အခုတလော ကျွန်တော် အသံတွေ ကြားရတာ ထူးဆန်းပါတယ်၊ အသံကြားတာများ ဘာထူးဆန်းသလဲလို့ မေးစရာ ရှိပါတယ်။

ထူးဆန်းပါတယ်၊ ဒီလိုပါ… ကျွန်တော်ကြားရတာ မြန်မာစကားသံတွေ ဖြစ်နေလို့ပါ။ ရေဒီယိုနားထောင်လို့ ကြားရတာမျိုး မဟုတ်ဘဲ လန်ဒန်မြို့မှာ လမ်းလျှောက်ရင်း၊ ရထားစီးရင်း ကြားရတာမျိုးတွေ ဖြစ်ပါတယ်။

စိတ်ဟာ လောကကို ပြဌာန်းတယ်၊ လူကို ရှေ့ဆောင်တယ်ဆိုတာ ကြားဖူးသလို ကိုယ်တွေ့လည်း ခံစားဖူးပါတယ်။ နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲနေချိန်မှာ ဘ၀မှာ ဘာမှ မဖြစ်ချင်တော့သလို ဘာမှလည်း မလုပ်ချင်တော့တာမျိုး ကျွန်တော် ကိုယ်တွေ့ ခံစားဖူးပါတယ်။

အဲဒီအချိန်မှာ စိတ်ထဲ ဖြစ်တာက ဘာအလုပ်လုပ်ပဲ လုပ်ရလုပ်ရ ဘယ်လောက်ပဲ ပင်ပန်းပါစေ မြန်မြန် နေကောင်းရင် တော်ပါပြီ ဆိုတာမျိုး ဖြစ်ဖူးပါတယ်။

နောက်တခုက ကိုယ်နေမကောင်း ဖြစ်တော့မှာကို ကျွန်တော် အမြဲလိုလို ကြိုတင် သိနေပါတယ်၊ သိပ်ပင်ပန်းသွားပြီးတဲ့နောက် အစားအသောက်၊ အနေအထိုင် ဂရုမစိုက်တာနဲ့ တပြိုင်နက် နေမကောင်း ဖြစ်တော့တာပါပဲ။

နောက်တခုက သွားဖူးတဲ့ နေရာတခုကို ပြန်မှတ်မိနေတတ်သလို ကြားဖူးတဲ့ အသံတခုကိုလည်း ကျက်မိနေတတ်ပါတယ်။ ဒီတော့ ကိုယ်ကြားချင်တဲ့ အသံကို စိတ်နဲ့ ဖန်တီးပြီး နားထောင်လို့ ရတာက စိတ်ကျေနပ်စရာ ကောင်းပါတယ်။

လူမှာက သိစိတ်နဲ့ မသိစိတ် ရှိပါတယ်။ ဥပမာ ကိုယ်က တယောက် အကြောင်းကို တွေးနေမိတယ်၊ စိတ်ထဲ တောက်လျှောက် ဆိုသလို ရှိနေတယ်ဆိုရင် ကိုယ်နဲ့ သိတဲ့ ကိုယ့်မျက်စိရှေ့က လူတယောက်ကို ခေါ်လိုက်တာတောင် တကယ် ကိုယ့်နှုတ်က ထွက်သွားတာက ခုန ကိုယ်စိတ်ထဲက တွေးနေတဲ့ လူရဲ့ နာမည် ဖြစ်တတ်ပါတယ်။

တခါတလေ ကိုယ်တွေးနေတဲ့ လူက အပြင်မှာ တွေ့ဖို့ မဖြစ်နိုင်တဲ့အခါ အိပ်မက်ထဲမှာ ပြန်တွေ့တာမျိုးလည်း ရှိတတ်ပါတယ်၊ အပြင်လောကမှာ မဖြစ်နိုင်တဲ့ ကိုယ်ဖြစ်ချင်တဲ့ ကိစ္စတွေကို အိပ်မက်ထဲမှာ ဖြစ်နိုင်ပြန်ပါတယ်။ သူက စိတ်ကူးယဉ်တာမျိုးလို့လည်း ပြောလို့ ရပါတယ်။ စိတ်နဲ့ ဖန်တီးလိုက်တာပေါ့လေ။

