Mid-life crisis လူလတ်ပိုင်း ဒုက္ခကို ရေးသားရာတွင် အသက်အရွယ် ပိုင်းခြားဆုံးဖြတ်ရေးမှာ ပြဿနာတရပ် ဖြစ်လာပါတယ်။ မူလက Mid-life crisis ကို အသက် ၄၀ ကျော်မှ အသက် ၅၀ အလယ်ပိုင်း အထိ ကြားကာလမှ လူပုဂ္ဂိုလ်များကို ရည်ညွှန်း သုံးနှုန်းခဲ့ပါတယ်။

အခုတော့ ခေတ်က မြန်ဆန်စွာ ပြောင်းလဲနေတဲ့ ခေတ်၊ သိစရာများကို အချိန်တိုအတွင်း များများသိရတဲ့ ခေတ်ဆိုတော့ လူတွေရဲ့ ဦးနှောက်စွမ်းရည်နဲ့ လုပ်ရည်ကိုင်ရည် အစွမ်းအစများ လျင်မြန်စွာ ကျဆင်း ကုန်ပါတယ်။

အသက်ငယ်ငယ် သိစရာများများ အလုပ်တွေများများနဲ့မို့ အအိုမြန်မြန် ဖြစ်ကုန်ပါတယ်။ ဒီနေ့ခေတ်ရဲ့ လူငယ်တချို့ သူတို့ကိုယ်သူတို့ လူကြီးတွေ ဖြစ်ကုန်ပြီလို့ တွေးတတ်ကြပါတယ် (သူတို့အောက် လေးငါးနှစ်ပဲ ငယ်တဲ့သူတွေကို ကလေးတွေလို့ ခေါ်ကုန်ပါတယ်)။

သိစရာများပုံ စိတ်ရော ဦးနှောက်ပါ အနားမပေးပုံ ဥပမာတခု ပြောရရင် လန်ဒန်မြို့နေ လူများဟာ ရေဒီယို နားထောင်၊ ရုပ်သံ သတင်းကြည့်၊ အင်တာနက် သုံး၊ သတင်းစာ ဖတ်၊ စာအုပ် ဖတ်၊ အလုပ်က စာတွေဖတ်၊ ကွန်ပျူတာ သုံး၊ အိုင်ပေါ့ အိုင်ဖုန်း သုံး စသဖြင့် တနေ့ကို မီဒီယာအသုံးပြုမှု အနည်းဆုံး ၁၀ နာရီမှ ၁၅ နာရီ ရှိကြပါတယ်။ အရင်ကဆိုရင် ဒီလောက်မများပါ၊ အခုဆိုရင် ဦးနှောက်ရော၊ စိတ်နှလုံးပါ အလွန်အကျွံ အသုံးချနေကြတာမို့ လူတွေ ဒေါင်းလာတာ ပိုမြန်လာပါတယ်။

ဒါကြောင့် လူလတ်ပိုင်း ဒုက္ခကို အသက် ၃၀ ကျော် အရွယ်မှစပြီး ခံစားကြရပါတော့တယ်။ လေ့လာထားတဲ့ စစ်တမ်းတွေအရလည်း အဲဒီလို ဆိုကုန်ပါတယ်။

အသက် အစိတ်လောက်ကစပြီး လူကြီးဖြစ်ပြီလို့ ဆိုကြတဲ့လူငယ်တွေကို ဒီနေရာက အားနာကြောင်း ပြောပါရစေ။ အလုပ်စောစောဝင်ပြီး စာဖတ်နာထားတဲ့ လူငယ်တချို့က လူကြီးစိတ်တွေ ၀င်ပြီးသကာလ သူတို့ကြတော့ လူလတ်ပိုင်း ဒုက္ခသည် အပိုင်းအခြားထဲ ဘာကြောင့် မထည့်ရသလဲလို့ မေးလာမယ့်အရေးကို ကြိုတင် ကာကွယ်လိုက်တာ ဖြစ်ပါတယ်။

