အားလပ်ရက်ရတုန်း မြင်းစီးဖြစ်ခဲ့တော့ ရိုက်ဖြစ်ခဲ့တဲ့ဓာတ်ပုံတွေထဲက တချို့ကို အိမ်ကို လှမ်းပို့လိုက်တဲ့အခါ ညီငယ်က ပြောလာပါတယ်။ “ငါ့ အစ်ကို… မြင်းစီးပြီးတော့ ရပ်မနေနဲ့ဦး၊ လားလေးဘာလေး ဆက်စီးနိုင်ဖို့ ကြိုးစားဦး“ တဲ့။

အတော်နောက်တဲ့ ချာတိတ်ပေပဲ။ ညီငယ်လို့သာ ပြောတာပါ။ ညီအစ်ကိုနှစ်ယောက်က အသက်တစ်နှစ်ပဲကွာတာဆိုတော့ သူငယ်ချင်းတွေလိုလည်း ဖြစ်နေပါတယ်။ ပြီးတော့ အခုလို စာပေ၊ အနုပညာလောကထဲ ရောက်လာအောင် သူကပဲ အများကြီး ဆွဲခေါ်၊ တိုက်တွန်း၊ အားပေး၊ ဆိုဆုံးမခဲ့တာ ဖြစ်လေတော့ သူ့ကျေးဇူးတွေကလည်း ကိုယ့်အပေါ်မှာ များပါတယ်လေ။ အခုထိတောင် တစ်ခါတခါ သြ၀ါဒတွေ အဝေးကနေ ချီးမြှင့်နေတုန်း…။

လားစီးဖို့အထိ ကြိုးစားရမတဲ့လေ…။

ကျွန်တော်ဟာ မြင်းကို အသေအချာ တခါမှ စီးဖူးခဲ့တာမဟုတ်ပါဘူး၊ ကိုရင်နှစ်ခါ ၀တ်ခဲ့ဖူးပေမယ့် နှစ်ခါစလုံးက ဘုန်းကြီးကျောင်းနဲ့ တရားစခန်းမှာပဲ ခေါင်းရိတ်၊ သင်္ကန်းစည်းလိုက်တာဆိုတော့ မြင်းမစီးလိုက်ရပါဘူး။ ရန်ကုန်မှာဆိုတော့ နယ်တွေလို မောင်ရင်လောင်းကို မြင်းတွေဘာတွေနဲ့ လှည့်တာမျိုးကလည်း ရှားရှားပါးပါးကိုဗျ၊ တခါ ဒါကလည်း ပိုက်ဆံတတ်နိုင်မှ လုပ်နိုင်တာမျိုး ဖြစ်ပါတယ်။

အခုတော့ မြင်းသေချာ စီးဖူးသွားပြီ

ချောင်းသာကမ်းခြေ ရောက်တုန်း ကလည်း မြင်းစီး ဖူးပေမယ့် အသွား အပြန်လား (၅ မိနစ် လောက်) စီးဖူးတာဆိုတော့… စီးပြီးမှတောင် မြန်မာ့ မြင်းပိန်လေး ကို သနားမိ နေပါ သေးတယ်။ မြင်းကတော့ တကယ့်ကို အားရပါးရ စီးချင် နေမိတာ… စိတ်အာသာ ဖြစ်နေခဲ့ တာပေါ့။ အခုတော့ စီးရပြီ။

မြင်းဆိုတာ ဟိုးရှေးခေတ် နှစ်သန်းပေါင်း များစွာ ကတည်းက ရှိနေ ခဲ့တာ ဖြစ်ပေမယ့် လူတွေနဲ့ အကျွမ်း တ၀င် ဖြစ်ပြီး၊ လူတွေနဲ့ အပြန် အလှန် အမှီသဟဲ ပြုကြတာ ကတော့ နှစ်ပေါင်း ၅၀၀၀ ၀န်းကျင် လောက်ပဲ ရှိပါ သေးတယ်။ နောက်ပိုင်း မှာတော့ လူတွေက မြင်းတွေကို စစ်ပွဲ တွေမှာ ရန်သူနဲ့ တိုက်ခိုက် တဲ့အခါ စီးနင်းဖို့၊ လယ်ယာ လုပ်ငန်းခွင်မှာ ထွန်ယက်ဖို့ နဲ့ ကုန်အရောင်း အ၀ယ်တွေမှာ ပစ္စည်းတွေ သယ်ပိုးဖို့ စသဖြင့် သုံးခဲ့ကြ ပါတယ်။

