လန်ဒန်ရောက်ပြီး တစ်နှစ်ကြာ အိမ်ခန်းပြောင်းရွှေ့ရပုံလေး အမှတ်တရ ရေးထားချင်မိတယ်။ အဲ…အခုတော့ အရင်တစ်နှစ်က အကြောင်းကို အရင် ပြန်အောက်မေ့လို့ အရင်ရေးပြချင်ပါသေးတယ်။

လန်ဒန်ကို ရောက်ရောက်ချင်းတော့ အလုပ်က စီစဉ်ပေးတဲ့နေရာမှာ နေရတယ်။ အိပ်ရာနေရာနဲ့ မနက်စာ Breakfast ပါ ပါပြီး ၃၅ ပေါင်လောက် ပေးရတယ်။ နောက်တော့ ဒါက ကိုယ့်ရပိုင်ခွင့်ထဲက ဖြတ်တောက်နေတာဆိုတော့ အိမ်ခန်းငှားနေရင် သက်သာနိုင်တယ်ဆိုတာ သိတဲ့အခါ အိမ်ခန်းငှားဖို့ အရှာထွက်ရတယ်။

လန်ဒန်မှာ အိမ်ခန်းရှာရတယ် လွယ်ပါတယ်။ ခက်တာက အချိန်ပါ။ ရောက်တာနဲ့ အလုပ်ထဲ တန်းဝင်ရတာဆိုတော့ အခန်းရှာဖို့ ပြင်ဆင်ချိန် မရလိုက်ဘူး။ နဂိုကထဲကလည်း လန်ဒန်မှာ သူငယ်ချင်း အရင်းအချာတွေ မရှိတာမို့ သူတို့ကလည်း ကိုယ့်အတွက် ကြိုတင် မရှာပေး ထားနိုင်ဘူး။

ဒါနဲ့ပဲ ရုံးက မမတစ်ယောက် အကူအညီနဲ့ http://www.gumtree.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ရှာရတယ်။ သူက အိမ်ခန်းတင် မဟုတ်ဘူး။ ကိုယ့်တစ်ကိုယ်ရေဘ၀ အတွက် လိုအပ်တာ တော်တော်များများ ရှာလို့ရတယ်။ လိုအပ်တဲ့ လူသုံးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေလည်း ရှာလို့ရနိုင်တယ်။ မိတ်ဆွေ သူငယ်ချင်းလည်း ရှာလို့ ရတယ်။ ခရီးသွားဖော်လို ဟာမျိုးလည်း ရှာလို့ရတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ှီ
ဒီလိုနဲ့ ၀က်ဘ်ဆိုက်အားကိုးနဲ့ ရှာ..ရှာ..ရှာပေါ့လေ။ ကိုယ်သုံးမယ့်ပိုက်ဆံရယ်၊ ရုံးနဲ့ အနီးအဝေး အနေအထားရယ်၊ သွားလာရင် ကုန်ကျမယ့် ခရီးစရိတ်နဲ့ အချိန်ရယ်၊ ရပ်ကွက်အနေအထားရယ် စသဖြင့် တော်တော်လေး ချိန်စက်ရပါတယ်။ ရောက်ကာစဆိုတော့ သေချာလည်း မသိဘူးပေါ့။ တစ်ယောက်ပြောတာ ဟိုနေရာက ဟိုလို..ဒီနေရာက ဒီလိုဆို မှတ်ထားလိုက်၊ နောက်တစ်ယောက် ပြောတော့လည်း ဟုတ်ကဲ့ လုပ်လိုက်၊ ပေကလပ် ပေကလပ်လေးပေါ့။

ဒီလိုနဲ့ ပြောသမျှတွေ ခေါင်းထဲထည့်၊ ၀က်ဘ်ဆိုက်မှာ ရှာ၊ အိမ်ခန်းကို တာဝန်ခံ ပြပေးမယ့် သူတွေနဲ့ ဖုန်းနဲ့ ဆက်သွယ် ချိန်းဆိုပြီး သွားကြည့်ရတယ်။ တချို့ကလည်း အခန်းပိုင်ရှင် ကိုယ်တိုင်၊ တချို့ကလည်း အခန်းဖော်(flat mate)၊ သူတို့က အခန်းကို ပြပေးတာပေါ့။

