စာမရေးဖြစ်တာ အတော်ကြာသွားခဲ့ပြန်ပြီ၊ စာရေးချင်စိတ်က အမြဲရှိနေပေမယ့်လည်း စာတစ်ပုဒ်ရေးလောက်အောင် အချိန်အား မရတာရယ်၊ မုဒ်က အစလေးရပြီး ပြန်ထွက်တတ်တာရယ်ကြောင့် ရေးလို့ မရခဲ့…၊ အခုတော့ ပေါ့ပေါ့ပါးပါး ကိုယ့်အကြောင်းလေးပဲ ပြန်ရေးကြည့်မိတယ်။

အမေက ဗေဒင်ဝါသနာပါတယ်၊ ဗေဒင်ဆရာစုံမှာလည်း တွက်ဖူးတယ်။ လက္ခဏာ၊ ဆန်းကျမ်း၊ နက္ခတ်စသဖြင့် လူတစ်ယောက်ရဲ့ ကံကြမ္မာရှေ့ဖြစ်၊ နောက်ကြောင်း ပြောနိုင်တဲ့အတတ်ပညာတွေကိုလည်း အမေက ထိုက်သလောက် သိတယ်။

ငယ်ကတည်းက အမေက ကိုယ့်ကို သူသွားလေရာ ခေါ်သွားတတ်တာမို့ ကိုယ်လည်း ဗေဒင်ဆရာတွေ တော်တော်များများဆီ ရောက်ဖူးခဲ့တယ်။ ငယ်တုန်းကတော့ ကိုယ်က သိပ်စိတ်ညစ်တယ်၊ ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံပြီး လိုက်မေးနေတာလဲဗျာ၊ ဒီလူတွေလည်း ရွှီးနေတာပဲလို့ အမေ့ကို ပြောတော့ အမေက စိတ်ဆိုးတယ်။

အဖြစ်တစ်ခု ပြောပြမယ်။ ကန်တော်လေးက လက္ခဏာဆရာတစ်ယောက်ဆီ သွားကြည့်တယ်။ ကိုယ် ရှစ်တန်းလောက် ရှိဦးမယ်မှတ်တယ်။ ဆရာက အတော်လေး နာမည်ကြီးပါတယ်၊ နာမည်ကျော်တွေ သူ့ဆီမှာ ကြည့်ဖူးတယ်၊ အဲဒီတုန်းက ဆရာက ဇရာပိုင်းရောက်တော့ နာမကျန်းတောင် ဖြစ်နေပါပြီ။ အမေက သူ့အတွက် အရင်တွက်တယ်။ နောက်တော့ သားကြီးအတွက်တဲ့… ကြည့်တယ်။

ဆရာက လက္ခဏာရော၊ ဗေဒင်ကော အကုန်ရတယ်ထင်ပါတယ်။ ကိုယ့်ကို စဟောတယ်… ကျောင်းပြီးမှာ မဟုတ်ဘူး၊ ဘွဲ့ရမှာ မဟုတ်ဘူးတဲ့၊ ကိုယ်တော်တော် စိတ်ဆိုးသွားတယ်၊ အဲဒီအချိန်က ကိုယ်က ကျောင်းက အတန်းထဲ စာအတော်ဆုံး ကျောင်းသားတွေထဲမှာ ထိပ်က ပါတယ်လေ။ ဘွဲ့တစ်ခုလောက်ကတော့ အိပ်ပြီး (စာမကျက်ဘဲ) ယူလို့ရတယ်လို့ သွေးနထင် ရောက်နေတဲ့ ကာလပေါ့။

ဒီဆရာတော့ စဟောကတည်းက မှားပါပြီလို့ တွက်လိုက်ပါတယ်၊ (ကိုယ့်လို ကလေးသာသာ ဂျစ်တစ်တစ် ချာတိတ်ဟာ ဒီဆရာမှားကြောင်း ပြဖို့ ဘွဲ့တစ်ခုတော့ ယူရတော့မယ်ဆိုတာ စိတ်ထဲ ထည့်လိုက်မိပါတယ်)။

ကိုယ့်ရှေ့ရှိနေသူဟာ ကိုယ့်ကို မယုံကြည်သူတစ်ယောက်ဆိုတာကို စိတ်ထဲမှန်းမိရင် ဗေဒင်ဆရာတွေ သုံးတဲ့ တက်ကနိလားတော့ မသိပါ၊ ဗေဒင်ဆရာရဲ့ ခပ်ကြမ်းကြမ်း အဟောနဲ့ စဖွင့်ပြီးတဲ့နောက်မှာတော့ ဒီဗေဒင်ဆရာ နောက်ထပ် ဘာအလွဲတွေ ထပ်ပြောမလဲဆိုတာကို ကိုယ် ဆက်နားစွင့်မိပါတယ်။