မြင်းပြီးတော့ လား

စစ်ဘုရင်တွေဆိုရင် သူတို့ရဲ့ ရဲဘော် ရဲဘက် မြင်းတွေကို အကြီး အကျယ် တန်ဖိုးထား၊ ချီးမြှင့် မြှောက်စား ခဲ့ကြ ပါတယ်။ တခါ အမေရိကကို မြင်းတွေ ရောက်လာပြီး နောက်မှာ လည်း နွားကျောင်းသား တွေက ကောင်းကောင်း အသုံးချခဲ့လို့ ကောင်းဘွိုင် တွေတောင် ပေါ်ခဲ့သေး တယ်လေ။ နာမည်ကြီး ကောင်းဘွိုင် ရုပ်ရှင်ကား တွေလည်း ရိုက်ခဲ့ကြ ပါတယ်။

အာရပ်မြင်း၊ အာရှမြင်း၊ ဥရောပမြင်းစသဖြင့် ဒေသအလိုက် မြင်းမျိုးစုံလည်း ရှိပါတယ်။ မြန်မာပြည်ပေါက် မြင်းတွေကတော့ အကောင်သေးပေမယ့် အားရှိတယ်လို့ ကြားဖူးပါတယ်။ ပြိုင်မြင်းတွေထဲမှာတော့ Thoroughbred လို့ခေါ်တဲ့ မြင်းဟာ တော်တော်ကောင်းတယ်လို့ သိရပါတယ်။ နာမည်ကျော် မြင်းပြိုင်ပွဲတွေမှာ Thoroughbred တွေဟာ ရေပန်းစားပါတယ်။

ကဲ… အခုတော့ ကိုယ်တွေ့လေးပြောပြရသေးတာပ

မက်ဂီလုပ်ပေးတဲ့ ဆင်းဒ၀စ်နဲ့ လက်ဖက်ရည်သောက်ပြီး မြင်းဘယ်အချိန်စီးရမလဲ မေးလိုက်တော့ မွန်းလွဲ ၃ နာရီမှာ စီးရမယ်တဲ့။ ဒါနဲ့ တစ်နာရီလောက် ပြန်နားဦးမှပဲဆိုပြီး အခန်းမှာ ပစ္စည်းတွေ နေရာချ၊ ပြန်နား ဖြစ်ပါတယ်။

မြင်းစီးဦးထုပ်တွေ ကြိုက်ရာရွေး

၃ နာရီ မထိုးခင် ငါးမိနစ် အလိုမှာ မြင်းဇောင်းနဲ့ ရုံးခန်းဘက် ထွက်လာတော့ Charlotte ရှားလော့ နဲ့ တွေ့ရ ပါတယ်။ မင်းမှာ ဦးထုပ်နဲ့ လည်ရှည်ဘွတ် ပါလား ဆိုတော့ ကျွန်တော်က မပါဘူးလို့ ဆိုလိုက်တဲ့ အခါ အခန်း တစ်ခုထဲ ခေါ်သွား ပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ တော်လောက်မယ့် ဦးထုပ်နဲ့ လည်ရှည်ဘွတ် တစ်ခုကို ရွေးပေး ပါတယ်။ ကွက်တိ ပါပဲ၊ ဒါဟာ ရှားလော့ရဲ့ အတွေ့အကြုံ ရင့်ကျက် နေတာကို ပြတာ ပါပဲ။ အသက် ကတော့ ကိုယ့်အောက် ငယ်လောက် ပါတယ်။

ရှားလော့ ဆိုတာလည်း ကောင်မလေးပါပဲ။ ဒီမြင်းခြံမှာ သတိထားမိတာတစ်ခုကတော့ ခြံပိုင်ရှင်ကြီး မက်ဂီကိုယ်တိုင်နဲ့ မြင်းခြံအတွင်း အလုပ်လုပ်နေသူ အားလုံးနီးပါးဟာ မိန်းကလေးတွေ ဖြစ်နေတာပါပဲ။ မြင်းတွေကို မိန်းကလေးတွေက ပိုချစ်တာလား၊ မြင်းစီးတာကို မိန်းကလေးတွေက ပိုကြိုက်ကြသလားတော့ မသိပါဘူး။

long boots

လည်ရှည်ဘွတ်တစ်ခု တော်တာယူ

ဦးထုပ်နဲ့ ဖိနပ် စီးပြီးတော့ မြင်းရွေးတဲ့ အခါ ရှားလော့ ကပဲ မြင်း တစ်ကောင် ဆွဲလာ ပါတယ်။ Hippo ဟစ်ပိုလို့ ခေါ်တဲ့ မြင်း တစ်ကောင်ပါ၊ အနက်ရောင် သန်းတဲ့ အုန်းခွံ ရောင်ပါ။ မြင်းမြီး ကလည်း အရှည်ကြီးနဲ့ပါ။ မြင်းကြီးက အထီးဖြစ်ပြီး တော်တော် လှပါတယ်။