ဒီလိုနဲ့ တစ်နေရာကြည့်လိုက်…“ဟား သိမ်းမြစ်ကမ်းကို အပေါ်စီးက ကြည့်ရမယ်၊ မနက်ခင်း နေခြည်လေးနဲ့ အတူ နိုးထမယ်၊ ရှုခင်း အခင်းအကျင်းက သိပ်ကောင်းတယ်။ ဈေးကလည်း တစ်လ ၄၀၀ သာသာရယ်…ယူမယ်ပေါ့။ အဲ…ခက်တာက ကောင်စီတိုက် Council Flat ဖြစ်နေတာရယ်၊ ၁၆ ထပ်မှာ ရောက်နေတာရယ်၊ ဓာတ်လှေကား သေးသေးလေးနဲ့ အတက်အဆင်း လုပ်ရမယ်ဆိုတာရယ်…ရယ်…ရယ်…ရယ် “။ ဒါနဲ့ပဲ..မယူဖြစ်တော့ပါ။

တခါ အာဆင်နယ် ဘောလုံးကွင်းနားက အခန်းတစ်ခန်း သွားကြည့်ပြန်တယ်။ သူကလည်း တစ်လ ၄၀၀ ပါပဲ။ ကိုယ်က အာဆင်နယ်ပရိသတ်တော့ မဟုတ်။ ဒါပေမဲ့ ဘောလုံးကွင်းတစ်ကွင်းနား နေရလည်း မှတ်မှတ်သားသား ဖြစ်လောက်တာပေါ့ဆိုပြီး သွားကြည့်ပြန်တယ်။ အခန်းနေရာလးက မဆိုး…အပေါ် သုံးထပ်မှာ၊ တက်နိုင်သားပေါ့။ ဒါပေမဲ့ အခန်းက ဘာမှမရှိ၊ ကိုယ်နေမယ်ဆိုရင် အကုန်ဝယ်ထည့်ရမယ့်သဘော…သူက အခန်းလွတ်ငှားတာ၊ လက်တင် ၀င်နေလို့ရမယ့်ပုံ မဟုတ်။ ဒါနဲ့ ကျေးဇူးပါခင်ဗျားဆိုပြီး လစ်ရပြန်တယ်။

ဒီမှာက အခန်းငှားနေရင် ကိုယ့်အ၀တ်အိတ်နဲ့ ကိုယ်ပိုင်တဲ့ စာအုပ်အိတ်လေးဆွဲပြီး လက်တင် တက်နေလိုက်ရုံ..၊ အ၀တ်လျှော်စက်၊ ရေခဲသေတ္တာ၊ မီးဖိုချောင်သုံး ပစ္စည်းအစုံအလင်၊ ကုတင်၊ စားပွဲ ကုလားထိုင်၊ ဗီရို စသဖြင့်.. တီဗီတောင် တချို့ပါလိုက်သေး အကုန်အဆင့်သင့် ပါပြီးကိုဗျ။

နောက်တစ်ခန်းကတော့ ရုံးနဲ့သိပ်မဝေး၊ လမ်းလျှောက်ရင်တော့ နာရီဝက်လောက် လျှောက်ရမယ့်ပုံ၊ ကားစီးရင်တော့ ၁၀ မိနစ်၊ ၁၂ မိနစ်လောက်ပေါ့။ ကျောင်းတွေ ရှိတဲ့နား၊ ကျောင်းသားလေးတစ်ယောက်က တာဝန်ခံယူထားတာ…Flat တစ်ခုလုံးကိုလေ၊ ပြီးတော့မှ သူက အခန်းတွေကို ပြန်ငှားတာပေါ့။ ဒါပေမဲ့ ဈေးက နည်းနည်းမြင့်နေတယ်။ ၅၀၀ ကျော်ဆိုတော့ စဉ်းစားဦးမယ်ဆိုပြီး ပြန်ခဲ့တယ်။

လန်ဒန်မှာက အခန်းငှားနေတယ်ဆိုတာ တစ်ပတ်နေခနဲ့ တွက်တယ်။ တစ်ပတ်ကို ပေါင် ၅၀ လား၊ ၆၀ လား၊ ၇၀ လား၊ ၈၀ လား၊ ၁၀၀ လား၊ ၁၅၀ လား။ ဒီလိုကိုး။ ဒီတော့ အခန်းကြိုက်ရင် နှစ်ပတ်စာ စပေါ်(စဗော်လို့ အသံထွက်တယ်)တင်၊ နှစ်ပတ်စာ ဒါမှမဟုတ် လေးပတ်စာ အခန်းခ ကြိုတင်ငွေပေးရင် နေလို့ရပြီ။

