လူငယ်တော်တော်များများမှာ အိပ်မက်တွေ ရှိကြပါတယ်၊ ကျွန်တော့်မှာလည်း ရှိခဲ့တာပေါ့။ အိပ်မက်များစွာ စိတ်ကူးများစွာ ဘ၀များစွာ…။
တချို့အိပ်မက်တွေက စိတ်ကူးရုံသက်သက်၊ အိပ်မက်ထဲက အိပ်မက်အဆင့်ပဲ၊ တကယ်မဖြစ်နိုင်ဘူး၊ တချို့ဟာတွေက တဆင့်ခြင်း ကြိုးစားသွားရင် တကယ်ဖြစ်နိုင်တယ်။
အိပ်မက်တွေကို တကယ်ဖြစ်ချင်ရင် အကြိမ်ကြိမ် မက်ရတယ်၊ သတိရတိုင်း မက်နေရတယ်။ မေ့သွားရင်တော့ ဒါဟာ တကယ်ဖြစ်ချင်တာ မဟုတ်ဘူးလို့ ယူဆစရာရှိတယ်။
ကျွန်တော် ငယ်ငယ်ကတော့ အမေ ဖြစ်စေချင်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ အဖေ ဖြစ်စေချင်တဲ့ စစ်ဗိုလ်၊ နိုင်ငံရေးသမား၊ စာရေးဆရာ ဒါတွေကို အိပ်မက် မက်ဖူးတယ်။ ဒါတွေကို အိပ်မက် အကြီးကြီးတွေလို့ ပြောလို့ရတယ်၊ ဘ၀အိမ်မက်တွေပေါ့။စိတ်ကူးအိပ်မက်တွေလည်း ကျွန်တော်မက်တာပဲ။ ဖတ်ခဲ့ဖူးတဲ့ အချစ်ဝတ္ထုတွေထဲက ဇာတ်လိုက်မင်းသား ဖြစ်ချင်တဲ့ အိပ်မက်မျိုး၊ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက မင်းသမီးကြိုက်တဲ့ ဇာတ်လိုက်မင်းသားလို ဖြစ်ချင်တဲ့ အိပ်မက်မျိုး။ ဒါတွေက စိတ်ကူးယဉ် အိပ်မက်တွေ…။
တခါ ဘောလုံးပွဲတွေကြည့်တော့ နိုင်ငံကျော် ဘောလုံးသမား၊ ကမ္ဘာကျော် ဘောလုံးသမား ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ လက်ဝှေ့ပွဲတွေ ကြည့်တော့ လက်ဝှေ့သမား ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ စာတွေများများ ဖတ်လာတော့ စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ဗေဒင် လက္ခဏာတွေ အမေနဲ့လိုက်ကြည့်ဖြစ်တာ များလာတော့ အဲဒီလို ဗေဒင်ဆရာ လက္ခဏာဆရာ ဖြစ်ချင်တဲ့ အိပ်မက်တွေ…၊ များမှများပါလားဗျာ။
ုံ
အိပ်မက် အသေး အကြီး အလတ်၊ ပုံစံမျိုးစုံ၊ တစ်ခါသာမက်တဲ့အိပ်မက် အကြိမ်ကြိမ်မက်တဲ့ အိမ်မက်၊ ကျွန်တော့်အိပ်မက် သေးသေးကြီးကြီးတွေထဲက တစ်ခုကတော့ ရုပ်ရှင်တွေကြည့်ပြီး ရခဲ့တဲ့ အိပ်မက်တစ်ခုပါပဲ။ အဲဒါကတော့ မြင်းစီးတာပါ။
ု
