ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက နာမည်ကျော် တက္ကသိုလ်ရှိတဲ့ ကိန်းဘရစ်မြို့ကို လေးကြိမ်မြောက် ရောက်တယ်။ မြန်မာ ဆရာဝန်အသင်း ယူကေ က အစ်မတစ်ယောက်က သူတို့ ဈေးရောင်းပွဲလေးမှာ မှတ်တမ်းတင် ဓာတ်ပုံလေး လာရိုက်ပေးပါဆိုလို့ သွားရိုက်ပေးရတာပဲ။

ဇူလိုင်လ ၃၁ ရက် စနေ မနက်စောစော လန်ဒန်က ထွက်သွားတယ်၊ ဘတ်စ်ကားက တစ်လလောက် လက်မှတ် ကြိုဝယ်ထားတော့ အသွား လေးပေါင်၊ အပြန် လေးပေါင် ရှစ်ပေါင် ပေးရတယ်။ လန်ဒန်က မနက် ၈ နာရီခွဲ ထွက်တဲ့ကား စီးသွားလိုက်တာ ကိန်းဘရစ်က အစ်မတို့ အိမ်နားက ကားဂိတ်မှာ ဆင်းလိုက်တော့ ၁၀ နာရီ ၁၅ မိနစ် လောက်ပဲ ရှိသေးတယ်။ ဖုန်းဆက်လိုက်တော့ ကားဂိတ်ကို လာကြိုပေးတယ်။

အဲဒီကနေ ဈေးရောင်းပွဲလေးဆီ ရောက်ခဲ့တယ်။ ဈေးပွဲထဲ ၀င်ဖို့ ၀င်ကြေးက တစ်ပေါင် ပေးလိုက်ရသေးတယ်။

ဈေးပွဲဆိုပေမယ့် အဓိက ကတော့ မြန်မာအစားအစာတွေ ရောင်းတာပါပဲ။ Great Shelford Memorial Hall ခန်းမ ၀င်ပေါက်က နဖူးစည်းမှာလည်း Burmese Food Fair လို့ ရေးထားတယ်။ အဲဒီရောက်သွားတော့ မနက် ၁၁ နာရီထိုးနေပြီ၊ သူတို့တွေလည်း စရောင်းနေပြီ။

မုန့်ဟင်းခါး၊ နန်းကြီးသုတ်၊ တို့ဟူးသုတ်၊ ၀က်သားတုတ်ထိုး၊ ကြက်သားသုတ်၊ ပဲပြုတ်၊ ဒံပေါက်၊ ငါးခြောက်ကြော်၊ ပုစွန်ခြောက်ကြော်၊ မုန့်လက်ဆောင်း၊ ဖာလူဒါ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဘီယာစတဲ့ အစားအသောက်တွေ ရောင်းချပေးတယ်။

ရန်ပုံငွေ ဈေးရောင်းပွဲပေါ့။ ကုန်ကျတဲ့ အရင်းကို ပြန်နုတ်၊ အမြတ်ကို အသင်း ရန်ပုံငွေအတွက် လှူ၊ ၀ိုင်းကူသူတွေက လုပ်အားစိုက်ပေါ့လေ။ စုကြ၊ ဆုံကြ၊ စကား ပြောကြ၊ ရယ်ကြ၊ မောကြ၊ မုန့်အစုံ စားကြ… ဒါကိုပဲ အမြတ်လို့ တွက်ရင်တော့ ပင်ပန်းတာတွေ ပျောက်ပြီး မြတ်တယ်လို့ ယူဆနိုင်မှာပေါ့လေ။

အဲ အစားအသောက်တွေအပြင် ယွန်းခွက်၊ ယွန်းပန်းချီ၊ ရွှံပန်းပု စတဲ့ မြန်မာ့လက်မှု အနုပညာပစ္စည်းလေးတွေလည်း ရောင်းချသလို အသင်းက ပစ္စည်းလေးတွေလည်း ထုတ်ရောင်းတာပေါ့လေ။ ၀ယ်ချင်တဲ့သူတွေကလည်း ၀ယ်ကြပေါ့။ စည်စည်ကားကားလေးတော့ ရှိခဲ့တာပါပဲ။

