ကျွန်တော့်မျက်နှာက မိန်းကလေးတွေနဲ့ တွေ့ရင် “အများအားဖြင့် သာသာယာယာ ရှိပါသည်“ လို့ ပြောလို့ ရနိုင်ပါတယ်။ တမင်တကာလည်း ကြာမျက်လုံးတို့၊ အသည်းတယားယား ဖြစ်စိမ့်သောငှာ ထုတ်မိသော အိုက်တင်တို့ စသဖြင့် ကိုယ့်ဟာကိုယ် အရူးထရင်း လုပ်ပြတတ်ပါတယ်။ “ဘယ်ရွေ့ဘယ်မျှ အောင်မြင်မှု ရှိပါသနည်း“ လို့တော့ မမေးလိုက်ပါနဲ့ဗျာ၊ အခုထက်ထိတိုင် ချစ်ကောင်းရဲ့ “တယောက်တည်းလား“ သီချင်းကို ဆိုနေရဆဲပါ။

ထားပါတော့လေ…၊ ဆိုခဲ့တဲ့အတိုင်း မိန်းမတွေနဲ့တွေ့ရင် အလိုလို ချိုသာနေတတ်တဲ့ ဒီမျက်နှာကြောင့် မိန်းကလေးတွေက စကား လာပြောတတ်၊ ရင်းရင်းနှီးနှီး ရှိတတ်ကြပါတယ်။ အထူးသဖြင့်တော့ မြောက်ကြွ လန်းဆန်းနေတဲ့ မိန်းကလေးတွေပေါ့၊ တည့်တည့်ပြောရရင် ဘီယာတို့၊ ၀ိုင်တို့ မှီဝဲထားတဲ့ မိန်းကလေးတွေ ဖြစ်ပါတယ်ခင်ဗျာ။

ညက အဖြစ်ပဲ ဆိုပါတော့…၊ နှစ်သစ်ကူးညမှာ သူငယ်ချင်း မိသားစုဆီ အလည်သွားပြီး မုန့်ဟင်းခါး သွားသောက်ပါတယ်။ သူ့အိမ်က ဆိုရင် သန်းခေါင်ကာလ နှစ်ကူးပြီဆို London Eye က ပစ်ဖောက်လိုက်တဲ့ မီးရှုးမီးပန်းတွေကို မြင်နိုင် ကြည့်နိုင်ပါတယ်။

ဒါပေသိ ကျွန်တော့်မှာတော့ သန်းခေါင်ထိတိုင် မစောင့်အားနိုင်တော့ပါဘဲ… ကိုယ့်အခန်းငယ်လေးရှိရာကို ပြန်လာရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နောက်တရက်ဖြစ်တဲ့ နှစ်ဆန်းတရက်နေ့မှာ နံနက်စောစော အလုပ်ဆင်းရမှာကိုးဗျာ။

ဒါနဲ့ ည ၉ နာရီတော်တော်ကျော်လို့ ၁၀ နာရီ မထိုးခင်လေးမှာ စကားလက်စသတ်ပြီး ပြန်လာခဲ့ပါတယ်၊ ဘူတာကို ဆင်းတယ်။ ဘူတာလည်းရောက်ရော မိန်းကလေး သုံးလေးယောက်ပါတဲ့ လူငယ်တအုပ် ကဲနေကြတာကို တွေ့တယ်၊ သူတို့ လက်ထဲမှာလည်း ပုလင်းကိုယ်စီ ကိုင်လို့…၊ များသောအားဖြင့် အဖျော်ယမကာကို Pub လို့ ခေါ်တဲ့ ဘီယာဆိုင်တွေမှာပဲ သောက်ကြပေမယ့် ဒီလိုညတွေမှာတော့ လူငယ်တွေက ကဲကြ ရွဲကြ ပြဲကြ တွဲကြ ရတာမို့… ဘာမှ မသောက်ထားတဲ့ ကျွန်တော့်မှာတော့ သူတို့ ကြည့်ပြီးသာ လိုက်ပျော်နေမိတယ်။

အဲဒီမှာ ဗြုန်းဆို ကောင်မလေးတယောက်က Happy New Year လို့ လာပြောပြီး ကျွန်တော့်ကို ဓာတ်ပုံ ရိုက်တယ်၊ ပြီးတော့ ရယ်နေတယ်။ သူက အဲဒီလို လုပ်လိုက်တော့ နောက်ထပ် ကောင်မလေး နှစ်ယောက်ကလည်း သူတို့လည်း ဘာကြောင့် ဒီငနဲကို လုပ်ခွင့် မသာရမှာလဲဆိုတဲ့ အပေါက်နဲ့ အနားကပ်လာ ပြန်ပါတယ်။

