ဦးပဉ္ဇင်းကြီး ကျော်ဟိန်းကို သေစေလိုခြင်းအလျဉ်းမရှိပါ။ သတင်းသမားတို့လောဘနှင့် ဖြစ်တတ်သောသဘောကို ရေးပြလိုရင်း ဖြစ်ပါသည်။
ဒါဆို “မင့်အမေ သေပါလားကွ“။
ကျွန်တော့်အမေသေရင် သတင်းမဖြစ်ပါ။ ကျွန်တော် အလွန်ဝမ်းနည်း စိတ်ထိခိုက်ပါမယ်။ လုပ်နေတဲ့အလုပ်တွေ အကုန်ပစ်ချပြီး အမေ့ရုပ်အလောင်းကို နောက်ဆုံးအကြိမ် အပြေးအလွှား ပြန်ကြည့်ပြီး၊ သားကြီးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရပါမယ်။ ဒီထက်မပိုပါ။
တခါ အီရတ်မှာ ဗုံးကွဲပြန်ပြီ။ “များသလားဗျ“။ သူများသေတာကို နည်နည်းလေးမှ မတုန်လှုပ်တဲ့အပြင် သေတဲ့သူ အရေအတွက် နည်းနေမှာကိုပင် စိတ်ပူနေတဲ့ ပုံစံနဲ့ မေးကြရတယ်။
“သတင်းသမားသေ ငရဲပြည်“ တန်းနေမှာပါပဲ။ လူတွေ များများသေမှ၊ ဒုက္ခရောက်မှ၊ အဖမ်းခံရမှ ကျွန်တော်တို့ ၀မ်းသာသလား။ ဒီလိုတော့လည်း မဟုတ်ပါ။ ဒါပေမဲ့ သတင်းသဘောအရ၊ မီဒီယာလမ်းကြောင်းအရ ဒါတွေကပဲ သတင်းဖြစ်၊ လူများများကလည်း ဒါတွေကို စိတ်ဝင်စားကြဆိုတော့ အင်း…ကျွန်တော်တို့လည်း လုပ်ကြရသပေါ့။
ဒါဆို မီဒီယာဆိုတာ လူထုရှေ့က သွားရတာ မဟုတ်လား။ လူတွေ ကြားချင်တာချည်းပဲပြောရင်၊ ဖတ်ချင်တာတွေချည်းပဲ ရေးရင် နောက်ရောက် (Backward) မီဒီယာ ဖြစ်နေမှာပေါ့။ ဒါက တစ်ခန်းတကဏ္ဍဆွေးနွေးစရာပါ။ ကျော်ဟိန်းအကြောင်း ဆက်ပါဦးမယ်။
ကျော်ဟိန်းလို့သာ အများသိမို့ ခေါ်ရတာ နည်းနည်းတော့ ရိုင်းနေပါတယ်။ အခုက သင်္ကန်းတောင် ဆီးထားတော့ ငရဲတောင် ကြီးပါဦးမယ်။ ဒါပေမဲ့လည်း ကျွန်တော် နားလည်သလောက်တော့ အနုပညာရှင်တွေကို ပရိသတ်က ခေါ်လို့ရှိရင် ဦး၊ ကို၊ မောင် ထည့်စရာ မလိုပါဘူး။ အနုပညာရှင်တွေကလည်း မထည့်တာကိုပဲ ကြိုက်ကြပါတယ်။ ပိုရင်းတာကိုဗျာနော်။
