ကျွန်တော် မနက်ရုံးပြန်တက်ရတော့မှာမို့ ကျွန်တော်ခွင့်တစ်လရတုန်း လုပ်ကိုင်ခဲ့တာတွေ၊ ကျွန်တော်ရတဲ့အချိန်တွေ အကျိုးရှိရှိကုန်သွားခဲ့ရဲ့လားလို့ ပြန်စဉ်းစားကြည့်တယ်။ အဲဒီလိုစဉ်းစားတော့ ကျွန်တော်တစ်လအတွင်းဖတ်ပစ်မယ်ဆိုတဲ့ စာအုပ်သုံးအုပ်မှာ တစ်အုပ်ကိုတောင် ၁၀ ရာခိုင်နှုန်းပြည့်အောင် မဖတ်နိုင်ခဲ့တာ သွားတွေ့ပါတယ်။ ကျွန်တော် တော်တော်ကြိုးစားရဦးမယ်။
အဲ…ခရီးတွေတော့ တော်တော်ထွက်ဖြစ်လိုက်တယ်၊ တစ်လရဲ့တစ်ဝက်လောက်ကို ခရီးထွက်ခြင်းနဲ့ အချိန်ကုန်ပါတယ်၊ အဲဒါကိုတော့ ကျွန်တော် တော်တော်လေး ကျေနပ်သွားတယ်။ နောက်တစ်ခုက အင်တာနက်ကို ကျွန်တော် တော်တော်ကြည့်ဖြစ်တယ်၊ အွန်လိုင်းက ဖတ်ချင်တာတွေ ဖတ်တယ်၊ ကြည့်ချင်တာတွေ ကြည့်တယ်။ လူလည်း အလုပ်တာဝန်တွေ မပိနေတဲ့အချိန်မို့ စိတ်ရောကိုယ်ပါ ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် နေပစ်တယ်။ အဲဒါတွေတော့ ကျွန်တော်ကျေနပ်ပါတယ်။
အဲ..တစ်လတာခွင့်အသုံးပြုပုံကို ပြန်စဉ်းစားပြီးနောက် လူဘက်ကို လှည့်လာပြန်တယ်၊ “ကျွန်တော်ဟာ ဘယ်လိုလူလဲ“ပေါ့လေ၊ စဉ်းစားကြည့်ပြန်တယ်။ ဟဲ ဟဲ..တွေးဆကြည့်မှ ရေးရေးပေါ်ဆိုသလို ကိုယ့်ဟာကိုယ်ဘာမှန်းမသိဖြစ်နေပြီးမှ မာနခဲလေးဆိုတာကို သွားတွေ့တယ်။ ကျွန်တော်ဟာ ကိုယ့်မထိနဲ့၊ ထိရင်ပြန်ချမယ်၊ ကိုယ့်လာမစနဲ့ စရင်ဆဲမယ်ဆိုတဲ့ လူဆိုးလူမိုက်ဥာဉ်ရှိတဲ့ လူ့သရမ်းလေးတစ်ယောက်၊ အဲ..နည်းနည်းယဉ်ယဉ်ကျေးကျေးပြောရရင်တော့ လူ့မလိုင်လေး၊ လူမာနခဲလေးဖြစ်နေပါပေါ့လား။
နှိမ့်ချမှုမရှိ၊ သည်းခံမှုအားနည်း၊ ထိရင်ချမယ်၊ ဖိရင်ကြွမယ်ဆိုတဲ့ အမျိုးကောင်းလေးဖြစ်နေတာကိုတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂုဏ်ယူရမလိုလို၊ စိတ်ညစ်ရမလိုလိုဖြစ်မိတော့တာပါပဲ။
ကျွန်တော်ငယ်ငယ်က အတန်းထဲမှာ(လွှမ်းမိုးသီချင်း မဟုတ်ဘူးနော်၊ အလိုက်တူတာ…) သူငယ်ချင်းတစ်ယောက်က ခဲတံနဲ့ထိုးတာကို ခံရတယ်။ အဲဒီတုန်းက အဲဒီသူငယ်ချင်းက သူ့အိမ်မှာ အဆင်မပြေဘူး၊ မိဘက ဆူဆဲရိုက်နှက်တာကို အမြဲခံရတယ်၊ ဒီတော့ သူက ကျောင်းမှာ သူအနိုင်ကျင့်လို့ရတဲ့သူကို အနိုင်ကျင့်တယ်။ ကျွန်တော်က ခံရတာပေါ့။ ငယ်ငယ်တုန်းက ကြောက်လို့ခံရပေမဲ့ ကြီးလာရင် ဒီကောင့်ကို အနိုင်ရအောင် ဘယ်လိုပြန်လုပ်ရမလဲလို့ စဉ်းစားတော့ ငါ စာသာ တော်အောင်လုပ်ရင် ဒီကောင် ငါ့ကို ဘယ်တော့မှ မနိုင်နိုင်တော့ဘူးလို့ စဉ်းစားမိတယ်။
