နှစ်သစ်ကူးညက အတွှေ့အကြုံလေးတခုကို ကျွန်တော် ရေးတတ်သလိုလေး ချရေးလိုက်ပြီး သူငယ်ချင်းတွေနဲ့ မျှဝေကြည့်တော့ တချို့ကလည်း မယုံကြဘူး၊ တချို့ကလည်း ဖတ်ကောင်းတယ်လို့ ပြောပေမယ့် အလေးအနက် သိပ်မရှိကြဘူးလို့ ထင်မိပါတယ်။ မယုံမှာစိုးလို့ ဓာတ်ပုံလေးနဲ့ ကူထားတာတောင် ရဲရဲတင်းတင်း လက်သင့် မခံလိုကြဘူး။

ဟုတ်တော့လည်း ဟုတ်ပါတယ်လေ၊ ကျွန်တော်ကလည်း ဘုန်းကြီးဝတ်မယ်ချည်း ပြောထားပြီးတော့ အခုလို နန့်နန့်တက်လေး လုပ်ပြလာတော့ မူလ သိက္ခာ၊ သမာဓိအားတွေကို ယုံစားထားသူများပီပီ မဖြစ်နိုင်ဘူးလို့ တွေးတာလည်း ဖြစ်နိုင်ပါတယ်။

နောက်တခုက ကျွန်တော်က အသော သိပ်မဖက်ဘဲ ကိုယ့်စိတ်ခံစားရတာကို အရှိအတိုင်းလေး ရေးပြခဲ့ပေမယ့် ရယ်ရတယ်လို့ မှတ်ချက်ပြုကြတဲ့ သူငယ်ချင်း တွေလည်း ရှိသေးတော့ အမယ်.. ငါက ရယ်စရာလည်း ရေးတတ်နေပါလားလို့ ကြိတ်ပြီး ဂုဏ်ယူမိသေးတယ်။

ဒီတော့ မယုံတဲ့သူတွေလည်း ယုံချင့်စေသောငှာ နောက်တပုဒ် ရေးထုတ်လိုက်ပါတယ်၊ ရယ်ချင်တဲ့သူတွေလည်း နည်းနည်းလေး ပြုံးချင်လုလု ဖြစ်သွားအောင်ပေါ့လေ။ အဖြစ်အပျက်တွေကတော့ အမှန်တွေပါပဲခင်ဗျာ။

တကယ်တော့ ကွယ်လွန်သူ စာရေးဆရာ နီကိုရဲ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးသလိုပါပဲ… ကျွန်တော်ကတော့ ခံစားချက်နဲ့ အတည် ရေးတာပါပဲ၊ ဖတ်တဲ့သူက ရယ်တော့လည်း ရယ်ကြပေါ့ဗျာ ဆိုသလိုပေါ့… နော့။

သောကြာနေ့ကွ

ကျွန်တော် အလုပ်နားရက်တွေက တခုတလောမှာ တနင်္ဂနွေ၊ တနင်္လာ ဖြစ်သွားပါတယ်၊ ဒီတော့ သောကြာနေ့ပြီးရင် ကဲလို့ မရသေးပါဘူး။ စနေနေ့မှာ အလုပ် ဆက်လုပ်ရဦးမှာမို့ပါ။ ဒီတော့ သောကြာနေ့မှာ အလုပ်ကနေ အိမ်ပြန်လာတဲ့အခါ ကျွန်တော့်မှာ ပေါ့ပါး မနေပါဘူး၊ စနေညနေကျမှ လန်းနိုင်မှာမို့ပါ။

သောကြာည တညမှာတော့ အလုပ်ကနေ အိမ်အပြန်နည်းနည်း နောက်ကျပါတယ်၊ ပုံမှန်ဆို အိမ်ကို ည ၇ နာရီဝန်းကျင်လောက် ပြန်ရောက်တတ်ပေမယ့် အဲဒီည မှာတော့ ၉ နာရီတောင် ကျော်လုလု ဖြစ်နေပါပြီ။ သောကြာည ဆိုတော့ သိတဲ့အတိုင်း ပုံမှန် ရုံးဝန်ထမ်းတွေ၊ ကုမ္ပဏီမှာ လုပ်ကိုင်သူတွေကတော့ လန်းနေကြပြီပေါ့လေ။