မနက် ၁၀ နာရီခွဲ ၁၁ နာရီလောက်အထိ မိုးရိပ်လေးတွေ ရှိပြီး မိုးပေါက်လေး နည်းနည်း သွန်းတာကလွဲလို့ တနေ့လုံး နေ ပွင့်ပွင့်လင်းလင်း ရှိတာမို့ လူတွေ လာကြပါတယ်၊ လူ ၂၀၀ နီးပါးလောက်တောင် လာကြတယ်လို့ ထင်ရပါတယ်။

အဲဒီမှာတော့ ကိုယ်တို့ တစ်နေကုန်ခဲ့တာပါပဲ။ ဓာတ်ပုံကော၊ ဗီဒီယိုပါ တတ်သလောက် မှတ်သလောက် ကိုယ် လက်စွမ်းပြပြီးနောက်မှာ ကိန်းဘရစ်က အဲဒီ အစ်မတို့ အိမ်မှာပဲ တည အိပ်စက် အနားယူ လိုက်ပါတော့တယ်။

နောက်နေ့ သြဂုတ်လ ၁ ရက် တနင်္ဂနွေကျတော့ လန်ဒန်က အာဆင်နယ်ဘောလုံးအသင်း အိမ်ကွင်း အမ်းမရိတ်စ် Emirates ကွင်းသစ်ဆီ လာခဲ့ကြပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ ပြန်မစခင် အာဆင်နယ်က သူ့အိမ်ကွင်းမှာ နိုင်လောက်တဲ့ အသင်းတွေဖြစ်တဲ့ (ကိုယ့်အထင်ပါ) အေစီမီလန်၊ လီယွန်၊ ဆဲလ်တစ် တို့ကို ဖိတ်ခေါ်ပြီး အမ်းမရိတ်စ်ဖလားဆိုပြီး ကန်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ နဲ့ သြဂုတ်လ ၁ ရက် နေ့တွေမှာ တစ်နေ့ ၂ ပွဲစီနဲ့ ကစားကြတာပါ။

အမ်းမရိတ်စ်ဖလား ဘောလုံးပွဲက လေးပွဲပဲ ကစားပြီး (ဆိုလိုတာက တစ်သင်းကို နှစ်ပွဲစီပဲ ကစားရပြီး) အမှတ်အများဆုံးရတဲ့ အသင်းက ဖလားရပါတယ်။ အမှတ်ပေးပုံကတော့ အနိုင် ၃ မှတ်၊ သရေ ၁ မှတ်နဲ့၊ ဂိုးတစ်ဂိုး သွင်းတိုင်း တစ်မှတ် ရပါတယ်။ အမှတ်တူနေရင် ဂိုး ကြိုးပမ်းချက် (goal kick) များတဲ့ အသင်းက အနိုင်ရပါတယ်။

ကိုယ်တို့ကြည့်တာက ဒုတိယနေ့ပွဲပါ။ ပထမနေ့ကတော့ အာဆင်နယ်က အေစီမီလန်နဲ့ ကစားတာမှ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ကိန်းဘရစ်က ထွက်လာတာ လန်ဒန်ရောက်တော့ မွန်းလွဲ တစ်နာရီ ထိုးလုပါပြီ။ လူတွေလည်း ဗိုက်ဆာတာနဲ့ မုန့်တွေစားကြ သောက်ကြ ဗိုက်ဖြည့်ထားလိုက် ကြပါတယ်။ ကွင်းထဲမ၀င်ခင် ကွင်းအောက်က စတိုးဆိုင်မှာ အာဆင်နယ် အမှတ်တရ ဂျာစီတွေ၊ ပစ္စည်းတွေ အစုံအလင် ၀င်ငမ်းလိုက်ပါသေးတယ်။ ၀ယ်တော့ မ၀ယ်ဖြစ်ပါ။

