ခုတလော စာအလွန်ရေးချင်နေပြီး ဘယ်ကစရေးရမှန်းမသိ ဖြစ်နေပါတယ်။ အတွေးထဲမှာတော့ ဟုတ်တုတ်တုတ်၊ ဒါပေမဲ့ တကယ်တမ်း ရေးဖို့လုပ်တော့ စာတစ်ပုဒ် ဖြစ်လောက်အောင် အကြောင်းအရာက မများဖြစ်နေပြန်ပါတယ်။ ခက်ပြီ…တစ်ခါမှ အခုလို မဖြစ်ဖူးဘူး။ ဒီတော့ ခုတလော တွေးနေမိတဲ့ အတွေးတွေကိုပဲ နံပါတ်စဉ်ထိုးလို့ ချရေးလိုက်ရပါတယ်။ တကယ်တော့ ဒီစာပုဒ်ဟာ ကြော်ငြာတော့ ဆန်နေမလားမသိပါ။ ကိုယ့်အတွေးနဲ့ ကိုယ့်အကြောင်းတွေ ဖြစ်နေလို့ပါပဲ။

၁။ ရိုးသားမှု

ရိုးသားမှုကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုရမလဲ မသိ။ လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းချည်း ထင်ကြတာပါပဲ။ ကိုယ့်လောက် သဘောကောင်းသူ မရှိ၊ ကိုယ့်လောက် စေတနာ ထားနိုင်သူ မရှိ၊ ကိုယ့်လောက် ပွင့်လင်းသူ မရှိ၊ ကိုယ့်လောက် ရိုးသားသူ မရှိ။ ကိုယ့်ဘက်က ကြည့်တော့ ကိုယ်ဟာ အတော်ဆုံး၊ အကောင်းဆုံး ဖြစ်နေတတ်တာကလဲ သဘာဝတော့ အကျသား။ ခက်တာက ရိုးသားမှုဆိုတာ ဘာလဲ။ ဒီတော့ ရိုးသားမှုကို အဓိပ္ပာယ် အရင် ဖွင့်ဆိုရပါမယ်။

ရိုးသားတယ်ဆိုတာဟာ မလိမ်တာ မညာတာ မညစ်ပတ်တာ မကောက်ကျစ်တာကို ခေါ်တာပါ။ အဲဒါတွေ တစ်နည်းမဟုတ် တစ်နည်း လုပ်တတ်သူက မရိုးသား သူပေါ့။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ပွင့်လင်းသူ တစ်ယောက်လို့ ထင်တာပါပဲ၊ စကားကို ကွယ်ရာမှာ မပြောပါဘူး။ ဗြောင်ပဲ ပြောတတ်ပါတယ်၊ ရင်းနှီးသူတွေဆိုရင် ပိုတောင် ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ဒီတော့ အကျိုးဆက်က ပထမတော့ ခင်ကြတယ်။ ရိုးသားလို့ ပွင့်လင်းလို့…အဲ နောက်တော့ မကြည်ကြတော့ဘူး၊ ဆဲကြရော၊ သိပ်ပွင့်လင်းသွားလို့လားတော့ မသိပါဘူး။ ခက်တော့ ခက်နေပါပြီ။ ကံပေါ့။

၂။ ချီးကျူးတာ

ကျွန်တော်က ချီးကျူးခံရတာကို သိပ်ကြိုက်တယ်။ ငယ်ငယ်က အမေက ချီးကျူးတာကို သိပ်သဘောကျတယ်။ ငါ့သားက သိပ်တော်တာပဲ ဆိုရင် ကျွန်တော့်မှာ နေလို့ထိုင်လို့ မရအောင် ပျော်တာဗျာ။ ကျောင်းတက်တော့ ဆရာမတွေရဲ့ ချီးကျူးတာကို လိုချင်ပြန်ရော…စာတော်တဲ့ကျောင်းသားအုပ်စုထဲပါတော့ တစ်ခါတခါ ချီးကျူးခံရတာပေါ့။ ပျော်လိုက်တာဗျာ။ ချီးကျူးခံရတာ တော်တော်ကောင်းတာပဲနော်။ အလုပ်ထဲရောက်တော့လဲ ဒီလိုပါပဲ…ကြိုးစားတော့ ဆရာသမားတွေက ချီးကျူးပြန်ရော …ဒီတော့လဲ လုပ်ပြီးရင်းလုပ် ကြိုးစားပြီးရင်းကြိုးစားပေါ့ဗျာ။ ၀န်ထမ်းကောင်းလေးပေါ့။ အဲဒီလို ချီးကျူးတာကို မက်စက်ခဲ့တာပါ။