ကျွန်တော့်ဂျင်းဘောင်ဘီက လည်ရှည်ဖိနပ်ပေါ် ရောက်နေတာတွေ့တဲ့ ရှားလော့က ဘောင်းဘီအောက်ဘက် အစတွေကို ဖိနပ်ထဲ သွင်းလိုက်ဖို့ ပြောပါတယ်။ နောက်တော့ လှေခါးသုံးဆင့်လုပ်ထားတဲ့ သံလှေကားပေါ် တက်ခိုင်းပြီး မြင်းကို ဆွဲလာပါတယ်။

ပိုနီ(မြင်းပု)လေးနဲ့ ကလေးလေးရယ်၊ အသင်အပြကောင်းတဲ့ ရှားလော့ရယ်၊ နောက်ကျောဘက်မှာ မြင်နိုင်တဲ့ သုံးဆင့် တက်ရတဲ့ သံလှေကားလေးရယ်

ကျွန်တော်က Beginner အခုမှ မြင်းစ စီးမယ့်သူ ဖြစ်လေတော့ မြင်းပေါ်ကို မြေပြင် ပေါ်ကနေ မတက်ခိုင်း ပါဘူး၊ မြင်းတွေ ကလည်း အရပ်မြင့် တာလည်း ပါပါတယ်။ လှေကားပေါ် ကနေပဲ မြင်းပေါ် တက်ရ ပါတယ်။ ကုန်းနှီးပေါ် အကျအန ထိုင်ခိုင်း၊ ခြေထည့် ရမယ့် သံကွင်း ထဲကို ခြေထောက်ကို သေချာ ထည့်ခိုင်း၊ နေသား တကျ ထိုင်လို့ အဆင်ပြေ မပြေ မေးပါတယ်။

ကျွန်တော်က အိုကေပြီလို့ ဆိုတဲ့အခါ မြင်းဇက်ကို ကိုင်ခိုင်းပြီး သူက မြင်းကို ဆွဲသွားပါတော့တယ်။ မြင်းဇက်ကြိုးကို ကော်ဖီခွက် ကိုင်သလို ကိုင်ပါလို့ ပြောတယ်။ ခပ်ဖွဖွ သက်သောင့်သက်သာ ကိုင်ထားပါလို့ ပြောတယ်။

မြင်းဇောင်းကနေ မြင်းစီးမယ့်ကွင်းကို သွားတာ မီတာ ၃၀၀ လောက် သွားရပါတယ်။ မြင်းပေါ်မှာ ကြော့ကြော့လေး ထိုင်ပြီး လိုက်သွားပါတယ်။ တစ်နာရီ သင်ခန်းစာ ယူရမှာဖြစ်ပါတယ်။

ကွင်းထဲရောက်တော့ ခြံဝန်းတံခါးကို ပြန်ပိတ်လိုက်ပါတယ်။ မြင်းစီးလေ့ကျင့်တဲ့ ခြံဝန်းက အလျား အနံ ပေ ၁၀၀၊ ပေ ၆၀ လောက် ကျယ်ပါတယ်။ ၀န်းကို ပတ်ပြီး ၀န်းကို ကပ်ပြီး စီးခိုင်းပါတယ်။ မြင်းက လမ်းလျှောက်တာပါ။ ဘယ်ကွေ့ ညာကွေ့ ခိုင်းတယ်။ မြင်းကို ရပ်ခိုင်းတယ်။ ရပ်တော့ မြင်းဇက်ကို ဖြည်းဖြည်းတိုအောင် လုပ်ပြီး ဆွဲခိုင်း ရပ်ခိုင်းပါတယ်။ မြင်းဇက်ဆိုတာ မြင်းပါးစပ်ထဲ ကြိုးထည့်ထားတာမို့ ဇက်ကို ခပ်ကြမ်းကြမ်း မဆွဲလိုက်ဖို့ ပြောပါတယ်။

သူတို့တွေက တိရစ္ဆာန်တွေကို သိပ်ချစ်သိပ်ကြင်နာတာဆိုတော့ အားလုံးကို ဖြည်းဖြည်းချင်း သပ်သပ်ရပ်ရပ် လုပ်ခိုင်းပါတယ်။ အခု ရေးပြတော့သာ လွယ်တာပါ။ တစ်နာရီ သင်ခန်းစာမှာ တော်တော် နားလည်အောင် လုပ်ရပါတယ်။ မြင်းကို ဇက်ဆွဲရင်း လမ်းလျှောက်လိုက်၊ ဘယ်ညာကွေ့လိုက်၊ ရပ်လိုက် အမျိုးမျိုး လုပ်နေရတာပါ။ တစ်ခါတခါ သူပြောလိုက်တာကို နားမလည်လိုက်တော့ တလွဲတချော်ကလည်း ဖြစ်သွားပါသေးတယ်။