အသက်ပိုင်းခြားပါရစေဦး၊ အသက် ၂၀ အောက်ကိုတော့ ကျောင်းတက်၊ ကောလိပ်တက်ရမယ့် အရွယ်လို့ပဲ ထားပါစို့ရယ်။ တချို့လည်း အထက်တန်းပြီးတာနဲ့ အလုပ်တန်းဝင်လိုက်ကြတာမျိုးလည်း ရှိပါတယ်။

ဆိုတော့ သူတို့ကတော့ အသက် ၁၆၊ ၁၇ မှာပဲ လုပ်ငန်းခွင်ထဲ ရောက်လာကြတော့ အသက် ၂၀ ဆိုရင်ပဲ မန်နေဂျာ ဖြစ်သူဖြစ်၊ အယ်ဒီတာ ဖြစ်သူဖြစ်၊ လုပ်ငန်းပိုင်ရှင် ဖြစ်သူဖြစ် အဲဒါမျိုးတွေလည်း ရှိနိုင်ပါတယ်။ သူတို့တွေကတော့ သာမန်ထက် စွမ်းသူတွေလို့ သတ်မှတ်ပြီး ခြွင်းချက် ပေးရမှာပေါ့ဗျာ။

အသက် ၂၀ ကနေ ၃၀ အထိကိုတော့ လူငယ်လို့ ဆိုကြပါစို့ရယ်၊ လုပ်ငန်းခွင်ထဲ စ၀င်ရမယ့်အရွယ်၊ အတက်ကြွဆုံး၊ ခွန်အားအရှိဆုံး၊ စိတ်ဆန္ဒအပြင်းထန်ဆုံး အရွယ်တွေပေါ့။ သူတို့က စိတ်ပါရင် ပါသလောက် သင်သလောက်တတ်၊ ခိုင်းသလောက်လုပ်၊ မြှောက်စားသလောက် တောက်ကြွားတဲ့ အရွယ်တွေပေါ့ဗျာ။

ဒီနေ့ခေတ် လုပ်ငန်းခွင်တွေကို ကြည့်ပါ။ ဒီလူငယ်အရွယ်တွေက အဲဒီလုပ်ငန်းခွင်တွေရဲ့ အဓိက မောင်းနှင်အားတွေ ဖြစ်နေတတ်ပါတယ်။ ထိန်းကျောင်းသူ ကောင်းရင်ကောင်းသလို လုပ်ငန်းတွေ အမြတ်အစွန်းတွေ အများကြီး ရကြပါတယ်။

အဲ… ပြဿနာက အသက် ၃၀ ကျော်ကနေ အသက် ၅၀ အောက်တွေမှာ အထက်က ပြောခဲ့တဲ့ လူလတ်ပိုင်း ဒုက္ခကျတော့တာပါပဲ။ လူလတ်ပိုင်းတွေမှာ ခုနပြောတဲ့ လူငယ်တွေလို တက်ကြွမှုက အားသိပ်မကောင်းတော့ပါဘူး၊ ခွန်အားကလည်း ယေဘူယျသဘောပြောရရင် ကျစပြုလာပါပြီ၊ စိတ်ဓာတ်ကလည်း ပျက်စပြုလာပါပြီ။ ရှေ့ရေးနောက်ရေးတွေး ပူပန်တတ်လာပါပြီ၊ turning point လို့ ခေါ်တဲ့ ထွက်ပေါက် တခုခုကို ရှာလာကြပါပြီ။

သူတို့မှာလည်း အကြောင်းပြချက်တွေ ရှိပါတယ်။ နောက်တက် လူငယ်ခြေတက်တွေလို သူတို့မှာ တက်ကြွမှုတွေ မရှိတော့တာ သူတို့ သိကြပါတယ်၊ ဒါပေမဲ့ နောက်ပေါက်တွေ ထက်လည်း အခွင့်အရေးရော အဆင့်အတန်းပါ သာချင်တဲ့ စိတ်ကလေးကလည်း ရှိနေပါတယ်။ ဒီတော့ ရှိထားတဲ့ အတွေ့အကြုံတွေကနေ တခုခုကို ထိုးဖောက်ထွက်ဖို့ရယ်၊ အနာဂတ်လှဖို့ရယ်၊ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတွေ လုပ်နိုင်ဖို့ရယ် အမျိုးမျိုးကို သူတို့ စဉ်းစားရပါတော့တယ်။