ကျွန်တော်ကလည်း ထွက်တော့ မပြေးပါဘူးခင်ဗျာ့၊ ၀င်းဦးစတိုင်လေးနဲ့ ခပ်ပြုံးပြုံးလေး သူတို့ကို ကြည့်နေမိပါတယ်။ မကြည့်လို့လည်း မရပါဘူးလေ…၊ ဆိုခဲ့ပါအတိုင်း မိန်းကလေး မြင်ရင် ချိုချင်တဲ့ မျက်နှာပေး…၊ တခါ လူများတဲ့ အုပ်နဲ့ဆိုရင် ရယ်နေတာက အန္တရာယ်ကင်းတယ် မဟုတ်လား။ ဒီတော့ ဟန်ကိုယ့်လို့ ဟဲ.. ဟဲ.. လုပ်နေမိပါတယ်။

နောက်ထပ်ကပ်လာတဲ့ ကောင်မလေး နှစ်ယောက်က ကျွန်တော့်ဘေး တဖက်တချက်ကို ၀င်လိုက်တယ်၊ တခါ ယောက်ျားလေးတွေကလည်း သူတို့ဘေးနဲ့ နောက်ဘက်မှာ နေရယူပြီး အားလုံး ကျွန်တော့်ကို ၀ိုင်းလိုက်ကြတယ်၊ ပြီးတော့ ဓာတ်ပုံရိုက်တာပါ။

အဲဒီမှာ ကောင်မလေး အရွယ်တော်လေး တယောက် အနားကပ်ပြီး ဓာတ်ပုံ လာရိုက်တော့… အမယ် ကျွန်တော့် လက်က အလိုလို မြာကလေးကျောပြင်ဘက် သိုင်းဖက်ပြီး ဖြစ်နေတာကလားဗျာ။ ဟဲ.. ဟဲ.. ဒီလက်က မသင်ဘဲ တတ်နေပါလားလို့ ကိုယ့်ဘာသာကိုယ်တောင် အံ့သြမိတယ်။

ပိုပြီး အံ့သြဖို့ ကောင်းတာက ချာတိတ်မက ငြိမ်ငြိမ်မနေဘဲ ကျွန်တော့်အပေါ် ခုန်တက်တော့ ပွေ့ချီလိုက်ရပါရောလားဗျာ… အမယ် အဲဒီအချိန် ဖြတ်ကနဲဆို ဓာတ်ပုံက ရိုက်သေးတာဗျ၊ အမယ်မင်း… ကျွန်တော့်မှာ စီလီဗရီတီမဟုတ်၊ ဘာမဟုတ် ထိတ်ကနဲတော့ ဖြစ်သွားသား…။

ဟ မနက်ဖြန် မနက်ထုတ် သတင်းစာတွေမှာ ဒီပုံ ပါလာခဲ့ရင် အခက်ပေါ့လေ။ ပြီးမှ ဟေ့ကောင်… မင်းက ဘာမှ မဟုတ်ဘူးလေ… အကဲ ပိုမနေစမ်းပါနဲ့ကွာလို့ ကိုယ့်ကိုယ်ကိုယ် ပြန်နားချယူရတယ်။ ဒါ အခိုက်အတန့်အတွင်း စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်သွားတဲ့စိတ်ကို ပြောပြနေတာပါ။

ဇာတ်လမ်းက အဲဒီမှာ မပြီးသေးဘူးဗျ၊ ကြွားတယ်လို့တော့ မထင်ပါနဲ့ဗျာ… ကျွန်တော့်မှာက အဲဒီလို ချီရ မရ ပိုးရ ထမ်းရမယ့်သူက မရှိရှာလေတော့ မတဲ့ ထမ်းတဲ့ အလေ့အကျင့်ကလည်း မရှိဘူးမို့လား၊ သေနာမလေးရဲ့ အလေးချိန်ကလည်း မရှိဘူးဆို ၁၂၀၊ ၁၃၀ ပေါင်လောက်တော့ အသာလေး ရှိတာဆိုတော့ ကျွန်တော့်မှာ သူခုန်တက်လိုက်တဲ့အချိန်မှာ ခြေထောက်တွေကို တောင့်တင်းပြီး အားယူလိုက်တာနဲ့ ဆိုတော့ ညာဖက်ခြေသလုံးက ကြွက်တက်ပါလေရောဗျို့…။

နိုင်ငံရပ်ခြားတိုင်းတပါးက လန်ဒန်မြို့တော်ကြီးမှာဗျာ… “ကောင်မလေးကို ချီမလိုက်ရလို့ ကြွက်တက်ပြီး ကောင်မလေးရော သူကောင်းသား(သဂေါင့်သား)ပါ ကြမ်းပြင်ပေါ်သို့ ဖုတ်ကနဲ ပြုတ်ကျသွားလေသည်“ ဆိုရင် ကြားလို့မှ ကောင်းသေးရဲ့လားဗျာ။