ကျွန်တော် မြင်းဇက်ကိုင်တာ မြင်းထိန်းတာကို ရှားလော့က သဘောကျသွားတော့ မြင်းကို အကြော့ပြေးခိုင်းပါတယ်။ ဟစ်ပိုက သဘောကောင်းပေမယ့် ပျင်းပြီး လေးတော့ ရှားလော့က နှင်တံလေး သွားယူလာပြီး တို့တို့ပေးမှ ဟစ်ပိုက နည်းနည်း ပြေးပါတယ်။

အကြော့ပြေးတယ်ဆိုတာ လမ်းလျှောက်တာထက် မြန်တဲ့ သဘောလောက်နဲ့ ပြေးတာပါ။ ရှားလော့ပေးတဲ့ ဥပမာအတိုင်း ပြောရမယ်ဆိုရင်တော့ မြင်းလမ်းလျှောက်တုန်းက 1, 2, 3, 4 ဆိုပြီး ခြေတစ်ချောင်းစီ သုံးလို့ လေးခါ လှမ်းတယ်။ ခြေထောက်လေးခုစလုံးနဲ့ လမ်းလျှောက်တယ်ပေါ့။ အကြော့ဆိုတာကြတော့ 1, 2 တိုင်ပင်ပဲ။ ဟိုဘက် ဒီဘက် ဖြတ်ထိုးခြေနှစ်ချောင်းသုံးပြီး ပြေးတယ်။

ကျွန်တော်ပထမဆုံး စီးရတဲ့ မြင်းကြီး ဟစ်ပို

မြင်းက အဲဒီလို ပြေးချိန်မှာ လူက မြင်းပေါ် မှာ ထိုင်လိုက် ထလိုက် အသားကျ လုပ်နေ ရတယ်။ ထတယ် ဆိုတာက သံခြေနင်း ထဲမှာ ထည့်ထားတဲ့ ခြေထောက်ကို အားပြုပြီး ထရတယ်၊ ထိုင်တဲ့ အခါ မြင်းကုန်းနှီး ပေါ်ကို မြင်းမနာ အောင် ထိုင်ရ တယ်။ မြင်းဇက် ကိုလည်း တုံ့သလို မဖြစ်အောင် ဆွဲထားရတယ်။ မြင်း ဆက်ပြေး နေအောင်လည်း မြင်းဝမ်းဗိုက် ကို ဘွတ်နဲ့ ကန်ပေး (ပုတ်ပေး) နေရတယ်။ အားလုံး အဆင် ပြေပြေ လုပ်နိုင်ဖို့ ဆိုတာ တကယ် မလွယ်ပါဘူး။

တစ်ခုခုကို အာရုံစိုက်လိုက်ရင် တစ်ခုက အာရုံလွဲသွားရော၊ အထိုင်အထကို ရှားလော့ တိုင်ပင်ခေါ်ပေးတဲ့အတိုင်း လိုက်လုပ်ရင် မြင်းဇက်ကို တုံ့သလို ဖြစ်သွားတော့ မြင်းက ရပ်လိုက်ရော၊ မြင်းဆက်ပြေးနေအောင် မြင်းဗိုက်ကို ခြေခွင်နဲ့ ပုတ်ပေးတော့ အထိုင်အထ တိုင်ပင်က မမှန်တော့ဘူး။ ဒီကြားထဲ ယောက်ျားလေး ဖြစ်နေတော့ ကိုယ့်ညီလေး အန္တရာယ် မဖြစ်သွားအောင်ကလည်း သတိထားပြီး အထိုင်အထ လုပ်ရသေးတယ်။ မိန်းကလေးဆိုရင်တော့ ဒီကိစ္စ သိပ်ဂရုစိုက်စရာ မလိုဘူးထင်တယ်။

ဟစ်ပိုကြီးက ပျင်းပေမယ့် မြင်းလိမ္မာကြီးတစ်ကောင် ဖြစ်ပါတယ်။ သူတို့က မြင်းတွေကို လူတွေလိုပဲ he/she နာမ်စားတွေနဲ့ ပြောတယ်။ good boy/ good girl လို့ ခေါ်တယ်။ မြင်းကြီးတွေက အရွယ်အစားမှာ မြန်မာမြင်းတွေထက် ကြီးပေမယ့် သူတို့ပြောတဲ့အတိုင်း နားထောင်ကြတာ တွေ့ရတယ်။

သုံးခါလောက် အကြော့ပြေးပြီးချိန်မှာပဲ တစ်နာရီသင်ခန်းစာပြီးတယ်။ i’m impressed you. လို့ ရှားလော့က ပြောပါတယ်။ အရင် မြင်းစီးဖူးတယ်မို့လားလို့လည်း ထပ်မေးပါတယ်။ သေချာမစီးဖူးပါဘူးဗျာလို့ ကျွန်တော်က ပြန်ပြောရပါတယ်။

