စာမရေးဖြစ်တာ လနဲ့တောင် ချီသွားပါပေါ့လား၊ ဒီနေ့တော့ နိုင်ငံတကာအမေနေ့ ဖြစ်တာမို့ အမေ့အကြောင်းလေး ရေးမယ်ဆိုပြီး “မေမေ“လို့ ခေါင်းစဉ်တပ် လိုက်ပါတယ်။

“မေမေ“လို့သာ တပ်လိုက်တာ၊ ပြောရဦးမယ်။ မေမေ့ကို မေမေလို့ အသက် ၁၀ နှစ် မတိုင်ခင်အထိတော့ ခေါ်ခဲ့ဖူးတယ်ထင်တယ်။ အဲဒီနောက်တော့ ကိုယ့်ကိုယ်ကိုယ် လူကြီး အတင်းလုပ်ပြီး၊ မေမေ့ကို မေမေလို့ ခေါ်တာ ငါဟာ နုလိုက်တာ၊ ငါက လူကြီးဖြစ်နေပြီပဲ၊ တင်းပြတ်တဲ့ အခေါ်အဝေါ်နဲ့ ခေါ်မှတင့်တယ်မယ်ဆိုပြီး အမေလို့ ခေါ်တယ်။ ဟား ဟား..ကိုယ့်ဘာသာကိုယ် တွေးခေါ်ပြီး လူတတ်လုပ်တာလေ။

နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်လာရှိလာပြန်တော့လဲ အမေဆိုတာက နည်းနည်းပျော့နေပြန်တယ်။ ဒီတော့ အင်္ဂလိပ်ဘာသာစကား Mother ကို တိုက်ရိုက် စကားလုံး ဖလှယ်ပြီး မားသားလို့ ခေါ်ပြန်ပါတယ်။ အမေကတော့ သူ့ကို ဘယ်လိုခေါ်ခေါ် ဘာမှ မပြောပါ၊ သူက ဘယ်လိုအခေါ်ခံချင်တယ်လို့လဲ မတောင်းဆိုပါ။

မေမေကလဲ မိန်းမသားအများအပြားလို သိပ်နူးညံ့တဲ့ မိန်းမတစ်ယောက်တော့ မဟုတ်ပါ၊ ခပ်မာမာ ခပ်ပြတ်ပြတ်ပါပဲ။ လိုတာထက်ပိုပြီး စကားပြောသူမဟုတ်တော့ စိတ်ကြည်လင်တဲ့အခါ ကိုယ်တို့ ညီအစ်ကိုကို သားကြီး၊ သားငယ်လို့ ခေါ်တတ်ပေမဲ့ ပုံမှန်ဆက်ဆံတဲ့ အခါမျိုးမှာဆိုရင် သူပေးထားတဲ့(မှည့်ခေါ်ထားတဲ့) နာမည်ရင်းအတိုင်းပဲ ခေါ်ပါတယ်။ ကိုယ်ကလဲ အဲဒီလိုခေါ်တာကို ကြိုက်ပါတယ်။ ပြတ်သားတာကို ကြိုက်တဲ့သူဆိုတော့ အမေနဲ့သားဟာ အခေါ်အဝေါ်မှာ သိပ်ပြင်တည့်နေစရာ မလိုခဲ့ပါဘူး။

နောက်တော့ အခြေအနေတွေအရ သားကြီးနဲ့ မေမေဟာ ပိုရင်းနှီးလာခဲ့ပါတယ်။ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ဖြစ်လာတဲ့အခါ သားကိုလဲ ဓားတစ်လက် အနေနဲ့ တစ်မျိုး၊ အားကိုးစရာ တိုင်ပင်စရာ အကြံပေးတစ်သွယ်ထားလာတာကြောင့် သားကြီးလို့ ခေါ်တာများလာသလို ကျွန်တော်ကလဲ မားသားကနေ မားမားလို့ ခပ်ချိုချို ပျော့ပျော့ ခေါ်လာပါတယ်။

အခုထက်ထိလဲ မားမားလို့ခေါ်တာများပါတယ်၊ မေမေလို့တော့ မခေါ်ချင်သေးပါဘူး။ သိပ်မနုချင်လို့ပါ။ ထားတော့ ဒါက အခေါ်အဝေါ်ကိစ္စ။

