Crazy Heart ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြော်ငြာကို နေ့တိုင်းတွေ့ခဲ့ရတာ အတော်ကြာပါပြီ။ မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေနဲ့ လူတစ်ယောက် ဂစ်တာကိုင်ပြီး သီချင်း ဆိုနေတဲ့ပုံကို အသားပေးထားတဲ့ ကြော်ငြာ၊ ပထမ ရုတ်တရက်ကြည့်တော့ လူမည်းလားလို့တောင် ထင်ရတာ..။ နောက်မှ သေချာကြည့်မှ အဖြူပါပဲ။

ကိုယ်က ယောက်ျားတစ်ယောက် အဲဒီလို မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေနဲ့ဆိုရင် ယောက်ျားပီသတယ်လို့ ထင်မိတော့ အဲဒီကြော်ငြာကို စိတ်ဝင်စားခဲ့တယ်၊ နောက်တစ်ခုက ဂစ်တာနဲ့ဆိုတော့ ဒီဇာတ်ကားဟာ ဂီတနဲ့ပတ်သက်တဲ့ ဒါမှမဟုတ် ဂီတာသမားတစ်ယောက်၊ အဆိုတော်တစ်ယောက်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်မယ်လို့ ထင်လိုက်တယ်။ ကြည့်တော့ကြည့်မယ်၊ ဒါပေမဲ့ သိပ်များ ပျင်းစရာကောင်းနေမလားလို့လည်း တွေးမိပြန်တယ်။

အဲ ခဏနေတော့ မတ်လ ၇ ရက်နေ့မှာ ၈၂ ကြိမ်မြောက် အော်စကာဆုလည်း ပေးရော အဲဒီဇာတ်ကားထဲက မင်းသား Jeff Bridges က အကယ်ဒမီ ရတယ်။ သူက အော်စကာတင်မဟုတ်၊ ရွှေကမ္ဘာလုံးဆုကိုလည်း ဒါနဲ့ပဲ ရပြန်တယ်။ ဟာ..ဒါဆိုရင်တော့ အတော်ကောင်းလို့ ပေးတာပဲ၊ ကြည့်မှလို့ စိတ်ထဲ သေချာ ပိုင်းဖြတ်မိတယ်။

ဒါပေမဲ့ ခွင့်လေးရတုန်း ခရီးထွက်ဖို့က စီစဉ်ထားပြီးဖြစ်နေတော့ ခရီးတွေ ဆက်တိုက်ထွက်ဖို့ချည်း လုပ်ထားတာမှာ ရုပ်ရှင်ကြည့်ဖို့ အစီအစဉ်ကို နောက်ဆုတ်ခဲ့ရပါ တယ်။ ဒါပေမဲ့ဖြစ်ချင်ပြန်တော့ အဲဒီခရီးစဉ်တွေထဲမှာပဲ ရုပ်ရှင်ကြည့်ဖြစ်ပြန်ပါတယ်။

အမေရိကမှာ တစ်ခတ်တခါက နာမည်ကျော်ကြား လူကြိုက်များခဲ့ပေမဲ့ အခုတော့ နာမည်ကျ အသက်ကြီးလာပြီဖြစ်တဲ့ ကျေးလက်အဆိုတော်တစ်ယောက်ရဲ့ ဘ၀ကို ပီပီပြင်ပြင် ရိုက်ပြထားတဲ့ အဲဒီဇာတ်ကား Crazy Heart ကို စကော့တလန်က Glascow မြို့မှာ တိုက်တိုက်ဆိုင်ဆိုင် ကြည့်ဖြစ်ခဲ့ပါတယ်ဗျာ။ အမှန်က ၀ီစကီ စက်ရုံတစ်ရုံ အလည်သွားမယ်ဆိုပြီး ဂလက်စ္စကို လာခဲ့ပေမဲ့ အဆင်မပြေတာကြောင့် Modern Arts ပြတိုက်နဲ့ ရုပ်ရှင်ကြည့်ပြီး ပြန်ခဲ့ရတဲ့အဖြစ်ပါ။ ဒါပေမဲ့ Crazy Heart ကိုတော့ အမှတ်တရ ကြည့်ဖြစ်ခဲ့တာပေါ့လေ။ ဇာတ်ကားနာမည်ကလည်း အသည်းယားစရာကောင်းအောင် ဆွဲဆောင်နိုင်လွန်းပါတယ်ဗျာ။