အလုပ်ကနေ ဘူတာရုံကို လျှောက်တဲ့ လမ်းတလျှောက်က Pub တွေမှာတင် လူတွေက စည်နေပါပြီ၊ ဘီယာခွက်ကိုယ်စီနဲ့ ပလက်ဖောင်းပေါ်မှာ စကားဖောင်းနေကြ ပါပြီ။ Pub ထဲမှာတော့ တော်တော်လေးကို ကြပ်ကြပ်သပ်သပ် ဖြစ်နေပြီပေါ့။ ဆေးလိပ်သောက်တတ်တဲ့ သူတွေကတော့ ပလက်ဖောင်းပေါ်မှာ အော်ကြီးဟစ်ကျယ် စကား ပြောလိုက်၊ ရယ်လိုက် မောလိုက်၊ ဘီယာစုပ်လိုက်၊ ဆေးလိပ်ဖွာလိုက်နဲ့ အတော် ဟုတ်နေပါပြီ။

သူတို့ကို မမြင်ချင်ယောင် ဆောင်ပြီး၊ ဘူတာထဲ ဆင်း.. ရထားပေါ်တက်၊ ရထားပေါ်မှာလည်း အာသွက်လျှာသွက် ဖြစ်တဲ့သူတွေက စကားကောင်းနေပြန်ပါပြီ။ ဒါနဲ့ ကျွန်တော် ဆင်းရမယ့် ဘူတာရောက်တော့ ညစာ စားဖို့ ဆိုင်ဝင် ၀ယ်ခြမ်းပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။

ဘူတာရုံဘေးလမ်းကနေ အိမ်ကို လမ်းလျှောက်ရင် ခပ်သွက်သွက် ၈ မိနစ် လျှောက်ရပြီး၊ ပုံမှန်ဆိုရင်တော့ ၁၀ မိနစ်လောက် လျှောက်ရပါတယ်။ ကျွန်တော်လည်း ပင်ပန်းနေတော့ ခပ်လေးလေး ခပ်နှေးနှေးပဲ လျှောက်လာမိပါတယ်။ ကိုယ်က သူများပျော်လို့ မပျော်နိုင် ပုံစံမျိုး ဖြစ်နေတာပေါ့ဗျာ။

ဒါတွေ ပြောနေလို့ အရင်ကရော သောကြာညနေတိုင်း Pub သွားတယ်လို့တော့ မထင်လိုက်ပါနဲ့ဗျာ၊ တလမှ တခါလောက်၊ နှစ်ခါလောက် သွားတတ်တာပါ။ ဘာသွား လုပ်တာလဲဆိုတော့ ကျွန်တော် အားပေးတဲ့ ချယ်လ်ဆီး အသင်း ကန်တဲ့နေ့တွေမှာ ဘောလုံးပွဲကြည့်ရင်း ဘီယာစုပ်တာပေါ့လေ။ ဒါလည်း တခွက်၊ နှစ်ခွက် လောက်ပါ။ အခုတော့ ကိုယ့်ချယ်လ်ဆီးကလည်း ပွဲတိုင်း နီးပါး အခြေအနေ မကောင်းတော့ မကြည့်ဖြစ်တာတောင် ကြာပေါ့။

ကျွန်တော်က ဘီယာထက်စာရင် ၀ီစကီပိုကြိုက်တဲ့သူပါ။ ဘီယာက အများကြီး သောက်ရပြီး သိပ်မမူးလို့ပါပဲ။ မူးယစ်စေတတ်သော အရည်သောက်မှတော့ မူးမှ ကောင်းတယ်လို့ ယုံကြည်ထားလို့ ကျွန်တော် သောက်ရင် မူးမှ သဘောကျသူပါ။ အဲ မူးရင်လည်း မရစ်တတ်ပါဘူး၊ အိပ်တာပါပဲ။