အမေနေ့ကိစ္စကတော့ wiki သွားကြည့်တဲ့အခါ မြန်မာကိုလဲ နိုင်ငံတကာ အမေများနေ့မှာ နိုင်ငံအများစုလက်ခံထားတဲ့ မေလ ဒုတိယပတ် တနင်္ဂနွေထဲ ထည့်ထားတာ တွေ့ရပါတယ်။ အဲဒီ နိုင်ငံ ၇၇ နိုင်ငံစာရင်းထဲမှာ မြန်မာက သဘောတူပြီးပါတာလား၊ သဘောမတူဘဲပါတာလား ဘယ်လိုပါတာလဲတော့ မသိ၊ ပါဝင်နေပါတယ်။ ကျန်နိုင်ငံတွေကတော့ သူ့နေ့နဲ့သူ သတ်မှတ်ထားကြတာ တွေ့ရပါတယ်။ နေ့တစ်နေ့ကိုပဲ အတူတူ ၀ိုင်းသတ်မှတ်ထားတဲ့ နိုင်ငံစုတွေလဲ တွေ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်ဒါရိုက်တာကြီး၊ စာရေးဆရာကြီး၊ လူမှုရေးသမားကြီး ဦးသုခ ဦးဆောင်လှုပ်ရှားပြီး မြန်မာပြက္ခဒိန်က ပြာသိုလပြည့်နေ့ကို အမေနေ့လို့ သတ်မှတ်ထားပါတယ်။ နှစ်စဉ် နိုင်ငံတကာသုံးပြက္ခဒိန်အရဆိုရင်တော့ နှစ်ဆန်း ဇန်န၀ါရီလထဲ ကျရောက်မှာပေါ့လေ။ြ

ပြာသိုလဟာ အေးချမ်းတဲ့လမို့ အမေ့မေတ္တာဟာလဲ အေးချမ်းတာမို့ ရက်ရွေးတဲ့အခါ ပြာသိုလပြည့်နေ့ကို ရွေးပါတယ်လို့ ဦးသုခ ပြောဖူးသလား မသိပါ၊ ကျွန်တော်မှတ်မိနေသလိုပါပဲ။ လပြည့်ကတော့ အမေ့မေတ္တာ၊ အမေ့မျက်နှာပေါ့လေ၊ ပြည့်ပြည့်ဝန်းဝန်းကြီးပေါ့။ ကျွန်တော်တော့ ဦးသုခရဲ့ အမေနေ့ကို ပိုသဘောကျပါတယ်။

အမေနဲ့ပတ်သက်ပြီး အမှတ်ရဆုံးတွေ၊ ဆုံးမတာတွေကို ဒီနေ့ ပြန်စဉ်းစားတော့ အများကြီး ဖြစ်နေပါတယ်။ အခု ကိုယ်က အမေနဲ့အဝေးမှာ ရောက်နေသူဆိုတော့ အမေ အမြဲ လှမ်းလှမ်းမှာတတ်တာတွေထဲက ခေါင်းထဲ အရင်ဆုံး ပြေးလွှားဝင်ရောက်လာတာက “သား…လူတွေကို မယုံပါနဲ့“ တဲ့။

သား.. လူတွေကို မယုံနဲ့…

ခက်ပြီ၊ ကိုယ်က လူတွေကို အလွန်ယုံတယ်။ ယုံလို့ ခံရတာတွေလဲ မနည်းတော့…။ ကိုယ်လုပ်နေရတဲ့ အလုပ်ကလဲ လူတွေကို ယုံမှ လုပ်လို့ရတဲ့ အလုပ်။ နောက်တစ်ခု ယုံကြည်မှုဆိုတာက အပြန်အလှန် သွားတာ(ရှိတာ)မျိုးပါ။ သူ့ယုံမှ ကိုယ့်ယုံမှာပါ။ သူ့မှ ကိုယ်မယုံရင် ကိုယ့်ကိုလဲ သူယုံမှာ မဟုတ်တော့ပါ။

