နောက်တော့ ကိုယ်လက်ရှိနေတဲ့ နေရာတ၀ိုက်မှာပဲ လေးနေရာ ကြည့်ဖြစ်ပြန်ပါတယ်။ ကိုယ်နေတဲ့နား Hendon Central မှာ… ပထမဆုံး လမ်းထဲအ၀င်က ကုလားအိမ် တစ်အိမ် သွားကြည့်တော့ အိမ်က တစ်အိမ်ကို နှစ်အိမ်ခွဲထားတဲ့ အိမ်၊ ဒီတော့ တံခါးက အိမ်ရှေ့တည့်တည့် မဟုတ်တော့ဘဲ ဘေးပေါက် ဖြစ်သွားတယ်။ ကိုယ် မကြိုက်တော့။

ဒါပေမဲ့ တက်ကြည့်တော့ အခန်းကတော့ တစ်ယောက်အတွက် ကျယ်ဝန်းတယ်၊ ကုတင်ကလည်း နှစ်ယောက်အိပ် ကုတင်ကြီး၊ ပြတင်းပေါက်ကလည်း အပြင်ဘက်ကို ကြည့်လို့ရတယ်။

ခက်တာက စာရေးစားပွဲ မပါဘူး။ ကုလားလေး လင်မယား(ကိုယ်နဲ့ရွယ်တူပါပဲ) က ကလေးလေး အခုမှ မွေးထားတော့ ကလေးသေးစော်က တစ်အိမ်လုံး နံဟောင် နေတာပါပဲ။ အမေ့ကို ပြေးသတိရတယ်။ ကိုယ့်ကြောင့် အမေတို့လည်း ငယ်ငယ်က ကလေးသေးနံ့တွေ တော်တော်ကြာ ရှုခဲ့ရမှာပဲလို့…။

အမေကတော့ ခဏ ခဏ ပြောပါတယ်။ မင်းတို့ ချေးကျုံးလိုက်၊ ခဏနေတော့ ဒီလက်နဲ့ပဲ ရေလေးဆေးပြီး (ဆပ်ပြာတောင် မသုံးဖြစ်ပါဘူးတဲ့) ထမင်းစားလိုက် လုပ်ခဲ့ရတာပဲတဲ့။ အခု အမေ့ထဘီ လျှော်ဖို့ကျတော့ ရွံသလေး ဘာလေး လုပ်နေတယ်တဲ့၊ ငါ့ထဘီက ချေးပေ မနေပါဘူးတဲ့။ ကိုယ်ငယ်ငယ်က အမေပြောခဲ့တာပါ။

နောက်ပိုင်းတော့ အိမ်မှာ အ၀တ်လျှော်စက် ၀ယ်ပြီးတဲ့အခါ အငယ်မက ကိုယ်တို့ အကျီင်္တွေ လျှော်လည်း အ၀တ်လျှော်စက်၊ အမေနဲ့ သူဝတ်တဲ့ ထဘီတွေ လျှော်လည်း အ၀တ်လျှော်စက်နဲ့ ဆိုတော့ အမေက ငါသားတွေတော့ ဘုန်းနိမ့်ပါတော့မယ်ကွယ်…အ၀တ်လျှော်စက် သပ်သပ်တစ်လုံးတော့ ၀ယ်မှပါပဲလို့ ပြောခဲ့ပါတယ်။

ဟဲ ဟဲ…အခုတော့ အိန္ဒိယမလေးက လျှော်လိုက်၊ ကျွန်တော်က လျှော်လိုက်၊ တရုတ်မကြီးက လျှော်လိုက်၊ ကျွန်တော်က လျှော်လိုက်၊ စပိန်မလတ်က လျှော်လိုက်၊ ကျွန်တော်က လျှော်လိုက်နဲ့ အမေရေ…ကျွန်တော့်ဘုန်းတွေ ဘယ်နားရောက်ကုန်ပြီလဲ မသိတော့ပါဘူးလို့ပဲ ညည်းရတော့မှာပါပဲ။

ဒါနဲ့ပဲ ကုလားလေးအိမ်အကြောင်း ဆက်ပါဦးမယ်။ သူကလည်း တစ်လ ၄၀၀ တဲ့။ စဉ်းစားပါဦးမယ်လို့ ပြောပြီး ပြန်လာခဲ့ရပါတော့တယ်၊ ရေသောက်ဦးမလား မေးတာတောင် ကျေးဇူးတင်ပါတယ်ဗျာ၊ မသောက်တော့ပါဘူးဆိုပြီး အပြေးလေး ထွက်လာ ခဲ့ပါတော့တယ်။