ကိုယ်က ချယ်လ်ဆီးပရိသတ်ဖြစ်လေတော့ နောက်မှပဲ ချယ်လ်ဆီးဂျာစီတစ်ထည် ၀ယ်ဝတ်တာပေါ့လို့ စိတ်ထဲတွေးပြီး ပထမပွဲ လီယွန်နဲ့ အေစီမီလန်တို့ ကစားတဲ့ ပထမပိုင်း ပြီးခါနီးမှပဲ ကွင်းထဲ ၀င်ခဲ့ကြပါတယ်။

လက်မှတ်က တစ်စောင်ကို ၃၆ ပေါင်တောင် ပေးရပါတယ်။ အွန်လိုင်းက ၀ယ်တော့ လက်မှတ်ခထက် နည်းနည်းပိုပေး ရပါတယ်။ နှစ်ပွဲကြည့်ရတာပဲ၊ တန်ပါတယ်လေဆိုပြီး အမ်းမရိတ်စ်ကွင်းထဲလည်း ၀င်ဖူးချင်တာနဲ့ သွားကြည့်တာ ဖြစ်ပါတယ်။ အနိမ့်ဆုံးလက်မှတ်ခကတော့ ၂၅ ပေါင် ဖြစ်ပါတယ်။

ကွင်းကြီးကတော့ တော်တော်ကောင်းပါတယ်။ ကွင်းပတ်လည်က အိမ်တွေကိုလည်း အာဆင်နယ် ပရိသတ်တွေပဲ အပိုင်ဝယ်ထားကြပုံ ရပါတယ်။ အမ်းမရိတ်စ် ကွင်းသစ်ကြီးကြောင့် အဲဒီနားက ရပ်ကွက်တောင် ပိုသန့်သွားပြီး တိုက်ခန်းဈေးတွေလည်း ပိုကောင်းသွားပုံ ရပါတယ်။

လက်မှတ်ခက ၃၆ ပေါင် ဖြစ်တာမို့ ကွင်းရဲ့ အပေါ်ဆုံးထပ် (ကွင်းက ပွဲကြည့်စင် လေးထပ်ရှိပါတယ်) ကပဲ ကြည့်ရပေမယ့် ကွင်းကို ခါးလည်တည့်တည့်က ဖြတ်ကြည့်နိုင်တာမို့ မြင်ကွင်းကတော့ ကောင်းပါတယ်။

အာဆင်နယ်အသင်းက ဘောလုံးသမားတွေကလည်း လူငယ်တွေ အသစ်တွေပဲ များတာမို့ လူကောင်သေးသေးတွေကို တိတိကျကျ ကွဲခြား မသိနိုင်တာကလွဲလို့ နှစ်ဘက် ဘောလုံးကစားနေတာကိုတော့ ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါတယ်။

ဒီတော့ အင်္ဂလိပ်တွေ ဘောလုံးပွဲ ကြည့်တဲ့အရသာအတိုင်း ဘောလုံးပွဲကြည့်လိုက် ဘီယာဆင်းသောက်လိုက်နဲ့ တော်တော်လေး အလုပ်ဖြစ်ခဲ့ကြပါတယ်။

ပထမနေ့ပွဲက ဆဲလ်တစ်နဲ့ လီယွန်က နှစ်ဂိုးစီ သရေကျပြီး၊ အာကြီးနဲ့ အေစီမီလန်က တစ်ဂိုးစီ သရေကျထားလို့ အေစီကလည်း လီယွန်ကို နိုင်ပါမှ အာကြီးကလည်း ဆဲလ်တစ်ကို နိုင်ပါမှ ဖလားရဖို့ပါ။

အဲ…ကစားကြတော့ ပထမပွဲမှာ အေစီမီလန်က လီယွန်နဲ့ တစ်ဂိုးစီ သရေကျသွားလို့ အခြေအနေ မကောင်းတော့ပါဘူး။ အာကြီးနဲ့ ဆဲလ်တစ်ပွဲက အဆုံးအဖြတ်လို ဖြစ်သွားပြီး နိုင်တဲ့အသင်းက ဖလားရမှာပါ။ အာကြီးက ၃ ဂိုး ၂ ဂိုး နဲ့ ကပ်နိုင်သွားလို့ အာကြီးတို့ ကိုယ့်ကွင်းမှာ ကိုယ့်ဖလား ကိုယ်ယူ လိုက်နိုင်ပါတယ်။

