သူကလေး က ခေါင်းထဲ ရောက်နေတယ် အခုတလောမှာ၊ သူကလေးလို့သာ ခေါ်လိုက်ရတာပါ သူက ကိုယ့်ထက် ကြီးပါတယ်။ အဲဒီအချိန်တုန်းက အရွယ်ကို ပြန်မှန်းပြီးသာ သူ့ကို ကလေးအရွယ်ပဲလို့ စိတ်ထဲထင်နေတုန်း၊ နှင်းဆီဖူး အရွယ်ပေကိုး။ ပန်းတွေထဲမှာတော့ ကိုယ်က နှင်းဆီကို ကြိုက်သူရယ်ပါ။ နှင်းဆီပန်းက ပွင့်တာ သိပ်လှတယ်လို့ ထင်မိတယ်၊ နောက်ပြီး မိန်းကလေး တကယ်လှရင် နှင်းဆီပန်းကလေး ပွင့်ထားသလိုမျိုး…။

အဲဒီတုန်းက ကိုယ့်အသက် ၁၃ နှစ်၊ အမေ့နောက်ကို အိတ်ဆွဲအဖြစ် လိုက်နေတုန်းအရွယ်။ ရှေ့နေအမေက သားကြီးဖြစ်တဲ့ ကိုယ့်ကို ရုံးခေါ်သွားတတ်တယ်၊ အမေ့ အမှုတွဲအိတ်ကြီး ကိုင်ပြီး နောက်က လိုက်ပေါ့၊ နွေကျောင်းပိတ်ရက်တွေမှာ…။ အဲဒီမှာ သူကလေးနဲ့ တွေ့တာပါပဲ။ အနီးကပ်တော့ မဟုတ်၊ အဝေးကြီးက မြင်နေရတဲ့ အဝေးကြီးက…။

၁၃ နှစ်အရွယ် အပျိုမလေးမှ ရင်ခုန်တတ်တာ မဟုတ်ပါဘူး။ ကျွန်တော်လည်း အဲဒီအရွယ်က ရင်ခုန်တတ်ခဲ့ပါပြီ။ ရပ်ကွက်ထဲက အစ်ကိုကာလသားကြီးတွေရဲ့ သွန်သင်မှု လက်ချာတွေ ကြားမှာ ကြီးပြင်းလာတာဆိုတော့ မိန်းကလေး အထက်တန်းကျောင်းဆင်းချိန်များမှာ နားတွေ့(အကြား)ကို မျက်တွေ့(အမြင်)နဲ့ နှိုင်းယှဉ်ဝေဖန် စောကြော တတ်နေပါပြီ။ မြင်ရုံနဲ့ ရင်ခုန်တတ်စ အရွယ်မှာပေါ့။

ဒီတင် စစ်သလား၊ တုသလား ဒီလိုကွ။ လမ်းလျှောက်ပုံကို ကြည့်လိုက် မောင်ရင်…၊ တည့်(ဒဲ့)ကြီးတော့ သွားမကြည့်နဲ့ပေါ့၊ မသိရင်ယောင် ဆောင်ပြီး တိုက်ကြည့်လိုက်(ဘော်ဒီကို)၊ အဝေးသင်တက္ကသိုလ်တက်တဲ့ သိပ္ပံကျောင်းသားတွေလိုသာ တစ်ပတ်နှစ်ရက် စနေ၊ တနင်္ဂနွေ လက်တွေ့ခန်း မ၀င်တာ ကိုယ်တွေမှာတော့(တစ်ယောက်ထဲတော့ မဟုတ်၊ အဖော်အပေါင်းတွေနဲ့ပေါ့လေ) မျက်သားဝလို့ သူတို့ အလှ မြင်အောင် ကြည့်တတ်ခဲ့ပြီ။ ခက်တော့ ခက်သည်…ရင်ခုန်သံ မြန်တတ်သူမို့…။

ဒီလိုနဲ့ အမေ့နောက်လိုက်ရတာ ရုံးကိစ္စတွေသာ စိတ်မ၀င်စားတာပါ၊ ကောင်မလေး ချောချောများတွေ့လို့ကတော့ အငမ်းမရကော၊ ခိုးခိုးပြီးကော ကြည့်ခဲ့ပါတယ်၊ ကြိုက်ခဲ့ပါတယ်။ စိတ်ကူးတွေလည်း ယဉ်ခဲ့ပါတယ်လေ…၊ ဒါ ညာစရာမဟုတ်တော့လည်း မရှက်တော့ဘူးရယ်ပေါ့။ ငမ်းကြောထတတ်ပုံများ အဖိုး၊ အဖေထက် သာလောက်တယ်လို့ အမေကတောင် သားတော်မောင်ကို ချစ်စနိုးနဲ့ စတတ်တယ်။ အမေဟာ သားအကြောင်းကို တခြားမိန်းမတွေထက် ပိုသိပုံများရယ်…။

