မျိုးချစ်စိတ် အားကောင်းတယ်လို့ နာမည်ကြီးတဲ့ မြန်မာတွေ ဒီဘက်နှစ်တွေမှာတော့ နိုင်ငံခြားချည်း ထွက်ကုန်ကြတယ်၊ ကျွန်တော်လည်း အပါအ၀င်…၊ ပြောရရင် နိုင်ငံခြားရောဂါ ထကြတယ်။ ရောဂါဆိုမှတော့ ဘယ်ရောဂါမှ မကောင်း…။
***
ဒီညနေပဲ လန်ဒန် ပတ္တရောင်ရဲက ကျွန်တော့်ကို စစ်တယ်၊ သူတို့ တမျိုးသားလုံးသိတဲ့ သတင်းဌာနမှာ အလုပ် လုပ်ပါတယ် ဆိုတာတောင်မှ ကတ်ပြား ပြစမ်းပါလို့ ထပ်ပြောလို့ ထုတ်ပြရတယ်။
အကြောင်းက နှစ်ခု၊ သူမေးတာကို ကျွန်တော်က သွက်သွက်လက်လက် မဖြေနိုင်တာက တကြောင်း (အင်္ဂလိပ်အစစ်ပြောတဲ့ အင်္ဂလိပ်စကားက မြန်မြန် ပြောရင် နားမလည်သေးဘူး)၊ နောက်တစ်ခုက ယူကေလေဆိပ်တစ်ခုမှာ မနေ့ကမှ ဖောက်ခွဲရေးပစ္စည်း မိထားတာက တကြောင်းမို့ လုံခြုံရေးအရ ရဲတွေ ကင်းလှည့်ရာမှာ ကျွန်တော့်ပုံစံကို မကြိုက်လို့ စစ်တာလည်း ဖြစ်နိုင်တယ်။
လန်ဒန်အရှေ့ပိုင်းက ကျွန်တော်နေတဲ့ ရပ်ကွက်လေးကို ညဘက် အလုပ်က ပြန်လာရင် တခါတခါ ဒီလိုပဲ ရဲတွေက စစ်တတ်တယ်၊ သူများတွေ အစစ်ခံရတာကို ကြည့်ကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ်။
ရဲက သူ့တာဝန်အရ စစ်တာ (လန်ဒန်ရဲတွေက အားကိုးရတယ်လို့ နာမည်ကြီးတယ်)၊ အစစ်ခံရတဲ့ သူကလည်း မဟုတ်တာ မလုပ်ထားရင် ဘာမှတော့ ကြောက်စရာ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်က အဲဒီလို တွေ့ရင် ကြားက စိတ်မကောင်း ဖြစ်ရတယ်။ ဘာပဲဖြစ်ဖြစ်လေ ရဲက စစ်နေတော့ သူများတွေက ကြည့်ကြမှာပေါ့။
အခုလည်း ကျွန်တော့်ကို ဘယ်မှာနေသလဲ၊ ဘယ်သွားမှာလဲ၊ အထောက်အထား တစ်ခုခု ဘာပါလဲ မေးတာပေါ့လေ။ အဲဒီလို မေးတာကို ကျွန်တော် မကြိုက်ဘူး။ ဒါပေမဲ့ မေးတုန်းတော့ ကောင်းကောင်း ပြန်ဖြေလိုက်ပါတယ်၊ မဟုတ်ရင် အလုပ်ပိုရှုပ်မှာစိုးလို့…၊ ဒါနဲ့ အပြန်အလှန် စကားပြောပြီး ထွက်လာတော့ “ဒါ ငါ့ နိုင်ငံ မဟုတ်လို့ပဲ“လို့ စိတ်ထဲတွေးမိတယ်။ ကိုယ်က ဒီမှာတော့ နိုင်ငံခြားသားကိုး…။
***
မနေ့ကပဲ တခါ ရုံးမှာ လုပ်ဖော်ကိုင်ဘက် အင်္ဂလိပ်တစ်ယောက်က မေးတယ်၊ “မင်း ဒီမှာ နေရတာ ကြိုက်လား၊ အမြဲ နေသွားမှာလား“ တဲ့။
“အင်း… အခုတော့ နေလို့ ကောင်းပါတယ်၊ အမြဲတော့ မနေပါဘူး“ လို့ ချက်ချင်း ကျွန်တော် ဖြေတယ်။ စဉ်းစားစရာကို မလိုတဲ့ မေးခွန်းတွေလို့ တွေးမိတယ်။ ဖြေပြီးမှ ငါ ဒီလောက် မြန်မြန် ဘာလို့ ဖြေနိုင်နေတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း ခေတ္တခဏတော့ နေလို့ ထိုင်လို့ ကောင်းတဲ့ အရသာ ခံစားခဲ့ရတယ်။
***
ပြီးခဲ့တဲ့ တစ်ပတ်က စင်ကာပူက အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်တယ်၊ အဲဒီအစ်မက သိပ်တော် သိပ်ထက်တယ်၊ ကျွန်တော် ရန်ကုန်မှာတုန်းက အလုပ်တစ်ခု ကနေ အဆင်မပြေလို့ ထွက်ပြီး နောက်အလုပ်တစ်ခု မရခင် စိတ်ဓာတ်ကျချင်သလိုလို ဖြစ်တုန်း သူက စကားတစ်ခွန်း ပြောတယ်။
“ဟေ့ကောင်… မင်း ထွက်ခဲ့တဲ့ အလုပ်ထက် ကောင်းတဲ့ အလုပ်တစ်ခု မကြာခင် ရလိမ့်မယ်၊ တစ်ခုခု ပိုရချင် ပိုမြင့်ချင်ရင် နဂိုနေရာကို စွန့်ရတယ်၊ ခွာရတယ်ကွ၊ အပြောင်းအလဲ လုပ်ရတယ်“ လို့ ပြောတယ်။
ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူတစ်ယောက် ဖြစ်တာမို့ အဲဒီလို လုပ်ခဲ့တာ ဖြစ်ပေမယ့် ကိုယ်မှန်းထားတဲ့ အချိန်ကာလ တစ်ခုအတွင်းမှာ နောက်ထပ် အလုပ်တစ်ခု ကိုယ့်စိတ်ကြိုက် ပြန်မရတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မဆိုစလောက် ကျဆင်းစ ပြုချိန်မှာပဲ အစ်မက အဲဒီလို အားပေးခဲ့ဖူးတယ်။ မှတ်မှတ်ရရ အစ်မနဲ့စကားပြောပြီး တစ်ပတ်အတွင်းမှာပဲ ကျွန်တော့်စိတ်ကြိုက် အလုပ်ကို ရခဲ့တယ်။
အစ်မနဲ့ စကားနည်းနည်း ပြောဖြစ်တော့… “ဟေ့ကောင်… ငါ နိုင်ငံခြား ဘာဖြစ်လို့ လာသလဲ သိလား“ တဲ့၊ “လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်မှာ လုပ်နိုင်ကိုင်နိုင်ကြောင်း ပြဖို့နဲ့ ပိုက်ဆံ၊ ပညာ၊ အတွေ့အကြုံ ရှာဖို့ကွ“ တဲ့။
အစ်မက စကားပြော ပြတ်တယ်၊ စကားပြတ်သလို သူ့ဘ၀ အောင်မြင်နေအောင် အလုပ် လုပ်တာလည်း ပြတ်သား တိကျတယ်။
နိုင်ငံခြားကို အပျော်လာတာ မဟုတ်ဘူး၊ နိုင်ငံခြားကို လွတ်လပ်မှု ရှာဖို့ လာတာ မဟုတ်ဘူး၊ နိုင်ငံခြားကို ယောက်ျား၊ မိန်းမ ရှာဖို့ လာတာ မဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရ မကောင်းလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့၊ လို့… လို့… လို့…. တွေနဲ့ သူလာတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ လာတာ၊ ကိုယ်လုပ်ချင်တာ လုပ်ချင်လို့ လာတာ ဒါမှမဟုတ် ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရလို့ လာတာ။
***
မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ပဲ ယှဉ်ရင်တောင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ ကျဆင်းနေတာ လူတွေ အကုန်သိနေတာပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းနေတာလည်း ဟုတ်တာပဲ၊ တပိုင်တနိုင် လုပ်ငန်းထူထောင်ဖို့ မလွယ်ကူတာလည်း မှန်တာပဲ… ဒါပေမဲ့ နိုင်ငံခြားလာမယ်ဆိုရင်တော့ ပြင်ဆင်စရာတွေ ပြင်ဆင်လာခဲ့ဖို့ လိုတယ်၊ မပြင်ဆင်လာခဲ့ရင် ဒုက္ခလှလှ တွေ့နိုင်တယ်၊ ဒါမှမဟုတ် နိုင်ငံခြားရောဂါရဲ့ နှိပ်စက်တာကို ခံရလိမ့်မယ်။
မြန်မာပြည်မှာ နိုင်ငံခြားရောဂါကတော့ တော်တော်ကျွမ်းနေပြီလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ကြိုက်တဲ့ မြို့ရွာကို သွားလိုက်ပါ၊ အဲဒီ မြို့ရွာတိုင်းက လူတစ်ယောက်ကနေ ရွာလုံးကျွတ်အထိ နိုင်ငံခြားကို သွားနေကြပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကတော့ ထည့်ကို မပြောပါနဲ့တော့…။
***
စင်ကာပူရောဂါ
ူ