မြင်းစာအုပ်ဖတ်လိုက်သေးတယ်

တစ်ခုတော့ ရှိပါတယ်။ မြင်းစီးဖို့ မလာခင်က youtube ကနေ မြင်းစီး အခြေခံ တွေကို ကြည့်ခဲ့ တယ်။ ပြီးတော့ နေ့လယ်စာ စားတုန်း မှာပဲ မက်ဂီ ဧည့်ခန်း ထဲက မြင်းစီး အခြေခံ စာအုပ်ကို လှန်လှော ကြည့်ဖြစ်တယ်၊ ဖတ်ကြည့်တယ်။

မြင်းတစ်ကောင်ရဲ့ အစိတ်အပိုင်းနဲ့ အခေါ်အဝေါ်တွေ

မြင်းစီး အခြေခံဆိုရင် မြင်း တစ်ကောင် လုံးရဲ့ အခေါ် အဝေါ်တွေ၊ မြင်း ကုန်းနှီးရဲ့ အခေါ် အဝေါ်တွေ သိအောင်၊ မှတ်မိအောင် လုပ်ရမယ်။ နောက် မြင်း လမ်းလျှောက် (walk)၊ မြင်း အကြော့ပြေး (trot)၊ မြင်း ကဆုန်ပေါက် (canter) နဲ့ မြင်း ဒုန်းစီး (gallop) တွေ သိရတာ ပေါ့လေ။ ရှားလော့ ကတော့ မင်းရဲ့ မြင်းစီးချိန် လေးချိန် လောက်နဲ့ ဆိုရင် walk နဲ့ trot ပဲ ရမယ်လို့ ပြောပါတယ်။ သူတို့က စနစ် တကျကို အဲဒီလို လုပ်ထားတာ တွေ့ရတယ်။

မြင်းကဆုန်ပေါက် (canter) ဆိုတာက ရှေ့ခြေနှစ်ချောင်းယက် နောက်ခြေနှစ်ချောင်းယက်ပြီး ခုန်တာမျိုးပါ။ ဒုန်းပြေးဖို့အတွက် ပထမအဆင့်ပါ။ ကဆုန်ပေါက်ကို အရှိန်နဲ့ ပြေးလိုက်ရင်တော့ ဒုန်းစိုင်း (gallop) ဖြစ်သွားတာပေါ့လေ။

မြင်းတက် မြင်းဆင်း မြင်းထွက် မြင်းရပ်

ဒီနေရာမှာ ကျွန်တော် တစ်ခု သတိ ထားမိ တာက မြန်မာပြည်က ရုပ်ရှင် မင်းသားတွေ ထဲမှာလည်း တချို့ မြင်းစီး ကောင်းတဲ့ သူတွေ ရှိတယ် ဆိုတာပါ၊ သူတို့ ဘယ်လို လေ့ကျင့် ထားကြ သလဲတော့ မသိပါဘူး။ တော်တော်တော့ ချီးကျူး ရမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ရှားလော့ အပြောအရ ဆိုရင် ကျွန်တော် စီးချင်တဲ့ ဒုန်းစီး နိုင်ဖို့ ဆိုတာ နေ့တိုင်း လေ့ကျင့် ရင်တောင် အမြန်ဆုံး ၆ လ၊ ပုံမှန် တစ်နှစ်တော့ အချိန်ယူ လေ့ကျင့် ရမယ်လို့ ဆိုပါတယ်။ ကျွန်တော်က လေးညှို့က ပစ်လွှတ် လိုက်တဲ့ မြား တစ်စင်းလို မြင်းစီး ချင်တာ ကိုးဗျ။

လမ်းလျှောက် အကြော့စီး ကဆုန်ပေါက် ဒုန်းစီး အဆင့်ဆင့်

လေ့ကျင့်ကွင်းမှာ မြင်းစီး ပြီးတော့ မြင်းဇောင်း ကို ပြန်လာ ခဲ့တယ်၊ ရှားလော့ ကပဲ ဟစ်ပို ကို ပြန်ဆွဲ လာပေး တာပါ၊ ကျွန်တော် ကတော့ မြင်းပေါ် ထိုင်လိုက် လာရုံ ပါပဲ။ ရှားလော့က မြင်းကို ကုန်းနှီး ဖြုတ်တယ်၊ တခြား မြင်း သုံးကောင် နဲ့ ထပ်ပေါင်း လိုက်ပြီး စုစုပေါင်း မြင်း လေးကောင် ကို နောက် ကောင်မလေး တစ်ယောက်နဲ့ အတူ တစ်ယောက် နှစ်ကောင် ဆွဲပြီး မြင်းကွင်း ထဲမှာ သွားထား လိုက်တာ တွေ့တယ်။ မြင်းတချို့ ကိုတော့ ညဘက် အအေးဒဏ် ခံနိုင်အောင် အပေါ် ကနေ နွေးစေမယ့် အ၀တ် (rug) လွှမ်းပေး ထားတာ တွေ့ရတယ်။