စီးတာမှ လယ်ကွင်းတွေ၊ တောတန်းတွေ၊ တောင်ကုန်းတွေပေါ်မှာ ပြေးပြေးလွှားလွှားစီးရတာမျိုးပါ။ မြင်းကြီးစီးပြီး မြင်းကြီးပေါ်မှာ အခန့်သားထိုင်၊ တခါတခါ လေးညှို့က လွှတ်လိုက်တဲ့ မြားလို ဒုန်းစိုင်း…၊ တနေ့တော့ အဲဒီလို စီးပစ်မယ်ကွလို့ မက်ခဲ့တဲ့ အိပ်မက်တစ်ခု ရှိခဲ့ဖူးတယ်။ အကြိမ်ကြိမ်လည်း သတိရတိုင်း ပြန်ပြန်မက်တယ်။
ကျောင်းစာနဲ့ အလုပ်သာ အဲဒီလောက် အကြိမ်ကြိမ် မမက်ရင် နေမယ်၊ မြင်းစီးဖို့ အိပ်မက်ကိုတော့ လွယ်လွယ်နဲ့ ဖျောက်ပစ်လို့ မရခဲ့ပါဘူး။
အတွေ့လေးရယ်မှ အိုအကြုံ
လန်ဒန်ရောက်ပြီး ဒုတိယမ္ပိ အားလပ်ရက်ရတော့ မြင်းစီးဖို့ကိစ္စ အကောင်အထည် ဖော်ရတော့တယ်။ ဒီနယ်ပယ်သစ်မှာ ကိုယ့်ထက် ပိုကျွမ်းကျင်သူတွေလည်း မေးစမ်းကြည့်ပေါ့လေ။ ခက်တာက သူတို့က ကားတွေသာ ကိုယ်ပိုင်ဝယ်ပြီး မောင်းနေကြတာ၊ မြင်းစီးတဲ့ အတွေ့အကြုံတော့ သိပ်မရှိကြဘူး။ သူတို့ကလည်း မြင်းစီးတာ မကြိုက်လို့ ထင်ပါတယ်။
နောက်တစ်ခု… သူငယ်ချင်းတစ်ယောက် ပြောတာက ကားမောင်းတာက စက်ပစ္စည်းမို့ ကားက ကိုယ်ထိန်းချုပ်ထားတဲ့အောက်မှာ ၁၀၀ ရာခိုင်နှုန်း ရှိနေတယ်တဲ့။ မင်း မြင်းက မထင်ရင် မထင်သလို လုပ်မှာတဲ့၊ နည်းနည်း အန္တရာယ် ရှိတယ်လို့ ပြောတယ်။
ကျွန်တော်ကတော့ ကားမမောင်းတတ်လို့လား မသိဘူး၊ ကားမောင်းတာက ပိုအန္တရာယ် ရှိတယ်လို့ ယူဆတယ်။ ကားတွေ မောင်းလို့ တိုက်ကြ၊ ဒဏ်ရာရကြ၊ သေကြတာတွေ အများကြီး တွေ့ဖူးမြင်ဖူး ထားတာကိုးဗျ။ မြင်းကြတော့ သူနဲ့ကိုယ်နဲ့ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေတယ်၊ နားလည်မှုတွေ ရှိနေတယ်။ ပိုရင်းနှီးလွယ် ဆက်သွယ်လွယ်တယ်လို့ ကျွန်တော်တော့ ထင်တာပဲ။တစ်ခု ဖြစ်နိုင်တာကလည်း ကျွန်တော့် မြင်းစီးအိပ်မက်က ကားမောင်းတဲ့ အိပ်မက်ထက် ကြီးနေလို့ မြင်းဘက် အလေးသာတာလည်း ဖြစ်နိုင်ပါတယ်။ ကားလည်း မောင်းတတ်ချင်ပါသေးတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကားမောင်းရတာထက် ကားကို ဘေးက ထိုင်စီးရတာကိုတော့ ပိုကြိုက်ပါတယ်။