မကြိုက်လို့ ပြောင်းချင်ရင် ကိုယ်က အခန်းငှားတဲ့သူကို နှစ်ပတ် ဒါမှမဟုတ် လေးပတ်ကြိုတင် အသိပေးလိုက်ရုံ၊ အခန်းငှားတဲ့သူကလည်း ကိုယ့်ကို မကြိုက်တော့လို့ မထားချင်တော့ရင် နှစ်ပတ် သို့မဟုတ် လေးပတ် ကြိုပြောလိမ့်မယ်။

ကိုယ်က အခုတစ်နေရာမှာ တစ်နှစ်နေခဲ့ဖူးပြီဆိုတော့ စပေါ်နှစ်ပတ်စာတင်နေ၊ လေးပတ်စာတစ်ခါ ကြိုပေးဆိုတော့ တစ်နှစ်အတွင်း ၁၃ ကြိမ်ပေးခဲ့ရတယ်။ တစ်နှစ်မှာ ၅၂ ပတ် (သီတင်းပတ်) ရှိတော့ ၁၃ ကြိမ်ပေးရတာပေါ့လေ။ တချို့ကလည်း ပြက္ခဒိန်လနဲ့တွက်တယ်။ ဇန်န၀ါရီတစ်လ၊ ဖေဖော်ဝါရီတစ်လ စသဖြင့်ပေါ့လေ။ ဒီတော့ ရက်စွန်းအ၀င်အထွက်ကို စားပြုတွက်ချက်ပြီး ပေးဝင်လိုက်တယ်။ နောက်တော့ ခုနပြောသလို ပြက္ခဒိန်လ တစ်လချင်းပေးပေတော့ပဲ။

တချို့ကျလည်း အခု ၂၀ ရက်နေ့ အခန်းပြောင်းနေတယ်ဆိုရင် နောက်လ ၁၉ ရက်ကျ တစ်လပြည့်တယ်ပေါ့။ ဒီလိုတွက်တာမျိုးလည်းရှိတယ်။ ဒီတော့ လေးပတ် တစ်ခါ ပေးရင် တစ်နှစ် ၁၃ ကြိမ် အခန်းခ ပေးရမယ်။ တစ်လတစ်ကြိမ် ပေးမယ်ဆိုရင် တစ်နှစ် ၁၂ ကြိမ်ပေးရမယ်။ ကြိုပေးရမယ်။

အခန်းဈေးတွက်ရင်တော့ သီတင်းပတ်နဲ့ ပေးတာက ရှင်းတယ်။ လအတွက်ကျတော့ သီတင်းတစ်ပတ်စာကို ၅၂ နဲ့ မြှောက်၊ ၁၂ နဲ့စား တစ်လစာ ထွက်လာ ရောဗျ။

ရန်ကုန်မှာ မိဘအိမ်တစ်သက်လုံး ပေါ်ကြော့(ဗော်ဂျော့ လို့ အသံထွက်သဗျ) နေလာတာ ဘာ အခန်းခမှာလည်း မပေးရဘူး။ နေဖို့လည်း မတောင့်မတ မကြောင့်မကြ နေခဲ့ရတော့ ဒါတွေ ဘာမှမသိခဲ့ဘူး။ အိမ်လည်း ကန်ထရိုက်တိုက် ပြန်ဆောက်တုန်း တခါ၊ ငှားပေးခဲ့အခန်း နေဖူးတာကလွဲလို့ တစ်ခါမှ ငှားမနေခဲ့ဘူးတော့ ဒီရောက်မှ ပညာတွေ တိုးလာတာပေါ့ဗျာ။

ခုန စကားပြတ်သွားတာတစ်ခုက ကိုယ်က တစ်အိမ်လုံး Flat တစ်ခုလုံးကို တာဝန်ခံယူထားပြီး ပြန်အငှားချလို့လည်း ရတယ်ဗျ။ ဒါတွေက နည်းနည်းအနေကြာမှ သိလာတာ။

ဒီလိုဗျ.. အိမ်တစ်အိမ်၊ အလွှာတစ်လွှာ ယူလိုက်ရင် မာစတာဘတ်ရွန်း (အခန်းကြီး) က ဘယ်နှခန်း၊ အခန်းလေး (တစ်ယောက်ခန်း) ဘယ်နှခန်းဆိုပြီး ပါလာတယ်ဗျာ။ အခန်းများရင် ဈေးပိုများတာပေါ့လေ။ ဒီတော့ ဥပမာ တစ်လ ပေါင် ၁၅၀၀ တန် အိမ်တစ်လုံး ကိုယ်က တာဝန်ခံ ငှားထားမယ်ဆိုပါတော့…။

အခန်းကြီး ၂ ခန်း၊ အခန်းငယ် ၂ ခန်း ပါလာတယ်ထားပါ။ ရုပ်သံစက်၊ ဧည့်ခန်း၊ အ၀တ်လျှော်စက်၊ ရေခဲသေတ္တာ မီးဖိုချောင်ပစ္စည်း အပြည့်အစုံလည်း ပါတာပေါ့။ ဒီတော့ ကိုယ်က အခန်းကြီး ၂ ခန်းကို တစ်လ ၄၅၀ စီနဲ့ ပြန်ငှားရင် ၉၀၀ ရမယ်၊ အခန်းငယ် ၂ ခန်းကို ၃၀၀ စီနဲ့ ပြန်ငှားရင် ၆၀၀ ရမယ်။ ဒီတော့ ၁၅၀၀ ပြန်ရပြီ။ ကိုယ်က ဧည့်ခန်းကို အိပ်ခန်းလုပ် နေလိုက်၊ ဒီတော့ ကိုယ်က စရိတ်ငြိမ်း ဖြစ်သွားပြီ။

အိမ်တစ်လုံးမှာ ကုန်မယ့် ရေဖိုး၊ မီးဖိုး၊ ဂတ်စ်ဖိုး၊ ဒါတွေကိုတော့ ကိုယ်က ပေးရမယ်။ ဒီတစ်အိမ်လုံးရဲ့ ကောင်းတာဆိုးတာကို တာဝန်ခံ လုပ်ကိုင်ရမယ်။ သန့်ရှင်းရေး… အမှိုက်ပစ်တာက အစပေါ့လေ။ ရေချိုးခန်းသုံး၊ မီးဖိုချောင်သုံးပစ္စည်း လိုတာလေးတွေ (တစ်ရှုးလို၊ လက်ဆေး ဆပ်ပြာလိုဟာတွေပေါ့) ၀ယ်ထည့်ရမယ်။ ကောင်စီအခွန်ဆိုပြီး ကိုယ်နေတဲ့ကောင်စီကို တစ်နှစ်ဘယ်လောက်ဆိုပြီး အခွန်ပေးရမယ်။ တချို့အဲဒီလို အိမ်တစ်လုံးလုံးယူပြီး ပြန်ငှားစားတာ တွေ့တယ်။

အခန်းတွေလိုက်ကြည့်တာကို ဆက်ပြောဦးမယ်။ နောက်တစ်ခန်းက Richmond ဘက်မှာ သွားကြည့်တယ်။ သူဌေးရပ်ကွက်လို့ သူများတွေက ပြောတာပါပဲ။ တရုတ်လေးတစ်ယောက်က သူပိုင်တဲ့အခန်းလို့ ပြောတယ်။ ကိုယ့်ထက် ၅ နှစ်၊ ၆ နှစ်လောက် အသာလေး ငယ်တာပေါ့။ ဘူတာရောက်တော့ ဖုန်းဆက်လိုက်တဲ့အခါ လာကြိုတယ်။ သူ့အခန်းကလည်း တစ်လ ၄၀၀ ပဲ။ အခန်းပြပြီးတော့ ယူမယ်မို့လားတဲ့။ သူက ကိုယ်တစ်ခါတည်း ယူမယ်မှတ်နေတာကိုး။ ကျွန်တော်အကြောင်းပြန်ပါမယ်လို့ ပြောတာကို သူက သိပ်ကြိုက်ပုံမရဘူး။ တခါထဲ ယူမယ်လို့ သူက တွက်ထားတာကိုး။ တောင်းတောင်းပန်ပန်နဲ့ ပြန်ခဲ့ရတယ်။

နောက် Finsbury ဘက်မှာလည်း တစ်ခါသွားကြည့်သေးတယ်။ မော်ရိုကိုက အန်တီကြီးတစ်ယောက်ပိုင်တာပဲ။ အခန်းထဲမှာ ရေခဲသေတ္တာလေးတောင် ပါသေးတယ်။ ကိုယ်က မကြိုက်ပြန်ဘူး။

