လန်ဒန်က ဘယ်လ်ဂျီယံသံရုံးမှာ ဗီဇာလျှောက်တော့ ရင်ကတော့ ခပ်တုန်တုန်ပါပဲ၊ တစ်ခုခု လိုအပ်သေးတယ်လို့ ပြောလိုက်မှာ၊ ငြင်းလိုက်မှာကို မလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ရက်ကပ်ပြီးမှ လုပ်တာဆိုတော့ အားလုံးအဆင်ပြေဖို့ ဆုတောင်းရပါတယ်။ ဒါနဲ့ အ၀င်ဝမှာ တိုကင်ယူခဲ့ပြီး ကိုယ့်အလှည့်စောင့်၊ ရောက်တဲ့အခါ ကောင်တာမှာ သွားတွေ့၊ တောင်းတဲ့စာရွက်တွေပေး၊ ပြလုပ်တော့ ခရီးသွားအာမခံတဲ့..တောင်းလာပါတယ်။

ဒီမှာက ခရီးတွေသွားတဲ့အခါ ခရီးသွားအာမခံက မရှိမဖြစ် မပါမဖြစ်လိုအပ်တာမို့ ကိုယ်က နဂိုကထဲက ခရီးသွားအာမခံကိစ္စကို ပြေးလွှား၊ စုံစမ်းခဲ့ပြီးသားဆိုတော့ တော်တော်သိနေပါပြီ။ တစ်ပတ်စာ၊ နှစ်ပတ်စာ၊ တစ်လ အာမခံတွေ ၀ယ်မလား၊ ကုမ္ပဏီတစ်ခုခုက ၀ယ်မလား၊ စာတိုက်က ၀ယ်မလား။ မေးလည်းမေးကြည့်ခဲ့ပါ တယ်။

ဘဏ်မှာလည်း ၀ယ်လို့ရတယ်ဆိုတော့ ဘဏ်ကို သွားမေးတဲ့အခါ ဘဏ်က ကိုယ့်အကောင့်က ဥရောပသွားရင် အာမခံဝယ်စရာမလိုဘူး။ ဘဏ်က အော်တိုမစ်တစ် အာမခံဝန်ဆောင်မှုပေးပြီးသားလို့ ပြောလိုက်ပါတယ်။ ကိုယ့်အကောင့်က သာမန်အကောင့်ပါ၊ တချို့အကောင့်ဆိုရင် တစ်ကမ္ဘာလုံး ဘယ်သွားသွား အာမခံသပ်သပ် ထပ်ဝယ်စရာမလိုပါဘူး၊ ဘဏ်ဝန်ဆောင်မှုမှာပါပြီးသားပါ။

ကြုံလို့ပြောရရင် ကိုယ့်အကောင့်က လက်ကိုင်ဖုန်းအာမခံလည်း ပါပြီးသားပါ။ ကိုယ့်လက်ကိုင်ဖုန်း ပျောက်ရင်၊ ပျက်ရင် ဘဏ်က ဖုန်းအသစ်တစ်လုံးဝယ်ဖို့ ပိုက်ဆံပြန်ပေးမှာ ဖြစ်ပါတယ်။ ဘဏ်တွေရဲ့ဝန်ဆောင်မှုက တော်တော်ကောင်းတာပါ။ လစဉ် ဘဏ်ဝန်ဆောင်ခတွေ ယူထားတာကိုးဗျာ။

ဒါနဲ့ ဗီဇာကောင်တာက ကောင်မလေးကို ကျွန်တော့်ဘဏ်ကတ်ပြပြီး ကျွန်တော်က ဒီဘဏ်က ကတ်ကိုင်ပါတယ်၊ ဥရောပခရီးသွားရင် ခရီးသွားအာမခံ အထူး ၀ယ်စရာမလိုတော့ပါဘူးပြောတော့ သူက မယုံဘူး၊ ဘဏ်ကနေပေးတဲ့ ထောက်ခံစာပေးပါတဲ့။