ဇာတ်လမ်းက…

ဇာတ်လမ်းကတော့ အမေရိကန်တွေအတွက် မထူးတဲ့ဇာတ်လမ်းမျိုးပါ။ စရိတ်နည်းနည်းနဲ့ သပ်သပ်ရပ်ရပ် ရိုက်ထားတဲ့ကားပါ။ အမေရိကန်ဒေါ်လာ ၇ သန်းပဲ ၊သုံးထားတာပါ။ ဒါရိုက်တာက Scott Cooper၊ ၀တ္ထုဇာတ်လမ်းက Thomas Cobb၊ မင်းသားက Jeff Bridges၊ ဇာတ်ပို့မင်းသားအဖြစ်က Colin Farrell၊ ဇာတ်ပို့မင်းသမီးက Maggie Gyllenhaal ဖြစ်ပါတယ်။

(ကျွန်တော်က Colin Farrell နဲ့ Colin Firth ကို တစ်ယောက်ထဲ မှတ်နေတာပါ။ အခုမှ wiki ပြန်ကြည့်တော့ Colin Firth က အင်္ဂလိပ်မင်းသား၊ ဇာတ်ကားတွေ အများကြီး ရိုက်ထားတဲ့သူ၊ ကျွန်တော် သူ့ကို ကြည့်ဖူးတာက Shakespeare in Love မှာ၊ နည်းနည်းကြာပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး။

Colin Farrell က ဒဗ္ဗလင်က အိုင်းရစ်မင်းသား၊ သူ့ကို ပိုရင်းနှီးသလိုဖြစ်နေတယ်။ သူက ဒီဘက်ခေတ်ကားတွေဖြစ်တဲ့ Minority Report, S.W.A.T., Miami Vice တို့မှာ ပါခဲ့တာကိုး။

wiki ကြည့်ရင်း ထူးခြားသွားတာက Colin Firth က ကျွန်တော်နဲ့ တစ်လထဲ တစ်ရက်ထဲမွေးနေ့တူဖြစ်ပြီး Colin Farrell က ကျွန်တော်နဲ့ တစ်နှစ်တည်း မွေးခဲ့သူ ဖြစ်နေတာပါပဲ။ ဗေဒင်အလိုအရဆိုရင်တော့ ကျွန်တော် မင်းသားလုပ်ခဲ့မယ်ဆိုရင် နီးစပ်တယ်လို့ပြောတာပါ။ သွပ်..သွပ်..သွပ်၊ ရူးစိတ်လေးက မကုန်သေးမှကိုး လေ)

အပိုတွေပြောနေတာနဲ့ပဲ ဇာတ်လမ်းက မရောက်တော့ဘူး။ ဇာတ်လမ်းက နာမည်ကျော် ကန်ထရီးအဆိုတော်ကြီးက အခုတော့ ဘ၀ပျက်လုလုဖြစ်နေပြီ။ အမေရိကန် အနောက်တောင်ပိုင်းက မြို့ရွာလေးတွေရဲ့ ကလပ်တွေ၊ ဘားတွေမှာ သီချင်းလိုက်ဆိုတယ်။ သူ့နာမည်က Bad Blake၊ ဂစ်တာအတီးကောင်း အဆိုကောင်း၊ သီချင်းအရေးကောင်း။

အသက်က ၅၇ နှစ်ရှိပြီ။ အရက်စွဲနေတယ်၊ ဆေးလိပ်တအားသောက်တယ်။ အရင်က မိန်းမတွေ အများကြီးယူခဲ့တယ်။ အခု တစ်ယောက်မှ သူ့အနားမှာ မရှိကြတော့ဘူး။ သားတစ်ယောက်ရှိတယ်၊ သားက သူ့ကို မသိဘူး၊ သူကလည်း သားက ဘယ်လိုဘယ်ပုံရှိနေတယ်ဆိုတာ မသိဘူး။ အခုတော့ တစ်ယောက်တည်း ကားတစ်စီးနဲ့ ပွဲချိန်းထားတာ ချိတ်ထားတာလေးတွေ လိုက်ဆိုတယ်။ ကြုံတဲ့မော်လ်တယ်မှာ အိပ်တယ်၊ နောက်တစ်ခါ နောက်ချိတ်ထားတဲ့ ဘားမှာ သွားဆိုတယ်။

ဒီဇာတ်ကားထဲမှာ မင်းသားက သီချင်းတွေကို ကိုယ်တိုင်ဆိုတယ်။ အသံအတော်ကောင်းတာပဲ။ ကန်ထရီးသီချင်းတွေဆိုတာ အတော်လေး မိုက်တယ်။ မင်းသား ကိုယ်တိုင်ကလည်း ၆၀ စွန်းစဆိုတော့ ဇာတ်ကွက်နဲ့ကွက်တိပဲ။ ဒီမင်းသားကို အရင်က မကြည့်ဘူးပါ၊ အခုကားမှာ စကြည့်ဖြစ်တာပါ။

မင်းသားက အဆိုတော်စရိုက်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်လို့ အော်စကာကော ရွှေကမ္ဘာလုံးဆုပါ ရခဲ့တယ်။ ဂျင်းဘောင်ဘီဝတ်ပြီး ခါးပတ်တွဲလောင်းနဲ့ အကွက်ရယ်၊ သီချင်းဆိုနေရင်း အရက်ဆက်တိုက်သောက်ထားတာတွေက အရှိန်တက်လာလို့ ပြေးအန်ရတဲ့ အကွက်တွေ၊ ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် ဆက်တိုက်သောက်နေလို့ ချွဲရှင်းရတဲ့ အကွက်တွေကတော့ အက်တင်လုပ်နေတာ၊ ဟန်ဆောင်နေတာ မဟုတ်ဘူးလို့တောင် ထင်ရပါတယ်။ ဒါပေမဲ့ သီချင်းဆိုလိုက်ရင်တော့ သူ့အသံကြီးနဲ့ ကန်ထရီးသီချင်းတွေက ဘယ်လိုလိုက်မှန်းမသိဘူး။

သီချင်းဆိုလိုက်၊ ပေးတာယူလိုက်၊ အရက်သောက်လိုက်၊ ကြုံရာပရိသတ်တစ်ယောက်နဲ့အိပ်လိုက်နဲ့ အဲဒီဇာတ်ပို့မင်းသမီးလေးနဲ့ တွေ့တဲ့အထိပေါ့လေ။

(သူ့ကြိုက်တဲ့ သူနဲ့ရွယ်တူတန်းတူ အသက်လိုက်ကြီးလာတဲ့သူတွေ အဖွားကြီးတွေကတော့ သူ့ကိုကြိုက်တုန်းပေါ့၊ အိပ်လို့ရရင် အတူအိပ်လိုက်ချင်သေးသပေါ့လေ၊ ဘယ်သူ့ဘယ်သူမှ အပြစ်မဆိုသာပါဘူး၊ လောကီလူသားတွေကိုး၊ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာလို့ဆိုတဲ့ တရားသဘောကလည်း ရှိသေးတယ်မဟုတ်လား။ ဒီဘဲကြီးကို နောက်တစ်ကြိမ် ထပ်တွေ့ခွင့်ရချင်မှ ရတော့မှာလို့ တွေးမိကြတော့ သူတို့ကလည်း တွေ့တုန်းခဏမှာတော့ တန်ဖိုးထားချင် ထားမှာပေါ့လေ။)

ဇာတ်ပို့မင်းသမီး Maggie Gyllenhaal ကတော့ ဂျာနယ်လစ်ဇာတ်ရုပ်က သရုပ်ဆောင်ပါတယ်။ ဒေသခံသတင်းထောက်လေးဆိုတော့ ခပ်သွက်သွက် မဟုတ်ပါဘူး၊ ခပ်အေးအေးပုံစံလေးပါပဲ။

ကိုယ်ကတော့ မင်းသမီးကိုကြည့်ပြီး ကိုယ်ယူမဲ့မိန်းမက အဲဒီပုံစံလေးဆိုရင် မိုက်မယ်လို့ တွေးမိတယ်။ မျက်နှာအေးအေး၊ သွင်ပြင်အေးအေး၊ သိပ်မသွက်တဲ့ ပုံစံမျိုးဆို ကိုယ်က သဘောကျတတ်တာကိုး။

သူက ကန်ထရီးအဆိုတော်ကြီးကို တွေ့ခွင့်တောင်းတယ်၊ အင်တာဗျူးပေါ့လေ။ အဖိုးကြီးက အူကြောင်ကြောင်လုပ်ပြီး(သီချင်းကလည်း အချိန်နဲ့ဆိုရသေးတာကိုး) နှစ်ခါ သုံးခါခေါ်လည်း သူက သွားသွားတွေ့တာပဲ။ ခဏ ခဏတွေ့မှတော့ ငြိတော့တာပေါ့။ အဲ..သူမှာက လေးနှစ်အရွယ်သားလေးတစ်ယောက်ရှိတယ်၊ တစ်ခုလပ် မလေးပေါ့။ တစ်ခုလပ်မို့ အေးသွားတာလားတော့ မသိဘူး။

ကိုယ်လည်း တော်ကြာ အအေးကြိုက်လို့ တစ်ခုလပ်လေးနဲ့တွေ့ပြီး အသနားပိုနေရဦးမယ်လို့ ကိုယ့်ဘာသာကိုယ်တွေးမိသေးတယ်။ စာရေးတဲ့သူက ၀င်ဝင်ပြောတာ (ကြော်ငြာထိုးတာ)က အကြောင်းရှိပါတယ်။ အရသာကောင်းလေးမို့ ချက်ချင်း ပြီးမသွားစေချင်လို့ပါ။ စေတနာတွေပါ။

အဲ..တစ်ခုလပ်မလေးနဲ့တွေ့မှ ကန်ထရီးအဖိုးကြီး ရူးသွားတာ…အဲဒါပဲ Crazy Heart ဆိုတာ။ အဖိုးကြီးက သီချင်းတွေ ဆိုစရာရှိတော့ မြို့ရွာပတ်ပြီး ဘားလေးတွေမှာ ဆက်ဆိုပေါ့။ ကောင်မလေးနဲ့တော့ လာတွေ့ပေါ့။ တစ်ခါ ကောင်မလေးတို့သားအမိကလည်း အဖိုးကြီးအိမ်ကို သွားလည်ကြပေါ့။

ဒီလိုနဲ့ တစ်ရက် အဖိုးကြီးနဲ့ ကလေးလေး နှစ်ယောက်အတူ အပြင်သွားကြရင်း အဖိုးကြီးက ဘားတစ်ခုဝင်ပြီး တစ်ခွက်ကစ်နေတုန်း ချာတိတ်လေး ပျောက်သွားတယ်။ အဖိုးကြီး ရှာလို့မတွေ့တော့ဘူး။ သူ့အမေဆီ ဖုန်းဆက်ရတာပေါ့၊

အမေက သားပျောက်တော့ အရူးတပိုင်းလိုဖြစ်သွားပြီ။ သားလေးက လေးနှစ်၊ ငယ်ငယ်လေး ရှိသေးတယ်။ အဖိုးကြီးကို စိတ်ဆိုးလိုက်တာ…စကားတောင် မပြောတော့ဘူး။ နောက်ဆုံးတော့ ရဲတွေကောင်းတော့ ကလေးပြန်ရတယ်။ ဒါပေမဲ့ ကောင်မလေးကတော့ အဖိုးကြီးကို တာ့တာပြသွားပြီ။

အဖိုးကြီးအတွက်ကတော့ ဒါမျိုးတွေ ရိုးနေပြီလို့ပြောလို့ရပေမဲ့ ဒီတစ်ချီတော့ သူအရှိုက်ထိသွားပြီ။ Crazy Heart ပဲ။ သရုပ်ဆောင်တာ သိပ်ကောင်းတယ်၊ ရေးပြလို့မရဘူး။ ဒါကြောင့် သူ ဆုတွေ ရသွားတာပဲ။ နောက်ဆုံးတော့ ဒီမိသားစုလေးကို စောင့်ရှောက်မယ်၊ တစ်ခုခုလုပ်ပေးမယ်ဆိုပြီး သူသီချင်းပြန်ရေးတယ်။

အရင်က သူ့တပည့် အခုနာမည်ကျော် ကန်ထရီးအဆိုတော်ဖြစ်နေတဲ့ Colin Firrell (ဇာတ်ကားထဲက ဇာတ်ဆောင်နာမည်က Tommy Sweet) က သူ့ကို သီချင်းရေးခိုင်းတာ မရေးဘူး၊ ပိုက်ဆံသေချာပေးမယ်ဆိုလည်း မရေးဘူး။ သူက နှစ်ယောက်ပေါင်း အယ်လ်ဘမ်တစ်ခုလုပ်ချင်တာ၊ တပည့်ကလည်း ဆရာဖြစ်ခဲ့တာဖြစ်ခဲ့တာပဲ၊ နှစ်ယောက်ပေါင်းပြီး ခွေမထုတ်နိုင်ဘူး၊ ခင်ဗျားက ရေးပေး၊ ကျွန်တော်တစ်ယောက်ထဲ ဆိုမယ်၊ ရေးခ ပိုက်ဆံပေးမယ်ဆိုပြီး လုပ်တာ…။ ဒါနဲ့ သူကလည်း မရေးဘူးပေါ့။

အခုတော့ ကောင်မလေးကို ချစ်တာရော၊ ချာတိတ်လေးကို ခင်မင်နေတာရော သီချင်းလေးတစ်ပုဒ်ရေးတယ်။ The Weary Kind တဲ့၊ အဲဒီသီချင်းကလည်း မူရင်းသီချင်းဆုဆိုပြီး အော်စကာရတယ်။ မူရင်းရေးသူတွေက Ryan Bingham နဲ့ T-Bone Burnett၊ အဲဒီရုပ်ရှင်အတွက် သီးသန့်ရေးပေးတာ၊ ရုပ်ရှင် သီချင်းပေါ့။

အဲဒီသီချင်းလေးကို သူနဲ့ Colin Firrell တို့နှစ်ယောက်ပေါင်းပြီးလုပ်တဲ့ ရှိုးတစ်ခုမှာ Colin Firrell က ဆိုတယ်၊ သူကတော့ ရေးခပိုက်ဆံရတာပေါ့လေ။ တန်ရာတန်ကြေးကလေးပေါ့။ အဲဒီမှာ ဂျာနယ်လစ်မလေးက သူ့ကို အင်တာဗျူးဖို့ လာပြန်တယ်။ ဒါပေမဲ့ ကောင်မလေးက လက်သူကြွယ်မှာ လက်စွပ်ရှိနေပြီ၊ ဘဲရှိနေပြီပေါ့။ အဖိုးကြီး ကြွေသွားတယ်။ “အေး မင်းသားလေးအတွက်ပါ“လို့ပြောပြီး သူခုနပဲ ရထားတဲ့ သီချင်းရေးခ ချက်လက်မှတ်ကို ပေးလိုက်တယ်။

ကောင်မလေးက အင်တာဗျူးတယ်၊ Colin Firrell က သီချင်းဆိုနေတယ်။ ပြီးပြီ။

မင်းသားတွေက သီချင်းတွေကို သူတို့ကိုယ်ပိုင်အသံနဲ့ဆိုကြတယ်၊ အသံတွေကလည်း မိုက်တယ်။ ကိုယ်တိုင်ဆိုတော့ သရုပ်ဆောင်တဲ့အခါ ပိုကောင်းသွားတယ်။ ကြွနေတယ်၊ မုဒ်(mood)မိနေတယ်။

ဒီကားကြည့်ပြီး သရုပ်ဆောင်တယ်ဆိုတာရယ်၊ လူနဲ့လူ့စိတ်ဆိုတာရယ်၊ လူ့သဘာဝတွေရယ်၊ အနိမ့်အမြင့်ရှိတဲ့ လောကသဘာဝတွေရယ်၊ ဂီတရဲ့စေစားနိုင်မှုရယ်၊ အဓိက ကတော့ နှလုံးသားရဲ့ စေစားမှု၊ ခိုင်းစေမှုအောက်မှာ အကြမ်းပတမ်းကြီးတွေ သိပ်မွေ့နူးညံ့သွားတတ်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ခံစားလိုက်ရ တယ်။ ဒီကားလေးကြည့်လိုက်ရတာကို တခဏတော့ ကျေနပ်ခဲ့မိတယ်။ မယုံရင် သွားကြည့်လိုက်လေ…။

၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်၊ ညနေ ၆ နာရီ။

Advertisements