တခါ သူက နိုင်ငံခြားကံ ကောင်းတယ်၊ ၁၉၉၃ ခုနှစ်မှာ နိုင်ငံခြားသွားရမယ်လို့လား မသိဘူး ပြောပြန်ပါတယ်။ နိုင်ငံခြားသွားရမယ်ဆိုတာကိုတော့ ကိုယ် သဘောကျသွားပါတယ်။

ဗေဒင်ဆရာတွေအနေနဲ့ လာတွက်တဲ့သူ ကိုယ့်ကိုခင်သွားအောင် ပိုက်ဆံပေးရကျိုးနပ်အောင် (ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆယ်မိနစ်လောက် အတွင်းမှာ စိတ်ချမ်းသာ လက်ချမ်းသာ ဖြစ်သွားအောင်) ပြောတတ်ဖို့ကလည်း လိုတယ်မဟုတ်လား။ အဲဒီအချိန်က ဗေဒင်၊ လက္ခဏာကို သိပ်အယုံအကြည် မရှိတဲ့ ကိုယ်တောင် နိုင်ငံခြားသွားရမယ်ဆိုတော့ သဘောနည်းနည်းကျသွားပါတယ်။

ခက်တာက ကိုယ် စဉ်းစားကြည့်တော့ ၁၉၉၃ ခုနှစ် ဆိုရင် ဆယ်တန်း၊ အင်း.. နိုင်ငံခြား ကျောင်းဆက်တက်ရင်တော့ ဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။ ဒါပေမဲ့ နိုင်ငံခြားကျောင်းတက်ရအောင် မိဘက ဒီလောက်ချမ်းသာတာ မဟုတ်လေပြန်တော့ အင်း… ဒါ ငါ့ပုံစံကို ကြည့်ပြီး ဒီကောင်က နည်းနည်းထက်မြက်ပုံ ပေါ်တယ်၊ နိုင်ငံခြားသွားရမယ်လို့ ဟောရင် ကောင်းမယ်ဆိုပြီး ဗေဒင်ဆရာ ရွှီးပုံရတယ်လို့ တွေးမိပြန်ပါတယ်။ ကိုယ်က အဲဒီလို သံသယကြီးတတ်ပါတယ်။ ဗေဒင်ဆရာ ဆက်ပြောပုံအရလည်း ကိုယ့်မယုံကြည်မှုကို မြဲခိုင်စေခဲ့ပါတယ်။

သူဆက်ပြောတာက ၁၉၉၃ ခုနှစ်မှာ မသွားရရင် ၁၉၉၄ တဲ့၊ ၁၉၉၄ မသွားရရင် ၁၉၉၅ တဲ့၊ ၁၉၉၅ မသွားရရင်… အဲဒီကနေ တွက်လိုက်တာ ၁၉၉၈၊ ၁၉၉၉ ခုနှစ် လောက်အထိ ရောက်သွားပါတယ်။ သူ့ဟာက တမျိုးပါလားလို့ ကိုယ့်မှာ အူကြောင်ကြောင်ဖြစ်ပြီး ခဏနေတော့ အလွန်ရယ်ချင်သွားပါတယ်။

တစ်နှစ်မဟုတ်တစ်နှစ် သွားရမယ်၊ ဒါမှမဟုတ် မင်းသွားချင်ရင် (သို့) မင်းသွားလိုက်ရင်တော့ နိုင်ငံခြားရောက်သွားလိမ့်မယ်လို့ ပြောလိုက်ပါလား ဆရာရယ်လို့ စိတ်ထဲက ပြောလိုက်မိပါတယ်။

ခက်တာက အမေကလည်း အတည်ပေါက် လိုက်မှတ်နေတယ်၊ ဆရာကလည်း လူကြီးဆိုတော့ ကိုယ့်မှာ ရယ်ချင်လျက်နဲ့ ချုပ်တီး အောင့်အီးခဲ့ရပြန်ပါတယ်။ နောက်ပိုင်းနှစ်အနည်းငယ်ကြာတော့ ဗေဒင်ဆရာ ကွယ်လွန်ကြောင်း သတင်းစာမှာ ဖတ်ရပါတယ်။