ပြန်ဆက်ရရင် ကျွန်တော် အသံတွေ ကြားနေရတယ်၊ မြန်မာစကားသံတွေ ဖြစ်ပါတယ်။ အခု တလ နှစ်လအတွင်းမှာ ပိုကြားလာရတယ်။ ထူးဆန်းတာက ပြောတဲ့သူတွေက သူတို့ ဘာသာစကားနဲ့ သူတို့ ပြောနေတာပဲ… ကိုယ်က မြန်မာစကားသံတွေလို ကြားနေရတယ်။ ရုတ်တရက်ဆို ကြားရတာတွေက အဓိပ္ပာယ်လည်း ရှိနေတတ်တယ်။

ဆိုလိုတာက မြန်မာစကားသံ သက်သက်မဟုတ်ဘူး၊ အဓိပ္ပာယ်ပါပါတဲ့ သဘောမျိုးဖြစ်တယ်။ ရုတ်တရက် အံ့သြသွားပြီး ဟုတ်ပါ့မလားလို့ ဆက်နားထောင်တော့ ခုနကြားတဲ့ အဓိပ္ပာယ်ရဲ့ အဆက်ဖြစ်နေပါတယ်။ ထပ်နားထောင်မှ သေချာနားထောင်မှ ဟား ဟား… အလွဲကြီး ဖြစ်နေတော့တာပါပဲ။

တရုတ်မလေးတွေ ပြောတာ ဖြစ်ချင် ဖြစ်နေလိမ့်မယ်၊ ထိုင်းမလေးတွေ ပြောတာ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ ဒါမှမဟုတ် ပိုးတွေ (ပိုလန်တွေ) ပြောနေတာ ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် ကုလားစကား ဖြစ်ချင်ဖြစ်မယ်။ ကိုယ်က ခပ်တည်တည်နဲ့ မြန်မာစကားဆိုပြီး နားထောင်နေလိုက်မိတယ်။ နောက်တဆင့်တက်ပြီး ပြောတဲ့လူတွေကို ကြည့်လိုက်သေးတယ်၊ သဘောကောင်းပုံ ရရင်တော့ နှုတ်ဆက်လိုက်မယ်ပေါ့လေ။

အမှန်တော့ ကိုယ့်ဘာသာ ဖန်တီးပြီး ကြားနေတာလို့ ကျွန်တော်တော့ ထင်ပါတယ်။ စိတ်ရဲ့ အလုပ်လုပ်ပုံက သိပ်မြန်တော့ ကိုယ် မသိလိုက်ခင်မှာပဲ သူက တော်တော်များများကို ဖန်တီးပြီးသား ဖြစ်နေပါပြီ။ ကိုယ်သိချိန်ကျတော့ လုံးလုံး အိပ်မက်က လန့်နိုးသူလို ဖြစ်သွားတတ်တယ်။

ကျွန်တော် စဉ်းစားကြည့်တယ်၊ ဒါဆို ဘာဖြစ်လို့ စိတ်က ဖန်တီးပြီး မြန်မာစကားသံ ကြားအောင် လုပ်ရတာလဲပေါ့။ မြန်မာပြည်ကို လွမ်းလို့လား၊ မြန်မာစကား မပြောရလို့လား။ မြန်မာတွေနဲ့ မတွေ့ရ မနေရလို့လား။

တခုမှ မဟုတ်ပြန်ပါဘူး။ မြန်မာပြည်ကို အများကို မလွမ်းမိတာတော့ ကိုယ့်ဘာသာ ကိုယ်သိပါတယ်။ ကိုယ်ပြီးရင် အရင်းနှီးဆုံး လူသားလို့ ပြောရမယ့် အမေ့ကို တခါတခါ သတိရတာက လွဲလို့ မြန်မာပြည်ကြီးကို အထူး လွမ်းနေသူလည်း မဟုတ်ပါဘူး။ မြန်မာစကားကလည်း နေ့တိုင်း ပြောနေရတာ… ရန်ကုန်မှာ ထက်တောင် ပြောနေရပါသေးတယ်။ အလုပ်ကလည်း မြန်မာလို ပြောရတဲ့အလုပ် လုပ်နေရတာကိုးဗျာ။

အလုပ်ကလည်း မြန်မာတွေနဲ့ပဲ အလုပ်လုပ်နေရတာပါ၊ နိုင်ငံခြားသားပါလှ သုံးပုံတပုံတောင် မရှိပါဘူး။ ဆိုတော့ ခက်နေပါပြီ။ ဘာကြောင့် မြန်မာစကားသံတွေ ကြားချင်သလို ကြားနေရတာပါလိမ့်။