ဒါနဲ့ ဘဏ်ကနေပေးလိုက်တဲ့ ဘဏ်အကောင့်ပိုင်ရှင်တွေကိုပေးတဲ့ စာအုပ်ထဲမှာပါတဲ့ အခန်းက စာပိုဒ်ကိုပြတော့ ဒါဆို အဲဒါလေး မိတ္တူကူးပေးပါတဲ့၊ မိတ္တူကူးရင် တစ်ပေါင်လားထည့်ပြီး ကူးရတဲ့စက်တော့ ရှိပါတယ်။ မကူးချင်တော့ပါဘူး၊ ဒီစာအုပ်သာ ယူလိုက်ပါတော့ဗျာဆိုပြီး စာအုပ်ကြီးပေးလိုက်တော့မှ မချောက ဗီဇာကြေး ၅၅ ပေါင်၊ ၀န်ဆောင်ကြေး ၂၅ ပေါင်၊ ဗီဇာကိစ္စ ရ မရကို ဖုန်းကနေ မတ်ဆေ့ဂ်ျ ပို့ပေးရမလား၊ စာတိုက်ကနေ ဗီဇာတုံးထုထားတဲ့စာအုပ်ကို ပို့ပေးရမလားလို့ မေးပါတယ်။

မတ်ဆေ့ဂ်ျပဲ ပို့ပေးပါ၊ လာယူပါမယ်ဆိုတော့ ၂ ပေါင်လား ထပ်ပေးရတယ်။ စာတိုက်ကနေဆိုရင် နောက်ထပ် ၇ ပေါင်လား ပေးရဦးမှာပါ။ ဒါနဲ့ သူတောင်းတဲ့ ပိုက်ဆံကို ဘဏ်ကတ်နဲ့ ပေးပြီးသကာလ ၂ ရက်၊ ၃ ရက်ကြာရင် မတ်ဆေ့ဂ်ျပို့လိုက်ပါမယ်လို့ပြောတော့ စိတ်လက်ပေါ့ပါးစွာနဲ့ ပြန်လာခဲ့ပါတော့တယ်။ အဲဒီမှာ ကိုယ့်တစ်ချက်မှားသွားခဲ့တယ်ဆိုတာ မသိခဲ့ပါဘူး။ နောက်မှသိရတာပါ၊ ဒီလိုပါ။

ကိုယ်က ဗီဇာလျှောက်လွှာမှာ ပထမ single entry လို့ရေးထားတာကို ခြစ်ပြီး၊ multi entry ဆိုပြီး ပြောင်းလိုက်ပါတယ်။ (ကိုယ့်အကြောင်းနဲ့ကိုယ်ပါ၊ ဘယ်လ်ဂျီယံသွားမယ်၊ လန်ဒန်ပြန်လာမယ် ပြီးမှ ပါရီသွားမယ်လို့ တွေးခဲ့တာကိုး)

နောက်တစ်ခုက duration of stay ဆိုတဲ့နေရာမှာလည်း ရက်အတိအကျ ဥပမာအားဖြင့် ရက် ၃၀၊ ရက် ၆၀၊ ရက် ၉၀ ဒါမှမဟုတ် ၇ ရက်၊ ၁၄ ရက် စသဖြင့် ထည့်မပေးလိုက်တော့ ဗီဇာသွားယူတဲ့အခါ ဗီဇာမှာ ၅ ရက်ပဲ ပေးထားတာ တွေ့ရပါတော့တယ်။ ကိုယ်က ၂ ညအိပ်ပဲ ဘွတ်ကင်တင်ထားတော့ သူက ၅ ရက် ပေးလိုက်တာပါ။ ၅ ရက်ဆို တော်တော်လုံလောက်နေပြီပဲလို့ တွက်ပုံရပါတယ်။ ဗီဇာအသုံးပြုနိုင်တဲ့ကာလတော့ ထုတ်ပေးတဲ့ရက်ကနေ ၃ ပတ်အတွင်း သုံးလို့ရပါတယ်။