ဗေဒင်ဆရာနည်းနည်းတော့ မှန်ပြီး ကိုယ်မှားတယ်လို့ ပြောလို့ရမလားမသိပါ။ ဒါမှမဟုတ် ဗေဒင်ဆရာမှန်ကြောင်း သက်သေပြချင်လို့လားတော့ မပြောတတ်ပါ။ အမေက ၁၉၉၃ ခုနှစ်လောက်မှာ သင်္ဘောတက်ဖို့ တိုက်တွန်းအားပေးပေမယ့် ကိုယ်က ကြောက်ပြီး မတက်ပါ။ နိုင်ငံခြားစာသွားသင်ဖို့ အမေက ကမ်းလှမ်းလာတော့လည်း ကိုယ်က ကျွန်တော် အဲဒီလောက် မတော်ပါဘူးဗျာဆိုပြီး မထွက်ပါ။

ဒါနဲ့ ၁၉၉၃ ခုနှစ်မှာ မထွက်ဖြစ်ပါ၊ ၁၉၉၄ ခုနှစ်မှာလည်း မထွက်ဖြစ်ပါ။ ၉၀ ပြည့်လွန်နှစ်များမှာ နိုင်ငံခြားကံက ဘာမှ မထူးခြားခဲ့ပါ၊ ကိုယ်အတ္တကြီးပြီး ဗေဒင်ဆရာမှားကြောင်းပြဖို့ တမင်မထွက်တာမျိုးလည်း မဟုတ်ပါ။ နိုင်ငံခြားထွက်ဖို့ ကြောက်တာရယ်၊ ကိုယ်အရည်အချင်း မပြည့်သေးတာကို ကိုယ့်ဘာသာ သိနေတာရယ် (ဘယ်သူသိသိ မသိသိ၊ ကိုယ့်အရည်အချင်း ကိုယ်အသိဆုံး မဟုတ်လားဗျာ)၊ မြန်မာပြည်ကြီးကို သိပ်ချစ်တာရယ် (အဲဒီလိုကြော်ငြာထိုးရင် ကောင်းမလားမသိ၊ ဒီဂွင်မှာ နည်းနည်းတော့ ပြောလို့ရတယ်လေ) စတာတွေကြောင့် ကောလိပ်ပြီးတဲ့အချိန် ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းမှာမှ ကိုယ်လုပ်ချင်တဲ့ စာရေးနိုင်မယ့်အလုပ်လုပ်နိုင်အောင် ဂျာနယ်တစ်စောင်မှာ ဘာသာပြန်အယ်ဒီတာအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။

အလုပ်ဝင်ပြီး နှစ်နှစ်နီးပါးအကြာမှာတော့ အယ်ဒီတာချုပ်က လွှတ်လို့ နိုင်ငံခြား (ကမ္ဘောဒီယား) မှာ သတင်းစာပညာ သင်ယူခွင့်ရခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာပါ။ ဗေဒင်ဆရာပြောတဲ့ နှစ်အပိုင်းအခြားလွန်ပြီးတော့မှ နိုင်ငံခြားကို စတင်ရောက်ဖူးခဲ့ပါတယ်။

ကျောင်းမပြီးတာလည်း ဗေဒင်ဆရာနည်းနည်းမှန်တယ်လို့များ ပြောနိုင်မလားမသိပါ။ ၁၉၉၃ ခုနှစ်မှာ ဆယ်တန်းအောင်ပြီးနောက်မှာ ဘွဲ့မရနိုင်တဲ့ ဂျီတီအိုင် တက်မိပြန်တော့ ကျောင်းသားလှုပ်ရှားမှု ၁၉၉၆ ကြောင့် ကျောင်းပိတ်လိုက်ဖွင့်လိုက်ဖြစ်ရာကနေ ၁၉၉၉ ခုနှစ်မှာမှ ဂျီတီအိုင် ပြီးပါတယ်။

ဗေဒင်ဆရာမှားအောင် လုပ်မယ်လို့ ငယ်ကတည်းက ဆုံးဖြတ်ခဲ့မိဖူးတာမို့ ဘွဲ့ရအောင် ဆက်လုပ်မိရာကနေ ၂၀၀၂ ခုနှစ်မှာမှ ကျောင်းပြီးလို့ ၂၀၀၃ ခုနှစ်မှာ ဘွဲ့ရပါတယ်။ ဆယ်တန်း အောင်ပြီး ၁၀ နှစ်ကြာမှ ဘွဲ့ရတာပါ။ နောက်ပိုင်း ဘွဲ့လွန်ဒီပလိုမာတစ်ခုပါ ထပ်ယူလိုက်ပါသေးတယ်။ ဗေဒင်ဆရာလုံးလုံးမှားအောင် ပြချင်တဲ့ အငုံ့စိတ်ကလေးကလည်း ရှိနေခဲ့တာကိုးဗျာ။ အခုတော့ ဗေဒင်ဆရာကြီးကို ကျေးဇူးတင်မိပါတယ်။ သူဟောတာလည်း ကိုယ်က သေချာမှတ်ထား၊ ပြီးတော့တခါ မှားအောင် လုပ်ပစ်မယ်ကွဆိုတဲ့ စိတ်ကလေး ထည့်ထားတာကိုးဗျာ။

