“နွမ်းနှင်းဆီ“​ အဆက်…

တကယ်တော့ ကိုယ်က အကြွေ မကြိုက်၊ အလေလိုက်သူတွေကိုလည်း မုန်းတယ်၊ သိပ် မကြိုးစားရင်တောင်မှ ထိပ်ထိုးထား ခံခဲ့ရတဲ့သူတော့ မဖြစ်ချင်ခဲ့ဘူးလေ၊ ဒါပေမဲ့ သူကလေးနဲ့ကျတော့ ကိုယ့်အမြင်တွေ ပြောင်းသွားတယ်။ လူမိုက်မလေးကို စိတ်ဝင်စားတာမိတာ လေကြောင့်လေလား။ ဘ၀ရဲ့ကံတရားပေလား။

နှင်းဆီဖူးလေးကို အဝေးက မြင်ရတယ်၊ တခါ.. မြင်ရုံနဲ့ ရင်ခုန်တယ်ဆိုတာ နဂိုကတော့ ရယ်စရာလို့ ထင်ထားခဲ့တယ်၊ တကယ်ကြုံမှ သက်လုံ မကောင်းခဲ့တာက ကိုယ်ကိုယ်တိုင်… သူကလေးကတော့ သိတောင်မှ သိပါလေစ…။

ရှင်မီးအင်္ကျီလေးနဲ့ ဘောင်းဘီတိုလေးနဲ့… ထက်အောက် အဖြူတွေချည်းဆိုတော့ ၀င်းဝင်းဝါ၀ါ သူ့အသားအရေကြောင့် ဖြူဖြူရောင် အရိပ်တစ်ခုလို ဟိုးအဝေးမှာ ကိုယ် မြင်နေရတယ်၊ မသဲကွဲတာက နှင်းဆီဖူးလေးရဲ့ ခေါင်းဘက် နေရာလောက်ကနေ ထွက်နေတဲ့ မီးခိုးငွေ့တွေ… ကိုယ်လန့်သွားတယ်၊ ကြောက်သွားတယ်၊ သရဲလား၊ တစ္ဆေလား… မဟုတ်ဘူး။

၁၄၊ ၁၅ နှစ်အရွယ် အသည်းနုနု အသွေးနုနု ကောင်မလေးရယ် မင်းဘာကြောင့်များ စီးကရက်တွေ ခိုးသောက်နေရတာလဲ၊ အဲဒီအဖြေအတွက် ကိုယ် စဉ်းစားလို့ မရခဲ့ဘူး၊ ဘယ်သူမှလည်း ပြောနိုင်မယ် မထင်ဘူး။ သူကလေးမှပဲ သိနိုင်ပေမယ်။

မိန်းမငယ်လေးကို နောက်ဘက်ကနေ ဒီအတိုင်း ကြည့်နေရတာကိုက ကိုယ့်အတွက်တော့ ဒုက္ခများလှတယ်၊ ကိုယ့် အသက်ရှုသံတွေကတော့ လုံးဝ မမှန်တော့ဘူး၊ ကမ္ဘာကြီးလည်နေတာ ပိုမြန်လာသလို ခံစားရတယ်၊ အမေ မတွေ့အောင်လည်း ခိုးခိုးကြည့်ရတယ်၊ ကိုယ့်အဖြစ်က ဆိုးလွန်းလှပါတယ်။

ဒီအဖြူရောင် ကောင်မလေးဟာ အဲဒီမှာ အကြာကြီး ရှိနေခဲ့တယ်၊ ကိုယ့်ဘက်ကိုလည်း တစ်ချက်မှ လှည့်မကြည့်ခဲ့ဘူး။ တိုက်ကတုံး ခေါင်းမိုးပေါ်မှာ ဖြစ်နေပေမယ့်လည်း အေးစက်နေတဲ့ဟန် တစ်ချက်မှ မပြဘူး၊ သူ့တကိုယ်လုံးကတော့ အေးစက်နေလောက်ပြီလို့ ကိုယ်တွေးရုံနဲ့တင် ကိုယ့် တကိုယ်လုံး ချမ်းတုန်သွားတယ်။