ဒီနေရာမှာ လက်ရှိနေနေတဲ့ အိမ်ရှင်ကို ကျေးဇူးတင်စရာ ကောင်းတာလေး မြင်လာမိပါတယ်၊ သူတို့လည်း သမီးလေး တစ်ယောက် မကြာခင်က မွေးထားပေမယ့် တခါတခါ ငိုသံကြားရတာကလွဲပြီး ကလေးသေးစော်မျိုး အနံ့မရဘူးပါ။ နောက်တစ်ခုက သူတို့ကလေးတွေကို ဒီရေချိုးခန်းမှာပဲ ရေချိုးပေးရတာမို့ (မိဘမေတ္တာ) အိမ်သာ ရေချိုးခန်းကို သူတို့ကိုယ်တိုင် ဂရုတစိုက် ဆေးပြီး သန့်အောင် အနံ့ မထွက်အောင် လုပ်ထားပါတယ်။ မြန်မာတွေ သန့်တဲ့အတွက် ဂုဏ်ယူမိပါတယ်။

နောက်တစ်နေရာကတော့ ကိုယ်တို့လမ်းရဲ့ အောက်ဘက်မှာပါ။ သူကလည်း အေးဂျင့် ဖြစ်နေပြန်ပါတယ်။ ချိန်းဆိုပြီးသားဆိုတော့ သွားကြည့်ဖြစ်ပါတယ်။ တော်တော်ညစ်ပတ်တဲ့ အခန်းပါ။ ယောက်ျားလေးတွေချည်း နေတော့ နေချင်သလိုနေ၊ ဖြစ်ချင်သလိုဖြစ်နေပါတယ်။

အေးဂျင့်မမ ၀၀ကြီးကတော့ မင်းတို့ နေတဲ့အခါ နည်းနည်း ရှင်းလိုက်ရင် ကောင်းသွားမှာပါလို့ ပြောပါတယ်။ သူကလည်း တစ်လကို အပြီးအစီး တစ်ယောက်ခန်း ပေါင် ၃၆၀ နဲ့ နှစ်ယောက်ခန်းက ၄၈၀ ဖြစ်ပါတယ်။

အေးဂျင့်ဆိုတော့ အခန်းကြည့်မယ့်သူ စိတ်ဝင်စားတဲ့သူတွေကို တစ်ချိန်တည်း ချိန်းပြတာဆိုတော့ ကိုယ်နဲ့ ကုလားမလေး တစ်ယောက် အတူ ကြည့်ဖြစ်ပါတယ်။ သူကတော့ အိမ်ထောင်သည် ဖြစ်ဟန်တူပါတယ်။ သူက နှစ်ယောက်ခန်းကို ကြည့်ပြီး၊ ကိုယ်က တစ်ယောက်ခန်းကို ကြည့်ဖြစ်ခဲ့ပါတယ်။

မကောင်းတတ်လို့ မနက်ဖြန် အကြောင်းပြန်ပါမယ်လို့ ပြောခဲ့ရပေမယ့် တခါထဲ ကိုယ့်ခေါင်းထဲက အဲဒီအခန်းကို ထုတ်ပစ်လိုက်ပါတယ်။ ဒါတောင် မမ၀၀ကြီးက “အေး မင်းကြိုက်လို့ ယူဖြစ်ရင် အေဂျင်စီ ၀န်ဆောင်ခ ၇၅ ပေါင် ပေးရမယ်“လို့ ပြောပါတယ်၊

နှစ်ယောက်ခန်းအတွက်ဆို ပေါင် ၉၀ ပါတဲ့။ သူကလည်း ကိုယ်ပိုင်ကားနဲ့ လာပြရတာကိုး နော်။ အခုတော့ အေးဂျင့်တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ နည်းနည်း သဘောပေါက်လာပါပြီ။ ကိုယ်ကတော့ ၀န်ဆောင်ခ မပေးနိုင်ပါ၊ တိုက်ရိုက်ပဲ အခန်းပိုင်ရှင် ဒါမှမဟုတ် အခန်းဖော်နဲ့ စကားပြော ညှိနှိုင်းပြီး နေလိုပါတယ်။

နောက်တစ်နေရာကတော့ Hendon ရဲ့ လူချမ်းသာ ရပ်ကွက်ဆိုတဲ့ ဘက်မှာပါ။ Hendon ဈေးထဲက တိုက်အမြင့်ဆုံးဖြစ်ပါတယ်။ သူက လုံခြုံရေးအတွက် ဗီဒီယို မှတ်တမ်းတောင် တင်ထားပါသေးတယ်။ CCTV အပြင် Face Recognition Technology ကို သုံးထားပါတယ်။ ဟ..မိုက်တယ်။ ငါ ဒီမှာနေရင်တော့ High Boss ဒီဇိုင်း ဖမ်းလို့ရတယ်လို့ တွေးမိပြီး နေမယ်ကွာလို့ အရူးထစိတ်လေး ပေါ်လာမိပါတယ်။

ဒါပေမဲ့ သူကလည်း အထပ်မြင့်တက်ရတယ်။ တက်ရတာကလည်း ဓာတ်လှေကား က နှစ်ခု။ ဓာတ်လှေကား တစ်ခုက စုံဂဏန်း အထပ်တွေ အတွက်ပဲ စီးလို့ရပြီး၊ နောက်တစ်ခုက မဂဏန်း အထပ်တွေ အတွက်ပဲ စီးလို့ရတာမျိုးပါ။ ဟား ဟား…။ တော်တော်လေး ထူးဆန်းတဲ့ အတွေ့အကြုံပါပဲ။ ဒါတွေက ဒီလို အိမ်ခန်း လိုက်ရှာမှ ရနိုင်တဲ့ အတွေ့အကြုံတွေပါ။