နှင်းဆီပန်းကြိုက်တဲ့မောင်ဟာ သူကလေးကို နှင်းဆီဖူးလေးလို့ စိတ်ကူးနဲ့ပဲ ခေါ်လိုက်တယ်။ တကယ်တော့ အဲဒီတုန်းက သူ့ထက်အရွယ်ရော(အရပ်ကို မဆိုလိုပါ) အသက်ပါကြီးနေတဲ့ သူကလေးကို ခေါ်ချင်းခေါ် နှင်းဆီဖူးကြီးကို ခေါ်သင့်တာပေါ့။ ဘယ်နှယ့် နှင်းဆီဖူးလေးဆိုတော့ ကိုကိုက သူ့ချစ်သူ ကောင်မလေးကို ချစ်စနိုး ခေါ်လိုက်တဲ့ ပုံမျိုး ပေါက်ပေါက်လွန်းလှတယ်။ စိတ်ကူးတယ်ကြီးတယ်လို့ ခေါ်မလား။

ခုန စကားပြတ်သွားလို့ တစ်ခုရှိတာက…ခုအသက်မှာ ပြန်တွေးမိလို့ပါ။ ၁၃ နှစ်အရွယ်က ကိုယ့်ထက် ၂ နှစ်လောက်ကြီးတဲ့ ၁၅ နှစ်အရွယ် ၉ တန်း၊ ၁၀ တန်း မမ တွေကို ကြည့်ရတာ နည်းတာကြီးတွေ မဟုတ်ဘူးလို့ ထင်မိတယ်။ ဟဲ..ဟဲ။ ကလေးအတွေးကိုနော်ဗျာ၊ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း တွေးမိတာကိုး။

ခုများကျတော့လည်း ကိုယ်က အဲဒီအရွယ် အဲဒီအသက်ကနေ နှစ်ပြန်ကျော် သုံးပြန်ကပ်လုဆိုတော့ အားရပါးရ ရင်ခုန်ခဲ့ဖူးတဲ့ ၁၅ နှစ်အရွယ် နှင်းဆီဖူးဟာ အခုအချိန်မှာ မြင်ကြည့်တော့ ကိုယ်တိုင်ခူးဖို့ ရွံ့လှတယ်ဆိုတဲ့ အရွယ်ငယ်ငယ် ခပ်သေးသေး ဖြစ်နေတာကိုး။ အသက်အရွယ်အလိုက် အမြင်ပြောင်းတယ်ဆိုတာ ယုံသွားတယ် ဒီနေရာမှာ…။

နောက်တစ်ခုက အထက်တန်းကျောင်းသူကြီးတွေဆိုတော့ (၉ တန်း၊ ၁၀ တန်း ဆိုတာ အကြီးဆုံးတွေပဲပေါ့) ရင်ဖုံးနဲ့ ထဘီဆိုလည်း ခြေမျက်စိဖုံးလုဝတ်တာ ဆိုတော့ တကယ့်အမျိုးကောင်းသမီးကြီးတွေလိုပဲ ကြည့်ခဲ့ မြင်မိ ထင်ခဲ့ ယဉ်ခဲ့မိတာပေါ့ဗျာ။ သားလှမလွန်ခဲ့ပါဘူး မေမေ…ဒီလိုအလှတွေကို တခုတ်တရ ကြည့်ကြ မြင်ကြ ခံစားခဲ့ကြလို့ပဲ ကျွန်တော်တို့တတွေ လူဖြစ်လာခဲ့မို့လားဗျာ။

ကျော့ကျော့မော့မော့ ဆင်မယဉ်သာလေး လျှောက်သွားတဲ့ မမကြီး တစ်ယောက်ကို ခုစာရေးနေတဲ့အထိ မျက်စိထဲမြင်တုန်း…သိပ်ကြည့်ကောင်းခဲ့တာကလားဗျာ။ မဟာဆန်လှ တော်ဝင်ဆီဝပဲ ဆိုရမလား။ အမြင့်ပန်းမို့ မလှမ်းဝံ့ပါဘူး ဆိုပြီး ကျူရမလားမသိခဲ့ပါဘူးဗျာ။ အခုတော့ ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီပေါ့လေ။

သူကလေးကတော့ မြင်ထားသမျှနဲ့ ကပြောင်းကပြန်။ အားကစားဘောင်းဘီတိုနဲ့(အဲဒီတုန်းက လှဆန်းယဉ် ဘောင်းဘီဆိုတာ နာမည်ကြီးခဲ့တာပေါ့၊ အခုလို တရုတ်တို့၊ ယိုးဒယားတို့ကနေ ၀င်တဲ့ မန်ယူ ယူမလား၊ ချဲလ်ဆီး ယူမလား၊ ကြိုက်တဲ့ နိုင်ငံတကာ အသင်းပြော၊ ကမ္ဘာကျော် ကြိုက်တဲ့ ကလပ်အသင်းပြော ၀ယ်ဝတ်လို့ရတဲ့ခေတ် မဟုတ်သေးဘူးလေ)၊ ရှင်မီးအကျီင်္နဲ့ (ဒီခေတ် သမီးပျိုလေးတွေ၊ မြီးကောင်ပေါက်မတွေက ရှင်မီးအကျီင်္ဆိုတာမှ သိကြရဲ့လားမသိ၊ ကြိုက်တာ ပေါပေါလောလော ၀ယ်ဝတ်လို့ရတဲ့ခေတ်ကိုးဗျားနော်)၊ စီးကရက်တစ်ဗူးနဲ့…သူကလေးဟာ…။

နွမ်းနေတဲ့နှင်းဆီ ဒါမှမဟုတ် သူကလေး…ရင်ခုန်ရပါလားနော်။

ဆက်ရန်