မြို့ကြီးတွေမှာတော့ စင်ကာပူရောဂါက အတော်လေး ပျံ့ပွားပါတယ်။ ပညာသင်ဖို့နဲ့ အလုပ်လုပ်ဖို့ စင်ကာပူကို ထွက်ကြပါတယ်။
၁၉၉၀ ပြည့်နှစ် အစောပိုင်းနှစ်တွေက စပြီး စင်ကာပူက ခေတ်စားလာပါတယ်။ အင်းစိန်ဂျီတီအိုင်လို ကျောင်းက စင်ကာပူမှာ ပိုလီဆိုပြီး ဖွင့်ထားတာကို သွားတက်ကြတာပါ။ အရင်ကတော့ အင်းစိန် ဂျီတီအိုင်ကျောင်းက နိုင်ငံတကာက အသိအမှတ်ပြုပါတယ်။ အင်းစိန်ကျောင်းက ဆင်းရင် နိုင်ငံခြားမှာ လစာကောင်းကောင်း အလုပ်တွေ အသာလေး ရပါတယ်။ ဒီအစိုးရတက်မှပဲ အင်းစိန်ကျောင်းလည်း ဘ၀ပျက်ပါတော့တယ်။
အဲဒီ အင်းစိန်ဂျီတီအိုင်လို ပိုလီကျောင်းကို စင်ကာပူမှာ သွားတက်ရင် ကျောင်းပြီးတာနဲ့ စင်ကာပူအစိုးရက နေထိုင်ခွင့်ပေးပြီး၊ အလုပ်ပါ ပေးပါတယ်။ ဒါနဲ့ပဲ စင်ကာပူ ပိုလီက ခေတ်စားလာပါတယ်။ ကျွန်တော့်တောင် သွားတက်ပါလားလို့ အမေက ပြောပါတယ်။ ကျွန်တော်ကတော့ အင်းစိန်ကျောင်းပဲ ခပ်တည်တည် တက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ နိုင်ငံခြားရောဂါ ကျွန်တော့်ဆီ မ၀င်သေးပါဘူး။
ပိုလီကျောင်းဆင်းတွေ အလုပ်ဖြစ်တော့ စင်ကာပူ သွားသူတွေ များလာလိုက်တာ ပိုက်ဆံရှိတဲ့၊ စာနည်းနည်းတော်တဲ့ ကျောင်းသား တော်တော်များများ သွားကြပါတယ်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းနှစ်တွေမှာတော့ စင်ကာပူက ခွင်တစ်ခုလို ဖြစ်လာတာပါ။ ပြောရရင်တော့ စင်ကာပူမှာ လူက တော်တော်များနေပါပြီ၊ စင်ကာပူ အစိုးရကလည်း တော်တော်စစ်ဆေးပြီးမှ လက်ခံနေပါပြီ။
ဒါတောင် ရန်ကုန်အခြေစိုက် အေဂျင်စီတချို့ရဲ့ ရိုက်စားတွေနဲ့ ကလေးက တော်တော် မိဘက ကဲကဲ ဖြစ်နေတဲ့ စင်ကာပူရောဂါရှင်တွေ အတွေ့မှာ အလုပ်ဖြစ်တဲ့ အေဂျင်စီနဲ့ အထုပ်ပျက်သွားတဲ့ မိသားစုတွေလည်း တဖြည်းဖြည်း များလာခဲ့ပါတယ်။
ရန်ကုန်မှာ အလုပ်လုပ်ကိုင်ရင်း နောက်ခြေတစ်လှမ်းတိုးလို့ စင်ကာပူ ထွက် အလုပ်ရှာသူတွေလည်း တစ်လကြာ တခါ သက်တမ်းတိုး နှစ်လကြာ နေလို့မှ အလုပ်မရရင် ပြန်လာပြီး တစ်က ပြန်စရသူတွေလည်း ရှိခဲ့ကြပါတယ်။
အခုတော့ စင်ကာပူမှာ အလုပ်ဘက်မှာဆို မြန်မာတွေ များလာတော့ အပြိုင်အဆိုင် လျှော့ဈေးနဲ့ ရှိတဲ့အလုပ် ခေါ်တဲ့နေရာ ၀င်လု လုပ်ကိုင်ရင်း စင်ကာပူ အလုပ်ရှင်နဲ့ မြန်မာအလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာကို ခံတဲ့သူက ခံ၊ အမေက ငါ တလမ်းလုံး တရပ်ကွက်လုံးကို ကြွားထားပြီးပြီ၊ ပြန်မလာခဲ့နဲ့ ပိုက်ဆံလိုသလား ပို့ပေးလိုက်မယ်ဆိုပြီး ပြောနေလို့ စင်ကာပူနေရပြီးရောဆိုပြီး ဖြစ်သမျှအကြောင်း အကောင်းသဘောပိုက်လို့ နေနေကြသူတွေရဲ့ ရောဂါကလည်း မသေးလှကြောင်းပါ။