ငယ်ငယ်ကတော့ ဗေဒင်ဆို လုံးဝ မယုံပါဘူး။ တွက်ပေးမယ်၊ ကြည့်ပေးမယ်ဆိုရင်တော့ မကန့်ကွက်ပါဘူး၊ အသာတကြည် နေလိုက်တာပါပဲ။ ကိုယ့်အကြောင်း၊ ကိုယ့်အနာဂတ်အကြောင်း အကောင်းပြော အကောင်းဟောရင် ရယ်ရယ်ပြုံးပြုံးနဲ့ နားထောင်တတ်ပါတယ်။ သိပ်ကြီးပိုပိုသာသာ ပြောလာရင်တော့ မကြိုက်တတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကြောင်း ကိုယ်သိနေတာကိုးဗျာ။

နောက်ပိုင်း အတန်ငယ် အရွယ်ရောက် လူလားမြောက်လာပြီး ကိုယ်လုပ်ချင်တိုင်း၊ ကိုယ်အရည်အချင်းရှိတိုင်း လုပ်လို့ မဖြစ်တာတွေ ရှိလာတော့၊ သိလာတော့ ဗေဒင်ကို မယုံပေမယ့် ကံ (ကံတရား) ဆိုတာကိုတော့ ယုံကြည်လာပါတယ်။ ကံဆိုတာ ရှိတယ်ဆိုတာကို သိပြီးနောက်မှာတော့ ကံဆိုတာမှာလည်း အလုပ်ပါ တွဲနေတာကိုလည်း သိပြန်ပါတယ်။ (အလုပ်-ကံ-အလုပ်-ကံ)။ ကံဆိုပြီး စောင့်နေလို့ မရသလို အလုပ်ချည်း တွန်းလုပ်နေလို့ မရပါဘူး။

အမေကတော့ ဗေဒင်တွေ ကြည့်နေဆဲပါ။ မှန်တယ်လို့ နာမည်ကြီးရင် ရောက်ရောက်သွားတတ်ပြန်ပါတယ်၊ သူ့ကံကြမ္မာ ရှေ့ဖြစ်နောက်ဖြစ်ကို ဗေဒင်ဆရာနဲ့ စစ်ဆေးနေဆဲပါ။ အမေဟာ အတော့်ကို စိတ်ဓာတ် ကြံ့ခိုင်တဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး ကိုယ့်အားကိုယ်ကိုးသူတစ်ယောက် ဖြစ်ပေမယ့်လည်း ဗေဒင်ကိုတော့ ယုံကြည်ပါတယ်။

ကိုယ်သိကျွမ်းခင်မင်တဲ့ လူတော်တွေ ပညာတတ်တွေလည်း ဗေဒင်ကို အတော်ယုံကြည်တာတွေ၊ အမြဲတွက်ချက် လေ့လာနေတာတွေကို တွေ့ပါတယ်။ တနေ့ကတောင် မြန်မာနိုင်ငံ အလံလဲတာမှာ ဗေဒင်ကိန်းခန်းတွေနဲ့ တွက်ချက်လုပ်ကိုင်သွားတာကို ကြားသိမိတော့ အစိုးရမင်းများကလည်း ဗေဒင်ကို အလွန်အကျူး သက်ဝင်ယုံကြည်နေတာပါလားလို့ တွေးမိပါတယ်။

ကိုယ်ကတော့ ၅၀ ၅၀ လို့ပဲ ပြောလို့ရမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကြောင်း အကောင်းပြောရင် ကိုယ့်အနာဂတ်ကောင်းမယ်လို့ ရှေ့ဖြစ်ဟောရင် ဗေဒင်တွက်ခ (နက္ခတ်စစ်ခ၊ လက္ခဏာကြည့်ခ) ပေးရတာ တန်ပါတယ်လေလို့ ထင်မိတာကိုးဗျာ။ မဟုတ်ရင်တော့ ဗေဒင်ဆရာက ကိုယ့်အကြောင်း အကောင်းမပြော အဆိုးဟောခဲ့ရင် ဗေဒင်ဆရာမှားတယ်လို့ ပြောနိုင်အောင် ကိုယ်ကိုယ်တိုင် ပင်ပင်ပန်းပန်း ကြိုးစားနေရဦးမှာ…။

၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်။
နံနက် ၁၁ နာရီ။