အခန်းတစ်ခန်းကို ဘယ်လို ရွေးရမှာလဲ။ အထက်က ပြောခဲ့သလို ကိုယ်သုံးမယ့်ပိုက်ဆံ၊ လမ်းပန်းဆက်သွယ်ရေး၊ ရုံးနဲ့ အနီးအဝေး။ အဲဒါထက် ပိုတာက sense ဗျ။ six sense လို့ ခေါ်ရမလား။ ဆဋ္ဌမ အာရုံပေါ့ဗျာ။ feeling ပေါ့ဗျာ။ ငြိတာပေါ့ဗျာ။ ကိုယ်နေမယ့်အခန်းကို ကိုယ့်မျက်စိ မကျဘဲ မကြိုက်ပါဘူးလေ။ ဟို…ရွေးချယ်ခွင့်တွေရတဲ့ နေရာမို့လည်း ဖြစ်မှာပေါ့။

အဲ..နောက်တွက်ရတာ တစ်ခုက ခရီးလမ်းပန်းပေါ့ဗျာ။ လန်ဒန်မြို့ကြီးကို ခရီးသွားတဲ့အခါ ဇုန်တွေ ခွဲခြားထားတယ်။ မြို့လယ်ကောင် တည့်တည့်က ဇုန်-၁ ပေါ့။ သူ့ပတ်လည် ၀န်းကျင်က ဇုန်-၂ ပေါ့။ နောက် နည်းနည်းလှမ်းတဲ့ ပတ်လည်က ဇုန်-၃ ပေါ့။ နည်းနည်းချင်း ချဲ့ချဲ့သွားလိုက်တာ ဇုန်-၇၊ ဇုန်-၈ ဆိုရင် အလှမ်းဆုံး နေရာတွေ ဖြစ်သွားတာပေါ့။

ဒီတော့ မြို့လယ်ခေါင် ဇုန်-၁ ထဲမှာရှိတဲ့ ရုံးကို တစ်နာရီအတွင်း ရောက်ဖို့ကတော့ (ဒီမှာတော့ အိမ်ကနေ ရုံး အကွာအဝေးကို door to door လို့ ခေါ်ပါတယ်) အဝေးဆုံး ဇုန်-၃ ထဲ နေတာပဲ ကောင်းပါတယ်။

ခရီးစရိတ်ကလည်း ဇုန်-၁ ကနေ ဇုန်-၃ တစ်လစာ ခရီးသွားကတ် (ဒီမှာတော့ Oyster ကတ် သုံးတာပေါ့လေ) ၀ယ်မယ်ဆိုရင် ၁၀၀ ကျော်လောက် ကျပါတယ်။ ဇုန်-၁ ကနေ ဇုန်-၄ ဆိုရင် ပိုကုန်ကျပါတယ်။

ဒီလိုနဲ့ အကုန်လုံး တွက်ချက်လိုက်တာ ကိုယ်တိုင်လိုက်ကြည့်တဲ့ အခန်း တစ်ခန်းမှ မကြိုက်ပါဘူး။ နောက်တော့ ရန်ကုန်မှာ ခင်မင်ခဲ့ပြီး လန်ဒန်ကို ကိုယ့်ထက် အရင် ရောက်နှင့်နေတဲ့ ဘိုဘို ကူညီလို့ (“ကျွန်တော်က ပြောင်းတော့မှာ၊ လိုက်ကြည့်ချင် ကြည့်ဆိုလို့..)ဘိုဘို နေနေတဲ့ အခန်းကိုပဲ လိုက်ကြည့်မိတဲ့အခါ အိမ်ကို တာဝန်ခံယူထားတဲ့သူတွေကလည်း မြန်မာတွေဖြစ်နေတာနဲ့“မဆိုးပါဘူးလေ“ဆိုပြီး ယူဖြစ်လိုက်တာ တစ်နှစ်ကြာ နေထိုင်ဖြစ်ခဲ့ပါတော့တယ်။ ကျေးဇူးပါ ဘိုဘိုရေ…။

တစ်နှစ်ကြာပြီးနောက်မှာတော့ အခုအခန်းအသစ်ကို တစ်နေ့ကပဲ ပြောင်းရပါတယ်။ ဒီတစ်ခေါက် အိမ်ခန်းရှာတဲ့အကြောင်းကို ထပ်ရေးချင်ပါသေးတယ်။ ကြာရင်မေ့သွားမှာစိုးလို့ပါ။ အမှတ်တရပေါ့။

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်။ နံနက် ၉ နာရီ။