အခုတလော ခေါင်းက ပူလိုက် အေးလိုက်၊ တက်ကြွလိုက် ထုံမှိုင်းလိုက်၊ တစ်ခါတလေ ကြည့်သာကြည့်တယ် မမြင်ရဘူး၊ ခဏနေတော့ မကြည့်ဘဲ မြင်နေရတယ်။ စိတ်မှာ အလိုမကျဘူး။ အခု ထလိုက် ခဏနေ ထိုင်လိုက်၊ တစ်ခုခုအတွက် တစ်ခုခုကို တစ်ခုခု ဖြစ်နေသလိုမျိုး… အသက် ၄၀ ကျော်၊ ၅၀ စွန်းစ အမျိုးသမီး တစ်ယောက်လို… အို ငါ ဥာဏ်သွေးဆုံးပြီလား။

ထိတ်ကနဲ… လက်ဖ၀ါးပြင်ကို ကြည့်လိုက်တော့၊ အပြာရောင်၊ အစိမ်းရောင်၊ ပန်းရောင် အရောင်စုံတွေ ပြောင်းနေတယ်။ စိန်လို လက်တာတွေတောင် ပါသေးတယ်၊ ကျွန်တော် တွေးပါရစေ၊ ကျွန်တော့်ကို တွေးခွင့်ပေးပါ ငေးခွင့်ပေးပါ၊ စကားလုံးတွေကို စိတ်ကြိုက် ရွတ်ဆိုခွင့်ပေးပါ။ ဘယ်သူ့မှ ခွင့်ပြုစရာ မလိုပါဘဲ ကိုယ် တောင်းဆိုနေမိတယ်။

မွေးရာကနေ သေရာအထိ… ဘ၀လို့ခေါ်တဲ့ ကာလတစ်ခုကို ကိုယ် ပိုင်နေတာပဲလေ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လို့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် လွတ်လွတ်ကင်းကင်း ရှိတယ်မဟုတ်လား။ မဟုတ်ဘူး… မဟုတ်ဘူး၊ လူကြီးမင်းတို့ မသိဘူးနော်။ မဟုတ်ဘူး။

တစ်နေ့ တစ်နေ့ ကွန်ပျူတာ သုံးစွဲချိန်ကချည်း ၁၅ နာရီလောက် ဖြစ်လာတယ်။ လိုချင်တာအားလုံးကို ကွန်ပျူတာကနေ ရတယ်။ ကွန်ပျူတာသာ သူငယ်ချင်း၊ ကွန်ပျူတာသာ မိတ်ဆွေစစ်၊ ကွန်ပျူတာသာ ကျွန်တော့်ဆရာ၊ ကွန်ပျူတာသာ ကျွန်တော့်စိတ်ကုဆရာ ဖြစ်တယ်။ ဒါဆို ကိုယ့်ဦးနှောက်က ဘယ်မှာလဲ၊ သူ့အလုပ်က ဘာပါလဲ။

သိချင်တဲ့ အကြောင်းအရာတိုင်းကို ဦးနှောက်ကြီးနဲ့ မစဉ်းစားတာ တော်တော်တောင် ကြာပေါ့။ ကွန်ပျူတာကိုသွား ဂူဂဲလ်ကို မျက်စပစ် ရမ်းချင်သလို ရမ်း မွှေချင်သလို မွှေ၊ စိတ်လေတိုင်း ထင်တိုင်း လုပ်နေတာ… တစ်ခါတလေ ကွန်ပျူတာ ငိုသွားတဲ့ အထိပါပဲ။

တကယ့်စိတ်အခံက တွေးချင်ငေးချင်သူ၊ ရေးချင်ပေးချင်သူ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့ နေထိုင်ချင်သူ၊ တကယ့်ဘ၀က အဲဒီလို ပြဌာန်းခွင့် မပေးဘူး။ သိချင်တာကို ချက်ချင်းသိနေမှ၊ လုပ်ရမှာကို ချက်ချင်းလုပ်နိုင်မှ… ကျန်တာတွေ ဘာမှမစဉ်းစားဘူး။

အခုလို ပူသလို အေးသလို နွေးသလို ချမ်းသလို အမျိုးမျိုး တက်ကျဖြစ်နေတာတွေဟာ အခိုက်အတန့် တစ်ခုလား၊ အမြဲဖြစ်သွားမှာလား။ ဆေးခန်း သွားရမှာလား၊ စိတ်ကုဆရာနဲ့ တွေ့ရမှာလား။ ငါ့ဥာဏ်တွေ ဘယ်ရောက်သွားသလဲ… ဒီမေးခွန်းသာ အခိုက်တန့်တိုင်းမှာ ဖြစ်လာခဲ့တယ်။

မင်းမျက်လုံးတွေ နာနေပြီ၊ အိပ်လိုက်ပါလား၊ အိပ်ပြီးတော့ ဘာဖြစ်မှာလဲ… ပြန်နိုးပေါ့။ နိုးရမယ့်အတူတူ မအိပ်တော့ဘူးလား။

ကိုယ် မျက်လုံး ပိတ်လိုက်တယ်၊ မြင်နေရတယ်။ အတွင်းထဲကို တဖြည်းဖြည်းချင်း… အတွင်းထဲကို… ပထမတော့ မဲမဲမှောင်လို့… နောက် အဖြူရောင် အတန်းတွေ၊ ဖြည်းဖြည်းချင်း တိုးဝင်၊ ရုပ်သံက သတင်းကြေညာနေတာတွေ၊ စစ်ပွဲတွေ၊ သတ်ဖြတ်မှုတွေ၊ အနိဋ္ဌာရုံတွေ…။