ဒါနဲ့ ခုန Pub မှာကျတော့ ဘီယာတခွက်၊ နှစ်ခွက်သောက်တယ်ဆို… ဘယ်လိုလုပ်မူးမှာလဲလို့ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်၊ မမူးပါဘူး… နို့ပေမယ့် အဲဒီလိုမှ မသောက်ရင်လည်း ဘောလုံးပွဲက ကြည့်လို့မရတော့ဘူး။ Pub မှာက ဘောလုံးပွဲ အလကားပြတာမို့ ဘီယာ ဒါမှမဟုတ် ၀ီစကီ ဒါမှမဟုတ် ကိုလာကိုလာဖြစ်ဖြစ် တခြား အချိုရည်တခုခု ဖြစ်ဖြစ် ၀ယ်သောက်ရပါတယ်။ မသောက်ဘဲ အလကား သွားထိုင်ကြည့်လို့ မကောင်းပါဘူး။

ဘီယာ လီတာဝက်ကို သံဗူးနဲ့ စတိုးဆိုင်က ၀ယ်သောက်ရင် တပေါင်ပဲ ကျသင့်ပေမယ့် Pub မှာတော့ Draught Beer ကို လီတာဝက် သာသာရှိတဲ့ တပိုင့် မှာ သောက်မယ်ဆိုရင်တော့ နှစ်ပေါင်ခွဲကနေ လေးပေါင်နီးပါးအထိ ပေးရပါမယ်။ နှစ်ပိုင့်သောက်မယ်ဆိုရင် ခုနစ်ပေါင်အထိ ပေးရပါမယ်။ ကိုကာကိုလာပဲ သောက်မယ် ဆိုလည်း Pub မှာဆို နှစ်ဆ သုံးဆ ပေးရမှာ ဖြစ်ပါတယ်။

ဆက်ရရင်တော့ အိမ်နားရောက်ဖို့ လမ်းကွေ့ချိုးလေးမှာ ကောင်မလေးနှစ်ယောက်က ခပ်လန်းလန်းလေးတွေ ၀တ်စားလို့ ကျွန်တော်ရဲ့ မျက်ဆိုင်ဘက်ကနေ လာနေတာကို တွေ့လိုက်ရပါတယ်။ အနားရောက်တော့ အာသွက်လျှာသွက် တယောက်က…

“ဟေ့လူ… ဘာလုပ်နေတာလဲ၊ သိပ်လေးနက်တဲ့ ပုံစံကြီးနဲ့ လုပ်နေပါလားကွ“ ဆိုပြီး စနောက်လာပါတယ်။

ကျွန်တော်ကတော့ ရယ်ပြုံးပြုံးလို့ “အလုပ်က ပြန်လာတာပါဗျာ၊ အဆင်ပြေကြတယ်မို့လား“ ဆိုပြီး အလိုက်သင့်လေး ပြန်ပြောလိုက်ရပါတယ်။

ပိုလစ် (ပိုလန်မလေးတွေ) တွေလို့ ထင်ရတာပါပဲ၊ ဒါမှမဟုတ် ဥရောပ နိုင်ငံတခုက ဖြစ်ပုံရပါတယ်။ ၂၀ ကျော် ၀န်းကျင် အရွယ်တွေပါ။ ဘေးဘီကို ကြည့်လိုက်တော့ ကုလားလေးတွေ သုံးလေးယောက်ပါတဲ့ အုပ်စုတခုကလည်း လမ်းဟိုဘက်ခြမ်းကနေ လမ်းလျှောက်လာတာ တွေ့ပါတယ်။ သူတို့ကတောင် ကျွန်တော်နဲ့ ဒီချာတိတ်မ နှစ်ယောက် စကားပြောနေကြတာကို ကြည့်ပြီး သဘောတွေ ကျနေ ပါသေးတယ်။

“လုပ်မနေစမ်းပါနဲ့… ဒီနေ့က သောကြာညပဲ၊ ပျော်ပျော်ပါးပါးပေါ့၊ လန်းလန်းရွှင်ရွှင် နေစမ်းပါ“ ဆိုပြီး ချာတိတ်မက လုပ်နေသေးတယ်။

နောက်ရက် အလုပ်ဆင်းရမယ့်ဟာဗျာ၊ ဘယ့်နှယ့် သူတို့ကို ကဲလို့ ရွဲလို့ ကွဲလို့ ရပါ့မလဲ။ “လုပ်ပါ၊ လုပ်ပါ၊ ပျော်ကြပါလေ… ကောင်းသောညပါ“ ဆိုပြီး စကားဖြတ် ထွက်လာတော့ သူတို့ကလည်း ရယ်ရယ်မောမောနဲ့ ဆက်ထွက်သွားခဲ့တယ်ဗျ။