မီးခိုးတွေကတော့ အူနေဆဲ၊ ပြာမှုန်တွေကြွေ၊ စီးကရက်တိုတွေ… တစ်လိပ်ပြီး တစ်လိပ်။ ရင်တသိမ့်သိမ့်နဲ့ “ပြီးပါပြီ“ စာတမ်းထိုးလိုက်မလားလို့ စိတ်ပူနေသလိုမျိုး၊ လှည့်မကြည့်လိုက်နဲ့… နှင်းဆီဖူးရေ… ငါ ကြည့်နေတာကို မင်းမသိပါစေနဲ့။

တိတ်တခိုး စွဲလန်းခဲ့ရဖူးတဲ့ နှင်းဆီဖူးဟာ ဝေကြည်နဲ့အတွေ့မှာ ကိုယ့်စိတ်ကို ပြန်နိုးစေခဲ့တယ်ဆိုရင် နှင်းဆီဖူး အငွေ့အသက် သရုပ်သကန်ကို ဝေကြည့်ဆီ သွင်းပေးထားတဲ့သူကိုပဲ ကိုယ် တရားစွဲရတော့မယ်၊ “ကျွန်တော့် နှင်းဆီဖူးကို ခင်ဗျား မတုပါနဲ့“။

ကျူရှင်မှာ တွေ့တဲ့ မျက်မှန်းတန်းမိစ ကောင်မလေးတွေ အုပ်စုထဲက ဖြူဖြူသွယ်သွယ် အေးအေးဆေးဆေးနေတတ်တဲ့ ဝေကြည့်ကို တွေတွေဝေေ၀ ကြည့်ကြည့်နေခဲ့ပြီးနောက်မှာ ကိုယ့်နှုတ်က လွှတ်ကနဲထွက်သွားတဲ့စကား၊ ဝေကြည် ဘယ်လိုမှ နားလည်မယ်လို့ မထင်ထားတဲ့စကား၊ မလှပပေမယ့် သွေးထွက်အောင် မှန်တဲ့ ကိုယ့်ရင်ထဲက စကား…။

ဒီစကားကိုနားလည်သူဟာ ဒီလောကမှာ နှစ်ယောက်ထဲ ရှိတယ်၊ ရှိရမယ်။ ကိုယ်ရယ်… နှင်းဆီဖူးရယ်၊ ဒါပဲ။ ဒါပေမဲ့ နောက်တစ်ယောက်က ဝေကြည် ဖြစ်နေခဲ့တယ်ဆိုရင်တော့ ဒါဟာ လွဲမှားမှုတစ်ခုလား၊ တိုက်ဆိုင်မှုတစ်ခုလား၊ ကိုယ်မြင်မြင်နေတဲ့ စွဲလန်းမှု မှန်ချပ်တွေလား… အဲဒီမှန်တွေကို ကိုယ်တကယ် မကြည့်ချင်ခဲ့ပါဘူး။ ဒီအမှားတွေ ဒီဘ၀မှာပဲ ကျေပါစေလေ…။

ဝေကြည့်ကို ကိုယ်က ရန်သူလို ဆက်ဆံခဲ့တယ်၊ မြင်တာနဲ့ ဒေါသထွက်တယ်၊ အတုတွေနဲ့လူလို့ အလိုလို မြင်နေမိတယ်။ အပြင်လောကမှာ အဲဒီလို မြင်သလို ဟို မှန်ချပ်တွေမှာ ကြည့်လည်း အဲဒီလိုပါပဲ။

တကယ်တော့ ရှစ်တန်းအရွယ်မှာပဲ ကိုယ်က သိပ်လူကြီးဖြစ်ချင်နေခဲ့ပြီ၊ ကိုယ့်ကို အားကိုးတဲ့သူဟာ အမေ့အပြင် နောက်ထပ် မိန်းမတစ်ယောက် ရှိစေချင်ခဲ့ပြီ။ အတန်းပညာ ရှစ်တန်း အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အမေအပါအ၀င် လူကြီးမိဘတွေရဲ့ အမြင်မှာ ဘယ်လိုမှ ထောင့်ကျိုးတဲ့ပုံ မပေါ်ခဲ့ပါဘူး။

