးလုပ်တယ်လေ၊ မချိပြုံးလို့ ဆိုရမလား။ ကျွန်တော်လည်း ကိုယ့်စိတ်နဲ့ သဘောမတွေ့တာလေးတွေ တွေ့ခဲ့ရင် အဲဒီလို လုပ်တတ်နေတယ်၊ အကျင့်တောင် ပါနေပြီ။
ဒီတော့ အပြင်မှာများ ကျွန်တော် အဲဒီလို ရယ်မိတာတွေ့ရင် သတိထားရမှာက “ဒီကောင် ငါတို့ကို မကြည်တော့ဘူး“ ဆိုတာပါ၊ ရယ်တယ်ထင်လို့ အကောင်းမမှတ်ကျလင့်လို့ သတိပေးတာပါ။ ဟဲ ဟဲ…။ ကုလားလူမျိုးတွေ ခေါင်းတခါခါ လည်တခါခါ လုပ်နေတာ ရက်စ်လို့ အနက်ထွက်သလိုပေါ့။
သိတယ်နော်… ကုလားလူမျိုးတွေက သဘောတူတယ်၊ လက်ခံတယ်၊ နှစ်ခြိုက်တယ်၊ စားမယ်ဆိုရင် ခေါင်းတခါခါ လည်တခါခါ လုပ်တယ်လေ၊ အဲဒါကို ကိုယ်က သူတို့အကြောင်း မသိတော့ ဒီကောင် ငါ့မကြိုက်ဘူးလား မသိဘူး၊ ငါပြောတာ လက်မခံဘူးလား မသိဘူးဆိုပြီး ပြောင်းပြန် စဉ်းစားမိမှာ စိုးလို့ ကြုံလို့ ထည့်ပြောလိုက်တာပါ။ သူ့လူမျိုး၊ သူ့ယဉ်ကျေးမှု၊ သူ့စရိုက်၊ သူ့အကျင့်ပေါ့လေ… ကျွန်တော်ကတော့ စိတ်ပျက်လေ… ပိုရယ်မိလေပါပဲ။
တကယ်တော့ ကျွန်တော်က အချစ်ဝတ္ထု သိမ်သိမ်မွေ့မွေ့လေးတွေ ရေးချင်တာပါ၊ ခက်တာက ကိုယ်က မချစ်ဘူးတော့… တခါ အချစ်လည်း မခံရဘူးတော့ ရေးရတာ အသက်မပါသလို ဖြစ်နေတယ်၊ အသက်မပါမှတော့ ၀တ္ထုက သေနေမယ်လေ၊ ဇာတ်လမ်းက ရွှင်မှာ မဟုတ်တော့ဘူး၊ လွမ်းစရာလည်း ကောင်းမှာ မဟုတ်တော့ဘူး။ ဒါနဲ့ပဲ အဲဒီဘက်ကို ကျွန်တော် လက်ရှောင်ထားလိုက်တယ်။
သတင်းဆာင်းပါးကျတော့လည်း အလုပ်အတွက်သာ ရေးဖြစ်တာလေ… သက်သက်အချိန်ပေးပြီး ရေးဖို့ကျတော့လည်း မဖြစ်နိုင်ပြန်ဘူး။ ဒီတော့ ကိုယ်တွေ့လေးတွေ၊ ကိုယ်ခံစား သုံးသပ်မိတာလေးတွေကိုပဲ ချရေးဖြစ်တယ်။ ဒီမှာလည်း အဓိက က မေးခွန်းတွေပေါ့၊ ကိုယ့်ကိုယ်ကိုယ်မေးတဲ့ မေးခွန်းတွေကို ကိုယ့်ဘာသာ ပြန်ဖြေကြည့်ပြီး သူများတွေရော ဒီလိုတွေးကြသလားဆိုတာကို သိချင်လို့ ကျွန်တော်က တင်လိုက်တာပေါ့လေ၊ အဲဒီမှာ ဖတ်တဲ့သူတွေဆီကနေ ကိုယ်နဲ့တူတယ်၊ မတူဘူး တခုခု သဘောထားတုန့်ပြန်သံ ရမှာပဲလို့ ကျွန်တော်က ယူဆတယ်။
တချို့ကလည်း ဗြောင်ကို ပြောဆိုဝေဖန်တယ်ပေါ့၊ တချို့ကလည်း တိုးတိုးတိတ်တိတ် ဆုံးမတယ်ပေါ့။ ချဲ့လင်လုပ်တဲ့အခါလည်း ရှိတာပေါ့။ ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကြိုက်ပါတယ်။ ဒီလိုပဲ အပြန်အလှန် ပြောဆိုဝေဖန်ကြမှ တိုးတက်တယ်လို့လည်း ထင်ပါတယ်။
တခါ စာရေးမယ်ဆိုတော့ သူများတွေ ဘာတွေ ရေးနေကြသလဲဆိုတာကိုလည်း လိုက်ဖတ်ရသေးတယ်ဗျ၊ ကိုယ်ကချည်း ထင်ရာ လျှောက်ရေးနေလို့ မဖြစ်ဘူးလေ၊ သိပ်တော်တဲ့သူများကျတော့ တမျိုးပေါ့လေ၊ သူတို့ကျတော့ တကူးတကတောင် စောင့်ဖတ်နေကြရတာကိုးဗျာ။ ကျွန်တော်ကတော့ သာမန် ဒါမှမဟုတ် သာမန်အောက်အဆင့်လေးဆိုတော့ စာမပေါ့အောင် စာကျစာနကောင်းအောင် နည်းနည်းတော့ လေ့လာစောကြော ရသေးတာပေါ့။ မဟုတ်ဘူးလား…။