အမေက ကိုယ့်ထက် အသက်နှစ်ဆလောက် ကြီးတယ်၊ ဘ၀အတွေ့အကြုံများတယ်၊ ပညာလဲ ပိုတတ်တယ်၊ သတ္ဆိလဲ ပိုရှိတယ်။ အဲဒီလိုလူက လူတွေ မယုံနဲ့ လို့ပြောတာဟာ အကြောင်းမဲ့တော့ မဖြစ်တန်ရာ…၊ သူ့သားအကြောင်း သိလို့လဲ ဖြစ်မယ်။ သူ့သားက လူသိပ်ယုံတာကိုးနော်။

နောက်တစ်ခု အမေထပ်မှာတာက (ခဏခဏမှာတာက) တရားထိုင်ဖို့နဲ့ ဘာလုပ်လုပ် သတိလေး ကပ်ထားဖို့ပါ။

ကိုယ့်အလုပ်က ခေါင်းမဖော်နိုင်အောင် လုပ်ရတာ ဖြစ်ပါတယ်။ တစ်နေကုန် အလုပ် လုပ်ပြီးတဲ့အခါမှာ လူက နောက်အလုပ်တစ်ခုမှာ အာရုံမစိုက်နိုင်တော့ လောက်အောင် ဒေါင်း သွားပါပြီ။

တရားထိုင်တယ်ဆိုတာကလဲ စိတ်လက် ကြည်လင် လန်းဆန်းနေမှ သမာဓိကောင်းတာမျိုး၊ ဝေဒနာကို နည်းနည်းခံနိုင်ရည်ရှိပြီး ဖြစ်ပျက်ကို ဥာဏ်နဲ့ လိုက်ကြည့်နိုင်တာမျိုးပါ၊ မဟုတ်ဘဲ အတင်းထိုင်မယ်ဆိုရင် ထိုင်ရက် အိပ်ပျော်ရင်ပျော်၊ မဟုတ်ရင်လဲ ထိုင်တောင် မထိုင်နိုင်တော့ဘဲ ထိုးအိပ်ဖြစ်တော့တာပါပဲ။

တတိယတစ်ခု နားထဲပြန်ဝင်လာတာကတော့ ကျန်းမာရေးပါပဲ၊ ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ သားက တစ်ယောက်ထဲ အဝေးမှာရောက်နေတာမို့ စိတ်ပူပုံရပါတယ်။ အမြဲ ဒါကိုပဲ မှာနေပါတယ်။ ကိုယ်ကလဲ စိတ်မပူဖို့ အမြဲပြန်ပြောဖြစ်ပါတယ်။

အမေဆိုတာက သားသမီး ဘယ်အရွယ်ရွယ်ရောက်ရောက် သူတို့အတွက်ကတော့ ကလေးလေးပါပဲ၊ ချာတိတ်လေးပါပဲ၊ မလိမ်မိုးမလိမ်မာလေးပါပဲ။ အမြဲမှာကြား ဆုံးမနေမှ တော်ကာကြတယ်လို့ ထင်မှတ်နေကြပါတယ်။

ကိုယ်ကတော့ ကိုယ့်ဘာသာကိုယ် သားလိမ္မာလို့ ခံယူထားပေမဲ့ ကိုယ်တိုင်မိဘဘ၀ မရောက်သေးတာမို့တကြောင်း၊ အသက်အရွယ် ငယ်ရွယ်သေးတာမို့တကြောင်း၊ အကြောင်းနှစ်ရပ်အရင်းတည်လို့ အမေနဲ့တော့ ထပ်တူစိတ်မျိုး မရှိသေးပါဘူး။ တစ်ခါတလေတော့ အမေ့နှယ် ပူတတ်ရန်ကောလို့ စိတ်ထဲတွေးမိတတ်ပါတယ်၊ ထုတ် တော့မပြောပါဘူး။