ဒီ အိမ်ရှင်ကတော့ အာဖရိက အော်ရီဂျင် ဗြိတိန်နိုင်ငံသူ အင်္ဂလိပ်စာ ဆရာမပါ။ သူက Burma ရော Myanmar ရော မသိပါဘူး။ ကိုယ်တို့မှာတော့ နယ်လ်ဆင် မင်ဒဲလားရော၊ ဒက်စမွန် တူးတူးရော၊ အနှိမ်ခံရတဲ့ အာဖရိက နိုင်ငံသားတွေရော၊ နာမည်ကျော် လူချမ်းသာ တသိုက်ဖြစ်တဲ့ ကမ္ဘာကျော် ရက်ပ် အဆိုတော်တွေနဲ့ ဘောလုံးသမားတွေရော သိလိုက်ရတာ…သူတို့ကတော့ မြန်မာကို မသိကြဘူးတဲ့။ ကောင်းကြသေးရဲ့လား။

ကိုယ်သွားကြည့်တဲ့ အခန်းတွေမှာ အများစုကတော့ မြန်မာကို မသိကြပါဘူး။ အဲဒီတော့ အခုတော့ သိပြီ ကြားဖူးပြီ မဟုတ်လားဆိုပြီး ကိုယ့်မှာ ကိုယ့်အတွက် အခန်းလည်းရှာ၊ မြန်မာအတွက် မားကတ်တင်းလည်း ဆင်း လုပ်ခဲ့ရပါတယ်။ အဲဒါကိုလည်း ကြံဖန်ဂုဏ်ယူ ဖြစ်ပါတယ်။

ကြည့်ဖြစ်တဲ့ နောက်အခန်းတစ်ခန်းကတော့ Hendon Central ဘူတာရုံ နောက်ကျောက အခန်းပါပဲ။ ပိုလန်မလေး တစ်ယောက်က အခန်းဟောလ် တစ်ခုလုံးကို ယူပြီး အခန်းတိုင်းမှာ ပစ္စည်းတွေ ၀ယ်ထည့်ပြီး ပြန်ငှားဖို့ လုပ်တာပါ။ ဘူတာနဲ့ ကပ်ရက်ဆိုတော့ သဘောကျသွားပါတယ်။

ပြီးတော့ ပိုလန်မလေးက သူရယ်၊ သူ့ သူငယ်ချင်း ရုရှားမလေးရယ် နေမှာလို့ ပြောပါတယ်။ သူတို့နှစ်ယောက်က မာစတာ ကျောင်းသူတွေတဲ့။ တိတ်တိတ် ဆိတ်ဆိတ် နေတဲ့သူကို ကြိုက်တယ်တဲ့။ ဒါနဲ့ ညဘက် ဖုန်းဆက် ချိန်းလိုက်ပြီး မနက်ပိုင်း ရုံးအသွားမှာ ၀င်ကြည့်မယ်ဆိုတော့ အိုကေ တဲ့။

ဒါကလည်း အပေါ်ထပ်မှာပါ။ အခန်းက အခုမှ ပစ္စည်းတွေ ထည့်ထားတဲ့ အသစ်ပါ။ အခန်းကြည့်တော့ ကြိုက်ပါတယ်။ တစ်ပတ် ပေါင် ၁၀၀ တဲ့။ ပြတင်းပေါက်က တိုက်ပတ်လည်ရဲ့ အလယ်တည့်တည့်မှာရှိတဲ့ မြက်ခင်းကို မြင်ရတဲ့ဘက် ဖြစ်နေတယ်။ မြက်ခင်းမှာ တစ်ခါတလေ အကင်တွေ ဘာတွေ လုပ်စားလို့ ရတာပေါ့တဲ့။ သူတို့အခန်းတွေကတော့ လမ်းမဘက် လှည့်ထားတာမို့ ပိုကောင်းတာပေါ့လေ၊ အလင်းရောင်လည်း အားကောင်းတာပေါ့။

နောက်ဘက်ခြမ်းက မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာ၊ ပြီးမှ အဲဒီ အခန်းဆိုတော့ နောက်ဘက်ကျပြီး အခန်းကလည်း နည်းနည်း မှောင်နေတယ်။ ဒါပေမဲ့ အခန်းက နည်းနည်း ကျယ်ပြီး မာစတာကျောင်းသူ နှစ်ယောက်နဲ့ နေရမှာဆိုတော့ မဆိုးဘူးလို့ တွက်ရင်း ဖွန်စိတ်ကလေး ခေါင်းထောင် ထလာပြန်ပါတယ်။

“အခန်းတော့ ကြိုက်တယ်ကွာ…ဒါပေမဲ့ စာရေးစားပွဲ မပါဘူးဖြစ်နေတယ်ကွ၊ ငါက စာရေးတယ် ဆိုတော့ စားပွဲလိုတယ်“ လို့ ပြောလိုက်တော့ “ဟ.. ဒါအတွက်တော့ မပူနဲ့၊ င့ါ ရည်းစားမှာ ကားရှိတယ်၊ မင်းကြိုက်တဲ့ စားပွဲနဲ့ ကုလားထိုင် ၀ယ်… သူ့ကို လိုက်ပို့ခိုင်းမယ်“တဲ့။