ဆက်ရရင်တော့ ကျွန်တော် သူငယ်ချင်းတွေကိုလည်း မေးကြည့်တဲ့အခါ နှံ့နှံ့စပ်စပ်ရှိတဲ့ သူငယ်ချင်းတစ်ယောက်က မြင်းစီးနိုင်တဲ့နေရာတွေကို သေချာရှင်းပြတယ်၊ ပြောပြတယ်။ လိုက်တောင် ပို့ပေးမယ်လို့ စီစဉ်သေးတယ်။ နောက်တော့ မြန်မာပြည်က ရောက်တာမကြာသေးတဲ့ ကျွန်တော်ဟာ သူ့ကို အားနာပြီး ကိုယ့်ဘာသာ ဂူဂဲလ်ကနေ ရှာလိုက်တာ မြင်းစီးဖို့ ကောင်းတဲ့နေရာတစ်ခုတွေ့ပြီး မြင်းစီးခရီးစဉ်တစ်ခု (package တစ်ခု) ၀ယ်ဖြစ်သွားတယ်။
လိုက်ပို့မယ့်သူငယ်ချင်းကတော့ သူ့ကိုမပြောဘဲ ၀ယ်လိုက်တော့ နည်းနည်းစိတ်ဆိုးသွားပုံရပါတယ်။ သူက လိုက်ပို့မယ်ဆိုပြီး ခွင့်တွေဘာတွေ ယူထားတယ်လို့ ဆိုတာကိုး။ ကျွန်တော်က အားနာလို့ ဆက်မပြောတော့တာပါလို့ ဆင်ခြေပေးတာကို ဒီမှာ အားနာတယ်ဆိုတာ မရှိဘူး။ ငါလုပ်နိုင်လို့ မင်းကို လိုက်ပို့ပေးမယ်လို့ ပြောတာ၊ မင်းအခု လုပ်ပုံက မကောင်းဘူးလို့ ဆုံးမပါတယ်။
အရင်တခါကလည်း တခြားသူငယ်ချင်း တစ်ယောက်က တခြားမြို့က သူငယ်ချင်း တစ်ယောက်ဆီ အလည်သွားမှာကို ကျွန်တော်ကလည်း အဲဒီသွားမှာမို့ ကားကြုံလိုက်ချင်တယ်၊ ဒါပေမဲ့ အဆင်မပြေရင်လည်း ကိုယ့်ဘာသာ ဘတ်စ်ကားနဲ့ သွားပါမယ်၊ အားမနာပါနဲ့လို့ ပြောလိုက်မိပါတယ်။ သူက ချက်ချင်းပဲ “ဒီမှာ… ကိုယ့်လူ ကိုယ့်မှာ အားနာတယ် ဆိုတာ မရှိပါဘူး၊ လိုက်လို့ မရရင် မရဘူးပဲ ပြောပါတယ်“လို့ ပြန်ပြောတာမျိုးနဲ့ ကြုံဖူးပါတယ်။ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တော်တော် အားမနာတတ်သူလို့ ထင်ထားတာပါ။ ဒါပေမဲ့ လန်ဒန်မှာတော့ ကျွန်တော်ဟာ အားနာတယ်ဆိုတဲ့ သူငယ်နာ မစင်သေးတဲ့သူ တစ်ယောက်ဖြစ်နေဆဲပါပဲ။
လန်ဒန်မှာလည်း အချိန်နဲ့ အလုပ်လုပ်ရတာပဲ၊ စင်ကာပူမှာလည်း အချိန်နဲ့ အလုပ်လုပ်ကြတာပဲ၊ ရန်ကုန်မှာလည်း အချိန်နဲ့ တွက်ချက်ပြီး လုပ်ကြတာပဲ။ လန်ဒန်နဲ့ စင်ကာပူမှာကြတော့ အချိန်တွေ တိတိကျကျနဲ့ အလုပ်လုပ်ရပြီး ရန်ကုန်ကြတော့ အချိန်တွေဟာ ခြွင်းချက်တွေ၊ အားနာတယ်ဆိုတာတွေနဲ့ အလုပ်လုပ်နေကြတာ ဘာကြောင့်ပါလဲ။ ဒါပေမဲ့ ကျွန်တော် ယုံပါတယ်လေ၊ အားနာတတ်တယ်၊ အားနာပါဦး ဆိုတာတွေမှာလည်း ကောင်းတဲ့ အချက်လေးတွေ ရှိနေမယ်ဆိုတာကိုပါ။ ဘာဖြစ်လို့လဲဆိုတော့ အားမနာတိုင်း ကောင်းတာမဟုတ်ဘူးလေ…။