နောက်တော့ အဲဒီသူငယ်ချင်းဟာ စာမတော်ဘူး၊ လူဆိုးလေးဖြစ်တယ်၊ စောစောစီးစီးတောင် ဆုံးပါးသွားသလားမသိပါဘူး။ သိသာတာကတော့ ဒီကောင်က ခဏနေတော့ ဂျပိုးဖြစ်သွားချိန်မှာ ကျွန်တော်က စာတော်တဲ့အလယ်တန်းကျောင်းသားတစ်ယောက်ဖြစ်နေပြီ။ အဲဒီသူငယ်ချင်းဟာ လမ်းတွေ့ရင် ကျွန်တော့်ကို ရဲရဲစကားမပြောရဲတော့ဘူး၊ သူ့ဟာသူ အားငယ်သွားတာ…အဲဒါကို ကျွန်တော်ပီတိတော့ မဖြစ်ခဲ့ပါဘူး။ အနိုင်ရတယ်ဆိုပြီး ဘ၀င်လည်း မမြင့်ခဲ့ပါဘူး။ စိတ်တောင် မကောင်းဖြစ်ပါတယ်။ ဒါပေမဲ့ ငါနိုင်ခဲ့ပြီပဲလို့တော့ စိတ်ထဲတွေးမိတဲ့အကြောင်းကိုတော့ ၀န်ခံရမှာပါ။ ဒါဟာ ပညာကြိုးစားခဲ့လို့ပါပဲ။
ဒါပေမဲ့ ကျွန်တော်ဆိုးတာတွေလည်း ရှိပါတယ်၊ နိုင်တဲ့သူကို အနိုင်ကျင့်တဲ့စိတ်ပါ။ လူတိုင်းမှာ ဒီစိတ်ရှိပါတယ်။ တိရစ္ဆာန်စိတ်လို့ ခေါ်ရမလားပါပဲ။
၅ တန်းကျောင်းသား ဘ၀တုန်းကလည်း သူငယ်ချင်းတစ်ယောက်က နေ့လယ်စားစားနေတဲ့ ကျွန်တော့်ထမင်းဘူးထဲကို ကျွန်တော်မစားတဲ့အသား လာထည့်ပါတယ်။ ကျွန်တော် ထထိုးလိုက်ချင်ပါတယ်၊ ဒီကောင်က နည်းနည်းလူကောင်ကြီးတော့ ကျွန်တော်စဉ်းစားတယ်၊ အပြန်အလှန်ချကြရင် ကျွန်တော်ခံရမယ်၊ ဒီတော့ ကျွန်တော် ဆရာမကို သွားတိုင်ပါတယ်။
ဆရာမကလည်း ကျွန်တော့်ထက်အရေးကြီးတဲ့အလုပ်တွေ များနေ ရှိနေပုံရပါတယ်၊ နောက်ပြီး ကျောင်းသားချင်း ဒီလိုနောက်ပြောင်တဲ့ကိစ္စဟာ ဘာမှမဟုတ်တဲ့ကိစ္စလို့ ထင်ပုံရပါတယ်။ ဒီတော့ ကျွန်တော်ကျေနပ်အောင် ဘာမှမလုပ်ပေးပါဘူး၊ သူငယ်ချင်းကို အရေးမယူပါဘူး။ ကျွန်တော့်အလုပ်ကတော့ စာကြိုးစားပြီး အနိုင်ယူတဲ့စနစ်ပါပဲ။
အဲဒီကောင်ကလည်း စာမေးပွဲကျသွားပြန်ပါတယ်၊ နောက်တစ်နှစ်ကျတော့ ကျွန်တော့်ညီနဲ့ သူငယ်ချင်းပြန်ဖြစ်သွားတယ်။ ဒီလိုနဲ့ ကျွန်တော်က ၇ တန်း၊ ညီက ၆ တန်းတက်လာကြတယ်။ တစ်ရက်တော့ အဲဒီသူငယ်ချင်း ကျွန်တော်တို့ရပ်ကွက်ထဲလာတယ်၊ တခြားသူငယ်ချင်း တစ်ယောက်အိမ် လာတာဖြစ်မှာပေါ့။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း လမ်းမပေါ်ထွက်နေတုန်း ဒီကောင်နဲ့မျက်နှာချင်းဆိုင်တွေ့တယ်။
အဲဒီတော့ ဒီကောင်က ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်လုံးရဲ့ သူငယ်ချင်းဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်တို့ရပ်ကွက်ထဲဆိုတော့ ဒီကောင်က ပြုံးပြုံးလေး ရယ်ပြတယ်။ အဲဒီမှာ ကျွန်တော့်အနာဟောင်းက ပြန်ပေါ်လာတယ်၊ ဒီကောင့်ကို ပြန်ဆုံးမရမယ်..ဒါအခွင့်ကောင်းပဲဆိုပြီး “ဟေ့ကောင်၊ လာဦး“လို့ ခေါ်လိုက်တယ်။