အသံလေးတွေ မှတ်မိတတ်တဲ့ အကျင့်နဲ့ စွဲလန်းတတ်လူ မို့လို့လားတော့ မသိပါဘူး။ အလုပ်လုပ်စက ကမ္ဘောဒီးယားနိုင်ငံမှာ စာသင်ခွင့်ရတော့ အဲဒီမှာ ခမာမလေး တယောက်နဲ့ ခင်ခွင့်ရတယ်။ တရုတ်ကပြားမလေးပါပဲ… အခုတော့ အနောက်နိုင်ငံကြီးတခု ရောက်ပြီး စာသင်နေတယ်ဆိုလား။ အဲဒီ ကောင်မလေးက West Life အဖွဲ့ရဲ့ My Love သီချင်းလေးကို ဆိုပြဖူးတယ်။

အဲဒီတုန်းက သူက သူရတဲ့ သီချင်းကို ရိုးရိုးလေး ဆိုပြတာပါ။ ခက်တာက ကျွန်တော်ကလည်း မြန်မာသီချင်းတောင် ကိုယ်ကြိုက်တဲ့ သီချင်းလေး သုံး၊ လေး ပုဒ်လောက်ရတာ… အင်္ဂလိပ်သီချင်းဆို တော်တော်များများကို မသိတာပါ။ ဒါပေမဲ့ အဲဒီကောင်မလေးဆိုတဲ့ အသံလေးက ချိုလို့ စွဲနေခဲ့တယ်။ တခါတခါ ကြားနေတတ်တယ်။

ကောင်မလေးတွေက အချစ်သီချင်းလေးတွေကို ယောက်ျားလေးတွေထက် ပိုကြိုက်တတ်တယ်လို့လည်း ထင်မိသေးတယ်။

နောက်အသံတခုကတော့ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဆရာတော်ဘုရားကြီးရဲ့ ပရိတ်ကြီး ၁၁ သုတ် ရွတ်တဲ့ အသံကို စိတ်နဲ့ ဖန်တီးပြီး ကြားနိုင်တယ်။ စွဲအောင် နာခဲ့ နားထောင် ခဲ့ရတာကိုးဗျာ။ ကျောင်းသားဘ၀နဲ့ ဆရာတော်ကြီး အနားနေတော့ ဆရာတော်ကြီး ရွတ်တိုင်း ကြားနေ နားနေရသလို ဆရာတော်ကြီး ပျံလွန်တော်မူလို့ အိမ်မှာ အမေက နေ့တိုင်း ဖွင့်တော့လည်း ဆက်နာနေရတော့ နားထဲမှာ စွဲနေပါတော့တယ်။

နားထဲစွဲအောင် ခံစားလိုက်ရင် ကြားသလိုဖြစ်နေတတ်တယ်။ အထူးသဖြင့် ကိုယ်ချစ်ခင် လေးစား မြတ်နိုးရတဲ့ လူတွေရဲ့ အသံတွေကို ကြားနေတတ်တယ်။ ကြားချင်ရင်လည်း စိတ်နဲ့ ဖန်တီးလိုက်လို့ရတယ်။ ဒါက လူတိုင်း လုပ်နိုင်မှာပါ။ ခုနကလို မြန်မာသံတွေ လာကြားရတာကသာ ထူးဆန်းနေတာပါ။

တနေ့ကတော့ ကျွန်တော် ညဖက် အိမ်ပြန်လာတာမှာ ဘူတာကနေ အပြင်အထွက်မှာ နောက်ကျောကနေ မိန်းမသံချိုချို ကြားရတယ်။ ညိုမြ လုပ်နေတဲ့အသံနဲ့ ပေါ့လေ။ ပထမတော့ စိတ်ထဲ ငါ ထင်တာပါလို့… တွေးမိတယ်။ နောက်တော့ အဟုတ်ဖြစ်နေရောဗျ။ မြန်မာစုံတွဲ တတွဲ ချစ်ခင် ကြည်နူး နေကြတာပေါ့လေ။ အဲဒီလို ကြားရတာ ၀မ်းသာပါတယ်။

အသံတွေတော့ ကြားနေတုန်းပါပဲ၊ တချို့အသံတွေကတော့ တကယ့်အစစ်တွေ ဖြစ်နေပြန်တယ်။ အများစုကတော့ ကျွန်တော် ထင်လိုက်တာပါ၊ ကိုယ့်နားနဲ့ ကိုယ်ကြားလိုက်တာပါ။ စိတ်နားနဲ့ ကြားလိုက်တာပါလို့ ပြောချင်လည်း ပြောပေါ့ဗျာ။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၃ ရက်။
ည ၁၁ နာရီ။