ဆက်ပါဦးမယ်လေ…၊ ကျွန်တော်ဝယ်တဲ့ ခရီးစဉ်က တော်ဝင်နယ်လို့ သတ်မှတ်ထားတဲ့ လန်ဒန်ရဲ့မြောက်ဘက်ကို မိုင် ၅၀ သာသာသွားရတဲ့ အင်္ဂလန် အရှေ့တောင်ပိုင်းက Royal Berkshire နယ်ထဲမှာပါ။ အင်္ဂလန်ရဲ့ အစောဆုံးစီရင်စုပိုင် နယ်တစ်ခုဖြစ်ပါတယ်။
ကျွန်တော်က ရထားနဲ့ သွားလိုက်တော့ လန်ဒန်ကနေ တစ်နာရီသာသာပဲ စီးရပါတယ်။ အိမ်ကနေ လန်ဒန်ဘူတာရုံကို တစ်နာရီနီးပါးစီးရတော့ အိမ်နားက ဘူတာကနေ Berkshire ရဲ့ Pangbourne ဘူတာအထိဆိုရင် ရထား ၂ နာရီကြာ စီးရပါတယ်။
Pangbourne ဘူတာ ရောက်တော့ ဖုန်းဆက်လိုက်တဲ့အခါ ကားနဲ့ လာခေါ်ပါတယ်။ လန်ဒန်က ရထား စထွက်တော့ တစ်ခါ၊ ရထား ခရီးစဉ် တစ်ဝက် (မရောက်ခင် နာရီဝက်တစ်ခါ) ဖုန်းခေါ်ထားတာတောင် ကားကို ၁၅ မိနစ်လောက် စောင့်ရပါတယ်။အင်္ဂလန်နယ်တွေကို အလည်အပတ်သွားမယ်ဆိုရင် ကိုယ်ပိုင်ကားရှိမှ အဆင်ပြေတာပါ၊ ရွာအဆင့် မြို့ငယ်အဆင့် ရွာတွေ၊ မြို့တွေမှာ လန်ဒန်လို ရထားတွေ၊ ဘတ်စ်ကားတွေ မရှိတတ်တော့ ကိုယ်ပိုင်ကားမရှိရင် တော်တော် အဆင်မပြေပါဘူး။ အခုတောင် သူတို့ လာကြိုပေးလို့ အဆင်ပြေသွားပါတယ်။
ဘူတာကနေ ဧက ၄၀၀ ကျယ်တယ် ဆိုတဲ့ မြင်းစီးရမယ့် လယ်တောကြီးထဲကို ၈ မိနစ်လောက် မောင်းရပါတယ်။ လာကြိုတာက သူ့ကိုယ်သူ ဒီလုပ်ငန်းရဲ့ မန်နေဂျာလို့ မိတ်ဆက်တဲ့ ဂျိုး ဆိုတဲ့ ကောင်မလေးပါ။ လန်ဒန်ဘူတာ ကနေ မွန်းတည့်မှာ ထွက်ခွာခဲ့တော့ ခြံထဲ ရောက်ချိန်မှာ မွန်းလွဲ တစ်နာရီခွဲလောက် ဖြစ်သွားပါတယ်။အိမ်မကြီးဘေးမှာ ကားရပ်ပြီး အိမ်ထဲဝင်လာကြတော့ မြေဧက ၄၀၀ ပိုင်ရှင် မက်ဂီဆိုတဲ့ အမျိုးသမီးကြီးက ကြိုဆိုပြီး၊ နေ့လယ်စာ စားပြီးပြီလားလို့ မေးပါတယ်။ ကျွန်တော်က မစားရသေးပါဘူး၊ အခု စားပါမယ်၊ ဆင်းဒ၀စ်နဲ့ လက်ဖက်ရည် သောက်ချင်ပါတယ်လို့ ပြောလိုက်ပါတယ်။
