လန်ဒန်ရောက်စက ကောင်းကောင်း မသွားလာတတ်သေး၊ သူတို့စကားလည်း ကောင်းကောင်း မပြောတတ်သေး။ တစ်ခါတခါ ဘာပြောသွားမှန်း မသိ၊ တစ်လုံးဆို တစ်လုံးမှ နားမလည်လိုက်။

ဘာသာစကားပေါင်း ၃၀၀ ကျော်ပြောတဲ့ ကမ္ဘာ့အရပ် လေးမျက်နှာက လာတဲ့ လူမျိုးကွဲတွေနေတဲ့ လန်ဒန်လေ…။ အင်္ဂလိပ်စကားကို ဘုံစကားအဖြစ် ပြောကြတယ် ဆိုပေမယ့် အသံထွက်တွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှမတူ၊ နည်းနည်းမှ မတူ။

အဲဒီတော့ သူတို့ ချိန်းဆိုတဲ့အချိန် အတိအကျ အခန်းကြည့်နိုင်ဖို့ဆိုတာ အချိန်အများကြီး ပိုစောင်းပြီးမှ သွားရ ကြည့်ရတာ…ဒီကြားထဲ အဆင်ပြေမှ ပြေပါ့မလား ဆိုပြီး စိုးထိတ်မှုတွေကလည်း ရှိသေးရဲ့။

ဟဲ..ဟဲ..။ ဒုတိယအကြိမ်မှာတော့ နည်းနည်းဆရာ ဖြစ်လာပြီ။ လန်ဒန်မြေအောက်ရထား (Underground လို့လည်းခေါ်တယ်၊ Tube လို့လည်း ခေါ်နိုင်တယ်) ကို လန်ဒန်တခွင်တော့ ကောင်းကောင်းစီးတတ်ပြီ။ တကယ်တော့ လန်ဒန်မှာက Double Decker လို့ခေါ်တဲ့ နှစ်ထပ်ဘတ်စ်ကားကြီးတွေ ကောင်းကောင်း စီးတတ်မှ လန်ဒန်ဂျပိုး လန်ဒန်ဆရာလို့ တကယ် ခေါ်နိုင်ပါတယ်။

ကိုယ်ကတော့ ဘတ်စ်ကို မကြိုက်။ ကြာတယ်၊ ကွေ့ဟယ်ဝိုက်ဟယ်နဲ့ လမ်းကျဉ်းတွေပါမကျန် မောင်းနေတော့ ခေါင်းမူးတယ် ဆိုပြီး မဖြစ်မနေမှ စီးတယ်။ သူက ဈေးတော့ သက်သာတယ်။ ဒါပေမဲ့ ခရီးအကွာအဝေးချင်းတူ ဘတ်စ်က မြေအောက်ရထားထက်တော့ အချိန်နှစ်ဆ ပိုကြာတယ်။

မြေအောက်ရထားကတော့ မြန်မှမြန်၊ မြေအောက်ရထားလမ်းတွေက လန်ဒန်တစ်မြို့လုံးကို ယှက်သွယ်ဖောက်လုပ်ထားပြီး မြေအောက်မှာပဲ ၁၀ လိုင်းမက ပြေးလို့ တစ်နေ့ကို လူ ၄ သန်းလောက် သယ်ပို့နေတာဆိုတော့ သွက်သွက်လက်လက် သွားတယ်။ ဒါကို ကြိုက်တယ်။

နောက်ပြီး ရန်ကုန်မှာ ဘတ်စ်ပဲ စီးဖူးပြီး ရထားကောင်းကောင်း မစီးခဲ့ရတော့ ဒီမှာကျ ရထားကိုပဲ ဓာတ်ကျနေမိတယ်။ ရန်ကုန်ဘတ်စ်တွေကလည်း သိတဲ့အတိုင်း ကျပ်ပိတ်သိပ် နေတာကိုး…။

အဲ ရန်ကုန်ဘတ်စ် ကျပ်တယ်ဆိုပေမယ့် ရန်ကုန်ကလာတဲ့ အစ်ကိုတစ်ယောက်ကို လန်ဒန်မှာ ဟိုနားဒီနားလိုက်ပို့တဲ့အခါ မြေအောက်ရထား ကျပ်ချိန်နဲ့ ကြုံတော့ “ဟာ..မင်းတို့ လန်ဒန်ကလဲကွာ၊ ဒဂုံ(မြို့သစ်)ဘတ်စ်ကားထက်တောင် ကျပ်ပါလားကွ“တဲ့။ တကယ်ကို ကျပ်တာပါ..အဲဒီလို။