သူတို့နဲ့ ခွဲထွက်ပြီး ဆက်လျှောက်လာမှ ၀မ်းနည်းသလို ဖြစ်ရတယ်။ “ငါကွာ… ခင်ဗျားတို့ ဘယ်သွားမလို့လဲ၊ ကျွန်တော် လိုက်ခဲ့လို့ ရမလား“ ဆိုပြီး လိုက်သွားလိုက်ရင် ကောင်းမှာဆိုပြီး နောင်တ ရသလိုလို ဖြစ်နေပါသေးတယ်။ အဲဒီညက အိပ်လို့တောင် မပျော်ဘူး တကယ်…။

ဒီက single နော်

တခါသားကလည်း ဝေလပြည်ဘက် အလည်ထွက်ဖို့ ပြင်ဆင်ထားတဲ့ နေ့မတိုင်ခင် တညနေမှာ အိမ်မှာ အတူနေတဲ့ ဂျာမနီက ချာတိတ်မနဲ့ အောက်ထပ်မှာ ဆုံကြတော့ “ဟေ့လူ… အေးဆေးလား“ လို့ ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောလာပါတယ်။

တကယ်တော့ တအိမ်ထဲမှာ ကိုယ့်အခန်းလိုက် အတူတူ နေဖြစ်ကြပေမယ့် ရင်းရင်းနှီးနှီး စကားပြောဖြစ်ကြတာ မဟုတ်ပါဘူး၊ သူလည်း သူ့အလုပ်နဲ့ သူ၊ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ မတွေ့ဖြစ်ကြတာ များပါတယ်။

သူကလေးက အောက်ထပ်က အခန်းတခုမှာ နေပြီး၊ ကိုယ်က အပေါ်ထပ်က အခန်းမှာ နေတာ ဖြစ်လေတော့ တခါတခါ ကျွန်တော်က အလုပ်နောက်ကျမှ သွားလို့ ရတဲ့အခါမျိုးမှာ အိမ်ကနေ ထွက်သွားတဲ့ သူ့ကို အပေါ်ကနေ လှမ်းမြင်လိုက်တာမျိုး ရှိတတ်ပါတယ်။ တခါတလေ ကျွန်တော် အလုပ်က ပြန်လာလို့ သူ့အောက်ထပ် အခန်းထဲကနေ ထွက်လာတာမျိုး တိုက်တိုက်ဆိုင်ဆိုင် ကြုံတယ်ဆိုလည်း “Hi“ လောက် “Hello!“ လောက်ပဲ လုပ်ဖြစ်ကြပါတယ်။

ရင်းရင်းနှီးနှီး စကားပြောတာမျိုးတော့ မရှိခဲ့ပါဘူး၊ နောက်တခုက အိမ်မှာ နေသူအများစုက အလုပ်ချိန် ၉ နာရီကနေ ၅ နာရီအထိ လုပ်သူက အများစု ဖြစ်ပြီး၊ ကျွန်တော်တို့ကတော့ ရန်ကုန်အချိန်နဲ့ ကိုက်ပြီး လုပ်ရသူတွေဖြစ်တော့ အလုပ်ချိန်မတူလို့ အိမ်မှာရှိနေကြတဲ့အချိန် မတူကြပါဘူး။

တခါတလေ အိမ်မှာ ကိုယ်က တယောက်တည်း ကျန်နေခဲ့ပြီး၊ တခါတလေ အိမ်မှာ လူစုံရှိနေချိန် ကိုယ်က အလုပ်ထဲမှာ ရှိချင်ရှိနေတတ်ပါတယ်။ ဆိုလိုတာက အိမ်မှာနေသူ အများစုက သူတို့ချင်း ရင်းနှီးနေကြပြီ ဖြစ်ပေမယ့် ကျွန်တော့်ကိုတော့ သူတို့ တွေ့ရခဲပါတယ်။