သဘောကတော့ ဖေဖော်ဝါရီလ ၂၆ ရက်ကနေ မတ်လ ၁၉ ရက်နေ့အထိ ၃ ပတ်အတွင်းမှာ ၅ ရက်နေလို့ရမယ်။ ဒါပဲ။ ပေါင် ၈၀ ကျော်လောက် အကုန်ခံထားတဲ့ ဗီဇာက ဥရောပမှာ ၅ ရက်ပဲ နေလို့ရပါတော့တယ်။ တစ်ရက်ကို ၁၆ ပေါင်ကျော်ကျော် ကျနေပါတယ်။ နောက်တစ်ခုဆိုးတာက multi entry မပေးဘဲ single entry ပဲ ပေးတာပါ။ အဲဒါကမှ တကယ့်ပြဿနာပါ။

ဘယ်သူမပြု မိမိမှုပေပဲ၊ duration of stay မှာ ၃၀ ရက် ဒါမှမဟုတ် ၁၀ ရက်လို့ ရေးခဲ့ရင် ဒီထက်ပိုရချင် ရပေဦးမယ်။ မတတ်နိုင်တော့ဘူး၊ ပြန်လည်း မပြောတော့ဘူး။ ဗီဇာရပေမဲ့ ခေါင်းငိုက်စိုက်စိုက်နဲ့ စိတ်မချမ်းမသာနဲ့ပြန်ခဲ့ရတော့တယ်၊ ငါ့နှယ် အဆင်မပြေလိုက်တာကွာလို့ စိတ်ထဲတော့ ကိုယ့်ရဲ့မသေချာမှုကို မချင့်မရဲဖြစ်နေခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ်လည်း ငါ ဒီတစ်ချီတော့ နည်းနည်းပေါ့သွားတယ်၊ လိုသွားတယ်လို့ စိတ်ထဲမကောင်းဘူး၊ ကိုယ်က အမြဲလိုလို စေ့စေ့စပ်စပ် လုပ်တတ်တယ်။ ဒီတချီတော့ ကိုယ်မှားသွားတာကို ကိုယ်တိုင်သိနေတယ်။

ဒါနဲ့ ပြန်စဉ်းစားရတယ်၊ ဗီဇာက ၅ ရက်ပဲရတယ်။ နောက်ပြီးတစ်ခါ single entry ပဲရတယ်။ ဒီတော့ မူလစဉ်းစားထားတဲ့ ဘယ်လ်ဂျီယံကို အရင်သွားပြီး လန်ဒန်ပြန်လာ၊ လန်ဒန်မှာ တစ်ရက် နှစ်ရက်နေ၊ ပြီးမှတစ်ခါ ပါရီသွား အဲဒီလိုလုပ်လို့ မရတော့ဘူး။ ဗီဇာက ဥရောပကို တစ်ကြိမ်ပဲဝင်ခွင့်ပြုမယ်ဆိုတာကြောင့် ပါရီကို သွားချင်ရင် ဘယ်လ်ဂျီယံကနေ လှည့်သွားရင်သွား၊ လန်ဒန်ပြန်လာပြီးမှဆိုရင်တော့ နောက်တစ်ခါ ဗီဇာလျှောက်ပေတော့။

ဟား…နောက်တစ်ခါ ဗီဇာထပ်လျှောက်ဖို့တော့ မလွယ်ပေဘူး။ တစ်ချက်က ဥရောပခရီးသွားတဲ့အခါ ဦးစားပေးနိုင်ငံဆိုတာရှိတယ်၊ ဥပမာ ပါရီကို ဦးစားပေးသွားမယ်၊ ပါရီမှာက ရက်ကြာကြာ နေမယ်ဆိုရင် လန်ဒန်က ပြင်သစ်သံရုံးမှာ ဗီဇာယူရမယ်။ နောက်မှသာ ပါရီပြီးရင် ကြိုက်တဲ့ဥရောပနိုင်ငံတွေကို ဆက်သွားလို့ရတယ်။ ဒါက ရှန်ဂန်ဗီဇာရဲ့ ယေဘူယျပြဌာန်းချက်၊ ဒါပေမဲ့ တချို့လည်း မလိုက်နာဘဲ သွားလာကြတယ်လို့ကြားရတယ်။ ကြိုက်တဲ့သံရုံး၊ လွယ်တဲ့သံရုံးက ဗီဇာယူ၊ ကြိုက်တဲ့နိုင်ငံကို အရင်သွား၊ လုပ်ကြတယ်လို့ကြားတယ်။