ကိုယ်တိုင်လဲ သူများကို ချီးကျူးပါတယ်၊ ထောက်ပြစရာရှိလဲ တပါထဲထောက်ပြလိုက်ပါတယ်။ တစ်ခါတလေတော့ ကိုယ်က ချီးကျူးပေမဲ့ တချို့က နောက်တယ် ထင်ကြတယ်။ မခံယူဝံ့ကြဘူး။ တကယ်ကို ချီးကျူးပါတယ်လို့ ပြောယူရတယ်။ တချို့ကျတော့လဲ သူတို့ကိုယ်သူတို့ နှိမ့်ချလို့လား(သူတော်ကောင်းစိတ်ထားလား)မသိ၊ ဒါမှမဟုတ် ယောမင်းကြီးစိတ်ဓာတ်နဲ့ စိတ်ညစ်နေလို့လား မသိ။ ကြုံရတာလေးများ ပြောပါတယ်။

၃။ မျှတတာ

တချို့က မျှတတယ်၊ ကိုယ်ချင်းစာတရား ရှိတယ်။ တချို့က အုပ်စုဖွဲ့တယ်။ မှန်မှန်မှားမှား မဝေခွဲတော့ဘူး၊ ကိုယ့်လူလား သူမှန်တယ်…ကိုယ့်အုပ်က မဟုတ်ဘူး လား၊ မှားတယ်..ဒိုးတော့။ ကျွန်တော်ကတော့ ဘယ်တုန်းကမှ အုပ်မဖွဲ့ခဲ့ဘူး၊ အုပ်နဲ့ မနေခဲ့ဘူး။ ဘယ်သူနဲ့မဆို တည့်အောင် ပေါင်းခဲ့တယ်၊ ကျွန်တော့်အလုပ်ကလဲ ရန်သူ များလို့ မရဘူး၊ မိတ်ဆွေများမှ ကောင်းတယ်။ ဒါပေမဲ့ ခေါင်းငုံ့ခံပြီးတော့လဲ မိတ်ဆွေမဖွဲ့ခဲ့ဘူး။ ပြောစရာရှိပြောတယ်၊ မကြိုက်ဘူးထင်ရင်တော့ နောက် မပြောတော့ဘူး။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတဲ့သူနဲ့ ဆွေးနွေးတယ်၊ မရဘူးထင်ရင် မဆွေးနွေးတော့ဘူး။

မျှတတာကိုတော့ ကြိုက်နေတုန်းပဲ။ ကိုယ်တိုင် မမျှမတ လုပ်ထားရင်လဲ ကိုယ်ဘက်က ဘယ်လောက် အသာစီးရနေပါစေ ကိုယ်ဘာသာကိုယ် အေးအေးသက်သာ ခံစားလို့ မရတော့ဘူး… စိတ်မကောင်းဖြစ်နေတာ။ ဒီတော့ အခုနောက်ပိုင်း မမျှတတာ ဘာမှ မလုပ်တော့ဘူး၊ အရင်ကလဲ မမျှတတာကို တတ်နိုင်သလောက် မလုပ်ခဲ့ပါဘူး၊ အခုတော့ ပိုပြီး သတိထားပြီး မလုပ်တော့ဘူး။

မျှတတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ထပ်ပြီး ရှင်းရရင်တော့ ကိုယ်နဲ့တန်တဲ့ အခွင့်အရေးကိုယူပြီး ကိုယ်နဲ့မတန်တဲ့ အခွင့်အရေးကို မယူတာကို ပြောတာပါ။ ဒီလိုပဲ တခြား လူရသင့်တဲ့ အခွင့်အရေးကိုလဲ ကိုယ်၏စောင်မခြင်း၊ နှုတ်၏စောင်မခြင်းနဲ့ ကူညီတာမျိုးလဲ ပါတာပေါ့လေ။