“သေရော“ ဘာမှတောင် မလုပ်ရသေးဘူး။ ဘဲကြီးနဲ့ပါတကားလို့ စိတ်မကောင်းတောင် ဖြစ်သွားတယ်။ ကိုယ်တို့ မြန်မာပြည်မှာသာ အပျိုကြီးတွေ လူပျိုကြီးတွေ များနေတာကိုး… ဒီမှာကတော့ ၁၅၊ ၁၆ နှစ်ဆိုရင်တော့ ရည်းစား ၃ ယောက်လောက် ထားပြီးသွားပြီ ဆိုတော့ သူ့အပြစ် မဟုတ်ပါဘူးလို့ပဲ ဖြေတွေး တွေးရပါတော့တယ်။ “မင်း အဟောင်းကြိုက်တယ်ဆို ၁၅ ပေါင်၊ ပေါင် ၂၀ လောက်နဲ့ စားပွဲတို့၊ ကုလားထိုင်တို့ ၀ယ်လို့ ရတယ်တဲ့“

“အဟောင်းတော့ ကြိုက်မလားဗျာ“ ကောင်မလေးကိုတော့ ဘာမှ ပြန်မပြောတော့ပါဘူး။ ကိုယ် ပြောမေး မေးလိုက်တာကတော့ “အခန်းတော့ ကြိုက်တယ်ကွာ၊ စားပွဲ ကုလားထိုင်လည်း ကိုယ့်ဘာသာကိုယ် ၀ယ်ရဦးမှာဆိုတော့ တစ်ပတ် ၉၀ (ပေါင်) ထားလိုက်ကွာ“ဆိုတော့… မရဘူးတဲ့။

သူတို့ တစ်အိမ်လုံး (တစ်လွှာလုံး) အတွက် ပေးထားရတဲ့ ငွေက များတယ်တဲ့။ ဒါပေမဲ့ သူက ကိုယ့်ကို သနားသွားလို့လား မသိဘူး (ကိုယ်က အဲဒီလို သနားစရာ ရုပ်မျိုးလည်း လုပ်တတ်တယ်လေ၊ လိုတဲ့အခါမျိုးမှာပေါ့၊ များသောအားဖြင့်တော့ ရိုက်ပေါက်မျက်နှာထားနဲ့ ခပ်တည်တည် ခပ်ထန်ထန် နေတာ များပါတယ်) သူ့လက်ကိုင် တယ်လီဖုန်းမှာပါတဲ့ ဂဏန်းတွက်စက်ကို သုံးပြီး “တစ်ပတ် ၉၅ ပေါင်ဆိုရင် မင်းယူမလား“တဲ့။

ကိုယ်လည်း မူလဂျီတွန်ဂျီမျက်နှာပေး (အဲဒီလိုလုပ်လိုက်ရင်ရင် အေး အေး…၉၀ နဲ့ပဲ နေလို့ ထပ်ပြောမလားလို့) နဲ့ အမြန် စဉ်းစားရပါတယ်၊ ခရီးစရိတ် ကတော့ မကွာဘူး။ ဒါပေမဲ့ တစ်လကို အခုလက်ရှိနေတဲ့ နေရာထက် ဘယ်လောက်တိုးပေးရမလဲ၊ တဖက်မှာလည်း မာစတာလုပ်နေတဲ့ ကောင်မလေး နှစ်ယောက်… မိန်းကလေးတွေဆိုတော့ အိမ်သန့်ရှင်းရေး သူတို့လုပ်…စသဖြင့် အပြေးအလွှားတွက်ချက်ပြီးနောက်မှာ “အေးကွာ…ယူမယ်“လို့ ပြောလိုက်ပါတယ်။

ဒီတော့မှ ချာတိတ်မက “အင်း…ဒါကတော့ ငါ့ သဘောနဲ့ ဆုံးဖြတ်လိုက်တာ၊ ငါ့သူငယ်ချင်း ရုရှမကို မေးရဦးမယ်။ သူကလည်း သဘောတူမှ မင်းနေလို့ ရမယ်“ လို့ သူက ထပ်ပြောပါတယ်။

“အချိန်မရွေးပဲ၊ မင့်သူငယ်ချင်း ရုရှမက ငါ့ကို တွေ့ချင်တယ်ဆိုရင် ချိန်းလိုက်ပါ။ ငါလာတွေ့ပါမယ်။ သူက ငါ့ကို မထားချင်ဘူး ဆိုရင် ငါ မနေပါဘူး“လို့ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြောပြီး ပြန်လာခဲ့ပါတယ်။

ဒီပိုလန်မလေးဟာလည်း အကြောင်းမပြန်ပါ၊ သူအကြောင်းမပြန်လို့ ဖုန်းဆက်ကြည့်လိုက်တော့ “တစ်ပတ် ပေါင် ၁၀၀ ပေးတဲ့သူကို ငါတို့ ငှားဖြစ်လိုက် တယ်ကွာ၊ စိတ်မကောင်းပါဘူး“လို့ ပြန်ပြောပါတယ်။ ကိုယ်လည်း တကယ် စိတ်မကောင်း ဖြစ်သွားပါတယ်။ အဲဒီ အခန်းလေးတော့ နေဖြစ်တော့မယ် အောက်မေ့တာကိုးဗျ၊ နော်။

အခန်းငှားချင်သူတွေဟာ သူတို့မကြိုက်တဲ့သူဆိုရင် ဖုန်းပြန်ဆက်ပြီး ပြောလေ့ မရှိတော့ပါဘူး။ ကိုယ် အခု ရေးပြနေတာတွေက ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ အခန်းတွေအကြောင်းရယ်၊ ကိုယ့်စိတ်ကြိုက် အခန်းတစ်ခန်း (အနီးစပ်ဆုံး) ရဖို့ ဘယ်လောက် မလွယ်တဲ့ အကြောင်းရယ် ရေးပြနေတာပါ။ ကိုယ် တကယ်တမ်း တယ်လီဖုန်းနဲ့ အီးမေးလ်နဲ့ ဆက်သွယ်ဖြစ်ခဲ့တဲ့၊ gumtree.com နဲ့ တခြား ၀က်ဘ်ဆိုက်တွေမှာ ရှာခဲ့တဲ့ အခန်းတွေက အများကြီးပါပဲ။

ဒါပေမဲ့ သွားကြည့်ဖြစ်တဲ့ အခန်းတွေကိုရော၊ မကြည့်ဖြစ်ခဲ့တဲ့ အခန်းတွေကိုရော အကုန်လုံးကို မယူဖြစ်တော့တဲ့အကြောင်း၊ ကြည့်တော့မှာ မဟုတ်ကြောင်း ဖုန်းဆက် ပြန်ပြောသလို တချို့ကိုလည်း အားနာလို့ စကားနဲ့ မပြောတော့ဘဲ စာနဲ့ပဲ မတ်ဆေ့ဂ်ျ ရိုက်ပြီး အကြောင်းပြန်ခဲ့ပါတယ်။ ဒါက ကိုယ်လုပ်ခဲ့တာကို ပြောပြတာပါ။

ဒီမှာက တချို့နေရာတွေမှာ အထူးသဖြင့် မြို့လယ်နဲ့ နီးတဲ့နေရာတွေမှာ ယောက်ျားလေးထက် မိန်းကလေးကို ဦးစားပေး ငှားကြပါတယ်။ မိန်းကလေးကို ဦးစားပေးတဲ့အပြင် သူတို့ကို တောင်းတဲ့ လခ (သီတင်းတစ်ပတ်စာ အခန်းခ) ကလည်း နည်းတတ်ပါသေးတယ်။ မိန်းကလေးဆို တစ်ပတ် ပေါင် ၁၀၀ နဲ့ ငှားတယ်ဆိုရင် ယောက်ျားလေးသာ ဆိုရင် တစ်ပတ် ၁၂၀ ကနေ ၁၅၀ လောက်အထိ တောင်းချင်ကြပါတယ်။

ဘာကြောင့်မှန်း မသိပေမယ့် ကိုယ့်အထင် ပြောရရင်တော့ မိန်းကလေးက ထိန်းရလွယ်တယ်၊ မဟုတ်တာ သိပ်မလုပ်ဘူး (အထူးသဖြင့် အာရှက မိန်းကလေးတွေ)၊ မညစ်ပတ်ဘူး၊ ဒါတွေကြောင့် ထင်ပါတယ်။

အိမ်တစ်လုံးဟာ လူတွေ အများကြီးနဲ့ အတူနေရတယ်ဆိုရင် တစ်ယောက်ချင်းက စည်းကမ်းရှိဖို့၊ သန့်ရှင်းဖို့ သိပ်မညစ်ပတ်ဖို့ လိုပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု သာမက အများအတူ ပေါင်းစပ် သုံးစွဲရတဲ့ အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုချောင်တွေကို သုံးပြီးရင် ပြန်သန့်ရှင်းခဲ့ဖို့ လိုပါတယ်။

ယောက်ျားလေး အများစုကတော့ မိန်းကလေးတွေလောက် မသန့်ရှင်းတာကတော့ သေချာပါတယ်။ မိန်းကလေးတိုင်းကလည်း သန့်တာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက ယောက်ျားလေးတွေက ပိုပြီး အရက်၊ ဆေးလိပ် သောက်သုံးကြတော့ အိမ်ထဲမှာရော၊ အိမ်သာ ရေချိုးခန်းထဲမှာရော အနံ့တွေ နံနေတတ် ပါတယ်။