တာဝန်ပြီးလို့ အေးအေးသက်သာ ဖြစ်သွားတဲ့ ဟစ်ပိုကြီး

ဒါနဲ့ ကျွန်တော် လိုက်သွားပြီး မေးကြည့်တယ်။ ဘာလို့ မြင်းတွေ ကို အ၀တ် လွှမ်းတဲ့ အကောင် လွှမ်း၊ ဒီအတိုင်း ထားတဲ့ အကောင် ထား လုပ်သလဲပေါ့။ ကျွန်တော် စီးခဲ့တဲ့ မြင်း ဟစ်ပိုကြီး ကတော့ အသက်ကြီး နေလို့ ခံနိုင်ရည် ရှိနေပြီတဲ့။ ရှားလော့က ပြောပြတယ်။ ဟစ်ပိုကြီးကို ဘာမှ မလွှမ်း ပေးဘဲ ဒီအတိုင်း လွှတ်ပေး လိုက်တော့ စိတ်အေး လက်အေး မြက်တွေ ကုန်းစား နေပါ တော့တယ်။ အအေးဒဏ် ခံနိုင်ရည် မရှိသေးတဲ့ မြင်းတွေကို အဲဒီလို ခြုံစောင် မလွှမ်းပေး ထားရင် မြင်းတွေ စားထားတဲ့ အစားအစာ ကနေ စွမ်းအင်တွေ ဖြုန်းတီးရာ ရောက်ပြီး မြင်းတွေ ပိန်သွား မယ်လို့ ရှားလော့က ကျွန်တော့် ကို ရှင်းပြပါတယ်။

အအေးဒဏ်ခံနိုင်ဖို့ rug ခြုံထားတဲ့ မြင်းတွေ

ဒီမှာ တစ်ခု စိတ်ဝင် စားဖို့ ကောင်းတာ က သူတို့ဆီ အပန်းဖြေ မြင်းလာ စီးတာ ဖြစ်ပေမယ့် မြင်းစီးပြီး ပြီးရော မဟုတ်ပါဘူး၊ မြင်းတွေ အကြောင်း မေးရင် ရှင်းပြ သလို အခန်းထဲ အနား မနေ ချင်လို့ မြင်း သန့်ရှင်းရေး၊ မြင်းဇောင်း သန့်ရှင်းရေး၊ မြင်းတွေကို ကွင်းထဲ လှန်ထားဖို့ စတာတွေ မှာပါ ပါဝင် ကူညီ နိုင်ကြောင်း ပြောပါတယ်။

မြင်းစီးပြီးရင်လည်း ကုန်းနှီးကို ကိုယ့်ဘာသာဖြုတ်ခိုင်းပြီး သွားထားခိုင်းပါတယ်။ ဒုတိယအကြိမ် မြင်းစီးပြီးတဲ့အခါမှာ ခိုင်းတာပါ။ ကျွန်တော်က ပထမ ကြောင်သွား၊ အံ့သြသွားပေမယ့် ဒါဟာ မြင်းအကြောင်းကို ပိုသိလာအောင်၊ မြင်းတွေနဲ့ ရင်းနှီးအောင် သူတို့ လုပ်တာပဲလို့ တွေးမိသွားပါတယ်။

နာမည်နဲ့ သူ့နေရာနဲ့သူ ထားရတဲ့ မြင်းကုန်းနှီးတွေ

ဒုတိယ အခေါက် ဟစ်ပိုကြီး ကို စီးပြီးတော့ ကုန်းနှီး ဖြုတ်လိုက်တဲ့ အခါ ကုန်းနှီး တစ်ခုလုံး ချွေးတွေ ရွှဲနေတာ ကို သတိပြုမိ ပါတယ်။ ကျွန်တော် သာ သူ့ပေါ်မှာ သက်သောင့် သက်သာလေး စီးနေခဲ့တာကိုး၊ သူ့ကတော့ အောက်ကနေ ကျွန်တော် လုပ်သမျှ ခိုင်းသမျှ ခံနေရပြီး ချွေးတွေ တောင်မှ ရွှဲနေမှ ကိုးလို့ သနား စိတ်လေး ၀င်မိပါတယ်။

ဒုတိယအကြိမ်မှာပဲ ကျွန်တော် စီးမယ့်မြင်းကို မြင်းဇောင်းကနေ ကိုယ့်ဘာသာကိုယ် ဆွဲထုတ်ဖို့ ပြောခံရပါတယ်။ ဒီတစ်ခေါက် မြင်းစီးတဲ့ လေးချိန်အတွင်း မြင်းနှစ်ကောင် စီးခဲ့ရတာမှာ ဟစ်ပိုအပြင် တခြား စီးတဲ့မြင်းကတော့ Murphy မာဖီပါ။ အဖြူရောင်နဲ့ အနက်ရောင် နည်းနည်းပါးတဲ့ မြင်းကြီးပါပဲ။