ဒါပေမဲ့ မြန်မာအပါအ၀င် တတိယကမ္ဘာက နိုင်ငံတွေကတော့ ဘယ်သံရုံးက ဗီဇာယူယူ မလွယ်ပါဘူးဗျာ။ နောက်တစ်ခုက သူတို့မှာက စည်းကမ်းဆို စည်းကမ်း အတိုင်း လုပ်ကြတာများတယ်၊ ဒီလူက တည်ကြည်ပုံရပါတယ်တို့၊ သူ့အဖွဲ့အစည်းက ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းပေပဲ၊ တို့ ဗီဇာထုတ်ပေးလိုက်ရအောင်လို့ ဆိုတာမျိုး၊ မြန်မာဆန်ဆန် စဉ်းစားတာမျိုး မရှိပါဘူး။

မရဘူးဆိုရင် မရဘူးပေပဲ၊ စာရွက်တစ်ခုလိုရင်လည်း မရဘူးပဲ၊ အချိန်စက္ကန့်ပိုင်းနောက်ကျလည်း လုံးဝမရဘူးပဲ။ ဒီလိုမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါကိုပဲ လွတ်တဲ့ အပေါက်ရှာပြီး ရအောင်ကြံကြ၊ လုပ်ကြတဲ့သူတွေကလည်း သူ့ဟာနဲ့သူ ရှိပြန်ပါတယ်။

ဒီတော့ ကိုယ့်ခရီးစဉ်ကို ပြန်ဆွဲတဲ့အခါမှာ ဘယ်လ်ဂျီယံကို ဦးစားပေးသွားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗီဇာက သူ့သံရုံးက ယူထားတယ်။ ရထားလက်မှတ်လည်း ဖြတ်ပြီးသား၊ ဟိုတယ်လည်း ဘွတ်ကင်လုပ်ပြီးသား (အမှန်က ဘယ်လ်ဂျီယံကို ရထားနဲ့သွားတဲ့အခါ ယူရိုစတားလက်မှတ်ဖြတ်တာမို့ ဟိုတယ်ပါတွဲဝယ်လိုက်တော့ ဟိုတယ်ခတောင် ပေးပြီးသားပါ)ဆိုတော့ ဘယ်လ်ဂျီယံတော့ အရင်သွားမယ်။ ပြီးမှ လန်ဒန်ပြန်မလာဘဲ လက်မှတ်အဆုံးခံပြီး၊ ဘယ်လ်ဂျီယံကနေ ပါရီသွားလိုက်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။

ပေါင် ၅၀ ကျော်တန် ဘရပ်ဆဲလ်-လန်ဒန်လက်မှတ်ကတော့ ပလုံဖြစ်သွားပြန်ပါတယ်။ ဒါနဲ့ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်ကနေ ပါရီလက်မှတ်တစ်စောင် ထပ်ဖြတ်၊ တစ်ခါ ပါရီကနေ လန်ဒန်လက်မှတ်တစ်စောင် ထပ်ဖြတ်လုပ်ရပါတယ်။

အော် လန်ဒန်ရောက်နေတာတောင် ဥရောပသွားချင်တဲ့အခါ ဗီဇာတွေ ထပ်ယူရ၊ ပိုက်ဆံတွေ လိုတာထက်ပိုကုန်ရဖြစ်ပါလားလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ် နားမလည်တာ၊ မကျွမ်းကျင်တာလည်း ပါတာပေါ့လေ။