နောက်တခုက အိမ်မှာ နေသူအများစုကလည်း ၃ လတန်သည်၊ ၆ လ တန်သည်တွေပဲ (တခါတလေ နှစ်ပတ်လောက်ပဲ လာနေသူတောင် ရှိပါတယ်) များလေတော့ တခါတလေ ဘယ်သူတွေ ၀င်လို့ ဘယ်သူတွေလဲ ထွက်ကုန်ပြီလဲ ဆိုတာတောင် မသိလိုက်ပါဘုး၊ တခါတလေ အိမ်တာဝန်ခံ တရုတ်မကို ဟိုတယောက်ကောလို့ မေးလိုက်ရင် ပြန်သွားပြီလို့ ဆိုတာက များပါတယ်။

ဥရောပနဲ့ သြစကြေးလျက လူငယ်တွေကတာ့ ဗီဇာမလိုဘဲ လာကြ၊ နေကြ၊ လပိုင်း အလုပ်လုပ်ကြပါတယ်။ လာရလွယ်တော့ လာလိုက်၊ အလုပ်ရှာလိုက်၊ ခရီးသွားလိုက်၊ သုံးဖြုန်းလိုက်၊ တခါ Internship လို့ ခေါ်တဲ့ အလုပ်သင် အတွေ့အကြုံနဲ့ လာလိုက် ပြန်လိုက် လုပ်နေသူတွေက များပါတယ်။

ဒီဂျာမနီက ချာတိတ်မကလည်း ရောင်းဝယ်ရေးအတွေ့အကြုံအတွက် သုံးလလောက် လာနေတာ ဖြစ်ပါတယ်။ အိမ်မှာ ရောက်နေတာ တလခွဲလောက်နေမှ ပထမဆုံး ရင်းရင်းနှီးနှီး စကားလာပြောတာလည်း ဖြစ်ပါတယ်။

အဲဒီနေ့ကတော့ ကျွန်တော့်နားရက် ဖြစ်နေတာနဲ့ နေဖင်ထိုးတဲ့အထိ အိပ်၊ အိပ်ရာနိုးတော့ ညက ၀ယ်ခြမ်းထားတာတွေ စားသောက်ပြီး ရေဒီယိုနားထောင်ရင်း တခါ ပြန်အိပ်၊ အိပ်ရာနိုးတော့ ဘော်ဒါတွေနဲ့ ချက်တင်လုပ်၊ ဖေ့စ်ဘုတ် ကြည့်၊ သတင်းလေး နည်းနည်းပါးပါး ဖတ်ပြီး နာရီကြည့်လိုက်တော့ ညနေ ၅ နာရီတောင် ထိုး တော့မယ်။

ဝေလပြည်ကို မနက်ဖြန် အလည်ခရီးထွက်မှာမို့ ၀တ်ပြီးသား အ၀တ်တွေ လျှော်ထားခဲ့မှ ပြန်လာရင် ၀တ်ဖို့ ရှိမယ်ဆိုပြီး အ၀တ်လျှော်ဖို့ အောက်ဆင်းတော့ အမယ် ချာတိတ်မက ပြန်ရောက်နေတာဗျ၊ ဗိုက်ဆာလာလို့ ထင်ပါရဲ့… အ၀တ်တောင် မလဲနိုင်ဘဲ ခေါက်ဆွဲပြုတ်သောက်ဖို့ ပြင်ဆင်နေတာကို တွေ့ပါတယ်။

လူချင်းတွေ့တော့ “ဟိုင်း“ ပေါ့၊ နှုတ်ဆက်လိုက်တယ်။ “ဟေ့လူ… အေးဆေးလား၊ ဘာတွေ လုပ်နေသလဲ“တဲ့။

ကျွန်တော်က ဒီနေ့ နားတဲ့ အကြောင်း ပြောပြီး မင်းက ဘာအလုပ် လုပ်သလဲ၊ ဘာညာနဲ့ မေးတော့ သူကလည်း ပြန်ပြောပြတယ်။ မြန်မာပြည် ဘယ်နားရှိကြောင်း လည်း ရှင်းပြ ရသေးတယ်။ အဲဒီမှာ ဘာသတိထားမိသလဲဆိုတော့ ချာတိတ်မက ကျွန်တော် စကားပြောတိုင်း ပြောလိုက်တဲ့ စကားတွေကို လိုက်ရွတ်ပြီး ရယ်နေ တယ်။ နောက်သလို ဖြစ်နေတာပေါ့။