ရမှတ်တွေကြည့်မယ်ဆိုရင် အာကြီးက ၈ မှတ်နဲ့ ပထမ၊ လီယွန်နဲ့ ဆဲလ်တစ်က ၅ မှတ်စီနဲ့ ဒုတိယ ချိတ်ပြီး၊ နာမည်ကြီး အေစီမီလန်ကတော့ ၄ မှတ်နဲ့ ဘိတ်ချီး ဖြစ်သွားပါတယ်။

ပွဲတွေက မွန်းလွဲ ၂ နာရီတစ်ပွဲ၊ မွန်းလွဲ ၄ နာရီ မိနစ် ၂၀ မှာ တစ်ပွဲ ကန်ကြတာ ဖြစ်ပါတယ်။ ဆိုတော့ ကွင်းထဲမှာ ၄ နာရီလောက်တော့ နေခွင့်ရခဲ့ပါတယ်။ ကိုယ်တို့က ပထမပွဲရဲ့ ပထမပိုင်း ပြီးခါနီးမှ ကွင်းထဲ ၀င်ခဲ့ကြတာကိုးဗျာ။

ကိုယ်တို့ ရွှေပြည်ကြီးမှာလည်း ဒီလို ကောင်းတဲ့ကွင်းကြီး တစ်ကွင်းလောက်ရှိပြီး လာကြည့်တဲ့ လူတွေဆီက ပိုက်ဆံတွေ သဲ့ယူနိုင်ရင် ဘယ်လောက် ကောင်းမလဲလို့ တွေးမိပါတယ်။ အခုက ကွင်းထဲ ၃ နာရီခွဲ ၄ နာရီလောက် နေခွင့်ရဖို့ ၃၆ ပေါင်၊ ပေါင် ၄၀ နီးပါးလောက် သုံးခဲ့ရတာဆိုတော့ ကွင်းထဲနေခက တစ်နာရီ ၁၀ ပေါင်လောက်ကျနေပါတယ်။

ဒါတောင် ကွင်းမြက်ခင်းနဲ့ နီးတဲ့နေရာမဟုတ်လို့…အဲဒီနေရာတွေဆိုလည်း ဆွေစဉ်မျိုးဆက် ၀ယ်တဲ့သူက ၀ယ်၊ အာဆင်နယ်ဘောလုံးကလပ်ရဲ့ အမျိုးမျိုးသော အဖွဲ့ဝင်(မန်ဘာ)တွေ ဖြစ်ကြရပြီး တစ်နှစ်စာလက်မှတ် ၀ယ်နိုင်သူတွေလည်း ဖြစ်ရပါဦးမယ်။ အော်…ပိုက်ဆံရှိတိုင်းတောင် လက်မှတ်က ၀ယ်ချင်တိုင်း ၀ယ်လို့မရတဲ့ အသင်းတွေနဲ့ ကွင်းတွေကို အားကျမိပါတယ်။

ရန်ကုန်ရဲ့ အကောင်းဆုံးကွင်းလို့ ခေါ်ရမယ့် အောင်ဆန်းကွင်းကြီးကတော့ မထွက်လာခင်အထိ စစ်တပ်က စခန်းချထားလို့ ညစ်ပတ် နံစော်နေတာ ကိုယ်တွေ့ ကြုံဖူးပါတယ်။

လွမ်းလောက်အောင် လန်းနေတဲ့ အမ်းမရိတ်စ်ကွင်းကြီးဆီ ရောက်ဖူးသွားပြီမို့ အားသာတော့ နည်းနည်းပြေသွားခဲ့ပါပြီ။ ချယ်လ်ဆင်းဘောလုံးအသင်းရဲ့ အသင်းဝင်(မန်ဘာ) လုပ်ပြီး တစ်နှစ်စာလက်မှတ် ၀ယ်ဖို့ကိုတော့ အိပ်မက် မက်လိုက်ပါဦးမယ်လေ။

၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၃ ရက်။ ည ၁၁ နာရီ။