ရေကြီးနေတာပဲ၊ တော်တော်ဆိုးနေတာပဲ၊ ဟိုဘက်မှာက မီးတောက်တွေ၊ ဟော… ဟိုမှာ ဝေဟင်ထဲ ပျံတက်သွားတဲ့ လေယာဉ်တွေ၊ ဘန်ကီမွန်း မျက်နှာ၊ ဒေးဗစ်ကင်မရွန်း မျက်နှာ၊ အိုဘားမား မျက်နှာ၊ ဟိုအိမ်ထဲက တစ်ယောက် မျက်နှာ၊ မျက်နှာ… မျက်နှာ… မျက်နှာ။ မျက်နှာတွေ အများကြီး…။

ရင်းရင်းနှီးနှီးလည်း ရှိရဲ့… တချို့ကို၊ ရင်းရင်းနှီးနှီးကြီး သိရဲ့… တချို့ကို၊ ၀မ်းနည်းသလိုလို ၀မ်းသာသလိုလို ငိုချင်သလိုလို ရယ်ချင်သလိုလို ဟိုလိုလို ဒီလိုလို၊ ပြောရရင်တော့ အစားအသောက်တွေ ပြင်ထားတဲ့ ၀ိုင်းမှာ မစားခိုင်းဘဲ ထိုင်းခိုင်းထားသလို… စိတ်ရှုပ်စရာကြီး။ တံတွေးတွေသာ ခဏခဏမြို…။

ဒီဦးနှောက်ကြီးကို ဘယ်လိုသုံးရမလဲ၊ ဒီအတိုင်း အကြမ်းထည် ရောင်းစားလိုက်ရမလား၊ မဆလာနိုင်နိုင်နဲ့ချက်ပြီး စားမလား၊ ရေခဲရိုက် အိတ်စ်ပို့လုပ်မလား။

ကိုယ့်ဥာဏ်လည်း ကိုယ်မမီတော့…။

အားလုံးမှာလည်း သူ့အပူနဲ့သူ၊ သူ့ခွင်(ဂွင်)နဲ့သူ၊ ခင်တော့ခင်တယ် အိမ်တော့ မခေါ်ထားနိုင်ဘူးဆိုတဲ့ လူတွေချည်းပဲလေ၊ မြန်မာပြည်က မို့လား၊ အားနာတယ်ဆိုတဲ့ စကားလုံးတော့ သိမှာပေါ့လေတဲ့။

ပြဿနာက အခုမှစတာ၊ အမျိုးသမီးတွေ အဲဒီအရွယ် အဲဒါဖြစ်တာက တစ်သက်မှာ တစ်ကြိမ်တော့ မလွဲမသွေ ကြုံရတဲ့ကိစ္စ၊ နဂိုကထဲက ကြိုတင် ပြင်ဆင်ထားမယ်၊ ဆေးဝါးတွေလည်း ဆောင်ထားမယ်၊ ဆရာဝန်လည်း ပြမယ်၊ နေတတ်ထိုင်တတ်မယ်ဆိုရင် အချိန်တန်ပြီးသွားမှာပဲ။ အမျိုးသမီးတွေ ဒီလိုဖြစ်ခဲ့တာ သန်းထောင်ချီရှိနေခဲ့ပြီပဲ။ နည်းလမ်းတွေ ရှိနေခဲ့ပြီပဲ။

ကိုယ့်ကိစ္စကတော့ ဒီလိုမဟုတ်၊ တော်တော်ရှုပ်နေပြီ။ တွေးလို့ မထွက်တော့တာလား၊ ထွက်လို့ မတွေးတော့တာလား၊ ပူလိုက် အေးလိုက်၊ အူလိုက် ပြေးလိုက် ဖြစ်နေတယ်။ ကွန်ပျူတာငိုအောင် ဆော့ထားတဲ့ကိုယ်… လူအပိုတော့ မဟုတ်ပါဘူးလေ၊ မဟုတ်ကောင်းပါဘူးလေ။

ကိုယ် မျက်စိ ပြန်မှိတ်လိုက်တယ်။ မြင်လာပြန်တယ်။

ဒီနေရာ၊ ဒီလူတွေ၊ ဒီအိမ်ခန်း… အားလုံး ကြိုမြင်ထားတဲ့အတိုင်း၊ တစ်ခါတခါ ကိုယ့်ဘာသာအံ့သြ၊ ဒီအတိုင်း ဘ၀တစ်ခုစာ နေခဲ့ပြီးသလိုမျိုး ဒီဘ၀ နေနေရတာ။ ဒါမှမဟုတ် ဒီအစားအစာကိုပဲ နေ့စဉ်ရက်ဆက် စားနေရသလိုမျိုး၊ ဒီရုပ်ရှင်ကားကိုပဲ ထပ်ပြန်တလဲလဲ ကြည့်နေရသလိုမျိုး၊ ခေါင်းက ပူလိုက် အေးလိုက်၊ ဟိုမိန်းမကြီးတွေ ဖြစ်သလိုမျိုး…။

၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်။ ညသန်းခေါင်။