ဝင်းဦး၊ ဇော်ဝမ်း၊ ကောလိပ်ဂျင်နေ၀င်း၊ ရွှေဘကြီး (ချစ်လွန်းတော့ ကြီးပါထည့်လိုက်ကြတယ်၊ ရွှေဘကနေ ရွှေဘကြီးလို့ ခေါ်ကြတယ်)၊ ကြည်ကြည်ဌေး၊ ခင်သန်းနု၊ နွဲ့နွဲ့မူ၊ မို့မို့မြင့်အောင်၊ မေသန်းနု…ထားပါတော့။ ဦးဝင်းဦး လို့ ငယ်တဲ့ပရိသတ်က လိုက်ခေါ် နေရစရာ မလိုပါဘူး။ ဦးကောလိပ်ဂျင်နေ၀င်းလို့လည်း ခေါ်ဖို့ မလိုပါဘူး။ ဒေါ်ခင်သန်းနုတွေ မမို့မို့မြင့်အောင်တွေလည်း လုပ်ဖို့မလိုပါဘူး။ သူတို့ကလည်း ကျွန်တော်က ကိုလူမင်းပါတို့၊ ဦးအံ့ကျော်ပါတို့ လုပ်ဖို့ မလိုပါဘူး။ ကြည်ကြည်ဌေးပါရှင်၊ ဒါမှမဟုတ် သူ့အိမ်နာမည်၊ တခြားနာမည်ရှိလည်း သုံးစွဲပြောဆိုလို့ရပါတယ်။
စာရေးဆရာဆိုလည်း ဒီလိုပါပဲ။ ဒဂုန်တာရာ၊ သာဓု၊ သော်တာဆွေ၊ တက်တိုး၊ ကြည်အေး၊ ဂျူး စသဖြင့်ပေါ့လေ။ ဦးဒဂုန်တာရာတို့၊ ဒေါ်ဂျူးတို့ လုပ်နေစရာ မလိုပါဘူး။ ကျွန်တော်လေးစားလို့ပါဆိုလည်း အနုပညာရှင်ကို ဦး၊ ဒေါ်၊ ကို၊ မ တပ်မှ လေးစားတာ မဟုတ်ပါဘူး။ သူတို့ သရုပ်ဆောင်ပြတာ၊ ရေးထားတာထဲက မှတ်သားထိုက်တာ၊ လိုက်နာထိုက်တာကို မှတ်သားလိုက်နာမယ်ဆိုရင် လေးစားရာ ရောက်ပါတယ်။ အဲ နဂိုထဲက လူထုဦးလှ၊ ကြေးမုံဦးသောင်း တို့ကျတော့ ဘယ်လိုလုပ်ရမှန်းတောင် မသိ။ ကြေးမုံသောင်းဆိုရင်တော့ ဇာတ်မင်းသမီး နာမည်လို ဖြစ်သွားမလား မသိပါဘူး။ ထားပါတော့။
ကျွန်တော် ကျော်ဟိန်းလို့ပဲ ခေါ်တာကို ဇာတ်ရေလည်အောင် လုပ်နေတာနဲ့ပဲ လိုရင်းဖြစ်တဲ့ အကုသိုလ် သတင်းသမားဘ၀က ရှေ့မဆက်နိုင်ဖြစ်နေရပါတယ်။
ကျော်ဟိန်းဟာ အလွန်အောင်မြင်ခဲ့တဲ့ အနုပညာရှင်ဖြစ်တယ်။ တစ်ခေတ်တစ်ယောက် ထွန်းပေါက်တဲ့ သရုပ်ဆောင်ဖြစ်တယ်။ နောက်ပေါက် သရုပ်ဆောင် တချို့ထဲမှာ ကျော်ဟိန်းအတုတွေ ထွက်လာလောက်အောင် လိုက်လံတုပခံရတဲ့အထိ ကျော်ဟိန်းဟာ အောင်မြင်ခဲ့တယ်။ ကျော်ဟိန်း ရိုက်ချင်တဲ့ ဇာတ်ရုပ်ရိုက်၊ ကြမ်းချင်သလောက်ကြမ်း၊ ရမ်းချင်သလောက်ရမ်း၊ ရိုင်းချင်သလောက်ရိုင်း ပရိသတ်တွေက တခဲနက်အားပေးခဲ့ကြတယ်။