ဟုတ်ပြီ၊ ဒီတစ်နှစ် အခန်းရှာရတဲ့ ဖြစ်ပုံအစကတော့ မူလနေတဲ့ အခန်းမှာ ဂျပိုးတွေ့တာက စတာပါပဲ။

အဲဒီမှာ မဖြစ်မနေ ပြောင်းပေးခဲ့ရတော့တာကိုးဗျ။

လန်ဒန်ရောက်ပြီး သုံးပတ်လောက် အကြာကစလို့ နေခဲ့တဲ့ အခန်းမှာ ၁၀ လကျော် ၁၁ လတွင်း ၀င်တဲ့အထိ အေးအေးဆေးဆေး နေနိုင်ခဲ့ပေမယ့် ၁၁ တွင်း ၀င်လာတဲ့ အခါမှာတော့ ကိုယ့်ပုဆိုးမှာ အမှတ်မထင် ဂျပိုးတစ်ကောင် စတွေ့ပါတယ်။ တွေ့တွေ့ချင်းတော့ တော်တော်ကြီးကို ထိတ်လန့်မိပါတယ်။ ဂျပိုးကို ကြောက်လို့မဟုတ်ပါ။ “ဟ..ဘယ်နှယ့် လန်ဒန်မြို့မှာ ဂျပိုးက ရှိနေရသလဲ“ပေါ့။

ဒီနေရာမှာတော့ ကိုယ့်တိုင်းပြည်ကို အထင်သေးလှချည်လား ပြောရင်လည်း ခံရမှာပါပဲ။ ကိုယ်ထင်တာက ရန်ကုန်လို ပူတဲ့ အိုက်တဲ့၊ မီးမမှန် ရေမလာတဲ့၊ ခြင်၊ ယင်၊ ဖုန် ထူပေါတဲ့ နိုင်ငံမှာပဲ ဂျပိုးရှိနိုင်တယ်လို့ ထင်တာကိုး…။ လန်ဒန်လို မြို့မှာတော့ ဂျပိုးဆိုတာ မရှိလောက်ဘူး ထင်ခဲ့တာကိုး။ လွဲတာမှ အကြီးအကျယ်ကို လွဲပါရောပါလားဗျာ။

လန်ဒန်မြို့ကြီးမှာလေ…တခြားနေရာတော့ မသိပါဘူး။ လန်ဒန်ရောက်ပြီး ၁၁ လ အကြာမှာ ကိုယ့်အခန်းတွင်းမှာပဲ ဂျပိုးရော၊ ယင်ရော၊ ခြင်ရော၊ ပိတုန်းရော အကုန်တွေ့ခဲ့ရပါတယ်။ ပိုးဟပ်ပဲ မတွေ့ရတာပါ။ ဖုန်ကလည်း ထူလိုက်တာ မပြောပါနဲ့။ တစ်လလောက်အတွင်းမှာပဲ ကွန်ပျူတာမှာရော၊ တီဗီမှာရော၊ စားပွဲ ကုလားထိုင်မှာရော ဖုန်တွေဆိုတာ အထပ်လိုက်ပါပဲ။ တော်တော်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကိုယ်ထင်ထားတဲ့ လန်ဒန်က တော်တော်သန့်တဲ့ လန်ဒန်ပါ။

မိုးရွာတဲ့အခါ ရေတွေမဆင်းလို့ လမ်းပေါ်မှာ ရေဆိုးတွေ တင်နေတာ၊ တက္ကစီကားတွေက အဲဒီနား ခပ်သွက်သွက် မောင်းသွားတာတွေလည်း ရန်ကုန်နဲ့မခြား တွေ့ဖူး၊ ကြုံဖူးတော့ နေရာတိုင်းမှာ အကောင်းအဆိုး ဆိုးတာ ရှိစမြဲပါလား ဆိုတာကို ပိုပြီး လက်ခံယုံကြည်လာပါတော့တယ်။ ဒီနေရာမှာ ပြောချင်တာက လူက အဓိကပါ။ လူကောင်းတယ်ဆိုရင် အားလုံးကို ကောင်းအောင် လုပ်လို့ရပါတယ်။ ကျန်တဲ့ အကောင်းအဆိုးတွေဆိုတာ လူက လုပ်တာပါဗျာ။