သူက ကောင်းပါပြီလို့ ဆိုပြီး ကျွန်တော် နေရမယ့် တစ်ထပ် တိုက်ပုလေးကို လိုက်ပြတော့ ကျွန်တော်လည်း အိတ်လေးဆွဲပြီး သူ့နောက်က လိုက်ရပါတယ်။ သူ့အိမ်မကြီး ကနေ ပေ ၁၀၀ သာသာ လောက် လျှောက်လိုက်တဲ့ အခါ ကိုယ်နေရမယ့် flat လို့ခေါ်တဲ့ တစ်ထပ် တိုက်ပုလေးဆီ ရောက်သွား ပါတယ်။ ၁၈ ရာစုက ဆောက်ထားတဲ့ တိုက်ကလေးတွေ လို့တော့ သူတို့ ၀က်ဘ်ဆိုက်မှာ ရေးထားတာ တွေ့ပါတယ်။ တိုက်နီနီပုပုလေးနဲ့ အ၀င် တံခါးက ကျွန်တော့်ကို ဖမ်းစား လိုက်ပါတယ်၊ အ၀င် တံခါးမက ခါးလယ် ကနေ နှစ်ခြမ်း ဖြတ်ထားတဲ့ တစ်ရွက်ခြင်း ဖွင့်လို့ ပိတ်လို့ ရတဲ့ တံခါး ဖြစ်ပါတယ်။ ရန်ကုန်က တရားရုံး တချို့ကို အမေနဲ့ လိုက်ခဲ့တုန်း ကတော့ ဆင်နားရွက် တံခါးလို့ ခေါ်တဲ့ ခါးအထက်လောက် နေရာမှာမှ အ၀င် အထွက်ကို အဖွင့် အပိတ် လုပ်နိုင်တဲ့ နှစ်ရွက် တံခါးမျိုး တွေ့ဖူးပေမယ့် အခုလို ခါးလယ်က ဖြတ်ထားတဲ့ တံခါး ကတော့ အခုမှပဲ တွေ့ဖူး တာပါ။ မြင်းတွေ မွေးထားတဲ့ ခြံထဲက အိမ်မို့ ဒီပုံစံမျိုး တံခါး လုပ်ထား တာပဲလို့ တွေးမိပါတယ်။ ကျွန်တော်နေရတဲ့ တစ်ထပ် တိုက်ပုလေးဟာ အတော် ချစ်ဖို့ ကောင်းပါတယ်။ ဘီဘီစီ အပါအ၀င် ရုပ်သံ ငါးလိုင်း ကြည့်နိုင်တဲ့ ၁၂ လက်မ တီဗီ သေးသေး တစ်လုံးနဲ့ နှစ်ယောက်ထိုင် ဆိုဖာ ဆက်တီ တစ်လုံးပါတဲ့ ဧည့်ခန်း သေးသေး၊ နှစ်ယောက် နေမယ်ဆို နေနိုင်အောင် ဧည့်ခန်းနဲ့ ကပ်ရပ် ချထားတဲ့ တစ်ယောက်အိပ် ကုတင်တစ်လုံး၊ ကုတင်ဘေးမှာ ချက်ပြုတ် ကျော်လှော် နိုင်တဲ့ မီးဖိုဆောင်၊ မီးဖိုဆောင်နဲ့ ကပ်ရပ်ကတော့ အိမ်ဝင်ပေါက်ရဲ့ ညာဘက်ခြမ်း ရေချိုးခန်း၊ အိမ်သာ ဖြစ်ပါတယ်။ ဒီမှာလည်း တစ်ခု ထူးဆန်း ပြန်တာက ရေချိုးခန်း ထဲက ရေချိုး ဇလုံပါ၊ ဟိုတယ်တွေ၊ တည်းခိုခန်း တွေမှာ တွေ့ရတဲ့ ရှည်မျောမျော အ၀၀ကျယ်ကျယ် ရေချိုးဇလုံ မဟုတ်ဘဲ လူတစ်ကိုယ် ၀င်ထိုင် ရေချိုးနိုင်တဲ့ ဇောက်နက်တဲ့ ဆလင်ဒါပုံ ရေချိုးဇလုံ ဖြစ်ပါတယ်။ နေရာကျဉ်းတဲ့ ရေချိုးခန်းမှာ ဒီဇလုံမျိုးဟာ သင့်တော်ပြီး ဒါလည်း ကောင်းဘွိုင်တွေ ချိုးတဲ့ စည်ပိုင်းပုံရဲ့ ခေတ်သစ် စည်ပိုင်းလို့ ခေါ်နိုင်တာပဲလို့ တွေးမိရင်း ပြုံးဖြစ်ပါတယ်။လူကြီးတွေအတွက်တော့ ဒီဇလုံဟာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုံးပေအမြင့်လောက်ကို ကျော်တက်ကျော်ထွက် လုပ်ရမှာမို့ပါ။ မက်ဂီကတောင် ခွေးခြေယူမလားလို့ မေးပေမယ့် ကျွန်တော့်အရပ်နဲ့ဆို ကျော်ဝင်ကျော်ထွက် လုပ်နိုင်ပါတယ်၊ မယူတော့ပါဘူးလို့ ပြောလိုက်ရပါတယ်။
အိပ်ခန်းကတော့ အိမ်ဝင်ပေါက်ရဲ့ဘယ်ဘက်ကဖြစ်ပြီး နှစ်ယောက်အိပ်ကုတင်ကြီး တစ်လုံးတည်းနဲ့ ပြည့်နေပါတယ်၊ အ၀တ်ဗီရိုတွေ၊ အ၀တ်အံဆွဲတွေလည်း အများကြီး ပါပါတယ်။ စာကြည့်မီးကလည်း ဘယ်တစ်လုံး ညာတစ်လုံး နှစ်လုံးရှိပါတယ်။ စုံတွဲဆိုရင် နှစ်ယောက်စလုံးက စာဖတ်မယ်ဆိုရင် အဆင်ပြေတာပေါ့လေ။
ဒီမှာက အားလပ်ရက်ခရီးကို စုံတွဲတွေ သွားကြတာများတော့ ကျွန်တော်တစ်ယောက်တည်း မြင်းလာစီးတာကိုတော့ သူတို့က နည်းနည်း အံ့သြနေကြပါတယ်။ အံ့သာသြတာပါ၊ နှစ်ယောက်ခန်းကို တစ်ယောက်တည်းနေလို့ဆိုပြီး package ထဲပါတဲ့ နှုန်းအတိုင်းထက် တစ်ညကို ပေါင် ၂၀ စီ ထပ်ပိုးယူလို့ ပေါင် ၄၀ ထပ်ဆောင်း ပေးခဲ့ရပါတယ်။
ကျွန်တော့် package က မနက်စာ (Breakfast) ပါတဲ့ နှစ်ညတာ အိပ်စက် နားနေ ဖို့ရယ်၊ မြင်းစီးချိန် လေးခါရယ် (စုစုပေါင်း ၆ နာရီတော့ မြင်းကျောပေါ် နေခဲ့ ရပါတယ်)။ ဒါပါပဲ၊ အဲဒီသွားဖို့ ရထား လက်မှတ် အသွား အပြန် ၀ယ်ရပါတယ် (ဘူတာ လာကြို ပြန်ပို့တော့ လုပ်ပေး ပါတယ်)။ နေ့လယ်စာ သုံးနှပ်နဲ့ ညစာ နှစ်နှပ် မှာစားတာ ပိုက်ဆံ ထပ်ပေး ရပါတယ်။ပေါင်မုန့်တို့၊ ကြက်ဥတို့၊ စားချင်တာတွေ ၀ယ်ခဲ့ပြီး မီးဖိုဆောင်ထဲက ရေခဲသေတ္တာထဲထည့်၊ စားချိန်မှာ ချက်ပြုတ်စားလည်း ရပေမယ့် နားနားနေနေ နေချင်တာနဲ့ မက်ဂီ ဆီကသာ မှာစားခဲ့ပါတော့တယ်။
မိသားစုလိုက် လာတဲ့ သူတွေကတော့ ကားလေးနဲ့ ရွာထဲမောင်း (ရွာဆိုတာက မြန်မာပြည်က မြို့အဆင့်ထက် မနိမ့်တဲ့ ဖက်ရှင် ပစ္စည်းတွေပါ ၀ယ်လို့ရတဲ့ နေရာပါလေ)၊ ၀ယ်ခြမ်းပြီး ပြန်လာ ချက်စား ကြတာ တွေ့ပါတယ်။ ကျွန်တော်ကတော့ ချက်ရမှာလည်း ငပျင်း ဆိုတော့ ကားလည်း မရှိတာနဲ့ မက်ဂီ ချက်ကျွေးတာသာ စားခဲ့ပါတယ်။ အင်္ဂလိပ် အစားအစာ တွေကို အင်္ဂလိပ်မကြီး ချက်ကျွေးတာ စားဖြစ်သွားတာ ပေါ့လေ။ မက်ဂီက ကျွန်တော့်ကို နေရာချပေး၊ ပြပေးပြီး ၁၀ မိနစ် ကြာရင် အိမ်မကြီး ဆီကို ပြန်လာခဲ့ပါ၊ နေ့လယ်စာ စားဖို့ အဆင်သင့် ဖြစ်နေပါမယ်လို့ ပြောပြီး ပြန်သွားခဲ့ ပါတယ်။ ကျွန်တော်လည်း အခန်းကို တခါ လှည့်ပတ် ကြည့်ရှု ပါတယ်။ တစ်အိမ်လုံးကို သစ်သားတွေ များများ သုံးပြီး ဆောက်လုပ် ထားတာမို့ country စတိုင်ဖြစ်ပြီး၊ တကယ့်ကို မြင်းခြံထဲ ရောက်နေ သလို ခံစားရ ပါတယ်။ ဧည့်ခန်းမှာ ချည်ထိုး ပန်းချီကား တစ်ချပ် ရှိရာမှာလည်း မြင်းတစ်ကောင်နဲ့ လူတစ်ယောက်ပုံသာ ဖြစ်ပါတယ်။ လန်ဒန်နဲ့ မိုင် ၅၀ လောက်ပဲ ဝေးတဲ့ နေရာက ဧက ၄၀၀ ကျယ်ဝန်းတဲ့ ခြံဝန်းကြီးထဲ နှစ်ညအိပ် သုံးရက်ကြာ မြင်းစီး ခရီးလေးအတွက် ပေါင် ၄၀၀ ကျော် သုံးစွဲရတာ တန်ရဲ့လားလို့ ကိုယ့်ဘာသာ ပြန်မေးရင်း… ကိုယ်နေရမယ့် တစ်ထပ် တိုက်ပုလေး ကိုတော့ သဘောကျနေ မိပါတယ်။ ပြီးမှ နေ့လယ်စာ သွားစားရဦးမှာပဲလို့ သတိရပြီး မြန်မြန် လက်ဆေးပြီး ထွက်ခဲ့ပါတော့တယ်။ဆက်ပါဦးမယ်။
မြင်းခြံကြီးအကြောင်း အသေးစိတ် သိချင်ရင်တော့ ဒီမှာကြည့်ပါ။ http://www.cullinghood.co.uk/
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်၊ မွန်းတည့်။
တော်တော်စိတ်ဝင်စားမိတယ်။
အိပ်မက်တွေကို တကယ်ဖြစ်ချင်ရင် အကြိမ်ကြိမ်မက်ရတယ်။ သတိရတိုင်းမက်ရတယ်ဆိုတဲ့စကားလေးအရမ်းကောင်းတယ်။မှန်လဲမှန်ကန်တယ်
။အဲဒါမှတ်သားစရာပါ။
ပြီးတော့…ဧည့်သည်တွေအတွက်ပေးတဲ့
တစ်ထပ်တိုက်ပုလေးကအရမ်းချစ်ဖို့ကောင်းသလို
မက်ဂီရဲ့အိမ်ကြီးကလဲ လှပခန့်ညားတယ်နော်။
မြန်မာပြည် တောင်ကြီးဖက်သွားလို့ အဲလိုအိမ်မျိုးဆန်ဆန်တွေ့ရင် သိပ်သဘောကျတယ်။
ခုလဲအဲဒိ အိမ်လေး ၂ လုံးကို သဘောကျလိုက်တာ။ ဒါကြောင့် အဲလိုနေရာမျိုးလေးကိုသွားလည်ဖို့အိပ်မက်လိုက်ဦးမယ်။ 🙂
ဆက်ပါဦးမည် ဆိုလို့ …စိတ်ဝင်စားစွာဖတ်ဖို့ စောင့်မျှော်ပါဦးမည်။
Moe-Sat-Hmaw! Did I spell that name correctly in English.
Very well presented and clear categories. This will definitely be one of the top blogs that I would keep coming back to read after my exam!
Keep writing.