အနောက်နိုင်ငံတွေမှာကတော့ လူဖြစ်စောတဲ့အတွက် (အသက်ချင်းတူတူ သူတို့က အတွေ့အကြုံ ပိုစုံနေတာကို ဆိုလိုပါတယ်) လူလတ်ပိုင်းဒုက္ခကလည်း အရှေ့ဘက်က လူတွေထက် ပိုများပါတယ်။ တချို့များဆို အသက် ၃၀ ကျော်စမှာပဲ နှစ်ခါလောက်တော့ အိမ်ထောင်ကွဲပြီးနေပါပြီ။ သူတို့မှာ လုပ်ငန်းခွင် ပြဿနာတွေအပြင် လူမှုဆက်ဆံရေး ပြဿနာတွေလည်း ရှိနေတတ်ပါတယ်။

ဂျပန်၊ တရုတ်၊ ကိုရီးယားနဲ့ မြန်မာနိုင်ငံမှာက အသက် ၃၀၊ ၃၀ စွန်းတဲ့အထိ မိဘနဲ့အတူနေ ကလေးလို နေချိန်မှာပဲ အနောက်ဖက်က လူတွေကြတော့ ကလေးအဖေ၊ ကလေးအမေတွေ နှစ်ကြိမ်နှစ်ခါလောက် ဖြစ်ပြီး နေလေတော့ လူမှုဆက်ဆံရေး ဒုက္ခတွေက ပိုလို့တောင် များတယ်လို့ ပြောနိုင်ပါတယ်။ ဒါတောင် အနောက်နိုင်ငံတချို့ရဲ့ အစိုးရ လူမှုအထောက်အပံ့တွေက သိပ်ကောင်းပါတယ်။

မိခင်တဦးတည်းနဲ့ စောင့်ရှောက်ထားရတဲ့ ကလေးတွေရှိရင် အစိုးရက အိမ်ရော၊ ကလေးတွေအတွက်ပါ ထောက်ပံ့ထားတာမျိုး ရှိပါတယ်။ ဒါတောင်မှ သူတို့မှာ တော်တော်လေး ဒုက္ခရောက်ကြပါတယ်။ ဘာဒုက္ခတွေလည်း ပြောရရင်တော့ အများသားပါပဲ၊ ကလေးရှိတဲ့အတွက် ကလေးတန်းလန်း ဖြစ်နေတတ်တယ်၊ တခါ ကလေးကိုလည်း သေချာစောင့်ရှောက်ရပါတယ်၊ ရိုက်သလို ရိုက်၊ ပစ်ချင်သလို ပစ်ထားလို့လည်း မရပြန်ပါဘူး။ ဒီတော့ အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။

ှSingle mother အိမ်ထောင်မဲ့ မိခင်ဖြစ်တဲ့အတွက် အရွယ်ကလည်း ရှိနေဦးမယ်ဆိုရင် အဖော်မဲ့တာကလည်း လူလတ်ပိုင်း ဒုက္ခက မသေးလှပါဘူး။ ဒီတခုတည်းလည်း မဟုတ်ပြန်ပါဘူး။ အလိုမကျတဲ့ စိတ်တွေ၊ ပျံ့လွင့်တဲ့ စိတ်တွေဟာ လူငယ်တွေနဲ့ လားလားမှမဆိုင် ပိုများနေတတ်ပါတယ်။ စိတ်ကို ထိန်းသိမ်းနိုင်ဖို့ စိတ်အလို မလိုက်မိဖို့ဟာက သိပ်အရေးကြီးလာပါတယ်။

