အခုတလော မြန်မာစာတွေ ဖတ်ရတဲ့အခါ “အရမ်း“ ဆိုတဲ့ စကားလုံးကို အလွန် သုံးကြတာ တွေ့ရတယ်။ ဆရာတစ်ဦးကတော့ အရမ်း ဆိုတဲ့ အဓိပ္ပာယ်က မကောင်းပါဘူး။ “အလွန်“ လို့ သုံးပါတဲ့။

မြန်မာအဘိဓာန်မှာတော့ အရမ်း-ကြိဝိ-၁။ မစဉ်းစား မဆင်ခြင်ဘဲ၊ စည်းမဲ့ကမ်းမဲ့။ ၂။ လွန်ကဲစွာ၊ ပိုလွန်စွာ

အလွန်-ကြိဝိ-ပိုလွန်စွာ

ဒီလိုဆိုရင်တော့ သိပ်တော့ မဆိုးပါဘူး။ ဆရာက ရမ်းကားတဲ့ အဓိပ္ပာယ်နဲ့ အရမ်းကို စိတ်ပူသွားပုံရပါတယ်။ အရမ်းမှာက လွန်ကဲ့တဲ့ သဘော၊ ပိုလွန်တဲ့ အနက်လည်း ထွက်နေတာကြောင့် သုံးလည်း ဘာမှတော့ မဖြစ်ပါဘူးလေ။

အလွန်ဆိုတဲ့ သဘောကတော့ ပိုပြီး လိမ္မာသလို ကိုယ့်စိတ်ထဲ ခံစားရပါတယ်။ ကိုယ့်အလွန်မဖြစ်စေနဲ့၊ စကားမကျွံ နှုတ်မလွန်ပါစေနဲ့လေ ဆိုရင် ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းတဲ့ သဘောတွေ သက်ရောက်နေပါတယ်။

အရမ်းဆိုရင်တော့ လွန်လွန်ကျူးကျူး ပျက်ပျက်စီးစီး ထင်ရာစိုင်းတော့မယ့်သဘော ပါနေတယ်လို့ ကိုယ်ခံစားရတယ်၊ ဆရာကလည်း အဲဒီလို ခံစားရလို့ ပြောတာ ဖြစ်ပါလိမ့်မယ်။

မြန်မာစကားမှာက ကာလ၊ ဒေသ၊ ရာထူး၊ အဆင့်အတန်းနဲ့ ခေါ်ရမှာတွေ ရှိပြန်တယ်။

သေတာကိုပဲ အမျိုးမျိုး ပြောကြတယ်မဟုတ်လား။ ဘုရားကိုတော့ ပရိနိဗ္ဗာန်စံဝင်တော်မူတယ်လို့ သုံးရတယ်၊ ရဟန်းဆိုရင် ဘ၀နတ်ထံပျံလွန်တော်မူတယ်။

ရှင်ဘုရင်ကျတော့ နတ်ရွာစံတယ်၊ နတ်ရွာလားတယ်။ လူကျတော့ ဘ၀တစ်ပါးပြောင်းတယ်၊ အနိစ္စရောက်တယ်၊ အသုဘဖြစ်တယ်၊ သေတယ်၊ ဂန့်တယ်၊ ရှောတယ်၊ ကြွတယ်။ ဒီလိုသုံးရတယ်မို့လား။

ဘုရားသေသွားတယ်၊ ဘုရင်တော့ ရှောသွားရှာပြီလို့ သုံးလို့မရဘူး။ မမှန်ဘူးလားဆိုတော့ မှန်တယ်။ သုံးရင် ရိုင်းရာကျတယ်၊ မယဉ်ကျေးသူ ဖြစ်တယ်။ စာမတတ်ရာ ရောက်တယ်။

အဲဒီတော့ အဆင့်အတန်းဆိုင်ရာ စကားလုံးတွေ မြန်မာမှာ ရှိတယ်။ ခုနက ပြောတဲ့ အရမ်း နဲ့ အလွန်ကတော့ ကြိုက်တာ သုံးလို့ ရနိုင်ပါတယ်။ နည်းနည်း ယဉ်ကျေးချင်ရင်တော့ အလွန်သုံးတာ ကောင်းတယ်။

အရမ်း က အရင်က ခေတ်မစားပါဘူး။ မင်းသမီး ခင်သန်းနု က ၉၀ ပြည့်လွန်နှစ်တွေရဲ့ ပင်တိုင်စံ မိတ်ကပ် ရုပ်သံကြော်ငြာမှာ ထင်ပါတယ်။ “အရမ်း အရမ်းကို ကောင်းတာပါပဲရှင်“ ဆိုတဲ့ နောက်ပိုင်းမှာ ကျန်တဲ့ မင်းသမီးငယ်လေးတွေလည်း ရမ်း၊ မော်ဒယ်လ်မလေးတွေလည်း ရမ်း၊ ရပ်ကွက်ထဲက ကောင်မလေးတွေလည်း ရမ်း၊ အကုန် ရမ်းကုန်တော့တာပါပဲ။

ဒါပေမဲ့ အဖွားတို့၊ အမေတို့ ပြောတဲ့ “ကောင်မက ရမ်းနေတာပဲ“ ဆိုရင်တော့ ကောင်းတဲ့အသုံး မဟုတ်ပြန်ပါဘူး။ ဒီနေ့မှာတော့ ကောင်မလေးတွေတင် မဟုတ်တော့ပါဘူး။ ကောင်လေးတွေရဲ့ ပါးစပ်ဖျားမှာလည်း အရမ်း အရမ်း ပေါက်နေပါပြီ။ ကောင်လေးတွေတင် ကမလားဗျာ။ စာရေးဆရာတွေ လက်ထဲမှာလည်း အရမ်း အရမ်းက ရောက်သွားပါပြီ။