၎။ မိန်းကလေးကိစ္စ

မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ ဘယ်တော့မှ သူတို့အကြိုက် လိုက်မပြောပါ၊ ကိုယ်ခံစားရတာကိုပဲ ပြောပါတယ်။ အကြိုက်လိုက်ပြောရင် သဘောကျလိမ့်မယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အဲဒီလို မပြောချင်ပါ။ ဒီတော့ တချို့က စိတ်ဆိုးကြတယ်၊ တချို့ကလဲ သဘောပေါက်တယ်၊ နားလည်ပေးတယ်။ ဒီလူကြီးက ပါးစပ် သာ ဆိုးတာ၊ စိတ်ကောင်းတော့ ရှိပါတယ်(ကြော်ငြာ)ဆိုပြီး တစ်ခါတခါ စကားလာပြောကြတယ်။ ကိုယ်ကလဲ အားရက် နားရက်မှာပဲ စကားကောင်းကောင်း ပြောနိုင်တော့ စိတ်မကောင်းဘူး။ အားလုံးကိုတော့ ခင်ခင်မင်မင် ဆက်ဆံပြောဆိုပါတယ်။

၅။ ပွင့်ပွင့်လင်းလင်း

ကျွန်တော်တို့ ဘယ်လောက် ပွင့်လင်းကြသလဲ။ ကိုယ့်ဘက်က ရိုးသားတယ်၊ ပွင့်လင်းတယ်၊ မျှတတယ်ဆိုပြီး နှုတ်ကချည်း စွတ်ပြောနေလို့ ဖြစ်မလား။ ဒါက ကျွန်တော် ပြန်စဉ်းစား ကြည့်တာပါ။ မိန်းကလေးတွေ အပါအ၀င် အားလုံးပေါ့လေ။ တချို့က အသက်အရွယ်အားဖြင့် ကျွန်တော့်အောက် ငယ်ကြတယ်၊ တချို့က ကျွန်တော့်ထက် ကြီးတယ်။ ပွင့်လင်းတာတော့ ဟုတ်ပြီ…ဘယ်လောက်အထိ ပွင့်လင်းမလဲဆိုတာက ရှိပြန်တယ်။

သိပ်ပွင့်လင်းပြီး ဒုတ်ထိုးအိုးပေါက်တွေချည်း လုပ်လို့တော့မဖြစ်ပါဘူး၊ လောကအရေးက ရှိသေးတာကိုးဗျာ။ ဒီတော့ ကျွန်တော် စဉ်းစားလိုက်တယ်။ ဟုတ်ပြီ၊ မပြောခင် မရေးခင် နှစ်ခါ၊ သုံးခါ၊ လေးခါ၊ ငါးခါ ပြန်စဉ်းစားပြီးမှ ပြောမယ်၊ ရေးမယ်။ မပြောဘဲ နေလို့ရရင် မပြောဘဲနေလိုက်မယ်၊ မပြောမဖြစ်လို့ ပြောချင်ရင် ဒါမှမဟုတ် သိပ်ယားလို့ ပြောချင်ရင် ခုနပြောသလို အကြိမ်ကြိမ်စဉ်းစားပြီးမှပြောမယ်။ လူ့ရပ်လူရွာထဲနေတော့ မပြောလို့တော့ မဖြစ်ချေဘူး၊ ပြောတော့ပြောရမယ်၊ ဒါဆို ကျွန်တော်တို့ ဒီဂရီအတိုးအလျှော့နဲ့ ပွင့်လင်း ကြမယ်ပေါ့။

ဘာဖြစ်လို့ ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောသလဲဆိုတော့ ကျွန်တော်တို့ ပြောသမျှဟာ ကိုယ်ကသာ မေ့ချင်မေ့သွားတတ်တာကိုး၊ ကိုယ့်စကားကို မှတ်သား ထားတဲ့သူတွေ၊ ကိုယ့်စကားကို လိုက်နာကျင့်သုံးတဲ့သူတွေ ရှိချင်ရှိနိုင်တယ်။ ကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ်၊ မုန်းလို့ပဲဖြစ်ဖြစ်၊ လေးစားလို့ပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ခွင်ကြုံရင် ပြန်နှိမ့်ဖို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ပြောတဲ့ စကားတွေကို မှတ်ထားကြတဲ့သူတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်က ပြောခဲ့တာပေါ့၊ ပွင့်ပွင့် လင်းလင်းကြီး မြန်မြန်ဆန်ဆန် ပြောဆိုတာမျိုးထက်စာရင် ကိုယ့်စကားကိုယ်တာဝန်ယူရမယ်၊ ကိုယ့်စကားကြောင့် တခြား တစ်ယောက်၊ တစ်ဖွဲ့မှာ အကျိုးရှိ၊ အကျိုးမဲ့ဖြစ်နိုင်တယ် ဆိုတာကို သဘောပေါက်ပြီး ပြောဆိုနိုင်ကြဖို့ အကြောင်းဖြစ်ပါတယ်။

၆။ ဘာသာတရားကိစ္စ

ကျွန်တော်တို့ အဆုံးစွန် ကိစ္စတွေ လုပ်ကြတယ်၊ အရသာအရှိဆုံး အစားအသောက်ကို စားတယ်၊ အကောင်းဆုံးတံဆိပ်နဲ့ အ၀တ်အစားကို ၀တ်တယ်၊ အကောင်းဆုံး ကားလို့ထင်တဲ့ ကားကို စီးတယ်၊ အကောင်းဆုံးလေကြောင်းလိုင်းက လက်မှတ်နဲ့ ခရီးသွားတယ်၊ အကောင်းဆုံးဟိုတယ်မှာ တည်းချင်တယ် စသဖြင့်ပေါ့လေ… ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးကိုပဲ လုပ်ချင် ရချင် ခံစားချင်ကြတယ်။ အဲဒီရဲ့ ဟိုမှာဘက်မှာ ဘာရှိသလဲ…ခုနဟာတွေ မရှိတော့ဘူး။

ဟုတ်တယ်လေ…မိုက်ကယ်လ်ဂျက်ဆင် အကောင်းဆုံးတွေ စားတာ၊ သောက်တာ၊ နဲဗားလန်းခြံကြီးနဲ့နေတာ…ဟော နောက်တော့ ရုတ်တရက်သေတယ်။ ကျွန်တော်တို့ မျက်စိရှေ့မှာ စစ်ပွဲတွေဖန်တီးလိုက်တဲ့ အမေရိကန်သမ္မတ ဂျော့ဘုရှ်နဲ့ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ…ဒိုးသွားပြီ၊ အဘိုးကြီးတွေ ဖြစ်သွားပြီ။ တစ်ခေတ်ကတော့ တကယ့်ဆရာကြီးတွေပေါ့။ မြန်မာဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေ ဟောတဲ့တရားတွေမှာလဲ ဒါမျိုးတွေ မမြဲတာတွေ၊ အနိစ္စသဘောတွေ ကျွန်တော် အများကြီးနာဖူးပါတယ်။

ဟိုတစ်နေ့ကတော့ တိဗက်က ဘုန်းတော်ကြီး ဒလိုင် လားမားကို တီဗီအင်တာဗျူးတစ်ခုမှာမေးတယ်၊ “ဘုန်းတော်ကြီး အခုကမ္ဘာကြီးဟာ ပျက်စီးဆုံးရှုံးမှုတွေ သိပ်များတယ်၊ ဆူနာမီဖြစ်တယ်၊ မုန်တိုင်း တိုက်တယ်၊ ငလျင်တွေ လှုပ်တယ်၊ မီးတောင် ပေါက်တယ်၊ လူတွေ သိန်းချီ သေတယ်၊ ခုနောက်ဆုံး မြစ်ထဲမှာ ရေနံတွေ ဖိတ်တယ်၊ ဘာကြောင့် ဒီလိုဖြစ်သလဲ ဘုရား“လို့ မေးတယ်။ ဘုန်းတော်ကြီးက “ဒါတွေဟာ ခေတ္တခဏဖြစ်တာတွေပါကွာ“လို့ ဖြေပြီး ဒီနေ့ခေတ် ကမ္ဘာကြီး ဟာ အရင် နှစ် ၁၀၀၊ နှစ် ၂၀၀ ကထက်စာရင် အများကြီး ကောင်းလာပါပြီလို့ လားမားကြီးက ပြန်ဖြေပါတယ်။

မြန်မာဘုန်းတော်ကြီးတွေက အနိစ္စ၊ မမြဲဘူးလို့ ဟောပါတယ်၊ လားမားကြီးက ခဏပါလို့ ပြောပါတယ်။ လူသိန်းချီသေတာကိုတောင် ခေတ္တခဏပါ၊ ပြီးတော့လဲ ပြီးသွားတာပါပဲလို့ဆိုရင် ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှု၊ အနိမ့်အမြင့် အတက်အကျတွေဟာ ပိုတောင် ခဏဖြစ်သေးတာပေါ့၊ အမြဲမဟုတ်ဘူးပေါ့။ ဒီအခြေခံလေးကို ကျွန်တော် သဘောပေါက် လိုက်ပါတယ်။ ဘာသာတရား အခြေခံလို့ ဆိုချင်တာပါ။

အနိစ္စနောက်က ဒုက္ခကိုတော့ အဖျားအနားပဲ သိပါတယ်။ ထဲထဲဝင်ဝင် မသိသေးပါ။ ဒါကြောင့် ကျွန်တော် လောဘ၊ ဒေါသ၊ မောဟ ကြီးနေတုန်း၊ ခဏခဏ ကြီးမိတုန်းပါ။ အခွင့်အရေးရလိုက်တာနဲ့ ဒုက္ခလို့ မမြင်တော့ဘဲ လိုချင်တာ(လောဘ)၊ မရရင်စိတ်ဆိုးတာ(ဒေါသ)၊ တစ်ခါတလေ လိုချင်တဲ့ လောဘစိတ်များပြီး၊ ဒါမှမဟုတ် ဒေါသထွက်ပြီး ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေမှာ အမှန်အမှား ခွဲခြားမသိတာ(မောဟ) ဒါမှမဟုတ် ဘာမှမလုပ်နိုင်တော့ဘဲ တွေဝေတာ(မောဟ)တွေလဲ အကြိမ်ကြိမ် ဖြစ်နေတုန်းပါ။

အဆိုးဆုံးတစ်ခုကတော့ ငါကွ ဆိုတဲ့ (အတ္တ)ဆိုတာကို မပယ်နိုင်သေးတာပါပဲ၊ ငါလုပ်တာ၊ ကျွန်တော်လုပ်တာလေ၊ ကျွန်တော်ပြောတာပေါ့၊ ဒါ ကျွန်တော် ရေးတာလေ လို့ ပြောရင်း ချီးကျူးခံချင်လိုက်၊ ဂုဏ်ယူလိုက်၊ ပျော်လိုက်၊ ၀မ်းနည်းလိုက်၊ စိတ်ဆိုးလိုက်နဲ့ အမျိုးမျိုးပါပဲ၊ သူရူးတစ်ယောက်လို ကျွန်တော်ဟာ အကြိမ်ကြိမ် ဖြစ်နေတုန်းပါ။ ကျွန်တော် အနတ္တဆိုတာ မြင်ဖို့ဝေးစွ၊ ဘယ်နားနေမှန်းတောင် မသိပါဘူး။ ကိုယ့်အတ္တတွေနဲ့ ကိုယ်နပန်းလုံး ပြုံးလိုက်မဲ့လိုက် ဖုံးလိုက်ခွာလိုက် ရှုံးလိုက်မာလိုက် ထင်တိုင်းကြဲနေတုန်းပေါ့။

၇။ မျှော်လင့်ချက်

မျှော်လင့်ချက်မရှိရင် ကျွန်တော်တို့ ဘာမှလုပ်ကြမှာ မဟုတ်တော့ပါဘူး။ ဥပမာ နောက် ၆ လ ကြာရင် သေမယ်ဆိုရင် ဘာမျှော်လင့်ချက်မှ မရှိတော့တာမို့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ တည်တည်ငြိမ်ငြိမ်နဲ့ သေသွားမှာလား။ မသေခင် အချိန်လေးမှာ ရသမျှ ဆိုးမိုက်ဦးမှာလား၊ ဒါမှမဟုတ် မသေခင် ရိက္ခာယူတယ်ဆိုပြီး လောကီ စည်းစိမ်တွေကို အတင်းအဓမ္မ ခံစားကြမှာလား။ ဒါမှမဟုတ် မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ တစ်နေကုန် ၀မ်းနည်းပူဆွေးနေကြမှာလား။

ကျွန်တော်အပါအ၀င် လူတော်တော်များများကတော့ သက်တမ်းစေ့တော့ နေရမှာပါလေဆိုပြီး ရုန်းကန်လှုပ်ရှားနေကြတာ မဟုတ်လား။ ပညာတွေတတ်ဖို့၊ ကြီးပွား ချမ်းသာဖို့၊ ဒါမှမဟုတ်လဲ အများကောင်းကျိုး ဆောင်ရွက်လိုလို့ နေနေကြတာပါပဲ၊ ကိုယ့်ရည်မှန်းချက်ကလေးနဲ့ကိုယ် ကိုယ့်မျှော်လင့်ချက်ကလေးနဲ့ကိုယ် ကြိုးစားကြ ပျော်အောင်နေကြတာပဲ မဟုတ်လား။ မျှော်လင့်ချက်သာ မရှိတော့ရင် ဘာမှလုပ်ကြတော့မှာ မဟုတ်ပါဘူး။ ဒီတော့ မျှော်လင့်ချက်ကလဲ အရေးကြီးနေ ပြန်ပါတယ်။

မျှော်လင့်ချက်မှာက လောကီရေးရာ မျှော်လင့်ချက်နဲ့ လောကုတ္တရာရေးရာ မျှော်လင့်ချက် ဆိုပြီးတော့လဲ ရှိပြန်ပါတယ်။ လောကီရေးရာ မျှော်လင့်ချက်ကတော့ တချို့လဲ ကြီးကြီးမားမား မျှော်လင့် မထားပါဘဲနဲ့ ပေါက်ရောက်သွားတာတွေ ရှိပြန်ပါတယ်။ ဥပမာ တချို့နိုင်ငံခေါင်းဆောင် ဖြစ်လာသူတွေဆိုရင် မမျှော်လင့်ဘဲ ဖြစ်လာသူတွေရှိသလို အရည်အချင်းလဲရှိ အကြိမ်ကြိမ်လဲ ကြိုးစားပါရက်နဲ့ ဘယ်သောအခါမှ နိုင်ငံခေါင်းဆောင် မဖြစ်ခဲ့ရသူတွေလဲ ရှိပါတယ်။ မြန်မာရာဇ၀င်မှာ ဆိုရင် “မရွယ်ဘဲ စော်ကဲ မင်းဖြစ်“ဆိုတဲ့ စကားပုံတောင် ရှိပါတယ်။ လက်ရှိနိုင်ငံ့ခေါင်းဆောင်ကို ကြည့်ပါ။

လောကုတ္တရာကတော့ ဒီလိုမဟုတ်ပါဘူး၊ တကယ်ကို ရည်မှန်းချက်ကြီးကြီး မျှော်လင့်ချက်ကြီးကြီး ထားရသလို တကယ်တမ်းလဲ ကျားကုတ်ကျားခဲ ဇွဲသန်သန်နဲ့ လုပ်မှဖြစ်တာမျိုးပါ။ လောကုတ္တရာ ရည်မှန်းချက် ထားသူများကျတော့ တော်တော်ကြီးကို လေးစားဖို့ကောင်းပါတယ်။ ဥပမာ အရှင်ဆန္ဓာဓိက ဆိုရင် ရဟန်းဖြစ်ချင် လို့ကို ရဟန်းပြုတာလို့ သိရပါတယ်။

တချို့တော့ ရှိပါတယ်၊ လင်သေ၊ သားဆုံး၊ စီးပွားတွေ ပျက်ပြီး ဒုက္ခရောက်နေလို့ ဘာသာတရား အဆုံးအမ အားကိုးနဲ့ နေတော့မယ်ဆိုပြီး ပြောင်းလဲ နေထိုင် လာသူတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ သူတို့တွေက တကယ်တမ်း သံဝေဂ ရပြီးကာမှ ရည်မှန်းချက် ကြီးကြီးနဲ့ ကြိုးစားတာမျိုး မဟုတ်ခဲ့ဘူး ဆိုရင်တော့ ဘာမှ မဖြစ်လာကြပါဘူး။ လောကုတ္တရာ ရည်မှန်းချက် မျှော်လင့်ချက်က ပိုကြီးတာမို့ ပါရမီတောင် အဆစ်ထည့်ရမလို ဖြစ်နေပါတယ်။ အဆက်ဆက်သော ပါရမီပါသူ ရှိသူများသာ အခုလဲ ကြိုးစားကြတယ်၊ နောင်လဲကြိုးစားကြတယ်လို့ ကြားဖူးပါတယ်။

ဒါတွေက လတ်တလော စိတ်ထဲမှာ ရှိနေတာတွေ အမြဲတွေးမိနေတာလေးကို ရေးချလိုက်တာပါ၊ စဉ်းစားဆင်ခြင် ကြည့်ကြပါကုန်။ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

၂၀၁၀ ပြည့်နှစ်၊ မေလ ၂၂ ရက်၊ စနေည ၁၀ နာရီခွဲ။