စိတ်အလိုသာ လိုက်မိခဲ့ရင် ဖိအားများတဲ့ လုပ်ငန်းခွင်တွေမှာ ပြဿနာတွေ တက်တာ၊ ရန်ပွဲတွေ ဖြစ်ကုန်တာ၊ အလုပ်တွေ ဆုံးဖြတ်ချက်တွေ အကုန် ကမောက်ကမ ဖြစ်ကုန်တာတွေ ဖြစ်တတ်ပါတယ်။ လောကီလူသားတွေ ဖြစ်နေဆဲ ဖြစ်တဲ့အတွက် လိုအင်တွေ များသလို အတ္တတွေကလည်း ရှိနေဆဲပါ။ ငါ ပြောသလို မဖြစ်လို့၊ ငါပြောသလို မလုပ်လို့၊ ငါဖြစ်ချင်တဲ့အတိုင်း မလုပ်ရလို့ဆိုပြီး ပေါက်ကွဲထွက်လို့ကလည်း နေရာတိုင်း ရနိုင်တာမျိုး မဟုတ်ပါဘူး။

ဒီကြားထဲ မိသားစုတွင်းမှာလည်း ပြဿနာတွေက ရှိနေမယ်ဆိုရင် ပိုလို့တောင် ဆိုးပြီပေါ့၊ အလုပ်မှာ အဆင်မပြေ၊ လူမှုဆက်ဆံရေးကလည်း အဆင်မပြေ၊ မိသားစုပြဿနာကပါ အဆင်မပြေနဲ့ဆိုတော့ ဒီလို အဆင်မပြေမှုတွေ များလာရင် ရူးတောင် သွားနိုင်ပါတယ်။ ဒါကို ဖောက်ထွက်တဲ့ နည်းလမ်းပေးဖို့ လိုပါတယ်။ နည်းနည်းပါးတဲ့ လူတွေက ပေးလည်း ပေးကြပါတယ်။

ဒါနဲ့ပဲ အစားအသောက်လေးတွေ ကိုယ်စားချင်ရာ ချက်ပြုတ်စားသောက်တာ၊ ၀ိုင်းဖွဲ့ကြတာ၊ ဆေးလိပ် အရက် မူးယစ်ဆေး သုံးစွဲကြတာ၊ မိန်းမ ယောက်ျား လိင်တူချစ်သူ ထားကြတာ အစုံပေါ့လေ… လုပ်လာကြပါတယ်။ ဒါပေမဲ့ ဒါတွေကလည်း အမြဲ ပျော်ရွှင်မှု ပေးတာ မဟုတ်ပြန်ပါဘူး၊ အခိုက်အတန့်တခုအထိပဲ ဖြစ်ပါတယ်။ အဲဒီမှာ မဆင်မခြင်လုပ်မိရင် ကျန်းမာရေးထိခိုက်တာအပြင် ငွေရေးကြေးရေးလည်း ကုန်ကျမှုလည်း များမှာ ဖြစ်ပါတယ်။

စာဖတ်တာ၊ ခရီးထွက်တာတွေလည်း လုပ်တတ်ကြပါတယ်၊ ကဇာတ်ပွဲ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တာ၊ ဘောလုံးပွဲကြည့်တာ၊ သီချင်းနားထောင်တာတွေလည်း လုပ်နိုင်ကြပါတယ်။ အဓိကကတော့ စိတ်တည်ငြိမ်အောင် လုပ်ကြတာပါပဲ။

အများအကျိုးအတွက် ဆောင်ရွက်တာ၊ ၀ါသနာတူသူတွေနဲ့ လုပ်ငန်းတခုကို ပူးတွဲဆောင်ရွက်ကြတာတွေကလည်း ကောင်းပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ကိုယ်ခံစားနေရတာတွေကို အပြန်အလှန် ထုတ်ဖော်ပြောဆို ဝေမျှခံစားကြတာ၊ ကျန်းမာရေးလိုက်စားတဲ့ အုပ်စုတွေလေး ထူထောင် လှုပ်ရှားကစားကြာတာမျိုး လည်း လုပ်လို့ရပါတယ်။

