ကိုယ်ဟာ ကုလားလေးပါ။ ဒါကြောင့် ငယ်ငယ်က ကုလားလေးများကို စတဲ့ “ကုလားလေး ဓားသွေး ပိုက်ဆံငါးပြားပေး“ ကို ပြန်ကြားယောင် နေမိတယ်။

နာမည်ကျော် စာရေးဆရာမ ခင်ခင်ထူးရဲ့ အညာလေ၊ အညာစကားပြောတဲ့ ဇာတ်ကောင်တွေပါတဲ့ ၀တ္ထုတွေ ဖတ်ရတဲ့ အခါတိုင်း၊ ဖေ့စ်ဘုတ်မှာ သူငယ်ချင်းတွေ ရေးထားတဲ့ အညာလေပါနေတဲ့ ကွန်မန့်တွေ ဖတ်ရတဲ့အခါ၊ တခါ အညာဘက်က သူငယ်ချင်းတွေရေးတဲ့ ၀တ္ထုတွေ၊ သူတို့အကြောင်းတွေ ဖတ်ရတဲ့အခါတိုင်း သူတို့လို ရေးတတ်ချင်လိုက်တာလို့ စိတ်ထဲ ဖြစ်မိတယ်။

ခက်တာက ကိုယ်က အညာသားလည်း မဟုတ်၊ အညာလည်း ကာလကြာရှည် နေဖူးသူ မဟုတ်။ အညာသူနဲ့လည်း အကြောင်းမပါလေတော့ ဒီလေ ဒီအသုံး ဒီစကားလုံးတွေ ကြိုက်ပါသော်လည်း ပိုင်ပိုင်နိုင်နိုင် မသုံးတတ်၊ မရေးတတ်။ ဒီတော့ သူများရေးတာ ဖတ်ရုံနဲ့ ၀မ်းနည်းနေရုံ။ တခြားဘာများ လုပ်လို့ရပါ့မလဲ။

ဒါပေမဲ့ စာကလည်း မရေးရ မနေနိုင်သူလေးမို့ ရန်ကုန်သားဖြစ်တဲ့ ကိုယ့်အကြောင်း ကိုယ်ရေးတာပဲ ကောင်းပါတယ်လေ။ မဟုတ်လားဗျာ၊ ကိုယ်ဟာ ကုလားလေးပါ။

လန်ဒန်ရောက်ပြီး တစ်နှစ်အကြာမှာတော့ ကုလားတန်းလို့ ခေါ်တဲ့ East Ham ဘက် ပြောင်းနေဖြစ်ပါတယ်။ တစ်ခုကောင်းတာက ကုလားစာ ရောင်းတဲ့ စားသောက်ဆိုင်တွေ၊ အသားရောင်းတဲ့ ဆိုင်တွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ရောင်းတဲ့ဆိုင်တွေနဲ့ နီးသွားပါတယ်။ ချက်စားတတ်သူဆိုရင်တော့ ဈေးပေါပေါနဲ့ အသားရော တခြားလိုအပ်တဲ့ ဟင်းချက်စရာတွေကော ၀ယ်ပြီး ချက်ရုံပါပဲ။

ခက်တာက လန်ဒန်ရောက်ပြီး တစ်နှစ်အတွင်း ကြက်ဥနှစ်လုံး တစ်ခါ ကြော်ဖူးတာကလွဲလို့ တစ်ခါမှ မချက်ဖြစ်တော့ပါ။ ကြက်ဥနှစ်လုံး ကြော်တာက အရေးမကြီး ဘူး။ မီးဖိုကို ပြန်သန့်ရှင်း ပေးရတာရော၊ ကြော်တဲ့ ဒယ်ပြားနဲ့ ထည့်စားတဲ့ ပန်းကန်၊ ခွက်တွေ ဆေးရတာရော၊ အချိန်ပေးရတာရော၊ လုပ်နေရတာရော မတန်ဘူးကွာဆိုပြီး မချက်တော့ပါ။ ၀ယ်သာ စားပါတယ်။ ရုံးက မမတွေ ချက်လာတာကို ခပ်တည်တည်နဲ့ ကပ်စားပါတယ်။

အဲဒီတော့ East Ham နေဖြစ်ပြီးနောက်မှာ ကုလားဆိုင် နေ့တိုင်း သွားစားပါတယ်။ မနက်စားလိုက်၊ နေ့လယ်ပိုင်း စားတဲ့အခါ စားလိုက်၊ ညစာ စားလိုက် တော်တော် အဆင်ပြေပါတယ်။ ဆိုင်ထဲဝင်၊ မှာလိုက် စောင့်လိုက် စားလိုက်၊ လက်ဆေးပြီး ပြန်ထွက်လာလိုက်…ကောင်းမှကောင်းပါပဲ။ မျက်နှာတပြင်လုံး ထွက်လာတဲ့ ချွေးတွေကို တစ်ရှုးနှစ်ထပ် သုံးထပ်နဲ့ သုတ်လိုက်…အားပါးပါး ဟန်ကျပါကလားကွယ်ရို့။

တစ်ပတ် ၁၀ ရက် လောက်ကျတော့ ရိုးလာပြန်တယ်။ ဒီ ပူပူလောင်လောင်တွေကို မစားနိုင်ပြန်တော့ဘူး။ ဒါနဲ့ လက်ဖက်ရည်လေး တစ်ခွက်မှာ…ချာပါတီလေး နှစ်ချပ်မှာ…အဲဒီနှစ်ခု တွဲစား။ ချာပါတီပူပူလေးနဲ့ လက်ဖက်ရည်ပူပူလေးဆိုတော့ ကိုယ်ကတော့ ကြိုက်မှကြိုက်ပါပဲ။

စားပွဲထိုးတဲ့ ချာတိတ်ကတော့ ကိုယ် မှာယူ စားသောက်ပုံကို ကြည့်ပြီး ဘာ ဟင်းမှ မမှာဘူးလားတဲ့။ မမှာတော့ဘူးကွာလို့ ပြန်ဖြေလိုက်တယ်။ ဟုတ်တယ်လေ… သူကလည်း အလကားကျွေးတာ မဟုတ်။ ကိုယ်ကလည်း အမြဲ ဒီကုလားချက်တဲ့ ဟင်းတွေ မစားနိုင်ဆိုတော့ ကိုယ်ဟာကိုယ် အဆင်ပြေ ပြီးတာပဲ မဟုတ်လားဗျာ။

လက်ဖက်ရည်နဲ့ ချာပါတီစားတာကို အမေ့ဆီက သင်ယူခဲ့တာပါ။ အမေက အဲဒီလိုစားတာ သိပ်ကြိုက်တယ်။ ကိုယ်လည်း အမေစားလို့ လိုက်စားတာ ကြိုက်သွားတယ်။ ရန်ကုန်မြို့လယ် မဂိုလမ်းထိပ် (အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းထောင့် ပလက်ဖောင်းပေါ်) မှာ ညနေပိုင်း ၀ယ်ရင် အရင်တစ်နှစ် အထိတော့ ချာပါတီ တစ်ချပ်ကို ၁၀၀ ကျပ် ပေးရတယ်၊ အခုတော့ မရလောက်တော့ဘူးထင်တယ်။ ကုန်ဈေးနှုန်းတွေက အမြဲတက်နေတယ် မဟုတ်လား။

ရန်ကုန်အိမ်မှာတော့ ကိုယ်နားလည်တာက ချာပါတီ မဟုတ်ဘူး၊ ရွတ်တီး (ရိုတီ) လို့ ခေါ်တယ်။ ရွတ်တီးကို ထောပတ်များများနဲ့ ဒယ်ပြားပေါ် အိုးကင်းပူ ထပ်တိုက်လိုက်မှ ချာပါတီ ဖြစ်သွားတာ…။ ဒီမှာတော့ အဲဒီရွတ်တီးဟာ ချာပါတီပါပဲ။

ဒါနဲ့ ကိုယ်က စားပွဲထိုးကို မေးကြည့်တယ်။ ရွတ်တီးနဲ့ ချာပါတီ ဘာကွာသလဲဆိုတော့…သူက ရွတ်တီးဆိုတာက အိန္ဒိယမှာ လုပ်တာကွ၊ မီးသွေးမီးဖိုပေါ်က ဒယ်ပြားပေါ်မှာ မုန့်သား(ဂျုံပြား) ခပ်ထူထူကို ဖုတ်တာလို့ ပြောပါတယ်။ ကိုယ်က ရွတ်တီးကို ပိုကြိုက်တယ်၊ မုန့်သားထူတော့ ၀ တာပေါ့။ အခု ချာပါတီဆိုတာက ပါးပါးလေးတွေ။ အဲဒီလိုဗျ။

လက်ဖက်ရည်တစ်ခွက် ၇၅ ပြား၊ ချာပါတီ တစ်ချပ်က ပြား ၇၀၊ ပဲဟင်းတစ်ခွက်က ၂ ကျပ် တစ်မတ် (၂၅ ပြား)၊ ဆိတ်သားဟင်း တစ်ခွက်က ၄ ကျပ်၊ ကြက်သားဟင်း တစ်ခွက်က သုံးကျပ်ခွဲ၊ ထမင်းအုပ်တစ်အိုး (တစ်ယောက်စာ) က ၁ ကျပ် ၄၅ ပြား…ကြိုက်တာ စားပါလေ့။

နောက် အီဒဲလ် လို့ ခေါ်တာရှိသေးတယ်။ ပဲဟင်းခွက်ထဲကို ဆန်နဲ့လုပ်တဲ့ မုန့်လုံးအဖြူလေး ၁၂ လုံးထည့်ထားတာကို ၂ ကျပ်ခွဲနဲ့ စားလို့ရတယ်။ တိုရှည်အလွတ် စားမလား၊ ကြက်ဥနဲ့လား စားလို့ရသေးတယ်။

ပထမရက်တွေမှာ လောဘကလည်းကြီးတော့ တစ်ခါစားရင် နှစ်မျိုး သုံးမျိုး မှာစားပစ်တယ်။ မှာပြီးတော့မှတော့ နှမျောပြီးစားရတယ်။ ဗိုက်ကားအောင် စားပြီးတော့ မနည်းအိမ်ရောက်အောင် ပြန်ခဲ့ရတယ်။ ဗိုက်ကားအောင် စားပြီးရင် ကိုယ့်မှာ ၂ နာရီလောက်တော့ တောင့်တောင့်ကြီး ဖြစ်နေတတ်တယ်။

ဘေးဝိုင်းက လူတွေ (ကုလားတွေ) မှာစားတာတွေကိုလည်း ကြိုက်ရင် လက်ညှိုးထိုး၊ နာမည်မေးပြီး ထပ်မှာစားတယ်။ နောက်တော့မှ ငါ စားနိုင်သလောက်ပဲ စားတာ ကောင်းပါတယ်ဆိုပြီး ပြန်ဆင်ခြင်ရတယ်။

လက်ဖက်ရည်တစ်ခွက် ၇၅ ပြား (စတာလင် တစ်ပေါင်မှာ ပန့်စ်/ပဲနိ ၁၀၀ ရှိတယ်၊ ဒီမှာ မြန်မာတွေကျတော့ ကိုယ့်ချင်းစကားပြောရင် ပေါင်တွေ ပန့်စ်တွေ လုပ်မနေတော့ပါဘူး။ ယူနစ်ချင်းတူနေတဲ့ ကျပ်နဲ့ ပြားပဲ သုံးလိုက်ကြတယ်) ဆိုတော့ ငယ်ငယ်က အမေ့အတွက် ဆိုင်မှာ ချိုင့်(ဂျိုင့်)ဆွဲ (ပါဆယ်လို့လည်း ခေါ်တယ်) လက်ဖက်ရည်တစ်ခွက် တရုတ်ဆိုင်မှာ သွားဝယ်ရင် တစ်ကျပ် ပေးရတာကို အမှတ်ရတယ်။

လက်ဖက်ရည် ချိုင့်ဆွဲက တစ်ကျပ်၊ နံပြား တစ်ချပ်က ငါးမူး (ပြား ၅၀) နောက်တော့ တရုတ်က ပြား ၆၀ တက်ယူတယ် (မကိုက်လို့ ဆိုလားပဲ)။ အဲဒါတွေက ပုံပြင် မဟုတ်ပါဘူး။ ကိုယ် လေးငါးတန်း ၁၉၈၅ ခုနှစ်ဝန်းကျင်က ဈေးနှုန်းတွေကို ပြောပြတာပါ။

ဒီတော့ စောန ပြောတဲ့ တစ်ယောက်စာ ထမင်းအုပ်က တစ်ကျပ် ၄၅ ပြား ဆိုတော့ ငယ်ငယ်က သမ၀ါယမဆိုင်မှာ ဆန်သွားထုတ်ရင် (အမှန်တော့ ကိုယ်ရရမယ့် ကိုယ့်ကိုယ်တာကို သွားဝယ်တာပါ၊ ပိုက်ဆံလည်း ပေးရတာပဲ၊ ဒါပေမဲ့ ထုတ်တယ်လို့ပဲ ခေါ်ခဲ့ရတယ်) ဧည့်မထဆန် ၂၅ မှတ် (အကျိုးအကြေ ပါဝင်မှုနှုန်း ၂၅ ရာခိုင်နှုန်းပေါ့လေ) က တစ်ပြည်မှ ၂ ကျပ် ပေးရတယ်။

မိသားစု ၅ ယောက် (အမေ့အမေ အဖွားနဲ့ပါဆို ၆ ယောက်) ရှိတဲ့ ကိုယ်တို့ အိမ်ထောင်စုအတွက် မနက် ဆန် နို့ဆီဘူး လေးလုံး၊ ညနေ နှစ်လုံး ဆိုရင် ကောင်းကောင်း လောက်တယ်။ အ၀စားပဲ။ ဆိုတော့ တစ်ပတ်မှ တစ်ခါ သမ၀ါယမဆိုင်မှာ ဆန် ငါးပြည် သွားထုတ်တယ်။

အမေက ၁၀ တန် တစ်ရွက် ပေးလိုက်ရင် ပြည်သူ့ဆိုင်စာအုပ် (နောက်ပိုင်းတော့ ကုန်ဝယ်စာအုပ်လားခေါ်တယ်) ယူ၊ ပိုက်ဆံ ၁၀ တန်ကို သေချာကိုင်၊ ဆန်ထည့်မယ့် မြွေရေခွံအိတ်ကို ယူ၊ ညီလေးက လိုက်မယ်ဆိုရင် ခေါ်…ကိုယ် ဆန်သွားဝယ်ရတယ်။

၎၊ ၅ တန်း ကျောင်းသား ပြည်သူ့ဆိုင် ဆန်သွားဝယ်ရတာ ပထမ နည်းနည်းတော့ ရှက်တယ်၊ အဖွားက လိုက်ပေးရတယ်။ နောက်တော့ ဘေးအိမ်က အစ်ကိုအရွယ်တစ်ယောက်က ဆန်အမြဲ သွားဝယ်တော့ သူ့ကို အားကျလာတယ်။ သူတို့က မိသားစုကလည်း များ၊ သူကိုယ်တိုင်ကလည်း ဗလကောင်းတော့ တစ်ခါဝယ်ရင် ၁၀ ပြည်၊ ၁၅ ပြည်ဝယ်ရတယ် ထင်ပါ့။ ၁၅၊ ၁၆ နှစ်လောက်ဖြစ်နေတဲ့ သူက ဆန်အိတ်ကို ထမ်းပြီးလာရင် ယောက်ျားပီသတယ်လို့ ထင်တယ်။

ယောက်ျားလေးမို့ အိမ်အတွက် ဆန်ဝယ်ရတာ၊ ငါက အိမ်မှာ လူကြီးပဲ(သားကြီးပဲ)ဆိုပြီး နောက်တော့ ရှက်တဲ့စိတ်ကို ဖျောက်ရတယ်။ အမေကလည်း ငါ ပိုက်ဆံပေးလို့ နင် သွားဝယ်လို့ရတာ၊ အလကား သွားယူတာမှ မဟုတ်တာလို့ ဆုံးမတော့ အသက် ၁၀ နှစ်အရွယ် ကိုယ်ဟာ ဆန် ၅ ပြည်ကို ပခုံးပေါ်ထမ်းရင်း ရပ်ကွက်ထဲက လမ်းတွေပေါ် ဖြတ်လျှောက်ရတာ ကိုယ့်ကိုယ်ကိုယ် တကယ့်ယောက်ျားကြီးလို့ ထင်မှတ်မိတော့တယ်။

အခုတော့ တစ်မတ်၊ ငါးမူး၊ သုံးမတ်၊ တစ်ကျပ်၊ ငါးပြား၊ ဆယ်ပြား စတဲ့ မြန်မာကျပ်ငွေရဲ့ အခြေခံယူနစ်တွေကို ကိုယ့်အောက် ၁၀ နှစ်လောက် ငယ်သူတွေ သိပါရဲ့လား မသိ။ တစ်ကျပ်၊ နှစ်ကျပ်၊ ငါးကျပ်၊ ၁၀၊ အစိတ် (၂၅ ကျပ်)၊ ၁၀၀ ကျပ်တွေကော သိရဲ့လား မသိ။ အခုခေတ်က အနည်းဆုံး ၅၀၊ ၁၀၀၊ ၂၀၀၊ ၅၀၀၊ ၁၀၀၀ ကျပ်တွေ ဖြစ်ကုန်ပါပြီ။

ရန်ကုန်က ထမင်းဆိုင်မှာ တစ်ခါစားရင် ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဖြစ်နေပြီဆိုတော့ ဒီငွေ ပမာဏဟာ ဟိုခေတ်ကဆိုရင် (လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က) မြို့စွန်ဘက်မှာ မြေစိုက် ဓနိမိုး (သက်ကယ်မိုး) တဲလေး တစ်လုံးလောက်တောင် ၀ယ်လို့ရမယ်ထင်ပါတယ်။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ…ဆိုတဲ့ ချစ်သူတွေ အတွက် ထမင်းတစ်နပ်မစားဘူးဆိုရင် အဲဒီတဲလေး အပိုင်ဝယ်ပြီး သွားနေလို့ရနိုင်တာပေါ့။

အခုတော့ ငယ်ငယ်က အကြောင်းတွေ ပြန်တွေးရင်း ကုလားလေး ကိုယ်ဟာ ကုလားတောက ကုလားဆိုင်လေးမှာ အကြွေစေ့တွေ ထည့်ထားတဲ့ အိတ်သေးသေး တစ်လုံးကို ဂျင်းဘောင်းဘီနောက်ဘက် အိတ်ကပ်ထဲထည့်ပြီး ချာပါတီပူပူလေး စားလိုက်၊ လက်ဖက်ရည်ပူလေး တစ်ငုံသောက်လိုက်နဲ့ ဇိမ်ကျနေတော့တယ်။

ဆက်ပါဦးမယ်။

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်။ ည ၈ နာရီခွဲ။