များလိုက်တာ ကုန်ပဲကုန်နိုင်ဘူးလို့ ပြောလိုက်ချင်တယ်။ လူဖြစ်လာကတည်းက ငိုကြွေးမှုနဲ့ စတယ်၊ အဆုံးသတ်တော့လည်း အငိုနဲ့ ဆုံးတယ်။ မွေးတုန်းကတော့ ကိုယ်က အဓိက ဇာတ်ဆောင်၊ ကိုယ်က ငိုပေါ့။ ငါ…လာပဟေ့ လို့ ကြွေးကြော်၊ မိဘ ဆွေမျိုးတွေကလည်း အရယ်အပြုံးတွေနဲ့ ဆီးကြို။ ဇာတ်လမ်းက လှမယ်ထင်တာ နောက်ပိုင်းမှ လူဖြစ်ရတာ ဒုက္ခလို့ သိလာရပေါ့။ ကိုယ်ကသာ မသိတာလေ…သဘာဝတရားကြီးက သိနေတာကိုး။ ငိုစမ်းကွာ မင်းဟာ အငိုသန်တဲ့ ကောင်လို့ ပြောနေတာကိုး။

အဲ သေပြန်တော့ ကိုယ်က မသိတော့၊ သာမည ဇာတ်ဆောင်။ ငိုပါလိမ့်မယ် တခါ…မိဘဆွေမျိုးတွေ၊ သားချင်းနဲ့ သူငယ်ချင်းတွေ၊ ချစ်သူ ခင်သူတွေ က… ဟန်ဆောင်ငိုငို တကယ်ငိုငို သူတို့ ငိုကြပြန်ပြီ။ ကိုယ်ကတော့ ငြိမ်သက် လဲလှောင်း နောင်ဘ၀အတွက် နေရာရှာနေမှာပေါ့.. အဲဒီအချိန်မှာလေ။ ကုသိုလ်တွေ အသာစီး ရနေရင်တော့ တက်ပေါ့ အထက်ဘုံတွေ၊ မဟုတ်တာတွေ အကုသိုလ်တွေ များထားလို့ကတော့ သွားပေါ့ အောက်ဘုံတွေ။ အပါယ်ငရဲပေါ့။

အငိုနဲ့ကားလိပ်ဖွင့် အငိုနဲ့ ပြီးပါပြီ စာတမ်းထိုး…ဒီကြားထဲမှာ က လိုက်ရတဲ့ ဇာတ်ထုပ်တွေက မနည်းပါလား ကရို့။ မင်းသားတွေ မင်းသမီးတွေဆိုတော့လည်း အလှည့်ကျ မနွဲ့စတမ်းပေါ့လေ၊ ငါ့ကျမှ ညံ့ရမှာလားဆိုတဲ့ အထာတွေနဲ့ အကုသိုလ် ဘယ်လောက် ဂုတ်ပေါ် တင်စီးစီး၊ အပါယ်ငရဲပဲ လားလား နည်းနည်းမှ အညံ့မခံဘူးဆိုတဲ့ စိတ်ထားတွေနဲ့ပေါ့။

မျက်စောင်းပဲ ထိုးလိုက်ရမလား၊ မျက်ထောင့်နီနဲ့ ကြည့်လိုက်ရမလား၊ မအေ နှမ ကိုင်တုတ်လိုက်ရမလား၊ မျက်လုံးလေး ၀င့်ကြည့်လိုက်ရမလား၊ ရှက်ပြုံးလေး လုပ်ပြလိုက်ရမလား…အို လာလိုက်စမ်းပါ။ ကိုယ့်ဇာတ်နဲ့ကိုယ် ရာဇာနေ၀င်း အနုပညာရူးတာလောက်တော့၊ ကျော်ဟိန်းကြီး ထူးခဲ့တာလောက်တော့ အပျော့ပေါ့။ မိုက်ချက်က ကမ်းကုန်..။

ကိုယ်ဇာတ်ကိုယ်ကိုင် ဇာတ်စီးနိုင်နိုင်နဲ့ ကနေရတုန်းတော့ ငါနိုင်တယ်၊ ငါပိုင်တယ်ချည်း ထင်ကြတာကိုးဗျ။ အဲ..ကံကြမ္မာ ခွင့်မသာလို့ နောက်တဇာတ်နဲ့ ပေါင်းကမိမှ ကိုယ့်အက်တင် သူမသိ၊ သူ့အက်တင် ကိုယ်မမိနဲ့ ပထမတော့ ရယ်ကြမယ်။ နောက်ပိုင်းတော့ မရယ်နိုင်…ဘယ်လိုမှ မရယ်နိုင်တော့။ လွမ်းခန်းတွေချည်း ဆင့်ကာ ငိုရတာချည်းပါလား ဖြစ်မယ်။ ကြမ်းဖို့နေနေသာသာ လှုပ်တောင် မလှုပ်နိုင်တော့ပါဘူးဗျာလို့ ဖြစ်သွားရမယ်။

လူတိုင်းကတော့ မသေမချင်း မင်းသားဖြစ်ချင်ကြတာချည်းပါပဲ၊ ဖြစ်များဖြစ်နိုင်ရင် မသာဖြစ်ရင်တောင် မင်းသားဆက်ဖြစ်ချင်သေးတာကိုး။ ဒါပေမဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ…ဇရာ၊ ဗျာဓိ၊ မရဏတွေ၊ ကိလေသာ၊ တဏှာတွေ၊ အ၀ိဇ္ဇာတွေ ဒီလိုဇာတ်ဆရာကြီးတွေနဲ့ ဘယ်လို ယှဉ်မတုန်း။ ယှဉ်တဲ့သူ ကြာတဲ့အခါ ဇတ်ပြုတ်သွားပေမပေါ့။

ဒါကိုလည်း သိတယ်၊ ဒါပေမဲ့လည်း မိုက်တယ်။ ငါ့ ဒီလိုလုပ်လို့ ဘယ်ရမလဲဆိုတဲ့ စိတ်က ဖုံးမရ ဖိမရ။ တခါ ကိုယ့်အပြင် တခြားဇာတ်ဆောင်တွေကိုလည်း ယှဉ်လို့ မရဘူး။ မယှဉ်နိုင်ဘူး။ ခုနဆိုခဲ့တဲ့ ဇာတ်ဆရာကြီးတွေ ဆွဲတဲ့ ကြိုးမှာလည်း မရုန်းနိုင်တဲ့အပြင် ကြိုးရှုပ်လို့ ဖြောင့်ဖြောင့်တောင် ကြိုးဆွဲမခံနိုင်ရမယ့် အဖြစ်နဲ့တော့ အို…မသေမချင်း ငိုချင်းသာ ချရမယ့် အဖြစ်ပါလား အရပ်ကတို့။

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်။ နံနက် ၁၀ နာရီ။ အခန်းသစ်သို့ မပြောင်းရွှေ့မီ စိတ်ညစ်နေစဉ်ရေးသည်။