(မိန်းကလေးတွေလည်း အရက်ကော ဆေးလိပ်ကော ဒီမှာတော့ သောက်ပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီတစ်ခုမှာဆိုရင် မြန်မာမိန်းကလေးတွေ တွေ့တာမှာ မိန်းကလေးတိုင်းက ကိုယ်ကြိုက်တဲ့ စီးကရက်ဗူး ကိုယ်စီ၊ အရက် ၀ိုင်ခွက်ကိုယ်စီနဲ့ ဖြစ်ပါတယ်၊ တချို့မိန်းကလေးတွေဆို ယောက်ျားလေးထက် ပိုသောက်နိုင်ပါတယ်။ တချို့ယောက်ျာလေးက ဘီယာတစ်ခွက် မကုန်ခင်မှာပဲ မူးနေတတ်ပြီး၊ မိန်းကလေးက ၀ီစကီ ငါးခွက်လောက် သောက်ပြီး လှလှပပ ကျော့ကျော့ရှင်းရှင်း ရှိနေတာမျိုးလည်း ရှိနိုင်ပါတယ်)

နောက်ဆုံး ယူဖြစ်သွားတဲ့ အိမ်ခန်းကတော့ East Ham မှာပါ။ http://www.gumtree.com က ပဲ ရှာတာပါ။ ဆက်သွယ်ရမယ့်သူက အီးမေးလ် ပေးထားတော့ အီးမေးလ်ရေး ချိန်းဆို ဖြစ်ခဲ့ပါတယ်။

သူ့နာမည် Echo တဲ့။ တရုတ်မပါ၊ အသက် ၄၀ နဲ့ ၅၀ ကြားမှာ ရှိပါတယ်။ အခန်းငှားမယ့်ကိုယ့်ကို မင်းအကြောင်းလေး ပြောပြပါဆိုတော့ သူက ဆိုလာတော့ ကိုယ်က ဘယ်နိုင်ငံက လာတယ်ဆိုတာရယ်၊ ဘာလုပ်တယ်ဆိုတာရယ် ပြောလိုက်ပါတယ် (အီးမေးလ်ပြန်လိုက်တာပါ)။

ဒါနဲ့ ချိန်းတဲ့နေ့မှာ သွားကြည့်ဖြစ်တော့ ပတ်ဝန်းကျင်ကို သဘောကျသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလားစားသောက်ဆိုင်တွေ များလို့ပါ။ “ဟ… ဒီမှာနေရင်တော့ ကုလားစာတွေ စားနိုင်တော့မှာပဲ“ လို့ တွေးမိပါတယ်။ ကိုယ်က ကုလားစာ ကြိုက်တာကိုးဗျ။ နောက်တစ်ခုက အိမ်နဲ့ ကိုက် ၁၀၀ အတွင်းမှာ ပန်ချာပီဆိုင် ကုန်စုံဆိုင် တစ်ဆိုင်တွေ့တော့လည်း သဘောကျသွားပါတယ်။ တစ်ခုခုလိုချင်ရင် အပြေးအလွှား နီးနီးနားနား ၀ယ်လို့ရမှာကိုးဗျနော်။

အဲ…ဟိုတစ်နေ့ကတော့ နေမကောင်းချင်သလိုဖြစ်ပြီး ခေါက်ဆွဲပြုတ် ပူပူတစ်ခွက် သောက်ချင်လာတာနဲ့ အဲဒီဆိုင်လေးဆီ အပြေးကလေး သွားဝယ်မိပါတယ်။ ဆိုင်ထဲ ၀င်သွားပြီး ကိုယ့်ဘာသာကိုယ် အသင့်စား ခေါက်ဆွဲခြောက်ထုပ် (instant noodle) လိုက်ရှာတာ မတွေ့တာနဲ့ ဆိုင်ရှင် ပန်ချာပီ ကုလားမကို ခေါက်ဆွဲခြောက်ထုပ် ရှိသလား မေးလိုက်တော့ ဟိုဘက်တန်း ဘယ်ဘက်ခြမ်းမှာ ရှိတယ်တဲ့။ ဆိုင်လေးက ခပ်သေးသေးပါ၊ အိမ်ခန်းတစ်ခန်းကို ဆိုင်ဖွင့်ထား တာပါ။

ခေါက်ဆွဲခြောက်ထုပ်တော့ တွေ့တယ်၊ ခေါက်ဆွဲခြောက် အပေါ်တန်းက မိန်းကလေးတွေ တစ်လတစ်ခါသုံးတဲ့ ပစ္စည်းထုပ်တွေ… ဟား ဟား… ချက်ချင်း ထူပူသွားပြီး ချက်ချင်း နေကောင်းသွားတယ်။ နောက် သူများ ဆိုင်ထဲ ရောက်နေတဲ့ ကိုယ့်ဘာသာကိုယ်ကို မေးမိတယ်။

