လှမ်းမတွေးနဲ့ ပန်းဝေးလွန်းတယ်
ဒီပုံစံ ဒီခေတ် ဒီလူတွေနဲ့တော့ ဘယ်လိုမှ ဇာတ်သိမ်းကောင်းဖို့မမြင်
အဖြေမရှိတဲ့ ဥာဏ်စမ်း ကြိုက်သလိုလှည့်
ပေးချင်တဲ့အဖြေပေး
ဟန်ကလေးနဲ့ ခေါင်းကလေးခါ “မမှန်သေးဘူး“လို့ ပြော
ညစ်သူက ပတ်တယ်
တတ်သူက ပျက်တယ်
ခပ်ထူထူငနဲတွေကလည်း အာလူးတွေ ရောင်းတယ်
လူတွေကလဲ ဒူဝေေ၀တော့ မဟုတ်ပါဘူး
ဒါပေမဲ့ ဒီ ညနေစာအရေးက ပိုအရေးကြီးတယ်လေ
လူတိုင်းကလဲ သူ့ဒုက္ခနဲ့သူ သူ့ယုံကြည်ချက်နဲ့သူ
အားလုံးကတော့ “ငါမှန်နေသားပဲ“ဆိုတဲ့ စိတ်ကလေးတွေနဲ့
အခုလုပ်နေသမျှ အားလုံးဟာ
နောင် သမိုင်းဆရာတွေ အလုပ်လို့
ခပ်လေးလေး ဗလုံးဗထွေးပြောရုံက လွဲလို့
ဘယ်သူ့ ဘယ်သူ့ကိုမှ နာမည်တပ် မဆဲလိုတော့ဘူး
ရသမျှလိုချင်သူက အမှိုက်ပုံတောင် ချမ်းသာမပေးတဲ့ခေတ်မို့
ညဥ့်နက်အလယ်မှာ ဖောက်သည်ရှာဆဲ ကောင်မလေးတွေကို သနားလဲ
ကိုယ်ကိုယ်တိုင်ပဲ အရင်တက်ကြည့်ပါဦးမယ်လေဆိုတဲ့
လှေကားရှာသူတွေ များလာလိုက်တာများ
နေ စား ချောင် သူတွေမှာ စိတ်ပူပန်ရတာက လွဲလို့
ဝ လာလိုက်ကြတာ
မိစ္ဆာကြီးတွေလား ထင်မှတ်မှားရတော့တာပဲ
မတွေးလိုက်တာပဲ ကောင်းပါတယ်
တွေးလိုက်တာနဲ့တင် မထိတ်သာ မလန့်သာရှိတယ်
သစ္စာမရှိသူတွေများ လိမ်ချင် ပတ်ချင်သူတွေများတာမို့
ရောက်လာမဲ့နေ့ရက်တိုင်းအတွက်
ကောင်းတာတွေတော့ တစ်စက်မှ မမြင်ပါဘူး
လျှော့ လျှော့ လျှော့ဆိုပြီး
ခန္ဓာကိုယ်ထဲက လေတွေကိုပဲ
ဆောင့်ကြီးအောင့်ကြီး မောင်းထုတ်နေတော့တယ်
ဖြစ်သမျှအကြောင်း
ကံ ကို အပ်လို့ပုံ။
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်။ ည ၈ နာရီခွဲ။
ဟုတ်တယ်ဗျ
ဘယ်လိုကောင်းတော့မှာလဲကို မသိတော့ဘူး