ဒါနဲ့ မထူးပေဘူးဆိုပြီး ရဲစိတ်ရဲမာန်တွေ သွင်းလို့ မြန်မာ တမျိုးသားလုံးရဲ့ သိက္ခာ မကျစိမ့်သောငှာ မြန်မာ့အမျိုးသားကောင်းတို့ရဲ့ ဂုဏ်ရည်တွေ ကျွန်တော့် ခန္ဓာကိုယ်ပေါ် ရောက်နေသလို စိတ်မှာ မှန်းပြီး အံကြိတ်လို့ မသာမလေးကို ဆက်မထားရတယ်ခင်ဗျ။

ဆိုးလိုက်တဲ့ ကံနဲ့ဗျာ၊ ဇာတ်နာချက်က အကယ်ဒမီတောင် ပေးရင် ရလောက်ပါတယ်။ ဒါတောင် ကင်မရာမင်းလုပ်တဲ့ ဆရာမက တပုံရိုက်တာ မကြိုက်သေးလို့ ခဏနေဦး ဆိုပြီး နောက်တပုံ ထပ်ရိုက်နေသေးတယ်။

စက္ကန့် ၂၀ သာသာလောက် ချီပိုးလိုက်ပြီး ချာတိတ်မ ပြန်ဆင်းသွားတော့ အမယ် ကျွန်တော့်မှာ ကိုယ့်နှလုံးသားလေးပဲ ပြုတ်ကျသွားသလိုလို ရင်ထဲ ဟာတာတာကြီး ဖြစ်သွားပြီး စိတ်မကောင်း ဖြစ်သွားသေးတာ… ခုန ကြွက်တက်နေတာတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်လို့ မေ့သွားတယ်။ အော်… မိန်းမဆိုတာ စွဲလန်းစေတတ်ပါကလားဗျာ…။

သူတို့က ပျော်ပျော်ပါးပါး ကျွန်တော်နဲ့တွဲလို့ ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော်လည်း သတိရသွားပြီး ကျွန်တော့်လည်း တပုံလောက် ရိုက်ပေးပါလားဗျာ၊ ဒီမှာ ကင်မရာ ပါပါတယ်လို့ ပြောလိုက်တော့ ပြန်ရိုက်ပေးကြတယ်။ ခုန ဓာတ်ပုံရိုက်နေတဲ့ ချာတိတ်မရယ်၊ နောက်တယောက်ရယ်က ကျွန်တော့်ဘေး တဖက်တချက်မှာ နေရာ ၀င်ယူ လိုက်ကြတယ်။

အလဲ့… တယ်ဟုတ်တဲ့ ငါပါလားလို့ မြောက်ကြွသွားမိသေးတယ်၊ အခုတခါ ကင်မရာမင်း ဖြစ်သွားတဲ့ သူကတော့ ချာတိတ်ဗျ၊ သူကလည်း လာသေးတယ်။ “ကဲ… ဆရာ နောက်တယောက် ချီမလိုက်ပါဦး“တဲ့ဗျာ။

ကျွန်တော် ဘယ်လိုမှ ချီမနိုင်မည် မထင်သော ကောင်မလေးများ

ဟား… ဘေးတဖက်တချက် မျက်လုံး ဘယ်ညာ ဝေ့၀ိုက် ကစားကြည့်လိုက်တော့မှ မဖြစ်ချေဘူး၊ လုံးလုံး မဖြစ်ချေဘူး။ ဘာဖြစ်လို့လဲဆိုတော့ နည်းနည်းနောနောကြီးတွေမှ မဟုတ်တာဗျာ၊ ဘယ်တယောက်ကိုပဲ မမ၊ ညာတယောက်ကိုပဲ မမ အချိန် ၁၄၀ အောက် မလျော့နိုင်တာမို့ ကျွန်တော် ဒီတခါ ခြေသလုံးကြွက်တက်ရုံတင် မဟုတ်ဘူး၊ တကိုယ်လုံးကြွက်တက်ပြီး ကြွဖို့ပဲ ရှိပါမယ်။

ဒါနဲ့ ကင်မရာကိုပဲ ခပ်ပြုံးပြုံးလေး စိုက်ကြည့်နေမိပါတော့တယ်၊ ဘေးတဖက်တချက်တောင် မလှည့်နိုင်တော့ပါဘူး၊ ဇက်ခိုင်သွားတဲ့ပုံနဲ့ အူကြောင်ကြောင် လုပ်ထားရတယ်။ ဒါတောင် တော်ပါသေးရဲ့ ဒီတခေါက် ချာတိတ်မတွေက ခုနတယောက်လို ခုန်မတက်ကြလို့…။