အမေပြောတဲ့ အဓိက သုံးခုကို ပြန်ချုပ်ရရင် လူတွေ မယုံနဲ့ဆိုတာက ပေါင်းသင်းဆက်ဆံရေးအတွက် ဆုံးမတာပါ။ သူ့သားဟာ တနယ်တကျေးမှာ သူ့မျက်ကွယ်မှာ လုပ်ကိုင်စားသောက်နေရသူဖြစ်တော့ ဒါကို သူပြောတာပါ။ ရင်းနှီးပြီးသူတွေနဲ့ကော၊ ခုမှတွေ့တဲ့ သူစိမ်းတစ်ရံဆံတွေနဲ့ကော မဖြစ်မနေ ပေါင်းသင်းဆက်ဆံနေ ရမှာပဲ၊ အတူတကွ ပြောဆိုလုပ်ကိုင်နေရမှာပဲဆိုပြီး စိတ်ပူလို့ မှာပုံရပါတယ်။ လူဆိုကလဲ ကြာကြာပေါင်းကြည့်မှ သေချာသိလေဆိုတဲ့အမျိုးဆိုတာကို သူက ဘ၀ကို နှစ်ပေါင်းများစွာ တင်ကြိုဖြတ်သန်း သိနှင့်ထားနှင့်တာကိုးဗျာ..နော်။

တရားထိုင်ဖို့မှာတာကတော့ လူတွေဟာ အသက်ငယ်ငယ် ကြီးကြီး အချိန်မရွေး ကွယ်လွန်နိုင်တာမို့ အနည်းဆုံးတော့ တရားထိုင်ထားရင်၊ ရုပ်နာမ်ကွဲလို့ ဖြစ်ပျက်လေးများ သိထားရင် သူ့သားလေးဟာ အပ္ပါယ်ငရဲတော့ မကျနိုင်လောက်တော့ဘူးရယ်လို့ တွေးထားပြီး စိတ်ပူပန်လို့ မှာပုံရပါတယ်။ သားရဲ့ လောကုတ္တရာရေးအတွက် တင်ကြိုပြီး အခါမလပ် သတိပေးနေတာကိုးဗျနော်။

ကျန်းမာရေးအတွက်မှာတာကတော့ အခုလို တနယ်တကျေးမှာ လုပ်ကိုင်စားသောက်နေရတဲ့ခါ ကိုယ်ကျန်းမာ စိတ်ကျန်းမာနေမှ အလုပ်ကို ထိထိရောက်ရောက် ပီပီ ပြင်ပြင်လုပ်နိုင်မယ်မဟုတ်လားဗျာ။ အနီးကပ်နေကြတာဆိုရင် အရေးလား၊ အင်း…နေမကောင်းဘူး၊ အင်း…ဆေးခန်းမသွားချင်ဘူး၊ အင်း…ဟိုဟာ စားချင်တယ်၊ အင်း…စကားလာမပြောပါနဲ့ စသဖြင့် နေထိုင်မကောင်းရင် အင်မတန် ဂဂျီဂဂျောင်ကျတတ်တဲ့ သူ့သားကို ပြောပြောဆိုဆိုနဲ့ အမြန်နေကောင်းအောင် ပြုစုနေကြမို့ အခုဒီသားဟာ အဝေးမှာရောက်နေတာဆိုတော့ စိတ်ပူပုံရပါတယ်။

နိုင်ငံတကာအမေများနေ့မှာ အမေ့အတွက် တစ်ခုခုရေးချင်တာနဲ့ (အမေ့ကိုတော့ နေ့တိုင်းသတိရနေတာပါပဲလေ) အမေနဲ့စကားပြောဖြစ်တိုင်း ကိုယ့်ကိုဆုံးမတဲ့ အမြဲ အထပ်ထပ် သတိပေးပြောနေတဲ့ အမေ့အမှာစကားသုံးခွန်းကို သတိရပြီး ပြန်ရေးပြရပါတယ်။ အမေကျန်းမာ ချမ်းသာလို့ တရားဓမ္မတွေ ပွားစီးနိုင်ပြီး စိတ်ကြည်လင် အေးချမ်းနေပါစေ၊ တရားအရသာ မေတ္တာဓာတ်တွေနဲ့ နေနိုင်ပြီး ရန်ကုန်အပူဒဏ်ကို ကျော်လွှားနိုင်ပါစေလို့ လက်ဆယ်ဖြာ ယှက်ဖြာ အုပ်မိုးလို့ ဆုတောင်း ကန်တော့ လိုက်ပါတယ်အမေ။

သားမောင်။

၂၀၁၀ ပြည့်နှစ်၊ မေလ ၉ ရက်။ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ။