လန်ဒန်တွင် အလုပ်လာလုပ်ရင်း ၈ လ ပြည့်ခါနီးတွင် ပထမဆုံး အားလပ်ရက်များအဖြစ် တစ်လကြာ ရလေတော့တယ်။

မူလကတည်းက ဥရောပသွားဖို့ ရည်မှန်းထားသူပီပီ အားလပ်ရက်တွေ ရတဲ့ကာလအတွင်းမှာ နဂိုစိတ်ကူးကလေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပြင်ဆင်ရပါတော့တယ်။ အဓိက ကတော့ ဗီဇာရဖို့ပေါ့လေ။

ယူကေဗီဇာရထားပေမဲ့ ဥရောပ(အီးယူ)နိုင်ငံတွေ ထပ်သွားချင်ရင်တော့ ရှန်ဂန်(Schengen Visa)ဗီဇာကို ယူရပါတယ်။ ရှန်ဂန်ဗီဇာပေးနိုင်တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဘယ်နိုင်ငံရဲ့ လန်ဒန်အခြေစိုက် သံရုံးကမဆို ဗီဇာယူလိုက်ရင် ရှန်ဂန်ဗီဇာအဖွဲ့ဝင်နိုင်ငံတွေကို သွားလာလို့ရပါတယ်။

ရှန်ဂန်ဗီဇာရရင် သွားနိုင်တဲ့ ဥရောပက နိုင်ငံတွေကတော့…
သြစတြီးယား Austria
ဂျာမနီ Germany
ဘယ်လ်ဂျီယံ Belgium
ဒိန်းမတ် Denmark
ဖင်လန် Finland
ပြင်သစ် France
ဂရိ Greece
အိုက်စ်လန်း Iceland
အီတလီ Italy
လူဇင်ဘတ် Luxemburg
နော်ဝေ Norway
ပေါ်တူဂီ Portugal
စပိန် Spain
ဆွီဒင် Sweden နဲ့
နယ်သာလန်(ဟော်လန်) The Netherlands တို့ပဲ ဖြစ်ပါတယ်။

ကိုယ်က ပြင်သစ်ပြည်၊ ပါရီမြို့ကို မူလကထဲက သိပ်သွားချင်နေသူဖြစ်ပါတယ်။ စာတွေဖတ်လာပြီးနောက်မှာ ကမ္ဘာကျော် အနုပညာရှင်တွေ၊ စာပေပညာရှင်တွေဟာ ပါရီကို အခြေတည်ကြသတဲ့၊ ပါရီကို ချစ်ကြသတဲ့၊ ပါရီကို လာကြသတဲ့။

ကိုယ်က ကမ္ဘာကျော် မဟုတ်ပါဘူး၊ ဘာမှလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီနေရာတော့ သွားဖူးချင်တာပါပဲ၊ ရောက်ဖူးချင်တာပါပဲ။ ဟုတ်ပြီ အခုက အခွင့်အရေး ကတော့ လက်တစ်ကမ်းရောက်နေပြီ။ ဗီဇာယူရုံ၊ သွားလိုက်ရုံပဲ။ သွားတာပေါ့။

သွားမယ်ဆိုတော့ စဆုံးစမ်းရတယ်။ ဘယ်လိုသွားမလဲ၊ ကားနဲ့ ရထားနဲ့ လေယာဉ်နဲ့…။ ပါရီနဲ့လန်ဒန်ဆိုတာ ရထားနဲ့ သွားလို့ရသတဲ့၊ ရန်ကုန်ကထဲက ကြားလာရတာ…အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သွားသတဲ့၊ ပင်လယ်အောက်မှာ လိုဏ်ခေါင်းလုပ်ထားပြီး ရထားက အဲဒီထဲကနေ ခုတ်သွားသတဲ့။ ဟာ..အဲဒီလို သွားမှလို့ စိတ်က ဆုံးဖြတ်တယ်။ လန်ဒန်ကနေ ပါရီကို ရထားနဲ့သွားမယ်။

ဒီတော့ ဗီဇာကိစ္စ၀ိစ္စ၊ ရထားလက်မှတ်ကိစ္စ စစုံစမ်းတော့ ရထားလက်မှတ်က အိုကေတယ်၊ ကိုယ့်မှာလည်း ဘဏ်ကတ်က ရှိနေပြီးသားဆိုတော့ အွန်လိုင်းကနေ အခုဝယ် အခုလက်မှတ်ရတယ်။ ခက်တာက ဗီဇာကိစ္စ၊ ပါရီသွားမယ်ဆိုတော့ လန်ဒန်က ပြင်သစ်သံရုံးမှာ ဗီဇာတင်ရမှာပေါ့။ ရုံးက သွားဖူးတဲ့သူတွေ မေးစမ်း၊ လန်ဒန်မှာရှိတဲ့ သူငယ်ချင်းကို မေးကြည့်၊ ကိုယ်တိုင်လည်း အွန်လိုင်းကနေ ကြည့်လိုက်တော့ မြန်မာအပါအ၀င် တတိယကမ္ဘာက နိုင်ငံတွေဆို တစ်လကြာမယ်တဲ့။

မြန်မာက တတိယကမ္ဘာထဲက နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့ သာမန်အဆင့်အတန်း(သူတို့ခွဲခြားမှုအရ ပြောပါတယ်)ရှိတဲ့ နိုင်ငံ၊ သိပ်အဆိုးကြီးထဲက မဟုတ်သေးဘူး။ အစိုးရမင်းများ ကောင်းလှပါရဲ့လို့ ကျေးဇူးတင်ရမလို၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ဆို ပိုဆိုးတယ်လေ၊ visa processing time ဗီဇာလျှောက်လွှာကို လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်ချိန် ၆ ပတ်ကြာမတဲ့၊ တခြားတင်းကျပ်တဲ့စည်းကမ်းတွေလည်း ရှိသေးတယ်။

အဲ မြန်မာက တစ်လအချိန်ယူတယ်ဆိုပေမဲ့ လျှောက်လွှာတင်တာကနေ ဗီဇာရတဲ့အထိ တစ်လကြာမယ်ပြောတာ၊ နှစ်ပတ် သုံးပတ်နဲ့ ရချင်လည်း ရတယ်လို့ ဆိုပြန်တယ်။ ခက်တာက လျှောက်လွှာတင်ဖို့ရက်ကိုလည်း သူ့ဝက်ဘ်ဆိုက်ကနေ(အွန်လိုင်းကနေ) ကြိုတင် ယူရသေးသဗျ၊ အဲဒါကလည်း တစ်ပတ်၊ ၁၀ ရက် ကြိုယူရတာမျိုး။ ဆိုတော့ ဗီဇာလျှောက်လွှာ စိစစ်တာက တစ်လ၊ လျှောက်လွှာတင်ဖို့ အွန်လိုင်းကနေ ရက်ချိန်းကြိုယူရတာက တစ်ပတ်ဆိုရင် တစ်လနဲ့တစ်ပတ် ကြာမယ်။

သွားပြီ..၊ ကိုယ့်ခွင့် စမဲ့ရက်ကနေ တော်တော်ကျော်သွားပြီ။ မဖြစ်ချေဘူး။ နောက်ထပ် နည်းလမ်းရှာ၊ သူငယ်ချင်းတွေ မေးစမ်းပြန်တော့…ဘယ်လ်ဂျီယံသံရုံး ကနေ ရှန်ဂန်ဗီဇာလျှောက်ဖို့ အကြံပေးကြပြန်တယ်။ ပါရီကနေ ဘယ်လ်ဂျီယံဘက်ကို အသာရွှေ့ကြဦးစို့ရယ်။

ဘယ်လ်ဂျီယံကတော့ ငယ်ငယ်ကထဲက ကိုယ်ကြားဖူးနေတယ်။ အမေက ကျောက်မျက်ရတနာဝါသနာပါတော့ ဘယ်လ်ဂျီယံစိန်ဆိုတာ တော်တော်ကောင်းတယ်လို့ သိထားတယ်။ တကယ်တမ်းသိရတာက စိန်ကောင်းတာထက် စိန်သွေးတာမှာ ကောင်းတာပါ။ ကိုယ်ငယ်ငယ်ကတော့ အဲဒီလောက်မသိဘူးပေါ့၊ ဘယ်လ်ဂျီယံနဲ့ စိန်ပဲတွဲဖက်မှတ်ထားခဲ့တာ…။

သူငယ်ချင်းကလည်း ပြောတယ်၊ ဘယ်လ်ဂျီယံသွားဖြစ်ရင် မြို့တော် ဘရပ်ဆဲလ်ပြီးရင် အဲဒီက ဒုတိယမြို့ဖြစ်တဲ့ Antwerp ကို သွားဖို့၊ စိန်တန်းကို ကြည့်ဖို့ ပြောပြန်တယ်။ ၀ယ်တာ မ၀ယ်တာ နောက်ထား၊ ရောက်ဖူးတယ်ရှိအောင် သွားမှာပါလို့ စိတ်ထဲထည့်လိုက်တယ်။

မြို့တော် ဘရပ်ဆဲလ်ကလည်း မသွားလို့ မဖြစ်ဘူးလေ၊ ဥရောပပါလီမန်အခြေစိုက်ထားတာကိုး…၊ တစ်ခါ ကိုယ်က ပါလီမန်တို့၊ လွှတ်တော်တို့ဆို ငယ်ငယ်ကထဲက သိပ်ရောက်ဖူးချင်တာ။ ရန်ကုန်မှာတော့ ပြည်လမ်းက ဖြတ်ရတိုင်း တံခါးပိတ်သော့ခတ်ထားတဲ့ လွှတ်တော်ဖြူဖြူကြီးကို အပြင်ကပဲ ငေးငေးကြည့်ခဲ့ရတာကိုး၊ တစ်ခါမှလည်း အထဲမ၀င်ခဲ့ဖူးပါ။ ညီကတောင် လူရွှင်တော်ဖြစ်တုန်းက တစ်ခါလား မင်းပွဲသဘင် သွားကဖူးလို့ ရောက်ဖူးသေးတယ်ပြောတာပဲ။

ထားတော့၊ ဘရပ်ဆဲလ်ရောက်ရင်တော့ ဥရောပပါလီမန်သွားမယ်လို့ တေးမှတ်လိုက်တယ်၊ တစ်ခါ အန်တီပြောတဲ့ ဗင်းနစ်လိုလှတဲ့မြို့လေးတဲ့.. Bruges ကို သွားပါတဲ့။ ဘယ်လ်ဂျီယံရောက်ရင် ပြောပါတယ်။ ဒါနဲ့ ဒီလောက်ဝိုင်းပြောလာတော့ ပါရီမသွားရလဲ ခွင့်ရတုန်းလေး ဘယ်လ်ဂျီယံရောက်ဖူးသွားလဲ မဆိုးပါဘူးဆိုပြီး ဘယ်လ်ဂျီယံဘက် စစ်မျက်နှာလှည့်လိုက်တယ်။

တစ်ခါ အွန်လိုင်းပြန်တက်၊ ဘယ်လ်ဂျီယံဗီဇာအတွက် ချက်(စစ်ဆေး)လိုက်တော့ ဖောင်ဖြည့်ပြီး စာရွက်စာတမ်းတမ်းတင်ရုံပဲ။ ဘာမှ ကြိုတင်ရက်ချိန်း ယူစရာ မလိုဘူး၊ ရုံးက လူကြီးလက်မှတ်လည်း မလိုဘူး။ လိုတာက ခရီးစဉ်အတွက် လက်မှတ်(ရထား သို့မဟုတ် လေယာဉ်)နဲ့ ဟိုရောက်ရင် ဘယ်မှာတည်းမလဲဆိုတဲ့ ဘွတ်ကင်(ကြိုတင်ချိတ်ဆက်ထားမှု)ပဲလိုတယ်ဆိုတော့ ချက်ချင်းကို ကိုယ်က အွန်လိုင်းကနေ လက်မှတ်ဖြတ်ပစ်လိုက်တာ…။

တကယ်တော့ ဘယ်လ်ဂျီယံဆိုတာ ဥရောပတိုက်ထဲက နိုင်ငံသေးသေးလေးပါ။ ကိုယ့်အတွက်တော့ ဧရာမနိုင်ငံကြီးသဖွယ် သွားရမှာပဲ၊ ခွင့်ရတုန်းမှာ ဥရောပ ရောက်ဖူးချင်တဲ့ဆန္ဒက တားမရစီးမရဖြစ်နေတော့တာကိုးဗျာ၊ အဲ သူက ဗီဇာတန်းတင်လို့ရတယ်ဆိုပေမဲ့ ခွင်တစ်ခုတော့ ရိုက်ထားတယ်ဗျ။ အဲဒီက ဘာလဲဆိုတော့ ၀န်ဆောင်ကြေးဆိုပြီး နောက်ထပ် ၂၅ ပေါင် ဖန်ထားတဲ့ကိစ္စပဲ။ တတ်နိုင်ဘူးလေ၊ ကိုယ့်အတွက်တော့ ဗီဇာမြန်မြန်ရဖို့ အရေးကြီးတော့ ပေးရမှာပဲ၊ ဗီဇာကို သတ်မှတ်ရက်အတွင်းရထားမှ ခွင့်ရထားတဲ့ သတ်မှတ်ရက်အတွင်း သတ်မှတ်ခရီးစဉ်ကို သွားနိုင်မှာလေ။

ဒီတော့ အွန်လိုင်းမှာပြထားပြောထားတဲ့အတိုင်း ပြင်ဆင်ပြီး ဗီဇာသွားလျှောက်ပါတယ်၊ ညနေပိုင်း သွားလျှောက်တော့ လူများနေလို့လား မသိ၊ နောက်နေ့ မနက်စောစောမှ လာတင်ပါဆိုတာနဲ့ “ဟာ..သွားပြန်ပြီ“ဆိုပြီး စိတ်ဓာတ်က ကျချင်သွားပါတယ်။ အပေါက်ဝက မ၀င်ရတာမို့ ဘာမှလည်း မတတ်နိုင်ပါဘူး။ ဒါနဲ့ ပြန်လာပြီး နောက်နေ့ မနက်စောစော ပြန်လာတင်ရပါတယ်။

နံနက် ၈ နာရီမှ ဗီဇာလက်ခံတဲ့ရုံးဖွင့်တာဆိုပေမဲ့ စောစောတန်းစီဖို့စိတ်ကူးနဲ့ ၆ နာရီခွဲလောက် လာခဲ့တာတောင် ကိုယ့်ရှေ့မှာက ၃ ယောက် ရောက်နေပါပြီ။ တစ်နာရီခွဲကြာ ချမ်းချမ်းစီးစီး လေတွေတိုက်နေတဲ့လမ်းမပေါ် စောင့်ပြီးတဲ့အခါ အဆောက်အဦးထဲ ၀င်ရပါတယ်။

တန်းစီနေရင်း ကိုယ့်နောက်က အိန္ဒိယက ကုလားမလေးက “မင်းကွာ၊ မြန်မြန်လိုချင်ရင် ဂျာမနီသံရုံးသွားလျှောက်လည်း ရတာပါပဲ“လို့ ပြောပါတယ်။ ကိုယ်က သူ့ကို ပြောမိတာကိုး “ငါ တကယ် သွားချင်တာက ပါရီကွ၊ အခုက ပြင်သစ်သံရုံးက ကြာမှာမို့ မြန်မြန်ရမဲ့ ဒီသံရုံးမှာ ဗီဇာလာလျှောက်တာပါ“လို့ သူ့ကို ပြောလိုက်တာကိုး။

သူကတော့ ဘယ်လ်ဂျီယံကို ကျောင်းကနေခွင့်ယူပြီး သွားမှာတဲ့။ လန်ဒန်မှာကျောင်းလာတက်တဲ့သူတွေက ဥရောပလို ဒီလိုပဲ အလည်သွားတတ်ကြတယ်၊ ကျောင်းကတော့ ထောက်ခံစာယူခဲ့ရတာပေါ့လေ။

ဗီဇာလျှောက်လွှာတင်ရမဲ့ အဆောက်အဦးအပေါက်ဝရောက်တော့ အပေါက်ဝမှာ အစောင့်(Guard) က မေးသေးတာ၊ မင်းက ဘာဗီဇာလျှောက်မှာလဲတဲ့၊ ဘယ်မလဲ ကြိုတင်ချိန်းဆိုထားတဲ့စာ(Appointment)တဲ့၊ “ဟာကွာ…မင်းပဲ မနေ့က ဒီမနက် လာတင်လို့ ပြောထားပြီးတော့“လို့ဆိုတော့ “မင်းက ဘယ်လ်ဂျီယံဗီဇာ လျှောက်မှာလား“တဲ့။ “ဟုတ်တယ်လေကွာ၊ ဒီမှာ လက်မှတ်နဲ့ ဟိုတယ်ဘွတ်ကင်“ဆိုမှ အစောင့်က ပေးဝင်တာဗျ။

အခုပြောပြနေတာက ပိုက်ဆံလည်းရှိတယ်၊ ခွင့်လည်း ရထားတယ်ဆိုတာတောင်မှ ဗီဇာလျှောက်ရ ပြင်ရဆင်ရ မလွယ်တာကို ပြောပြနေတာပါ။ နောက်တစ်ခု ကိုယ့်တိုင်းပြည်က မချမ်းသာဘူး၊ အဲဒီက အစိုးရက မကောင်းဘူး(ဒါမှမဟုတ် မကောင်းသတင်းတွေ တအားထွက်နေတယ်)ဆိုရင် အဲဒီတိုင်းသူပြည်သား လူအများတို့မှာ အလွန်နစ်နာပါကလားလို့ စိတ်ထဲမှာတောင် ယောင်တောင်တောင်နဲ့ တွေးမိပါသေးတယ်။

ငါတို့တိုင်းပြည် ချမ်းသာနေရင်၊ ငါတို့ခေါင်းဆောင်တွေ ကမ္ဘာ့အလယ်မှာ နာမည်ကောင်းနဲ့ ထင်ရှားနေရင် ငါတို့ အဲဒီတိုင်းပြည်ကကွလို့ ဆိုလိုက်တာနဲ့ နိုင်ငံအားလုံးက လာပါကွာ၊ ဗီဇာတွေဘာတွေ လုပ်မနေပါနဲ့၊ နေချင်သလောက်နေပါကွာ၊ အလုပ်လုပ်ချင်လည်း လုပ်ပါကွာလို့ ဆိုလာရင်တောင် ကိုယ်က မျက်နှာထား တည်တည်၊ အပြုံးလေး မစွက်တစွက် ချိုချဉ်လေးလုပ်ပြီး “နေပါစေဗျာ၊ ကမ္ဘာပတ်ဖို့ စိတ်ကူးလေးရှိလို့ လာတာပါခင်ဗျာ၊ မရောက်ဖူးတဲ့နေရာတွေ ရောက်အောင်လို့ပေါ့၊ ကျွန်တော်တို့နိုင်ငံကနေပြီးတော့ ခွဲခွာနေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်“လို့ သက်သောင့်သက်သာလေး ပြောကြည့်ချင်လိုက်တာ။ ဘယ်ဘ၀များမှ ပြောနိုင်မလဲတော့မသိပါ။ စိတ်ကူးယဉ်လှချည်လားလို့ ဆိုချင်ဆိုပါတော့….။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်။ မွန်းလွဲ ၂ နာရီ။