မာဖီကြီးကို ဆွဲထုတ်ခိုင်းတော့ ကျွန်တော့်မှာ လန့်ရတယ်

ကျွန်တော့်ကို မြင်းဇောင်း ကနေ မြင်းကြီးကို ဆွဲထုတ် ခိုင်းတော့ လန့်တာ ပေါ့လေ။ နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး၊ တစ်ချက် ကစ်လိုက်ရင် တစ်ဘ၀စာ အီစိမ့် သွားမှာမို့ ကြောက် ကြောက်နဲ့ ဆွဲထုတ်တာ မြင်းက ပါမလာ ပါဘူး။ မြင်း ဖင်ဘက် ကနေ လက်နဲ့ ပုတ်ပုတ်ပြီး အသာလေး ချော့ဆွဲ နေတာကိုး။

နောက်မှ သေချာကြည့်တော့ ဇက်ကြိုးနဲ့ နံရံက ကြိုးနဲ့ ချည်ထားတာကိုးဗျ၊ အို့ ဟို့ ဟို့ လို့ ကိုယ့်ဘာသာကို ပါးစပ်က အသံတွေလည်း ထွက်၊ ငါကလည်း တော်တော်တုံးတာပဲလို့ သိသွာပြီး ကြိုးဖြည်နေတုန်း ကျွန်တော် အဲဒီလို အတင်းဆွဲထုတ်နေတာကို ကြည့်နေပုံရတဲ့ Jasmine ဂျက်စမင်း ရောက်လာပြီး ၀ိုင်းထုတ် ပေးပါတယ်။ အဲဒီတော့မှ မြင်းကို ဆွဲလာနိုင်ပါတယ်။

မြင်းခြံထဲက ၀န်ထမ်းအများစုက မိန်းကလေးတွေ

သူတို့က မြင်း တစ်ကောင်ကို တစ်နေ့ သုံးနာရီပဲ ခိုင်းပါတယ်။ သုံးနာရီ ခိုင်းပြီးရင် မြင်းကွင်း ကျယ်ကြီးထဲ ပြန် လွှတ်ပြီး အနားပေး လိုက်ပါတယ်။ အနားပေးတဲ့ အခါ ဇက်ကြိုးပါ ဖြုတ်ပေး လိုက်ပြီး လွတ်လွတ် လပ်လပ် နားစေ ပါတယ်။

မြင်းတစ်ကောင်ရဲ့တန်ဖိုးကလည်း နည်းမှ မနည်းကိုးဗျ။ သန်သန်မာမာ အရွယ်ကောင်း အပြေးကောင်း မျိုးကောင်း Thoroughbred မြင်းကောင်း တစ်စီးဟာ ပေါင် ၃၀၀၀ ကနေ ပေါင် တစ်သောင်းအထိ ရှိတယ်လို့ ရှားလော့က ပြောပြပါတယ်။ လန်ဒန်မှာ မောင်းလို့ ကောင်းကောင်းရတဲ့ တစ်ပတ်ရစ်ကား တစ်စီးကို ရှာနိုင်ရင် ပေါင် ၅၀၀ နဲ့ ၀ယ်လို့ ရပါတယ်။ တခါ ရှားလော့ကပဲ နာမည်ကျော် ပွဲများများနိုင်တဲ့ Thoroughbred ဆိုရင်တော့ ပေါင် သန်းဝက်လောက် အထိ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

မက်ဂီက မြေ၊ မြင်းအပြင် ယာဉ်တွေလည်း ပိုင်သေးတယ်

မြေဧက ၄၀၀ ပိုင်တဲ့ မက်ဂီဟာ မြင်းလည်း အစီး ၁၀၀ ကျော် ပိုင်တယ် လို့ သိရတော့ သူ့ကို မြင်းရာ စီးရှင် မက်ဂီ လို့တောင် ခေါ်ရ မလိုပါပဲ။ ဒါနဲ့ သူ့ကို “မက်ဂီ… ခင်ဗျားက အင်္ဂလန်မှာ အချမ်းသာဆုံး အမျိုးသမီး ကြီးတွေ ထဲက တစ်ယောက်ပေါ့“ လို့ ပြန်ခါနီး မေးကြည့်တော့…