နောက်တော့ အနုပညာလောကကို အနိုင်နဲ့ခွာလိုက်တယ်။ တော်ပြီ၊ သံသရာလွတ်မြောက်ရေးလုပ်မယ်ဆိုပြီး တိုင်းပြည်ကို အတိအလင်းကြေညာလို့ သင်္ကန်းဆီးတယ်။ ကျော်ဟိန်းတရားတွေ ဟောတယ်လို့ကြားတယ်၊ တခါမှတော့ မနာဘူးပါ။ ကျော်ဟိန်းတရားလို့ ပြောရတာက သူ့ဘ၀အတွေ့အကြုံ၊ သူ့ဥာဏ်အလင်းရသလောက် သူပြောတာလို့ဆိုတယ်။
ရန်ကုန်မှာဆို ဟိုတယ်ကြီးတွေဘာတွေမှာတောင် ဟောပြောပွဲတွေ လုပ်ဖူးတယ်။ ပရိသတ်က မေးချင်ရာ မေးနိုင်တယ်လို့ လမ်းဖွင့်ပေးခဲ့တယ်။ စိန်ခေါ်မှုကို ခံခဲ့တယ်။ တချို့လည်း ကျော်ဟိန်းကြီးကို သဘောကျခဲ့ကြတယ်တဲ့။ တချို့ကလည်း ခေါင်းတခါခါ လုပ်ခဲ့ကြတယ်တဲ့။
လာပြီ…။ ပြီးခဲ့တဲ့ စနေနေ့ကတော့ ရုံးပိတ်ရက်မို့ အိမ်မှာနားပြီး၊ ရန်ကုန်က သူငယ်ချင်းတွေနဲ့ စကားလေး ဘာလေးပြော၊ အင်တာနက်ကို အချိန်ပေး ကြည့်နေတုန်း..ဗြုန်းဆို ရန်ကုန်က သူငယ်ချင်းတစ်ယောက်က ကျော်ဟိန်းကြီးသတင်း ကြားပြီးပြီလားတဲ့။ “ဟာ..ဆုံးပြီလား“ဆိုတော့ သူက “ဟုတ်တယ်“တဲ့။
ဒီနေရာမှာ အခုမှ ပြန်စဉ်းစားမိတယ်။ ကိုယ်ဟာ သတင်းသမား အကုသိုလ်ကောင် ဖြစ်နေတယ်ဆိုတာကို…။ သူငယ်ချင်းက မေးတယ်…ကျော်ဟိန်းသတင်း ကြားပြီးပြီလားတဲ့။ သင်္ကန်းဆီးထားတဲ့ကျော်ဟိန်းသတင်း…ကိုယ်မေးတဲ့ မေးခွန်း… “ဆုံးပြီလား“။ တခြား မေးစရာ မရှိတော့ဘူးလား။ သင်္ကန်းဆီးထားလို့ ကျော်ဟိန်းတရားဟောတာကတော့ သတင်းမှ မဟုတ်တာလေ။ ဒါဆို သတင်းထောက်တစ်ယောက်အနေနဲ့ ကိုယ်မေးသင့်တဲ့မေးခွန်းက ခုန မေးတာပဲ အကောင်းဆုံးမဟုတ်လား။
“ဟုတ်တယ်“လို့ သူငယ်ချင်းက ပြောတော့ ချက်ချင်းဆိုသလို နောက်တဆင့် ကိုယ်လုပ်ရတာက ရန်ကုန်က သူငယ်ချင်းတချို့ကို ထပ်မေးရတာပါပဲ။ အွန်လိုင်းမှာ တွေ့ရတဲ့ သူငယ်ချင်းတွေကိုမေးတော့ သူတို့ကလည်း တအံ့တသြ၊ မဖြစ်နိုင်ဘူးပေါ့ ဟုတ်ရဲ့လားပေါ့။ ဒါနဲ့ ဒီလိုတော့ ကြားတာပဲ…မေးကြည့်ကြ ပါဦးဆိုတော့ သူတို့လည်း နီးစပ်ရာတွေကို လှမ်းစုံစမ်းကြည့်ကြတယ်။