ပြီးခဲ့တဲ့တစ်နှစ်လောက် စင်ကာပူမှာ အချိန်ပိုင်း အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာအလုပ် လုပ်ခဲ့ပြီး၊ အခု မြန်မာပြည် ခဏပြန်နေတဲ့ ညီမငယ် တစ်ဦးကတော့ နိုင်ငံခြားရောဂါ အထူးသဖြင့် စင်ကာပူ ရောဂါကို ကုစားနိုင်မယ့် တခုတည်းသော ဆေးဝါးဟာ “ပညာ“ ဖြစ်တယ်လို့ ရဲရဲရင့်ရင့် ပြောလာပါတယ်။ သူက စင်ကာပူမှာ ဘ၀ပျက်ကြတဲ့ မြန်မာ ညီငယ် ညီမငယ်တွေကို ဒိဋ္ဌ မျက်မြင် တွေ့ထားသူပါ။
“အဆင်ပြေတဲ့လူ လက်တဆုပ်စာကိုပဲ ကြည့်ပြီး ထွက်သွားကြတယ်၊ အဆင်မပြေတဲ့လူက ထောင်သောင်းမက ရှိတယ်။ သမုဒ္ဒရာထဲ မျောနေတဲ့ ရေခဲတုံးကြီးလိုပေါ့ရှင်၊ ရေပေါ်မြင်နေရတဲ့ အပိုင်းက နည်းနည်းပေါ့၊ ရေအောက်ထဲမှာက မိုင်နဲ့ချီကို ရှိနေတာကိုး… ဒီလိုပါပဲ ကျရှုံးသွားတဲ့လူတွေ အများကြီးလေ…၊
ဆယ်တန်းအောင်ရုံ သင်ခဲ့တဲ့ အင်္ဂလိပ်စာလောက်နဲ့ စင်ကာပူမှာ ကျောင်းလာတက်တော့ စာမေးပွဲကျတာ ကျောင်းသား အပြစ် မဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ်“ လို့ ကိုယ့်သားသမီး အရည်အချင်း ကိုယ်မသိဘဲ စင်ကာပူရောဂါထနေတဲ့ မိဘတွေနဲ့ စင်ကာပူ စွဲလန်းသူ လူငယ်တချို့ကို ရည်ညွှန်းပြီး သူက ပြောပါတယ်။
“စင်ကာပူ နေချင်လို့ ကိုယ်တတ်တဲ့ အရာတွေ၊ အဆင့်တွေ ဘေးချပြီး အိမ်ဖော် ၀င်လုပ်နေတဲ့သူ ရှိတယ်၊ အခု အိမ်ဖော် အလုပ်ခေါ်တဲ့ ကြော်ငြာမှာ “မြန်မာအိမ်ဖော် အလိုရှိသည်“ ဆိုပြီး ခေါ်တယ်၊ မတတ်သာလို့ ၀င်လုပ်ကြသူတွေ ရှိတယ်၊ ဘာကြောင့် ဒီလိုလုပ်သလဲ စဉ်းစားလို့ မရဘူး၊ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ“ ဆိုတာ ဟုတ်ပေမယ့် ဒါမျိုးတော့ လုပ်စရာ မလိုပါဘူး၊ မြန်မာပြည်မှာ ဒီထက်သာတာ အများကြီး လုပ်နိုင်ပါတယ်“လို့ သူက ဆိုတယ်။
အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်လို့ ဆိုပြီး ကျောင်းအပ် ဗီဇာယူထားပေမယ့် မိန်းမ လုပ်စာ ထိုင်စား နေတဲ့သူ ရှိတယ်၊ ဘာလို့ အလုပ်မလုပ်သလဲ မေးကြည့်တော့ “အစ်မ ကျွန်တော် ကြောက်တယ်၊ သူတို့ ပြောတာ ဘာမှ နားမလည်ဘူးတဲ့၊ လက်ဖျားရော ခြေဖျားရော ခါတယ်“ လို့ အရည်အချင်းမဲ့ မြန်မာ လူငယ်တွေ စင်ကာပူမှာ ပေကပ်နေထိုင်နေတာကို သူက ခံပြင်းတဲ့ ပုံစံနဲ့ ပြောနေတယ်။
“မိဘတွေကလည်း လွဲနေတယ်၊ ကိုယ့်သားသမီးက အဆင်မပြေဘူး ပြောရင် ဟဲ့… ဒီမှာ သူများ သားသမီးတွေဆိုရင် အကုန် အဆင်ပြေတဲ့သူတွေချည်းပဲ… ပိုက်ဆံ သိန်းနဲ့ချီ ပြန်ပို့နေကြတဲ့ သူတွေချည်းပဲ၊ နင်ပဲ အဆင်မပြေ ဖြစ်နေတာ…၊ ပြန်မလာနဲ့ဆိုပြီး ပြောတော့ နောက်ပိုင်း ကလေးတွေက ဘာမှ ပြန်မပြောတော့ဘူး၊ ဖြစ်သမျှအကြောင်း အကောင်းဆိုပြီး နေနေကြတယ်၊ တချို့ အတန်းရောက်သွားတယ်“ လို့ ပြောပြီး မိဘတွေ အသုံးမကျတဲ့ အတွက် မိဘတွေကိုပါ သူ စိတ်ဆိုးနေတယ်။
မိဘတွေက သူကိုယ်တိုင် စင်ကာပူရောဂါ ထလို့ သားသမီးကို အတင်းပို့လွှတ်ပြီး၊ သူက ရပ်ကွက်ထဲ လှည့်ပတ် ကြွားနေတယ်။ သားသမီးက အဖြစ်မှန် ပြောတော့လည်း လက်မခံဘူးဆိုတာကတော့ တကယ့်ကို အဆင်အခြင်မဲ့တဲ့ မိဘလို့ ပြောရမှာပါပဲ။