မက်ဂီက“အင်း… ငါ့ထက် ချမ်းသာတဲ့ အမျိုးသမီးတွေ အင်္ဂလန်မှာ အများကြီး ရှိပါတယ်ကွာ၊ အေး… မင်းမေးတာကို ဖြေရမယ်ဆိုရင်တော့ ငါဟာ assets (မြေနဲ့မြင်း ပစ္စည်းပိုင်ဆိုင်မှုနဲ့ တွက်ရင်တော့) ချမ်းသာတယ်လို့ ဆိုနိုင်ပါတယ်၊ ဒါပေမဲ့ တကယ်တမ်းတော့ ငါ့မှာ ၀န်ထမ်းတွေ လစာပေးဖို့နဲ့ ရေ၊ မီး၊ တယ်လီဖုန်း စတဲ့ အခွန်အခတွေ ပေးဖို့တောင် မနည်းရုန်းကန် နေရပါတယ်“လို့ ပြန်ဖြေလာတော့ မြန်မာပြည်သားလေး ကျွန်တော့်မှာ သူ့ပဲ သနားရမလိုတောင် ဖြစ်ခဲ့ရပါသေးတယ်။

မြင်းကျွမ်းတဲ့ သြစတြေးလျသူလေး ဂျက်စမင်း

ရောက်စနေ့ ကတော့ မြင်းစီး သင်ခန်းစာ တစ်နာရီ တစ်ချိန်နဲ့ပဲ ပြီးပါတယ်။ ကျန်တာက ကိုယ့် ဘာသာ စပ်စု နေတာပါ။ ဦးထုပ်နဲ့ ဖိနပ် ပြန်ပေးဖို့ လုပ်တော့ မင်း ယူထားလေ တဲ့၊ မနက်ဖြန်တွေ ဆက်စီးဦးမှာ မဟုတ်လားလို့ ရှားလော့က ပြောပါတယ်။

ဒါနဲ့ ကျွန်တော် အခန်းပြန်လာ၊ ဆလင်ဒါပုံ ရေချိုးဇလုံထဲဝင်ပြီး ရေနွေးခပ်ပူပူနဲ့ တကိုယ်လုံးအကြောအချင်တွေ ပြေသွားအောင် စိမ်ရပါတယ်။ အကြာကြီးလည်း မစိမ်နိုင်ပါဘူး။ သုံးပေလောက်နက်နေတဲ့ ဆလင်ဒါပုံ ရေချိုးဇလုံထဲ စိမ်နေရင်း မွန်းကျပ်လာသလို ခံစားရပါတယ်။ ရေချိုးခန်း ကျဉ်းတာလည်း ပါမှာပါ။

မြင်းတွေလည်း အချိန်မှန် လုပ်၊ စား၊ နား

ဒါနဲ့ မြန်မြန် ကိုယ်လက် နွေးအောင် သုတ်၊ အ၀တ် အစားလေး လဲပြီး ဘုရား ရှိခိုး ပါတယ်၊ ပြီးတော့ ဘီဘီစီ သတင်း ခဏ ဖွင့်ကြည့် ဖြစ်ပါတယ်။ တအောင့် နေတော့ ငါ ခဏတော့ လှဲမှ ဆိုပြီး လှဲဖြစ် ပါတယ်။ တစ်နာရီ မြင်းစီး ထားပေမယ့် ရေနွေး ပူပူနဲ့ စိမ်လိုက်တာရယ်၊ အကြောအချင် ပြေအောင် ဆန့်ဆန့် ရန့်ရန့် အိပ်လိုက်တာ ရယ်ကြောင့် ခန္ဓာကိုယ်ဟာ ပျော့ပျော့ ပျောင်းပျောင်း ဖြစ်နေ ပါတယ်။

မြင်းကို တစ်နာရီခွထားပေမယ့် လူက ကွတတ ဖြစ်မနေပါဘူး။ နဂိုအတိုင်းပဲ ရှိနေပါတယ်။ ဒါတွေက နဂိုကတည်းက ကြိုတင်မှန်းဆ တွက်ချက်ထားတဲ့အတိုင်း လုပ်နိုင်တာကို ပြောပြတာပါ။ တရေးရသွားပြီး ထမှလို့ တွေးချိန်မှာပဲ တံခါးကို ခပ်ကြမ်းကြမ်း လာခေါက်သံ ကြားရပါတယ်။ ထွက်ကြည့်လိုက်တော့ “မင်း ညစာ စားမှာလား“လို့ မက်ဂီက မေးပါတယ်။

စားမှာပေါ့လို့ ဖြေလိုက်တော့ “ကောင်မလေးတွေနဲ့ အတူ စားလို့ဖြစ်သလား“ လို့ ထပ်မေးပါတယ်။ အို့ ဖြစ်ပါတယ်၊ ဖြစ်တာပေါ့၊ ဘာလို့ မဖြစ်ရမှာလဲလို့ ကိုယ်က တောက်လျှောက်ကြီး ပြောချလိုက်ပါတယ်။ “ဟဲ ဟဲ၊ ကောင်မလေးတွေနဲ့အတူ ညစာ စားလို့ ဖြစ်မလား“တဲ့။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲဗျာ၊ မဟုတ်ဘူးလား။

ဆက်ပါဦးမယ်။

၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်။ မွန်းလွဲ ၁ နာရီ။