ကိုယ့်အတွက်တော့ သူတို့ဟာ ဥရောပချင်းတူတာတောင် သူတို့ရဲ့ ဂုဏ်သိက္ခာတွေကြောင့် ခွဲခြားထားပြီး UK နဲ့ EU ဆိုပြီး သပ်သပ်စီလုပ်ထားတော့ UK ရောက်နေတာတောင် EU အတွက် ဗီဇာထပ်ယူရတာပေါ့လေ။ UK မှာက စတာလင်ပေါင်ကို နိုင်ငံသုံးငွေကြေးအဖြစ်သုံးစွဲပြီး ဥရောပတစ်ခွင်မှာတော့ ဥရောပရဲ့ဘုံငွေကြေး ယူရိုကို သုံးစွဲပါတယ်။ ဒီတော့ ပိုက်ဆံကလည်း စတာလင်ပေါင်ကို ယူရိုငွေအဖြစ်လဲရပါသေးတယ်။

ယူရိုငွေကို လန်ဒန်မှာ လဲသွားတာက ကိုယ့်အတွက် ငွေလဲနှုန်းပိုကောင်းတယ်လို့သိရပါတယ်။ နိုင်ငံခြားသွားရင် ကိုယ်သွားမဲ့နိုင်ငံရဲ့ ငွေကြေးကို ကိုယ့်နိုင်ငံ(မူရင်းနိုင်ငံ)မှာ လဲသွားတာက ငွေလဲနှုန်း ပိုကောင်းတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောပြပါတယ်။

ကိုယ်က ဘဏ်ကနေ ခရီးသွားချက်လက်မှတ်တွေ၊ ယူရိုငွေသုံးဘဏ်ကတ်တွေ ယူသွားလို့ရပေမဲ့ အလုပ်ရှုပ်သလို ၀န်ဆောင်ခထပ်မပေးလိုတာကြောင့် ကိုယ်သုံးမဲ့ ပမာဏကိုပဲ စိစစ်တွက်ချက်ပြီး ကြိုတင်လဲသွားလိုက်ပါတော့တယ်။

ပါရီကိုတော့ ရောက်အောင်သွားမှဖြစ်မှာပါ။ ကိုယ်ရောက်ဖူးချင်တဲ့အကြောင်းအပြင် နောက်အကြောင်းတစ်ခုကလည်း ရှိနေပါတယ်။ ကိုယ့်ညီတစ်ယောက်လို ဖြစ်နေတဲ့ ရန်ကုန်က အနုပညာရှင်တစ်ယောက်က ပါရီမှာ အနုပညာရှင်ထောက်ပံရေးပရိုဂရမ်တစ်ခုနဲ့ ရောက်ရှိပြီး သူ့ရဲ့ အနုပညာရေးရာတွေကို လုပ်ကိုင်နေပါတယ်။

သူက ၃ လ အစီအစဉ်နဲ့ ပါရီရောက်နေတာ ဖြစ်လေတော့ သူက ဖိတ်ခေါ်နေပါတယ်။ အစ်ကိုလာပါ၊ အတူနေပါ၊ အတူ ချက်ပြုတ်စားသောက်လို့ ရပါတယ်၊ အစ်ကို့ကို ကျွန်တော် ချက်ပြုတ်ကျွေးပါမယ်ဆိုတော့ သူနဲ့လည်း တွေ့ချင်ပါတယ်။ ငယ်ပေမဲ့ တော်တဲ့သူဆိုတော့ ကိုယ်ကလည်း လေးစားရသူမို့ အေးပါကွာ၊ ငါလာခဲ့ပါတယ်လို့ ကတိပေးထားပါတယ်။

ဒါကြောင့် သူရှိတုန်းမှာ ပါရီကို မရောက် ရောက်အောင် သွားချင်ခဲ့တာပါ။ ပါရီကို နောက်မှ သွားလည်း ရပေမဲ့ သူရှိနေခိုက်လေး ညီအစ်ကိုနှစ်ယောက် ပါရီမှာ ဆုံလိုက်ချင်တာလဲ ပါပါတယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ဥရောပခရီးစဉ်ကြီး စတင်လိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်။ ညနေခင်း ၅ နာရီ။