အဲဒီလို မိဘမျိုး ရှိသလို လင်သားကို စိတ်မချလို့ နောက်က လိုက်လာတဲ့ မိန်းမတွေကြောင့် ခဏနေတော့ လင်မယားချင်း ပြဿနာတွေ တက်ကုန်ပြီး စင်ကာပူမှာပဲ လင်ကွာ မယားကွာတွေ ဖြစ်မယ် တကဲကဲ ဆိုတဲ့ ဇာတ်လမ်းတွေလည်း ရှိသတဲ့။ အိုး… ဒို့ မြန်မာလို့ ဂုဏ်ယူရမှာလား။
“စင်ကာပူက အခုနောက်ပိုင်း အလုပ်လုပ်ခွင့် မရှိဘဲ လုပ်တဲ့ ကျောင်းသားတွေဆို ရှေ့ပေါက်နောက်ပေါက် ပိတ်ပြီး ဖမ်းတယ်၊ ပါ့စ်ပို့ သိမ်းတယ်၊ ကျောင်းသားဗီဇာ ရုတ်တယ်၊ ပြန်လို့လည်း မရ၊ ကျောင်းလည်း ဆက်တက်လို့ မရဘူး၊ တစ်နှစ်အတွင်း တစ်လ တခါ လက်မှတ်သွားထိုးရတယ်။ တခါ စာမေးပွဲကြေး ပေးနိုင်ဖို့ ပိုက်ဆံထောက်ပံ့နိုင်တဲ့ ယောက်ျားရှာရတဲ့သူ ရှိတယ်“ လို့ သူက ဆက်ပြောတယ်။
ခက်တာက ယောက်ျားတွေကလည်း အတည်တွဲသူ၊ ယူသူက ရှားတယ်၊ သူတို့လည်း သူတို့ဟာသူတို့ အနိုင်နိုင် ရုန်းဟယ်ကန်ဟယ်ဆိုတော့ တွဲတယ်၊ နေတယ်၊ ခဏနေတော့ ခွာကြတယ်၊ ဒါနဲ့ပဲ မိန်းကလေးတချို့ ဘ၀ပျက်ရတယ်“ လို့ သူက ဆက်ပြောတယ်။ သူ့အသံထဲမှာ မိန်းကလေးတွေအတွက် မချိတင်ကဲ ဖြစ်နေတဲ့ အသံ ကျွန်တော် ကြားရတယ်။
သူ အပိုတွေ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒီမိန်းကလေးတွေ ဒီလိုတပည့်တွေကို အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ ဆရာမမို့ သူမိန်းမချင်း ကိုယ်ချင်းစာပုံ ပေါ်ပါတယ်၊ သူတို့နဲ့ ထပ်တူ ခံစားပြီး သူပြောပြနေတာလို့ ကျွန်တော် ယုံကြည်ပါတယ်။
ဒီစာစုလေး ရေးဖြစ်တာကလည်း အပိုတွေ ချဲ့ကားပြီး ရေးနေတာ မဟုတ်ပါဘူး။ ဒါလေး ဖတ်မိတဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေ၊ မောင်နှမတွေ ကိုယ့်နှမ၊ ကိုယ့်အစ်မတွေများ စင်ကာပူ ဆိုတာကို သွားဖြစ်ခဲ့ရင်၊ စင်ကာပူရောဂါများ ထလာရင် ဆေးညွှန်းရှာထားနိုင်အောင်ပါ။
ဆေးညွှန်းကတော့ အထက်မှာ ဆိုခဲ့သလို ပညာပါပဲ။ အိမ်နဲ့ကျောင်းလောက်သာ ကျင်လည်ဖူးရုံနဲ့၊ အမေမှာတဲ့ ဆန်တခွဲ သုံးတင်းနဲ့ မလဲဆိုသလိုမျိုး၊ ဆရာပြောသမျှ အမှန်လို့ စွတ်ယုံတတ်သူမျိုးတွေ နိုင်ငံခြားမှာ ဒုက္ခနဲ့လှလှ တွေ့တတ်နိုင်ကြောင်း နည်းနည်း စဉ်းစားမိသွားရင် ရေးရကျိုး နပ်ပါတယ်။
နိုင်ငံခြားရောဂါကို ပညာဆေးဝါးနဲ့ ပျောက်ကင်းအောင် ကုသနိုင်ကြပါစေဗျာ။
အလုပ်တစ်ခုခု လုပ်နိုင်ဖို့ ပညာပြည့်ခဲ့ရင်၊ ဘာသာစကား ပြောနိုင်ဆိုနိုင် ရေးနိုင်ရင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင်တော့ ငယ်တုန်း လုပ်နိုင်ကိုင်နိုင်တုန်းမှာ အစ်မ ပြောသလို ပိုက်ဆံ၊ ပညာ၊ အတွေ့အကြုံရှာရေးအတွက် နိုင်ငံခြားထွက်ဖို့ကို ကျွန်တော်ကတော့ အားပေးပါတယ်။ ယုံကြည်ရင် ရဲရဲလာခဲ့ပါလေ…။
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်။
ညည့်သန်းခေါင်
ရေးထားတာတွေ သွေးထွက်အောင်မှန်လွန်းလို့ ထောက်ခံမိပါတယ်…