Facebook မှာလည်း လှစ်ကနဲ မတ်ဆေ့ဂ်ျက တင်ဖြစ်သွားတယ်။ အမှန်တော့ ဒါမလုပ်သင့်ပါဘူး။ တကယ်မှ မသေချာသေးတာလေ။ ဒါပေမဲ့ ကိုယ်က “ကျော်ဟိန်း ဆုံးပြီ“လို့မှ ငါ မရေးတာလေ၊ “ဆုံးပြီလို့ ကြားရသည်“လို့ ရေးတာပဲ။ မဟုတ်ဘူးဆိုရင် သိတဲ့သူက ကွန်မန့် (မှတ်ချက်) ရေးကြမှာပဲလေ…ကိုယ့်အတွေးနဲ့ကိုယ် ငါ မှန်ပါတယ်လေဆိုပြီး မရဲတရဲနဲ့ တင်လိုက်ပါတယ်။
လူတွေ သူငယ်ချင်းတွေ သိကြပါစေ၊ တကယ်ဟုတ်တယ်ဆို သတိသံဝေဂ ရကြပါစေဆိုတဲ့ စိတ်ပဲ အဲဒီနေ့က ရှိခဲ့ပါတယ်။ “ငါ အရင်ဆုံးသိတာကွ“ဆိုပြီး ကြွားချင်လို့ တင်လိုက်တာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ်လည်း သူများပြောလို့ သိတဲ့ဥစ္စာ။
ဒါနဲ့ နာရီဝက်၊ တစ်နာရီလောက်အတွင်းမှာပဲ ကျော်ဟိန်း နှလုံးရောဂါနဲ့ ဆုံးတယ်ဆိုတဲ့ သတင်းကြီးက ဟုတ်မလိုလိုနဲ့ ကောလာဟလ သတင်းကြီး ဖြစ်သွားပါတော့တယ်။
သူငယ်ချင်းတွေနဲ့ အွန်လိုင်းမှာ ချက်တင်ပြောရင်း မေးမြန်းစုံစမ်းနေတာက အရေးမကြီးဘူး။ ဖေ့စ်ဘုတ်မှာ မတ်ဆေ့ဂ်ျကြီးရောက်သွားတာကို ရှက်နေတာ။ ကွန်မန့်ကလည်း ချက်ချင်း ချက်ချင်းကို ရောက်လာကြပြီ။ အို…ရှက်လိုက်တာ။ သတင်းသမား အမှားတစ်ခါ ဖြစ်ပြန်ပါပေါ့။ အကုသိုလ်စိတ်က တခါ ခေါင်းထောင် ထလာပြန်ပါတယ်။ သင်္ကန်းဆီးထားသူကို ပြစ်မှားစော်ကားလို့ ငရဲကြမယ့်ကောင် ငြီးတွားလိုက်စကားက…
“သေလိုက်ပါလား ကျော်ဟိန်းရယ်“တဲ့။
(ဦးပဉ္ဇင်းကြီး ကျော်ဟိန်း ခန္ဓာကိုယ်တွေ့ အစစ်အမှန် တရားတွေကို ကိုယ်စိတ် ကျန်းမာချမ်းသာစွာနဲ့ မသေခင်စပ်ကြား ဝေငှ ဟောပြော နိုင်ပါစေခင်ဗျာ)။
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်။ ည ၁၁ နာရီခွဲ။
လန်ဒန် အရှေ့ပိုင်း။
မရှက်ပါနဲ့ လေ ..သတင်းသမားလည်း ဒီလိုပဲမှားတတ်တာပေါ့… 🙂 အမှားတခါပဲ ..တစ်ထောင်မှမဟုတ်။ မယမင်းတို့ တွေ ဟိုဒီရေးလို့ အကိုက ရှက်သွားတာလား ? 😛 နောက်တာပါ။