နောက်ပြီး သူက အေးတောင် အေးနေပြီ ဖြစ်တဲ့ ခေါက်ဆွဲပြုတ်ကို မသောက်အားဘဲ “ဟေ့လူ၊ i’m single“ နော်လို့ လာလုပ်သေးတယ်။ အဲဒါကို သုံးခါ လောက် စကားပြောရင်းနဲ့ ထည့်ထည့် ပြောပါတယ်။ သူက စင်ဂဲလ်ဆိုတော့ ကျွန်တော်က ဘာလုပ်ရမလဲ။ ဒါနဲ့ ရယ်ရယ်မောမောနဲ့ စကားလက်စသပ်လို့ အ၀တ်တွေ စက်ထဲ ထည့်ပြီး ကျွန်တော့် အခန်းငယ်လေးဆီ ပြန်တက်လာခဲ့ပါတယ်။

အခန်းထဲရောက်မှ ဘာဖြစ်လို့ ငါ့ကို i’m single လာလုပ်နေတာလဲ၊ ငါက ဘာလုပ်ရမှာလဲ။ မနက်ဖြန်လည်း ခရီးက ထွက်ရတော့မယ်။ သက်သက် အာရုံနောက်အောင် လာလုပ်တာပဲလို့ စိတ်ထဲ တွေးမိပြီး မချင့်မရဲ ဖြစ်မိပါတယ်။

ဒီမှာက ခရီးတွေကို သုံးလေးလ ကြိုတင် စီစဉ်ထားရတာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ကာမှ တော်ကာ ကျတယ်။ ခွင့်ကလည်း ရုံးမှာ တခြားလူတွေနဲ့ တိုက်မနေဘဲ ယူလို့ ရမယ်။ လက်မှတ်တွေ၊ တည်းခိုခန်းတွေကလည်း ကြိုတင်ဝယ်ထားမှ ဈေးသက်သာတယ်။ မြန်မာပြည်မှာကတော့ ခရီးထွက်မယ်ဆို အခု ထသွားချင် သွားလိုက်တာ မဟုတ်လား၊ ဒီမှာတော့ အဲဒီလို လုပ်လို့ မရဘူး။ မရဘူးတော့ မဟုတ်ဘူးပေါ့၊ ခွင့်အတွက် စီစဉ်ရ ခက်မယ်၊ အကုန်အကျ အလွန်များမယ်ပေါ့။

ဝေလပြည်နယ် ခရီးစဉ်မှာတော့ အိမ်မှာ ကျန်နေခဲ့တဲ့ ကောင်မလေးကို တချက်တချက် သတိရနေမိတယ်။ ဘာလုပ်ရမှန်းမသိ…။ ဒီနေရာမှာ အတွေ့အကြုံက စကားပြောတယ်ဆိုတာ ဟုတ်မှာ…။

အဲဒီမတိုင်ခင် တပတ်ကတော့ ဘူတာကနေ ထွက်တော့ စားသောက်စရာတွေ ၀ယ်ခြမ်းပြီး အိမ်ပြန်လာခဲ့တယ်။ လမ်းဖြတ်ကူးဖို့ မီးပွိုင့်လည်း ရောက်ရော မီးနီ သွားလို့ စောင့်နေရပါတယ်… အဲ တဖက်မှာတော့ မီးပွိုင့်မှာ မီးနီရာကနေ စိမ်းသွားလို့ ထွက်လာတဲ့ ပထမဆုံးကားကို မောင်းလာတာက ကောင်မလေး ချောချောလေးရယ်… ဘာရယ်မဟုတ် ကိုယ်ကလည်း ကြည့်လိုက်မိတော့ စတီယာရင်ကိုင်ထားတဲ့ လက်လှလှလေးနှစ်ဖက်ထဲက ညာဖက်လက်ရဲ့ လက်ခလယ်ကို ကျွန်တော့်ကို ထောင်ပြသွားခဲ့တယ်။

ကျွန်တော့်မှာ ပါးစပ်အဟောင်းသားလေး ဖြစ်လို့… လမ်းကူးဖို့ မီးစိမ်းပြသွားတာတောင် လမ်းမကူးနိုင်တော့ဘူး၊ ရင်တွေကို တုန်လို့…။

၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်။
နံနက် ၁၁ နာရီ။