လန်ဒန်မှာ အေးရှန်းရုပ်တို့ အမဲရုပ်တို့ဆို ရဲက ကားကိုတားတတ်တယ်လို့ ဟိုတခါက သတင်းစာမှာ တယောက်က မကြေမနပ် အော်နေတာ ဖတ်ဘူးတယ်။ ကျွန်တော်တော့ East London မှာ ဆယ်နှစ်ရှိပြီနေလာတာ ဘယ်သူကမှ အဲလိုမလုပ်သေးပါ။ မနှစ်ကတော့ ကားမောင်းတာ မြန်တယ်ဆိုပြီး ရဲလိုက်လာပြီး ရပ်ခိုင်းတယ်။ Insurance တို့ MOT တို့ ကို သူဖုံးဆက်ပြီးစစ်တယ်။ အားလုံး up to date တွေပါ။ နောက်တော့ဘာမှ မလုပ်ပါဘူး သွာခိုင်းလိုက်ပါတယ်။ သူ့ကိုလဲ ထည့်ပြောထားတယ်လေ။ ဆရာဝန်လို့ ဒီက ဆေးရုံ ဘယ်အဆောင်မှာ အလုပ်လုပ်တယ်လို့။ သူကပြောတယ် ဒေါက်တာ ကားကို ဖြေးဖြေးမောင်းတဲ့ မဟုတ်ရင် အရေးပေါ်ကို ရောက်နေအုံးမယ်တဲ့ ။ Thanks for reminding me လို့ပြောလိုက်ရတယ်။
မြန်မာတွေ နိုင်ငံခြားထွက်တာ အားပေးတယ်။ နိုင်ငံခြားမှာ အခြေကျတာ အားပေးတယ်။ တခြားလူမျိုးတွေက အဲလို နေရာ ယူထားတာ ရာစုနှစ် တော်တော်တောင်ကြာနေပါပြီ။ Malay တို့ Philipino တို့ Bangladeshi တို့ အားလုံးသော လူမျိုးတွေ သူတို့ရဲ့ 2nd ဖြစ်ပြီး ဒေသခံ အဖြူတွေနဲ့ ရင်ဘောင်တန်းနေကျပြီ။
မြန်မာတွေက ဦးနေဝင်းရဲ့ မှိုင်းမိခဲ့တော့ တော်တော် နောက်ကျခဲ့တာ။ နိုင်ငံခြား ထွက်အလုပ်လုပ်ရင်ပဲ တိုင်းပြည်ကို သစ္စာဖောက် သလိုတောင် ဟိုတုန်းက ပြောတာ ကြားဘူးတယ်။ အဲဒီ အတွေးအခေါ်မျိုးက တော်တော် ကြောက်စရာ ကောင်းတယ်။
ဆရာ september myo ခင်ဗျား
သည်ပို့(စ်)လေးကို သဘောကျတဲ့အတွက် ကျွန်တော့် Facebook က တစ်ဆင့် ပြန်ဖြန့်ပေးထားပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း တစ်နည်းနည်းနဲ့ အများသိအောင် ဖြန့်ဝေချင်ပါတယ်။ အဲဒီ့အတွက် တရားဝင် ခွင့်ပြုချက်တောင်းတာပါ။ နောက်ပြီး ရေးသူရဲ့ နာမည်ကို september myo အနေနဲ့ပဲ ထားရပါမလား။ ဒါမှမဟုတ် တခြား နာမည် တစ်ခုခု ပေးချင်ပါသလား။ ကျွန်တော့်ကို တဆိတ် အကြောင်းပြန်ပေးစေလိုပါတယ် ခင်ဗျား။ ခွင့်ပြုချက်ရရင် ပြည်တွင်းမှာ ကျွန်တော် ပြန်မျှဝေပါ့မယ်။ ပြီးရင် ဘယ်မှာ ဘယ်လို မျှဝေထားတယ်ဆိုတာလည်း အသိပေးပါ့မယ်။ ကျွန်တော့် email က Site Admin မှာ ပေါ်နေမှာမို့ မေး(လ်)က တစ်ဆင့် ပြန်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ကျေဇူးတင်ပါတယ်။
ခင်မင်လေးစားစွာ
အတ္တကျော်
တကယ်တမ်းပြောရရင် မြန်မာတွေကိုက စည်းကမ်းမရှိအခွင့်အရေးသမားတွေဖြစ်လားသလားလို့ပါ။ ကိုယ့်ကို ၀ိုင်းနေရာပေး အစစအရာရာလုပ်ပေးမှာကို မျော်လင့်ချက်မျိုးနဲ့တော့ နိုင်ငံခြားမှာ နေရာရမှာမဟုတ်ဘူး။ ကိုယ့်ကို နေရာပေးလာအောင် အရည်အချင်းရှိအောင် အ…မြဲသွေးထားနိုင်မှ တော်ကာကျတာ။
refugees အနေနဲ့ရောက်လာတဲ့သူတွေ ပြောတတ်တဲ့စကား တစ်ခွန်းရှိတယ်။ သူတို့ကို အိမ်လခ၊ စားစရာအားလုံး စီစဉ်ပေးနေတဲ့ကြားက တစ်ခါတစ်လေ အဆင်မပြေရင် သူတို့မကြည့်နိုင်ရင်ဘာလို့ ခေါ်လိုက်လဲ၊ အခု camp ကိုပြန်မယ်တဲ့လေ။ ဟိုသလောကလည်း အင်ဒီယားနားမှာ နေတဲ့မြန်မာ refugees တွေ ကွမ်းတံတွေးထွေးပြီး ပြသနာဖြစ်တာ မြို့တော်ဝန်တောင်းပန်းမှ ကျေအေးမယ်ဆိုပြီး ရေဒီယိုကနေကြားလိုက်တော့ ကျွန်မ ရှက်လိုက်တာ။ ကျွန်မဒီမှာ ကျောင်းလာတက်ရင်းရောက်နေတာ ၇ နှစ်ကျော်တော့မယ် တစ်ခါးမှ ရဲစစ်တာမခံဘူးဖူး။ ရဲကစစ်လာလောက်အောင် ကိုယ်တိုင်ဘယ်လိုနေထိုင် စားသောက်တယ်ဆိုတာက အဓိကကျမယ်ထင်ပါတယ်။
ကျွန်မတော့ သူတို့ကိုကြည့်ပြီး အားမလိုအားမရဖြစ်မိတယ်။ အင်္ဂလိပ်စာသင်ကျောင်းတက်ဆိုရင် မတက်ချင်ဘူး။ စကားမတတ်တော့ အလုပ်ရှာရတာခက်တယ်။ အောက်ခြေအလုပ်တွေပဲလုပ်ရတာများတယ်လေ။ တကယ်တော့ ဘယ်နေရာပဲနေနေ အရည်အချင်းမရှိရင်တော့ အခြေခံလူတန်းစားဘ၀ကလေ လွတ်မယ်မထင်ဘူး။ အထူသဖြင့်စက်မှုနိုင်ငံတွေမှာ လူမျိုးရေး။ ဘာသာရေး၊ အသားအရောင်၊ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘူး။ ဘယ်သူမဆို အရည်အချင်းရှိရင်တက်နိုင်တာပဲ။ အိုဘားမားပဲကြည့်လေ။ ဒါပေမယ့် အဲလိုအောင်မြင်မှုတွေရဲ့နောက်မှာ ရှိတဲ့ ကြိုးစားအားထုတ်မှုနဲ့ ပေးစပ်မှုတွေကိုတော့ မေ့ထားလို့မဖြစ်ဘူးပေါ့။
ကိုယ့်ကိုသူများနေရာပေးမှာထက် နေရာယူတတ်သူတွေဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ ကျွန်မယုံကြည်တယ်။See More
ဒီဆောင်းပါးကို အရမ်းကြိုက်တယ် ရေးထားတာ သွေးထွက်အောင်မှန်လွန်းတယ်….
နိုင်ငံခြားကို အပျော်လာတာ မဟုတ်ဘူး၊ နိုင်ငံခြားကို လွတ်လပ်မှု ရှာဖို့ လာတာ မဟုတ်ဘူး၊ နိုင်ငံခြားကို ယောက်ျား၊ မိန်းမ ရှာဖို့ လာတာ မဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရ မကောင်းလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့၊ လို့… လို့… လို့…. တွေနဲ့ သူလာတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ လာတာ၊ ကိုယ်လုပ်ချင်တာ လုပ်ချင်လို့ လာတာ ဒါမှမဟုတ် ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရလို့ လာတာ။
***
အဲစကားကို အရမ်းကြိုက်လွန်းလို့ အဲ့အမကိုတောင်တွေ့ချင်သွားတယ်…. ဒါတွေအပြင်စိတ်ဓာတ်ရင့်ကျက်ဖို့လည်းအများကြီးလိုတယ်…
တာဝန်ယူတတ်တဲ့စိတ်…..နောက်ပြီးဇွဲရှိဖို့…. တစ်ချို့ပညာတတ်ပြီး သိတာများတယ် မရင့်ကျက်ဘူး လက်တွေ့မှာအသုံးမချတတ်ဘူး…. အဲ့ဒီ့ refugee ကိစ္စက ပြဿနာပဲ…
အလကားနေရင်းကိုယ့်လာပြိုင်တဲ့သူကရှိသေးတယ် မလွယ်ဘူး….နောက်တစ်ခုက ကျောင်းတတ်တာလည်း ပိုက်ဆံကိုအရင်ကြည့် ကိုယ်နိုင်လောက်တဲ့ကျောင်းကိုအရင်တတ် အလုပ်လုပ် ရတဲ့ပိုက်ဆံနဲ့မှဝါသနာပါရာကျောင်းကိုတတ်…..အဲတာအကောင်းဆုံးပဲ နို့မဟုတ်ရင်တော့…..လူတွေပြောသလိုပဲ…. ကိုယ်ကတော့ ပြိုင်ချင်နိုင်ချင်လို့လာတာ ရန်ကုန်ပြန်ရောက်ရင် နိုင်ငံခြားသွားပြီးပျက်စီးလာတယ်လို့ ရောယောင်ပြီး အပြောခံရတာ အော့နှလုံးနာလို့ လွမ်းတာတောင် ပြန်ဖို့အတော်စဉ်းစားနေရတယ်
