ဟိုဘက်ဒီဘက် ရွှေ့ရွှေ့နေရတာတင်
အဲဒီထဲမှာ ကျပ်နေတယ်
ဘာမှ မရှိဘူးလို့ ပြောမလား
အားလုံးရှိတယ်လို့ ပြောမလား ရတယ်

စိတ်မွန်းကျပ်ရင် ပြတင်းတံခါးဖွင့်
အေးတဲ့အခါ ပြန်ပိတ်
သတင်းကြည့်တဲ့အခါ ကြည့် လူမှုကွန်ရက်ကြည့်တဲ့အခါ ကြည့်
ကိုယ့်ဘာသာ ပျင်းရင်တော့ ရေရောပေါ့

ဒီလိုဆိုတော့လဲ နေလို့ဖြစ်သားပေါ့
ဘ၀ကြီးဟာ… ပျော်ပါတယ်၊ နေသာရင် နေစရာပါပဲ
ဟိုအဝေးကြီးက ကမ္ဘာကို ကြည့်တဲ့အခါ ဘော့လုံးလေး သာသာ
ကိုယ်ဟာ မမြင်ရတဲ့ စိတ်ထဲက လူတစ်ယောက် ခပ်မှောက်မှောက်လေး ရှိနေမှာပေါ့

ပြန်ကောက်ရရင်တော့ ဒီထဲမှာနေ ဒီထဲမှာမွှေ
စိတ်က ခဏနေ ရန်ကုန်ရောက်လိုက်၊ ဟိုဘက် ရောက်လိုက် ဒီဘက် ရောက်လိုက်
ပြန်ကောက်လိုက် ဖုတ်ဖက်ခါလိုက် ထောင်ထောင်ထလိုက်
ရယ်လိုက် ငိုလိုက် ပြုံးလိုက် မဲ့လိုက်
တစ်ယောက်ထဲကို ဖြစ်ချင်တိုင်းဖြစ်နေတာ အဲဒီအခန်းလေးထဲမှာ

ရှုပ်ပေပွနေတာကတော့ ပြောမနေပါနဲ့တော့ အမှိုက်ပုံလို
နေသာသလို နေတာလဲတကြောင်း တခြားအရေးကြီးတာတွေ လုပ်နေတာလဲတကြောင်းမို့
ကိုယ့်အနံ့တောင် ကိုယ်မသိတဲ့ပုံစံ လုပ်ထားတာ ကြာဖြင့်ကြာလှပေါ့
တစ်ပါးသူတွေအားနာပေမဲ့ ကိုယ့်အကြောင်းနဲ့ကိုယ်လေ
အချိန်ကိုက လောက်မှဖြင့်မလောက်ပေပဲကိုး တစ်နေ့ ၂၄ နာရီ

စာဖတ်လိုက် ဘလော့ဂ်ဖတ်လိုက် သတင်းကြည့်လိုက် သီချင်းညှိလိုက်နဲ့
ခပ်အေးအေးနေလိုက် ခပ်ဆွေးဆွေးကြွေလိုက်နဲ့
ကိုယ်တိုင်ဒါရိုက်တာ ကိုယ်တိုင်မင်းသား ဇာတ်ညွှန်းကလဲ ကျေပြီးသားဆိုတော့
ဘာပြောကောင်းမလဲဗျာ အကယ်ဒမီရှော့ခ်တွေချည်း လုပ်နေတာ
သေလောက်တယ် ဘ၀ ၂၀ စာလောက်

အထီးကျန်ခြင်းကို ပျော်မွေ့သူပါဆိုတော့ ဘုန်းကြီးဖြစ်မဲ့သူလို့ပဲ ဆိုချင်ဆို
ကိုယ့်အချိန်ကို နောက်တစ်ယောက်ကို မပေးနိုင်ဘူး
အလုပ်ကိုပေးရတာတောင် ပိုက်ဆံရနေလို့သာ
ဒီလောက်အတ္တကြီးမှတော့ ဒီအခန်းနဲ့ပဲတန်ပါတယ်လို့တော့ မဲ့ရွဲ့ကာ မဆိုလိုက်ပါနဲ့
ဟားတိုက်လို့ ပြန်မရယ်ဝံ့ပါဘူး ကိုယ့်အကြောင်းနဲ့ကိုယ်

ဒီအခန်းထဲနေ ဒီအခန်းထဲလေနေတော့ ဒီအခန်းလေးကိုပဲ ချစ်လာတာ
တစ်ခါတခါ အပြင်တောင် မထွက်ဝံ့တော့ဘူး
သူကလေး ပျင်းကျန်ရစ်မယ်ဆိုပြီး သက်ရှိတစ်ယောက်လို
အခန်းသံယောဇဉ်ကြီးလိုက်ပုံများ
ရယ်စရာကောင်းအောင် ရူးပါ့လို့ သြချကြမှာသိတယ်

ခက်တယ်လေ ဒီအခန်းလေးဟာ ငယ်တယ်ဆိုရင်တောင်
ကမ္ဘာကြီးကိုလည်း ဒီအခန်းထဲကပဲ မြင်နေရတာမို့ ကိုယ့်အတွက်တော့
ငယ်တာထက် ကျယ်လွန်းလိုက်တာလို့ပဲ ပြောရမှာပဲလေ
ဘာလို့ဆို မြင်အောင် ကုန် မကြည့်နိုင်လို့ပဲ

ပြောရမှာတော့ ရှက်တယ်
ရှက်ပေမဲ့ ပြောရမှာပါပဲ၊ လွတ်လပ်ခြင်းတွေ၊ တစ်ကိုယ်ရေဆန္ဒတွေ
ခံစားမှုတွေ၊ အလွမ်းတွေ၊ လွတ်လွတ်လပ်လပ် ရယ်လိုက်နိုင်တာတွေ
အားလုံးပေါ့ တကယ့်ကို အားလုံးပေါ့
ကိုယ့်အတွက် လတ်တလော လိုအပ်တဲ့ အရာအားလုံးဟာ
အဲဒီ ၁၀ ပေ ပတ်လည် အခန်းလေးထဲမှာရှိတယ်။

၂၀၁၀ ပြည့်နှစ်၊ ဧပြီ ၁၀ ရက်။ မွန်းတည့် ၁၂ နာရီ။