နှင်းဆီဖူးနဲ့ကျရင် ကိုယ့်စိတ်တွေ နူးညံ့ခဲ့သလောက် ဝေကြည့်ကို တွေ့တာနဲ့ ကိုယ့်စိတ်တွေ ကြမ်းတရော်ထကုန်တာ ကိုယ့်အပြစ်လား၊ ဝေကြည့်အပြစ်လား၊ နှင်းဆီဖူးလား။ နှင်းဆီဖူးမှာတော့ လုံးလုံးအပြစ်မရှိလောက်ပါဘူး။

ဒါပေမဲ့ ခက်တာက ဝေကြည့်နှုတ်ခမ်းတွေက သိပ်လှနေတယ်၊ ပြာနှမ်းပြီး ခြောက်နေတာမျိုး မဟုတ်ဘူး။ ရှင်းရှင်း ပြောရရင် ဆေးလိပ်သောက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ နှုတ်ခမ်းမျိုး မဟုတ်ဘူး။

သူ့ဆီကထွက်မယ့် အသံအတွက်တောင် မနည်းပွင့်အာရမယ့် နှုတ်ခမ်းမျိုး… အို ကိုယ်မုန်းတဲ့ ဝေကြည့်နှုတ်ခမ်းအကြောင်း ဘာကြောင့် ဒီလောက် ပြောနေမိပါသလဲ။ နှင်းဆီဖူးအစစ်က ဘယ်သူလဲ…။

ဝေကြည်ဟာ ကိုယ်ကြည့်ကြည့်နေခဲ့တဲ့ နှင်းဆီဖူးနဲ့ တော်တော်တူနေတယ်၊ ရပ်ပုံ ငေးပုံ၊ လှုပ်ရှားပုံ အကုန်တူနေတယ်။ အမေသွားတဲ့ ရုံးကနေ ခေတ္တခဏပဲ လှမ်းလှမ်းမြင်ခဲ့ရတဲ့ လူတစ်ယောက်ကို မြို့နယ်ခြားတစ်ခုမှာ တပုံစံတည်း ပြန်တွေ့ရတာ ထူးခြားတယ်၊ ခံစားမှုကအစ အကုန်တူနေတယ်။

ရင်ထဲဖြစ်ပေါ်တဲ့ ခံစားမှုလှိုင်းတွေ၊ ရင်နဲ့အပြည့် ထွက်လာတဲ့ စကားလုံးတွေ အားလုံးအားလုံး ထပ်တူဖြစ်နေတာကိုတော့ ကိုယ် ဘယ်လိုမှ မခံစားနိုင်ဘူး။ ရုပ်ရှင်တွေထဲကလိုများ ဝေကြည်က ကိုယ့်စွဲလန်းစိတ်ကို သိလို့ နှိပ်စက်နေတာများလား။ ဝေကြည့်ကို တွေ့တိုင်း တွေးတိုင်း ဒေါသက မထွက်ဘဲ မနေနိုင်ပြန်ဘူး။ ကိုယ် အတုတွေကို မကြိုက်ချင်ဘူး။

ကိုယ်က ဟန်ဆောင်တတ်သူ မဟုတ်ဘူး၊ ထိန်းချုပ်နိုင်သူလည်း မဟုတ်ဘူး၊ ပညာပြိုင်ရတာ တွေကိုလည်း မကြိုက်ဘူး။ ဒါနဲ့ တစ်ရက်မှာ ဝေကြည့်ကို စကား ပြောဖြစ်သွားတယ်။

“မင်း နှင်းဆီဖူးကို သိလား“

“စီးကရက်သောက်တဲ့ ကောင်မလေးလား“

အမယ်… သူကများ နှင်းဆီဖူးကို ကောင်မလေးတဲ့။ တချိန်တည်းမှာပဲ ကိုယ် အလွန် ထိတ်လန့် တုန်လှုပ်သွားပါတယ်။ ဝေကြည်ဟာ ကိုယ့်စိတ်ကို ဖတ်တတ် နေတာလား၊ ကိုယ့်အတွေ့အကြုံတွေကို ကိုယ့်ဆီကနေ ကိုယ်မသိအောင် ခိုးထားတာလား၊ ကိုယ့်စိတ်ကို ပိုင်စိုးထားတာလား။

“မင်း ဘယ်လို သိတာလဲ၊ မင်း သူ့ကို သိလား“

“အဲဒီကောင်မလေးက ရူးနေတာ၊ စကားလည်း ကောင်းကောင်း မပြောတတ်ဘူး၊ သူလုပ်ချင်တာတွေ လုပ်နေတာ၊ သူ့အိမ်ကလည်း ဘယ်သူမှ သူ့ကို မနိုင်ဘူး။ သူတို့က ချမ်းသာတော့ ဒီအတိုင်းကြည့်နေရပြီး ဆရာဝန်ကောင်းကောင်းတွေနဲ့ ကုထားရတာပဲ။

သူက ဆေးမသောက်ဘဲ ဆေးလိပ်တွေ ခိုးခိုးသောက်နေတာ၊ ခိုးသောက်တယ်ဆိုပေမယ့်လည်း ဆေးလိပ်က အမြဲဖြည့်ဖြည့်ပေးထားရတာကို သူက ယူယူ သောက်နေတာပေါ့၊ အဲဒီလို မထား ပေးထားရင် သောင်းကျန်းတော့တာပဲ“

ဝေကြည်က နှင်းဆီဖူးနဲ့ ပတ်သက်ပြီး စကားတွေ အရှည်ကြီး တရစပ်ပြောတယ်။

ကိုယ့်ကို တိုက်ခိုက်နေတာများလား၊ နစ်နာအောင် လုပ်နေတာလား၊ နာကျင်စေချင်တာလား။ ဝေကြည်ဟာ စိတ်ထားမကောင်းတဲ့သူ တစ်ယောက်လား။

“မင်းပြောတာ တကယ်လား၊ မင်းထင်တာတွေ ပြောနေတာလား“

ဝေကြည်က ကိုယ့်ကို မျက်မှောင်ကျုံ့ကြည့်တယ်။ အခုမှ ကိုယ်ကြည့်ဖြစ်တယ်။ ကြည့်စမ်း… ဝေကြည့်မျက်ခုံးတွေက သိပ်လှတာပဲ။ မည်းနက်နေပြီး အထူကြီးတွေ၊ ကိုယ်က ကိုယ့်ဘာသာ ကိုယ့်မျက်ခုံးတွေ သိပ်လှတယ် ထင်နေတာ၊ ဝေကြည့်မျက်ခုံးနဲ့က ဘာမှမဆိုင်ဘူးလေ။ ဝေကြည် အတည်ပြောနေတာ၊ လေးလေးနက်နက် ပြောနေတယ်ဆိုတာကို အဲဒီမျက်ခုံးကြီးတွေ ကြည့်ပြီး ကိုယ် ယုံကြည်လိုက်ပြီ။

“နင် သူ့ကို ကြည့်နေတာလဲ ငါသိတယ်၊ အဲဒီကောင်မလေး အကြောင်းလည်း ငါသိတယ်၊ နင့်အကြောင်းလည်း ငါသိတယ်၊ နင်လည်း နည်းနည်းတော့ ရူးနေတယ်လို့ ငါထင်တာပဲ“

ဝေကြည်က နှင်းဆီဖူးတင် မဟုတ်၊ ကိုယ့်ကိုပါ စစ်မျက်နှာဖွင့် တိုက်ခိုက်လာခဲ့ပြီ။ သူက ကိုယ့်နှင်းဆီဖူးရဲ့ ဖျော့တော့နေတဲ့ ပွင့်ဖတ်တွေကို တစ်ပွင့်ချင်း ခြွေချနေတာပါလား…။

ကိုယ့် ခံစားချက်တွေ အပိုင်းပိုင်းပြိုလဲ၊ အပြတ်ပြတ်တွေ ဖြစ်ကုန်တယ်။ ကိုယ်ဟာ နှင်းဆီဖူးကို စွဲလန်းနေဆဲပဲ… ဝေကြည့်ကိုလည်း မယုံမကြည် ဖြစ်နေဆဲပဲ။

ဒါပေမဲ့ ဝေကြည့်မျက်ခုံးတွေက တစ်ခုခုကို စိတ်ပိုင်းဖြတ်ပြီးမှ ပြောတာ၊ အားရှိနေတယ် ဆိုတာကိုတော့ ကိုယ်နေခဲ့ဖူးတဲ့ လူ့ဘ၀တာ ၁၄ နှစ်ကာလအတွင်း မျက်ခုံးတွေက သွန်သင်ပေးထားခဲ့မှုတွေအရ သိနေခဲ့တယ်။ ဝေကြည် ကိုယ့်ကို မလိမ်ဘူး၊ ဘယ်တော့မှ မလိမ်ဘူး။ ဒါဟာ အမှန်၊ ခါးသီးတဲ့ အမှန်၊ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မှန်တဲ့ အမှန်…။

အဲဒီထက်ပိုမှန်ဖို့ သေချာသွားတာကတော့ ဝေကြည် အခုပြောနေတာတွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေ ကတည်းက မှန်ချပ်တွေမှာ ကိုယ်မြင်ခဲ့ပြီးသား၊ မှန်ချပ်တွေက ထွက်တဲ့ အသံတွေကနေ ကိုယ်ကြားခဲ့ပြီသား၊ မှန်ချပ်တွေဟာ ရုပ်သံစက်တွေလိုပဲ အသံတွေလည်း ပါတယ်ဆိုတော့ ကိုယ်အကုန် ကြားခဲ့ပြီးပြီလေ။ ကိုယ်မုန်းသလောက် စွဲလန်းနေရတဲ့ မှန်ချပ်တွေ။

ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတဲ့ သံသရာကို လက်ခံထားခဲ့တာလည်း အဲဒီမှန်ချပ်တွေကြောင့်လို့ ပြောရင် ရပါတယ်။ ကိုယ်ဖြတ်သန်းနေရတဲ့ ဘ၀ဟာ မှန်ချပ်တွေထဲမှာ မြင်နေခဲ့၊ ကြားနေခဲ့ပြီးတာတွေကို ပြန်သရုပ်ဆောင် နေရသလိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ မှန်ချပ်တွေထဲက ကိုယ့်အက်တင်နဲ့ အပြင်က ကိုယ့်အက်တင်နဲ့က ထပ်တူဖြစ်နေလို့ပါပဲ။ တခါတခါ ကိုယ် ကြိုသိနေတဲ့ ဇာတ်ဝင်ခန်းတွေမို့ မူကွဲသရုပ်ဆောင် လိုက်မဟဲ့ဆိုတဲ့ အချိန်မှာပဲ ဇာတ်လမ်းထဲကို စီးမျောသွားပြီး မေ့သွားတာ အကြိမ်တစ်ရာမကတော့…။

အခုတော့ ကိုယ်ဟာ ရူးနေသူတစ်ယောက်ဖြစ်ကြောင်း ဝေကြည့်ကြောင့် သိခဲ့ရပါတယ်၊ နှင်းဆီဖူးလေးရဲ့ နွမ်းနေတဲ့ ပွင့်ဖတ်ဖျော့တွေကတော့ တစစီကြွေလို့… ကိုယ်ကိုယ်တိုင်ပဲ လွမ်းနေပါတော့မယ်လေ၊ လူကောင်းတစ်ယောက် ပြန်ဖြစ်လာတဲ့အထိပေါ့။ ကိုယ့်ဘ၀မှာ မှန်ချပ်တွေ ကင်းသွားတဲ့ နေ့အထိပေါ့…။

၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်။ ည ၁၀ နာရီ။
(ကလေးဘ၀ စွဲခဲ့ဖူးသော နှင်းဆီဖူးလေးအတွက် အမှတ်တရ)

Advertisements