ကျွန်တော့်မှာက ရင်းရင်းနှီးနှီး ချီပိုးဖူးတာဆိုလို့ အမေရယ်၊ နှမလေးရယ်ပဲ ရှိတာလေ။ ဒါတောင် အမေ့ကို တခါချီတုန်းက အမေ့မှာ ထိတ်ပျာပြီး စိတ်ဆိုးလိုက်တာ မပြောပါနဲ့တော့…။

ပြောပြရရင်တော့ ကျွန်တော်က ၁၀ တန်းလောက်ရောက်တော့ အရပ် ကလန်ကလားနဲ့ ပေါင် ၁၂၀၊ ၁၃၀ လောက် ဖြစ်လာတာပေါ့လေ။ အဲဒီအချိန် အမေကလည်း ပေါင် ၁၃၀ လောက် ရှိမှာပေါ့။ နိုင်ပါတယ်ကွာဆိုပြီး အမေ့ကို ရုတ်တရက် ကောက်ချီလိုက်တာ မနိုင်လို့ လဲပါရောလားဗျို့။ တော်သေးတာက အမေ့မှာ ထိတ်သွားတာကလွဲလို့ ဘာမှ မဖြစ်သွားလို့…။

ချီတယ် မတယ်ဆိုတာကလည်း အလေ့အကျင့်လေးက လိုသကိုးဗျာ။ ၁၀ ပေါင်၊ ၁၅ပေါင် လောက်ပဲရှိတဲ့ ကလေးလေးကိုတောင် အချီအမ တတ်မှ ချီမလို့ ရတယ်မို့လား။ သတိထားစရာပါလေ…။

လူပျိုပေါက်တုန်းကတော့ သူငယ်ချင်းတွေ ကုန်းပိုးတမ်း ဆော့တာ၊ အမေခိုင်းလို့ ၁၀ ပြည်လောက်အထိ ဆန်အိတ်ထမ်းတာတွေ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တတင်းခွဲဝင် ဆန်တအိတ်တော့ တခါမှ မထမ်းဖူးဘူး၊ ထမ်းနိုင်မယ်လို့လည်း မထင်ပါဘူးလေ။ အမေကလည်း သူ့သားတွေ လက်ကြောမတင်းတာ သိတယ်ထင်ပါရဲ့… ဆန်ကို အိတ်လိုက်ဝယ်တဲ့ အခေါက်တောင် အိမ်အထိ လာပို့စေခဲ့ပါတယ်။

ကျွန်တော်လည်း ဟိုတွေးဒီတွေး တွေးနေမိတယ်၊ ရထားကလည်း နှစ်သစ်ကူးညမို့ ပြတ်တော့ တော်တော်နဲ့ မလာနိုင်လို့ ဘူတာရုံမှာ အကြာကြီး စောင့်ရတယ်။ သူတို့ အုပ်စုကတော့ စကားတွေ ပြောကြ ဆိုကြ၊ အော်ကြ ဟစ်ကြ၊ သောက်ကြ စားကြ၊ ဓာတ်ပုံတွေ ဆက်ရိုက်ကြနဲ့ သူတို့ကြည့်ရင်း ကျွန်တော်ပါ ရောပျော်နေမိတယ်… ရထားလာတဲ့ အထိ…။

အခုတော့ ကျွန်တော်လည်း ပေါင် ၁၇၀ လောက်တော့ ဖြစ်လာပါပြီ၊ အမေ့တော့ ကောင်းကောင်း ချီပိုးနိုင်ပြီ ထင်တာပါပဲ။ ဒီတခါ ချီမလို့ မနိုင်ရင်တော့ အမေ တကယ် ရိုက်တော့မယ်။ ခက်တာက အမေကလည်း ပေါင် ၁၅၀ လောက် လိုက်ဖြစ်လာပြီ ထင်ပါရဲ့… သားကြီး အဝေးရောက်နေလို့ လွမ်းရင်း ၀နေတယ် ထင်ပါ့။

နှစ်သစ်မှာ အမေ ကျန်းမာပါစေလေ…၊ ကျွန်တော့်လည်း ဆုတောင်း ပေးပါအမေ…၊ နောက်တခါ မနေ့ညကလို ကောင်မလေး ဆိုးဆိုးလေး တယောက်လောက် ကျွန်တော့်အပေါ် ခုန်တက်လာခဲ့ရင် ခြေသလုံးက ကြွက်မတက်ဘဲ တောင့်ထားနိုင်ပါစေလို့…။

၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်။
ည ၉ နာရီ။