“ဘယ်လိုလဲ သူတို့အထုပ်တွေအောက် ရောက်နေတဲ့ ခေါက်ဆွဲခြောက်ထုပ် စားမလား၊ ၀ယ်မလား၊ ဘာလုပ်မလဲ… “ ကိုယ် စဉ်းစားနေတုန်းမှာပဲ… ပန်ချာပီ ကုလားမကြီးက မတွေ့ဘူးထင်လို့ နောက်ကလိုက်လာပြီး “ဒီမှာလေ…မတွေ့ဘူးလား၊ သိပ်ကောင်းတယ်၊ ဟိုဟာက ဘူးပါ ပါပြီးသား“ လို့ ညွှန်းနေတော့တာနဲ့ ခေါက်ဆွဲခြောက် တစ်ထုပ်ကို ရှက်ရှက်နဲ့ လှမ်းယူပြီး ဒါပဲ ယူမယ်ဆိုပြီး ၀ယ်ပြီး ထွက်လာခဲ့ရတယ်။ ၀ယ်ခဲ့ပြီးမှတော့ နှမျောတာနဲ့ အဲဒီ တစ်ထုပ်လည်း စားဖြစ်သွားပါတယ်။ ဘုန်းကတော့ ဝေးဝေးပြေးပြီ ထင်ပါ့။

အနောက်တိုင်းလည်း ဖြစ်တယ်၊ ပန်ချာပီဈေးဆိုင်လည်း ဖြစ်နေတယ်ဆိုတော့ ယောက်ျားသုံး၊ မိန်းမသုံး၊ အောက်ဘက်မှာ ထားရမယ့်ပစ္စည်း၊ အထက်ဘက်မှာ တင်ရမယ့်ပစ္စည်း ဘာပစ္စည်း ညာပစ္စည်းဆိုပြီး ခွဲနေပုံလည်း မရပါဘူး။ ရောင်းတဲ့ပစ္စည်း အားလုံးအတူတူပဲလို့ ထင်မှတ်ပုံလည်း ရပါတယ်။ ရောမရောက်တော့ ရောမမူပေါ့လေ။ တတ်နိုင်ပေဘူး။

ထားတော့ အခန်းအကြောင်း ပြန်ဆက်ရရင် ကုလားစားသောက်ဆိုင်တွေရယ်၊ ပန်ချာပီကုလားမဆိုင်ရယ်၊ လမ်းထိပ်က တစ်နာရီတစ်ခါ နာရီစင်က ခေါင်းလောင်းထိုးတဲ့ ခရစ်ယာန်ဘုရားကျောင်းရယ်၊ လမ်းထိပ်မှာပဲရှိတဲ့ NHS အသိအမှတ်ပြု ဆေးခန်းရှိနေတာရယ်၊ ပတ်ဝန်းကျင် အေးဆေးပုံ ရတာရယ်၊ မြေအောက်ဘူတာနဲ့ ခုနစ်မိနစ်လောက်ပဲ လမ်းလျှောက်ရတာရယ်၊ အတူနေရမယ့် အခန်းဖော်တွေထဲမှာ တရုတ်မတစ်ယောက်၊ အိန္ဒိယမတစ်ယောက်၊ စပိန်မတစ်ယောက်၊ ပြင်သစ်ယောက်ျားနဲ့ ချီလီအမျိုးသမီး စုံတွဲ ဆိုတော့ လူမျိုးပေါင်းစုံ၊ စကားပေါင်းစုံ အတွေ့အကြုံသစ်ဆိုပြီး စိတ်ဝင်စားခဲ့ပါတယ်။

အခန်းကလည်း လက်ရှိနေနေတဲ့ အခန်းထက်တော့ နည်းနည်းကျဉ်းတယ်၊ စာရေးစားပွဲ ပါပေမယ့် ကုလားထိုင်ကတော့ ဆုံလည် ကုလားထိုင် မဟုတ်ဘူး။ ဒါပေမဲ့ ပြတင်းပေါက်က အပြင်ဘက်ကို မြင်ရတဲ့အပြင် လက်ရှိနေတဲ့ အခန်းလို ကြမ်းပြင်ကနေ ၆ ပေလောက်ကွာတဲ့ နေရာရောက်မှ ပြတင်းတံခါးတစ်ချပ် လှပ်လို့ရတဲ့ ပုံစံမျိုးမဟုတ်ဘဲ ၀ရံတာဘက် ထွက်တဲ့ နှစ်ပေခွဲအကျယ်လောက်ရှိတဲ့ နှစ်ရွက်တံခါး (ခြောက်ပေလောက်အမြင့်) မို့ ကိုယ်တော်တော် ကြိုက်သွားတယ်။

ကိုယ်က စိတ်အိုက်လာတဲ့အခါ တံခါးတွေ ဖွင့်ပြီး နေလိုက်ချင်တယ်။ အလုံပိတ်ကို မကြိုက်ဘူး။ အဲ.. အခန်းထဲက အ၀တ်ဗီရိုကတော့ အသစ်မဟုတ်ဘူး၊ တရုတ်လုပ်ပုံစံ ရှေးဟောင်း ဗီရိုမျိုးကြီး ဖြစ်နေတာ တွေ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခန်းတစ်ခန်းအတွက် ကိုယ်လိုချင်တာတွေ များပေမယ့် ဒီအခန်းမှာ ကိုယ်အဓိက လုပ်မှာကတော့ ညဘက် အိပ်တာရယ်၊ မနက် မျက်နှာသစ်၊ အိမ်သာတက်၊ ရေချိုးလုပ်တာရယ်၊ ညဘက် ရုံးကနေ ပြန်လာတဲ့အခါ အင်တာနက် သုံးမှာရယ်၊ စာရေးမှာရယ်၊ တစ်ခါတလေ ကော်ဖီ ဖျော်သောက်မှာရယ် ဒါ့အပြင် ဘဏ်နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့၊ တခြားလူတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ ကိုယ့်မှာ ခဏတဖြုတ် သုံးနိုင်တဲ့ လိပ်စာလေးတစ်ခု (Post Code) ရှိဖို့ရယ် ဒါတွေအတွက်ပဲ ဒီအခန်းက လိုတာ မဟုတ်လား။