ကြောက်စရာ ကောင်းလိုက်တာ..။
စိတ်မကောင်းလိုက်တာ။
စင်ကာပူမှာ မှ မဟုတ်ဖူး။ ဘယ်နေရာဖြစ်ဖြစ်ပညာလိုတယ်။ ဘယ်နေရာဖြစ်ဖြစ် ရုန်းကန်ရတာပဲ။
ရဲ အစစ်ခံရတယ်ဆိုတာ အခန့် မသင့်လို့ပါ။
စာရေးသူဟာ သတင်းသမားတစ်ယောက် အနေနဲ့ မကောင်းတဲ့ အဆင်မပြေတဲ့ ထောင့်တစ်ဖက်ထဲကနေပဲ ကြည့်ပြီးမရေးသင့်ဘူး။ ဒီမှာ အဆင်ပြေနေတဲ့ သူတွေလဲ အများကြီးရှိတယ်။နှစ်ဖက်မျှရေးလိုက်ရင် ပိုပြီးကောင်းမယ်။
ဘ၀ပျက်တဲ့ မိန်းကလေးတွေအတွက်ကတော့ စိတ်မကောင်းစရာပဲ။
အင်း ခင်များ စာကို ဖတ်ရတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျနော် နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားမိ တာကို သွားသတိရတယ်။ အဲဒီတုန်းက ကျနော့်ဘ၀ ဟာ မသေချာမရေရာတဲ့အချိန်၊ ကျောင်း တွေပိတ်ထားလို့ စိတ်လေနေပြီး ကျောင်းပြန်ဖွင့်တော့လဲ ကျောင်းဆက်မတက်ချင်တော့ တဲ့ အချိန်။ လှိုင်မှာ နေခဲ့ရတဲ့ ဘ၀ကို တမ်းတနေပြီး ရွာသာကြီးဆိုယင်တော့ မတက်ဘူးလို့ ဆုံးဖြတ် ထားတဲ့အချိန်။
နိုင်ငံခြားမှာ ၁၀ နှစ် နေပြီး အခုတော့ မြန်မာပြည်ကို ပြန်ဖို့ စိတ်ကူးနေပါပြီ။ ဒါနဲ့ ပတ်သက်ပြီး ဟို တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူက ဒီဘက်မှာ နိုင်ငံသား တောင်ဖြစ်နေပါပြီ။ သူအနေနဲ့က မြန်မာပြည်ပြန်ဖို့ဆိုယင် double citizen တို့ special protection တို့ ပေးရမယ် စသည်ဖြင့် ပြောတယ်ဗျာ။ မြန်မာ လူ့အဖွဲ့အစည်းမှာ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ အထူးသဖြင့် နိုင်ငံခြားမှာ ပညာသင်လာတဲ့ နိုင်ငံသားတွေအတွက် အဆင်သင့်မဖြစ်သေးတာတော့ အမှန်ပဲ။ ဒါကြောင့် ဒီလိုအခြေအနေတွေ ဖြစ်မှ ပြည်တွင်းပြန်မယ် ဆိုတဲ့ စိတ်ကူးတွေက လက်တွေ့တော့ မကျဘူးထင်တယ်ဗျ။ လွန်ခဲ့တဲ့ ၁၀ နှစ်က နိုင်ငံခြားထွက်တုန်းက စိန်ခေါ်မှု တွေရှိနေသလို၊ အခုအချိန်မှာလည်း ပြည်တွင်းပြန်ယင်အလားတူ စိန်ခေါ်မှုတွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ပြည်ပရောက် မြန်မာတွေ၊ အထူးသဖြင့် ပညာတတ်လူငယ်တွေ အခုအချိန်မှာ ပြည်တွင်းပြန်ပြီး တိုင်းပြည် ထူထောင်ရေးအတွက် လုပ်နိုင်ယင် တိုင်းပြည် ဖွံ့ဖြိုးဖို့ ပိုဖြစ်နိုင်မလားလို့ တွေးမိပါတယ်ဗျာ။
ဒီဆောင်းပါးကတော့ ၂၀၁၀ မှာ အကြိုက်ဆုံး ဆောင်းပါးတွေထဲ က နံပါတ်တစ် ပါပဲဗျာ။
good post. i heard similar stories from here and there.pls write more about different problems that some new generation faces in abroad due to lack of knowledge,language ,education,working experiences and professional.so that can give awareness to prepare what they have to equip fully and confidently before going abroad.