ဒီတော့ ဂျပိုးရှိလာတော့ အိမ်ကို တာဝန်ခံယူထားတဲ့ မြန်မာတွေက (အိမ်ထောင်ဦးစီးလုပ်တဲ့သူက ကိုယ့်အောက် ၅ နှစ်လောက် ငယ်ပါတယ်) တစ်အိမ်လုံးကို ဂျပိုးသေအောင် ဆေးမှုန့်တွေ ဖြူးပါတယ်။ တကယ်တော့ ပုရွတ်ဆိတ် မလာအောင် ပိုးကောင်တွေသေအောင် ဖြူးရတဲ့ ဆေးပါပဲ။ ဂျပိုးကလည်း ပိုးကောင်ပဲ ဆိုတော့ ဖြူးလို့ရတာပေါ့ဗျာ။

အဲဒီမှာတိုက်ဆိုင်တာက ဂျပိုးမတွေ့ခင် လပိုင်းလောက်မှာ အိမ်ရဲ့ မာစတာဘတ်ရွန်းလို့ ပြောရမယ့် နှစ်ယောက်နေလို့ရတဲ့ အခန်းကို အီရန်နှစ်ယောက် ရောက်လာတယ်။ အဲ..မကြာခင် တွေ့တာပဲဆိုပြီး အိမ်တာဝန်ခံ ညီငယ်က ပြောပါတယ်။ ကိုယ်ကလည်း အေးအေးနေတတ်တော့ ဘာမှ မေးမနေ ပြောမနေတော့ပါဘူး။ ဟုတ်လားပေါ့။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ အိမ်မှာ ဂျပိုးရှိနေတယ်ဆိုတော့ ကိုယ်ကလည်း နေရတာ တစ်မျိုး ဖြစ်လာပါတယ်။ ဂျပိုးဆိုတဲ့ အမျိုးက အေးအေးနေတာမှ မဟုတ်တာလေ၊ သွေးစုပ်တာကိုးဗျ၊ နော်။

ဒါနဲ့ အိမ်တာဝန်ခံနဲ့ အီရန်တွေ ဘာတွေ စကားပြောလိုက်လဲ မသိ၊ အီရန်တွေ ပြောင်းသွားပြန်တယ်။ အိမ်တာဝန်ခံကလည်း အဲဒီ အီရန်တွေ သုံးသွားတဲ့ ကုတင်ကိုဖြုတ်၊ မွေ့ရာကို ပစ်၊ လုပ်တာကိုင်တာ တွေ့ရတယ်။ ဂျပိုးကတော့ တစ်ခါတခါ တွေ့နေရတုန်း။ နောက်တော့ ကိုယ့်အခန်းဘေးက မြန်မာချာတိတ် တစ်ယောက်ကလည်း သူငယ်ချင်းတွေ စုနေမယ်ဆိုပြီး ထွက်သွားပြန်တယ်။

ဆိုတော့…နှစ်ထပ်အိမ် အပေါ်ထပ် အခန်းသုံးခန်းရှိတဲ့ အိမ်မှာ ကိုယ်ပဲ ကျန်တော့တယ်။ အိမ်တာဝန်ခံတွေက အောက်ထပ်မှာ မိသားစုလိုက်နေကြတာကိုး။ အိမ်ရဲ့ ဧည့်ခန်းရယ်၊ ဧည့်ခန်းနဲ့ မီးဖိုဆောင်ကြားနေရာလပ်တွေကို သူတို့က အားလုံးယူပြီး လူကြီး ၃ ယောက်၊ ကလေး ၂ ယောက် အိမ်အောက်ထပ်မှာ နေကြတာကိုးဗျ။ လန်ဒန်မှာ ငှားစားထားတဲ့ အိမ်တော်တော်များများက ဧည့်ခန်းမရှိတော့ပါဘူး။ ဧည့်ခန်းက အခန်းတစ်ခန်းအဖြစ် နေကြတော့တာကိုးဗျ။

အိမ်တာဝန်ခံမိသားစုမှာလည်း ကလေးအငယ်လေးက တစ်နှစ်သားတောင် မပြည့်သေးဘူးဆိုတော့ ကလေးလေးကို တစ်ခုခုဖြစ်မှာစိုးလို့ ထင်ပါတယ်၊ ဂျပိုးနှိမ်နင်းရေးကို တော်တော်လေး ဂရုတစိုက်ကိုင်တွယ်တာ တွေ့ရပါတယ်။ မိဘမေတ္တာကိုးဗျနော်၊ မိဘဆိုတာမျိုးမှာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကိုယ့်ကလေးကို ချစ်ကြ၊ ဂရုစိုက်ကြ၊ စိုးရိမ်ပိုကြတာပါပဲ၊ အဲ..မြန်မာဆိုတော့ ပိုတောင် သာဦးမှာပေါ့လေ။

ဒါနဲ့…တစ်နေ့တော့ ကိုယ် ကိန်းဘရစ်ခ်ျမြို့က သူငယ်ချင်းဆီ အလည်သွားနေတုန်း ဖုန်းဝင်လာတယ်။ အိမ်တာဝန်ခံ ညီငယ်ဆီကပါ။ “အစ်ကို..ဘယ်ရောက် နေလဲ“တဲ့။ “ကျွန်တော်တို့ အစ်ကို့အခန်းလည်း ၀င်ပြီး ဆေးဖြူးမယ်၊ ဂျပိုးရှင်းလင်းမယ်“တဲ့။ “အေးကွာ၊ ကိုယ် ကိန်းဘရစ်ခ်ျရောက်နေတယ်၊ ညပြန် ရောက်မယ်၊ နောက်နေ့ ရှင်းတာပေါ့“လို့ ပြောလိုက်ပါတယ်။

သူကလည်း ကောင်းကောင်းမွန်မွန်ပါပဲ။ ကြမ်းပြင်ပေါ်မှာ ချထားတဲ့ ကိုယ့်ပစ္စည်းတွေ သိမ်းဆည်းထားဖို့နဲ့ သူတို့ ဆေးဖြူးထားတွေ လုပ်စရာရှိတာတွေ လုပ်မယ်ဆိုတော့ ကိုယ်က ၀မ်းတောင်သာနေ ပါသေးတယ်။ ကိုယ့်မှာ ဂျပိုးက တစ်ခါတခါ တွေ့နေသေးတာကိုး။ ဒါနဲ့ အဲဒီည ပြန်ရောက်ပြီးတဲ့နောက်မှာ ကြမ်းပြင်ပေါ်က ပစ္စည်းတွေသိမ်းပြီး မွေ့ရာ လှန်ကြည့်မိမှ အာ…မွေ့ရာအောက်မှာ ဂျပိုးတွေ အများကြီးပါလား။

မွေ့ရာနှစ်ခုမှာ အောက်ကတစ်ခုက အစုတ်ကြီးဖြစ်နေတော့ ဂျပိုးခိုအောင်းဖို့ နေရာကောင်း ဖြစ်နေတာကို အစက သတိမထားခဲ့မိဘူး ဖြစ်သွားတယ်။ နောက်တစ်ခုက လန်ဒန်မှာ ဒီနှစ်ပိုင်းတွေအတွင်း ရာသီဥတုက အလွန်ပူလာတော့ ဂျပိုးတွေ ပေါက်ပွားဖို့က အခြေအနေကောင်း ဖြစ်နေပါတယ်။ ထားပါတော့…။

နောက်တစ်နေ့ ကိုယ်ရုံးသွားချိန်မှာ အိမ်တာဝန်ခံမိသားစုက ကိုယ့်အခန်းထဲဝင်ပြီး ရှင်းလင်းရေး လုပ်လိုက်ကြတာ…မွေ့ရာနှစ်ခုအနက် အောက်က မွေ့ရာ အစုတ်ကြီးကို ပစ်၊ သစ်သားကုတင်ကို ဖြုတ်၊ အပေါ်က မွေ့ရာတစ်ခုတည်းကိုပဲ ကြမ်းပြင်မှာ ချထားတာကို ကိုယ်ရုံးက ပြန်ရောက်တော့ တွေ့ပါတယ်။

ဒါနဲ့ ဘယ်လိုဖြစ်ကုန်တာတုံး၊ ကုတင် ဘယ်ရောက်သွားတုံးဆိုပြီး မေးတော့မှ ဂျပိုးတွေ အများကြီးတွေ့လို့ ကုတင်ကို ဖြုတ်ပစ်လိုက်ရတယ်။ ကုတင်အသစ် လဲပေးပါမယ်လို့ အိမ်တာဝန်ခံညီလေးက ဆိုလာပါတယ်။ ဒါနဲ့ ကိုယ်ကလည်း ကုတင်အသစ်နဲ့ ဂျပိုးကင်းကင်းနဲ့ အိပ်ရတာပေါ့ဆိုပြီး ၀မ်းသာသွားပါတယ်။ သူတို့ကိုလည်း အခုလို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်နေမိပါတယ်။

ဒါပေမဲ့ တစ်ပတ်မက ၁၀ ရက်ကျော်လို့ နှစ်ပတ်နီးလာတဲ့အထိ ကုတင်ကတော့ ရောက်မလာခဲ့ပါဘူး။ ကြမ်းပြင်ပေါ် ဒီအတိုင်းချထားတဲ့ မွေ့ရာပေါ်မှာပဲ အိပ်ရတဲ့အခါ အခုလို အလွန်ပူအိုက်တဲ့ လန်ဒန်မြို့မှာ ရေနွေးအိုးထဲ ၀င်နေရသလိုပါပဲ။ ဖွင့်လို့ရတဲ့ တစ်ချပ်တည်းသော ပြတင်းတံခါးကလည်း ကြမ်းပြင်ကနေ ကိုယ့်တစ်ရပ်ကျော်တဲ့ နေရာမှာမှ ရှိပါတယ်။

လေငြိမ်တဲ့အခါ လေကလည်းမ၀င်၊ လေ၀င်ပေါက်နဲ့ ခြောက်ပေလောက်ကွာတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်နေရတဲ့ ကိုယ့်မှာ ညဘက်တွေ ဘယ်လိုမှ အိပ်မရတဲ့ အဆုံး တစ်ကြိမ်မက ပြောပါမှ ကုတင်က ရောက်လာပါတယ်။ ကျေးဇူးအတင်ကြီး တင်ရတာပေါ့။

ကျေးဇူးတင်လို့မှ မဆုံးသေး၊ ကျေးဇူးရှင် ချစ်စရာညီငယ် မြန်မာလေးက မြန်မာချင်း စောင့်ရှောက်သောအားဖြင့် စကားလှလေးသုံးလို့ “ချစ်ကိုကြီးရေ… ကျွန်တော့်သားတော်မောင်လေးကလည်း အရွယ်ရောက်လာပြီမို့ ခွဲကာဖြင့် သိပ်ရပါတော့မယ်၊ သားလေးကို အစ်ကို့အခန်းပေးဖို့ စိတ်ကူးပြီးသားမို့ အစ်ကို ညောင်း(ပြောင်း)ပါတော့ခင်ဗျား“ဆိုပြီး လုပ်ချလာပါတော့တယ်။ (သူကတော့ ထုံးစံအတိုင်း နှစ်ပတ် ကြိုပြောတယ်ပေါ့ဗျာ)

ရုတ်တရက်မို့ ကိုယ့်မှာ “အို..ဟို့ ဟို့..ကြမ်းပြင်ပေါ် အိပ်မရ…နှိပ်စက်ကြ ညများစွာ၊ (တခါ) နေ့ဘက်မှာ ဖိအားတွေ အဖြာဖြာနဲ့ လုပ်ရတဲ့ ကိုယ့်ဘ၀မှာ ကုတင်ငယ် လိုကြောင်း ထုတ်ဖော်မိ အခါခါ မှားပါပေါ့လေး ခုနေခါ အိမ်တာဝန်ခံ ညီငယ် အမိန့်တော် ချလာတာက ဒီမောင်ကိုမောင်း ပြောင်းရော့စေကြောင်း“ ဖြစ်သွားပါတော့တယ်။ ခါးလှဘ၀မှာ။

ဒါ့အပြင် အိမ်တာဝန်ခံ ညီငယ်လေးရဲ့ မယားအလှ အလိမ္မာလေးကပါ ကိုယ် ညစ်တီးညစ်ပတ်နေလို့ပဲ ဒီဂျပိုး သူ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ ပုံစံမျိုး ပြောလာပြန်တာကြောင့် ကိုယ့်မှာ ရှက်ရှက်နဲ့ ပြောင်းပေးခဲ့ရပါတော့တယ်။ သူတို့ သန့်ရှင်းပုံမျိုး ကိုယ်က စံချိန်မမီဆိုတဲ့ အထာမျိုး ညီမလေးက ပြောပါသေးတယ်။ နောက်ဆုံးတော့ မြန်မာချင်း စိတ်ဝမ်းမကွဲချင်တာနဲ့ပဲ အေးအေးဆေးဆေး နှုတ်ဆက်ထွက်ခွာခဲ့ရပါတော့တယ်။

ဆက်ပါဦးမယ်။

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်။ ည ၉ နာရီခွဲ။