အကောင်းဆုံးကတော့ သမာဓိ အားကောင်းအောင် စိတ်ကို တည်ငြိမ်မှုရအောင် ကြိုးစားနိုင်ကြပါတယ်။ စိတ်တည်ငြိမ်တဲ့အခါ လုပ်ရကိုင်ရတာတွေ ပေါ့ပါးပြီး ဆုံးဖြတ်ချက်တွေလည်း တော်တော်များများ မှန်ကန်တာကို တွေ့ရပါမယ်။ သမာဓိရှိတဲ့သူဟာ စိတ်ပင်ပန်း ကိုယ်ပင်ပန်းလည်း သိပ်မဖြစ်ဘဲ နာရီတော်တော် များများကိုလည်း အသုံးပြုပြီး အလုပ်လုပ်နိုင်တာကို လေ့လာတွေ့ရှိရပါတယ်။

လူလတ်ပိုင်း ဒုက္ခမှာ အဆိုးရွားဆုံးက စိတ်ပျံ့လွင့်တာပါပဲ၊ စိတ်တွေက ဂဏှာမငြိမ် ဖြစ်လာတတ်ပါတယ်။ မိန်းမ၊ ယောက်ျားပဲ အပြေးအလွှား ယူရတော့ မလိုလို ဒါမှမဟုတ် ရှိပြီးဖြစ်နေရင်လည်း ဒီယောက်ျား၊ မိန်းမနဲ့ ကလေးတွေကို ပစ်ပြီး တနေရာရာကို လွတ်ရာကျွတ်ရာ ပြေးရမလိုလို၊ စိတ်ကိုယ်နှစ်ပါးလုံး ပင်ပန်းနေရတဲ့ အလုပ်ကပဲ ချက်ချင်းထွက်လိုက်ရမလိုလို ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကိုပဲ စိတ်ထဲရှိတဲ့အတိုင်း ထုတ်ဖော် ပြောချလိုက်ရမလိုလို ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေဆိုလည်း လေးငါးဆယ်နှစ်ပေါင်းသင်းလာတဲ့ ယောက်ျားကို အထင်မကြီးတော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်၊ စိတ်ကုန်ခမ်းသွားတဲ့ သဘောမျိုးပေါ့၊ လိင်စိတ်တခုတည်းကို ပြောတာ မဟုတ်ပါဘူး၊ အထွေထွေ မကျေနပ်မှုကြီးပေါ့လေ။ အပျိုကြီး၊ လူပျိုကြီးတွေကလည်း ပျာယာခတ်စ ဖြစ်ကုန်ပါတယ်။

ဒါတွေကို ကုစားနိုင်တဲ့နည်းကတော့…

၁။ ကိုယ်ဘာဖြစ်နေသလဲဆိုတာကို သိအောင်လုပ်ဖို့

၂။ ဘာဖြစ်ချင်သလဲဆိုတာကို သိအောင်လုပ်ဖို့

၃။ ဘာလုပ်သင့်သလဲဆိုတာကို နည်းလမ်းရှာဖို့

၎။ သမာဓိအားကောင်းအောင် တနည်း စိတ်တည်ငြိမ်အောင် ထားနိုင်ဖို့ စဦး ကြိုးစားဖို့ (အလုပ်တခုခုကို စွဲစွဲမြဲမြဲ လုပ်ဖို့ပါပဲ)

၅။ အသက် ၃၀ ကျော်ကနေ အသက် ၅၀ အောက် ဘယ်သူမဆို ကြုံတွေ့နိုင်တဲ့ စိတ်ခံစားချက်တွေမို့ ငါချည်း မဟုတ်ဘူးဆိုတဲ့ ယောနိသော မနသိကာရ ဆိုတဲ့ သင့်တင့်တဲ့ နှလုံးသွင်းခြင်းမျိုးနဲ့သာ ကျော်ဖြတ်နိုင်ပါကြောင်းကို ရေးသားလိုက်ရပါတယ်ခင်ဗျာ။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၆ ရက်။
ည ၁၀ နာရီခွဲ။