ဖတ်လိုက်ရတဲ့ စာတွေမှာတော့ အရမ်း အရမ်းတွေ အရမ်း (အလွန်) များနေတာ တွေ့လာရတယ်။ မြန်မာစကားလုံးတွေ နည်းနေတာမို့ အသစ်တွေ ထွင်ဖို့၊ အကြောင်းအရာတစ်ခုကို အသေးစိတ်ပြောနိုင်ဖို့ စကားလုံးတွေ ထပ်ပွားကြဖို့ ပြောဆိုကြတာတွေ ရှိတယ်။

ဘာဖြစ်လို့လဲဆိုရင် တချို့စကားလုံးတွေက အကြောင်းအရာတစ်ခုကို တစ်ဖက်လူ ရှင်းရှင်းလင်းလင်း မျက်စိထဲ မြင်သွားအောင် နားထဲ ကြားသွားအောင် ပြောလို့ မမှီဘူး၊ မပြောနိုင်ဘူး ဖြစ်နေတယ်လို့ ဆရာတချို့ ဝေဖန်တာကိုလည်း ကြားရဖူးတယ်။

ဒီတော့ အရမ်းကို အရမ်းသုံးနေကြတာကို ထားလိုက်ရတော့မလား၊ မထားလို့ကော မသုံးကြဘူးတဲ့လား။ အရမ်းသုံးတာ အသစ်ထွင်တာမှ မဟုတ်တာ၊ ရှိပြီးသားကြီးကို ပိုတွင်ကျယ်အောင် သုံးနေတာ မဟုတ်လား။ ထားလိုက်ပါတော့…။

ခုနပြောတဲ့ အကြောင်းအရာတစ်ခုကို အသေးစိတ်ပြောတယ်ဆိုတာကတော့ ဥပမာ ဒါလေးက “ချိုတယ်“ ဆိုရင် ဘယ်လို ချိုတာလဲ ချိုရုံလေးလား၊ အချိုလေးလား၊ အချို အနေတော်လား၊ အချိုများလား။

ဒါမှမဟုတ် အချိုပြင်း၊ ချိုရဲ၊ ချိုစိမ့်၊ ချိုအီ၊ ချိုရီ၊ ချိုမွှေး၊ ချိုမလိုင်လား အများကြီး ရှိပြန်တယ်၊ ဘာတဲ့ ကျောက်ပန်းတောင်းဂိတ်ဆုံးလား ရှိသေးတယ်၊ အချိုလျှော့ ဆိုတာကလည်း ပြောကြသေး၊ ချိုတော့ ချိုပါစေဦး၊ အလွန်ချိုချိုတော့ မလုပ်နဲ့ပေါ့၊ ဒါမျိုးတွေက ရှိနေတယ်။

နောက်တစ်ခုက အစားအသောက်ချိုတဲ့ အစားချိုလား၊ လူချစ်လူခင် မျက်နှာမို့ မျက်နှာချိုလေးလား၊ ရင်ကိုအေးစေ အမောပြေစေတဲ့ အပြုံးချိုလေးလား၊ “ချို“ တစ်မျိုးတည်းနဲ့ နေရာတကာ ချိုနေလိုက်ကြတာ၊ အဲဒီချိုကလည်း မြန်မာစကားမှာတော့ လျှိုနေတာ၊ အသာနေတာ ဆိုတဲ့ အဓိပ္ပာယ်ကလည်း ရှိသေးပြန်တယ်။ ချိုနဲ့ပဲ အများကြီးလုပ်စားလို့ ရသလိုဖြစ်နေတယ်။

မွှေးတာလည်း ဒီလိုပဲလေ၊ သင်းသင်းလေးလား၊ အီအီလား၊ မအီ့တအီလား၊ ပြင်းပြင်းလား၊ မပြင်းတပြင်းလား၊ တအောင့်မွှေးလား၊ အမွှေး (အနံ့ကို ဆိုလိုပါတယ်၊ အမွေး (အမွှေးမဟုတ်) အမျှင်ကို မဆိုလိုပါ) ဒီကရီအလိုက် စကားလုံးတွေ တိတိကျကျ မပြောနိုင်သေးဘူး။

ဒါမှမဟုတ် “ချို“တာ၊ “မွှေး“တာတို့ဟာ “အချစ်“လိုပဲ စိတ္တဇနာမ်တွေဖြစ်လို့ ခံစားလို့ပဲ ရတယ်၊ ပြောပြလို့ မရနိုင်ဘူးလား။ စကားအတိအကျနဲ့ အဓိပ္ပာယ် မပေးနိုင်ဘူးလား။

ဒါဆိုလည်း အနံ့မွှေးသော အချိုစားပါ၊ ရင်တော့ မကျပ်စေပါနဲ့လေ… ဒုက္ခများမှာ စိုးလို့ပါလို့ပဲ ပြောပါရစေတော့…။

နော်… အရမ်း မလုပ်ပါနဲ့၊ သေချာ စဉ်းစားကြည့်ပါဦး။

၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ၊ ၁၈ ရက်။ ည ၁၁ နာရီ။