တခါ Echo ကလည်း စကားပြောကောင်းတော့ “အခန်းကို ငါ စိတ်ဝင်စားတယ်၊ အကြောင်းပြန်မယ်“ လို့ ပြောပြီး ပြန်ခဲ့ပါတယ်။ အခန်းခကတော့ တစ်လ ၃၂၅ ပေါင် ဖြစ်ပါတယ်။ အခွန်အခတွေကလည်း အိမ်သာသုံးစက္ကူ အလှည့်ကျ ၀ယ်ပေးရတာကလွဲလို့ တခြားဘာမှ ထပ်ပေးစရာ မလိုတော့ပါဘူးတဲ့။

ဒီမှာလည်း ဟိုတလောက ဖေ့စ်ဘုတ်မှာ ဖတ်လိုက်မိတဲ့ အမျိုးသမီးတွေနဲ့ ထိုက်တန်တဲ့ အရာတွေထဲမှာ အိမ်သာသုံး စက္ကူကောင်းကောင်း သုံးစွဲခွင့် ဆိုတာ ကလည်း ပါနေတော့ “အင်း.. ငါ ၀ယ်အလှည့် ကျရင်တော့ စက္ကူကောင်းကောင်း ၀ယ်ရမယ်“ လို့ အတွေး ပေါ်မိပါတယ်။

နေရာ၊ အခန်း၊ ဈေးနှုန်း၊ အခန်းဖော်တွေကို ကြိုက်ပေမယ့်လည်း တခြားအခန်းတွေ ကြည့်နေဆဲ ကာလမို့ Echo ကို လေးငါးရက်လောက် အကြောင်း မပြန် ဖြစ်ခဲ့ပါဘူး။ နောက်ဆုံး လက်ရှိနေတဲ့ အခန်းကနေ မဖြစ်မနေ ပြောင်းရတော့မယ့် နောက်ဆုံးရက် မတိုင်ခင် တစ်ပတ်အလိုမှာတော့ ငါတော့ အခန်း တစ်ခန်းကို စိတ်ကြိုက် မတွေ့လည်း ယူလိုက်သင့်ပြီ၊ အချိန်လည်း မရှိတော့ဘူး ဆိုပြီး သေချာ စဉ်းစားပြီးနောက်မှာ ၇၀ ရာခိုင်နှုန်း စိတ်တိုင်းကျတဲ့ လက်ရှိ နေနေတဲ့ အခန်းလေးကို ယူဖြစ်ခဲ့ပါတယ်။

ဒါတောင် သူငယ်ချင်းတချို့က အခု အခန်းလေးကို ဝေးလွန်းအားကြီးတယ်၊ မင်းပြောတော့တစ်မျိုး တကယ်နေဖြစ်တော့ တစ်မျိုးပါလားဆိုပြီး သြဘာပေးကြ ပါတယ်။ ဒါပေမဲ့ ကိုယ်ကြိုက်ဖို့ ကိုယ်နဲ့အဆင်ပြေဖို့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့က အရေးအကြီးဆုံး မဟုတ်ဘူးလားဗျာ။

အခုရေးပြခဲ့တဲ့ အခန်းတွေ ကြည့်ခဲ့တယ်ဆိုတာ လွတ်လွတ်လပ်လပ် အချိန်ပေးပြီး ကြည့်တာမျိုး မဟုတ်ဘဲ တစ်ပတ် ၅ ရက် တစ်နေ့ ၁၀ နာရီလောက် အလုပ်လုပ်နေတဲ့ကြားက (အချိန်မရှိတဲ့ကြားက) ကြည့်ခဲ့ရတာ ဖြစ်လို့ ဒီထက်ပိုပြီး အသေးစိတ် ခြယ်မှုန်း တင်ဆက် ချင်ပေမယ့်လည်း ဒီလောက်ပဲ ရေးနိုင်ပါတော့တယ်။

ကျေးဇူးတင်ပါတယ်၊
ကျန်းမာ ချမ်းသာကြပါစေ။
ဘေးအန္တရာယ် ကင်းဝေးတဲ့ ကိုယ်နေချင်တဲ့နေရာ (အိမ်၊ အခန်း)နဲ့ မိသားစု ဒါမှမဟုတ် မိတ်ဆွေကောင်း အဖော်ကောင်းတွေရှိတဲ့ နေရာမှာ နေထိုင်နိုင်ကြပါစေ ခင်ဗျာ။

၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၄ ရက်၊ မွန်းလွဲ ၁ နာရီ။