ကျွန်တော်က လူတွေကိုပဲ စိတ်ဝင်စားတာဆိုတော့ လူတွေအကြောင်း ရေးဖြစ်တာများတယ်၊ ဥပမာ ကိုယ့်အကြောင်း၊ ကိုယ့်အလုပ်ထဲက လူတွေအကြောင်း၊ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေအကြောင်း၊ နောက် အိမ်နဲ့ရုံးကြားက လူတွေအကြောင်း ဒါတွေကို မှတ်သားလေ့လာ ထူးအောင် မြင်အောင်ကြည့်ပြီး အာလူးနည်းနည်းရော ရေးရတာပေါ့ဗျာ။
ဟင်းချက်တဲ့အခါ ကြက်သားချည်းဆို ဘယ်စားကောင်းလိမ့်မလဲ၊ အီတီတီဖြစ်နေမှာပေါ့၊ အာလူးလေး သုံးလေးလုံးထည့်ထားလိုက်တော့ အဲဒီ အာလူးလေးကိုတောင် လိုက်လုစားရတယ်မို့လား။ အဲဒီလိုပေါ့ စာရေးတော့လည်း မြင်သမျှ၊ တွေ့သမျှချည်း ရေးပြတာထက်စာရင် နည်းနည်းလေး အပိုအလို ဖြည့်စွက်ခံစားပြီး အာလူးလေး၊ ဆားလေး၊ သကြားလေး ထည့်ရတာပေါ့။
တခါ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဖြစ်တာလေးတွေကို ပြန်ရေးဖို့လည်း စဉ်းစားမိတယ်၊ တခါတလေ ပြောဆိုတာတွေမှာ အများကြီး အနှစ်သာရ ပါတာတွေ ရှိနေတာကိုးဗျာ။ အဓိက ကတော့ ကျွန်တော့်ကို ဆုံးမကြတာ များပါတယ်။ ကိုယ်က မကျေလည်ရင် ပြန်ပြန်မေးပေါ့လေ၊ မေးတဲ့အလုပ်ကလည်း ကိုယ့်အလုပ်လို ဖြစ်နေတော့ သူတို့မှာလည်း ကျွန်တော်နဲ့စကားပြောရင် တော်တော် အားစိုက်ရမယ် ထင်ပါတယ်။ အမေးအမြန်းထူတာကိုးဗျာ… နော်။ ကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော်ကတော့ ကြွားတာတော့ မဟုတ်ပါဘူးဗျာ၊ အဲဒီကျွန်တော့် အတွေးတွေကို ဖမ်းနိုင်တဲ့ ရစ်ကော်ဒါတလုံးတော့ လိုချင်မိတာပါပဲ။
၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်။
နံနက် ၁၀ နာရီ။
ကျွန်တော်လည်း အဲ့ဒိလိုမျိုး ရစ်ကော်ဒါ တစ်လုံးလောက်လိုချင်ပါတယ်။
အကို့စာတွေကို တောင် လာမဖတ်ဖြစ်တာ ကြာသွားပြီ။ wordpress ကို ဖွင့်လို့မရတာလဲပါတာပေါ့။ အခု တော့ ဖွင့်လို့ရသွားပြီဖြစ်လို့ နောင်များလည်း အားပေးပါမယ်။ စာတွေ ဆက်ရေးပါဗျာ။
I m also want to write like that notes and articles.
But I don’t know what and how should I write.
I used to read other people’s notes wherever I saw especially on F/B.
Eventhough I don’t know how to write,but i still can know which one is nice to read or not.
Let’s me command about your writtern pattern!
Your writtern pattern is very active,but look like “talking way”, I mean you talk to someone directly.
I think should be “sa kar pyay” ,like “Thet Pan Mg Wa’s writting pattern”.
If I say something wrong,sorry for that.
Tks!