ဒီကောင် နည်းနည်းတော့ ရှိန်နေတယ်၊ တစ်ခုက သူ့ရပ်ကွက်မဟုတ်ဘူး၊ နောက်တစ်ခုက ကျွန်တော်က လူပျိုပေါက်ဝင်လာပြီဆိုတော့ လူကောင်က နည်းနည်းထွားလာပြီ၊ အသက်တစ်နှစ်ကွာတဲ့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အမြွာလို(ရုပ်တူရွယ်တူ)နေလာရာက ကျွန်တော်က သိသိသာသာ ထွားတက်လာတဲ့အချိန်၊ နောက်တစ်ခုက အိမ်နီးချင်းသူငယ်ချင်းတစ်ယောက်နဲ့ပေါင်းပြီး ၀ိတ်ကစားထားတဲ့အချိန်ဆိုတော့ လူက ကိုယ့်ကိုယ်ကိုယ် ဗလကြီးလို့ထင်ပြီး ထချင် ချချင်နေတဲ့၊ သွေးကြွနေတဲ့အချိန်ဆိုတော့ ဒီကောင့်တော့ ပြန်တီးမှပဲဆိုတဲ့စိတ်က ချက်ချင်းကို ခေါင်းထောင်ထလာတာ…။
ဒီကောင် မျက်နှာချိုလေးသွေးပြီး ပြေးဖို့ပြင်တယ်၊ ကျွန်တော် ကမန်းကတန်းပြေးဝင်ပြီး ဖမ်းတယ်၊ သူ့လည်ပင်းကို ကျွန်တော့်လက်မောင်းနဲ့ ညပ်ထားလိုက်တယ်။ “ဟေ့ကောင်..မင်းဘာလုပ်တာလဲ“လို့ ဒီကောင်က မေးတယ်။ ကျွန်တော်က “ဟေ့ကောင်..မင်း ၅ တန်းတုန်းက ငါ့ကို ဘာလုပ်ခဲ့လဲ၊ မှတ်မိလား။ အဲဒီတုန်းက ငါဘယ်လောက် ခံစားလိုက်ရလဲသိလား၊ အဲဒီတော့ ရာဇ၀င်ကြွေးလေး ပြန်ဆပ်ရတာပေါ့ကွာ“ဆိုပြီး ကျွန်တော် သူ့ကို ချုပ်ပြီး မျက်ခွက်ထိုးချည်းဖိထိုးတော့တာပဲ။
အဲဒီမှာ တစ်ခုပြောစရာရှိတာက ကျွန်တော်က မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ထွက်တိုင်းကြည့်ထားတာကတကြောင်း၊ ဖိုက်တင်ချချင်နေတာကတကြောင်း၊ ဒါ့အပြင် ဖြစ်တဲ့နေရာကလည်း ကျွန်တော့် ၄ တန်းတုန်းက ကျွန်တော့်အတန်းပိုင်ဆရာမအိမ်ရှေ့ဆိုတော့ ဆရာမမောင်တွေ ရှိနေ ကြည့်နေကြတယ်။ ဒီတော့ သူတို့ရှေ့မှာလည်း ကိုယ့်အစွမ်းအစပြချင်တာလည်းပါတယ်၊ မတော်လို့ ဟိုကောင်က ပြန်ချမယ်ဆိုရင်တောင် သူတို့က ၀င်ဖြည်ပေးနိုင်မယ်လေ။ ခုနပြောခဲ့တဲ့ အားလုံးပိုင်ပြီ၊ အနိုင်ကျင့်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။
ဒီတော့ အသားမည်းတဲ့သူငယ်ချင်းမျက်ခွက်ကို နီရဲဖူးရောင်တဲ့အထိ ကျွန်တော်ထိုးတယ်၊ အချက် ၂၀ လောက်ကို ထိုးပစ်တာ…။ ကျွန်တော့်ပါးစပ်ကလည်း မှတ်ပလားကွ၊ မှတ်ပလားကွလို့ အော်သေးတယ်။ အဲဒီကတည်းက ကျွန်တော်က မင်းသားရူးလိုဖြစ်နေပါပြီ(ကျွန်တော် ငယ်ငယ်က မင်းသား သိပ်ဖြစ်ချင်ခဲ့တယ်)။
ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်တယ်ဆိုတာထက် တကယ်တော့ ရုပ်ရှင်ရိုက်ကွင်းလို ၀ိုင်းကြည့်နေတဲ့ပရိသတ်ရှေ့ လမ်းလယ်ကောင် နေပူကျဲတဲကြီးထဲမှာ ထိုးသတ်နေရတာပါ။ ခုပြန်တွေးကြည့်ရင်တော့ “သောက်ပေါ“ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ပြီးပါတယ်။
သူငယ်ချင်းကို ကျွန်တော်ထိုးနေတာကိုကြည့်ပြီး ညီငယ်ကလည်း ကြောင်နေပါတယ်၊ ညီငယ်က သူ့သူငယ်ချင်းတွေကို အလွန်ချစ်သူ၊ သည်းခံသူ၊ တစ်သွေးတည်းတစ်သားတည်းရှိသူမျိုးပါ။ ခက်တာက သူငယ်ချင်းချစ်တာနဲ့ အစ်ကို့ကို ချစ်ကြောက်ရတာနဲ့ လွန်ဆွဲနေရတာပါ။
အစ်ကိုက သူ့သူငယ်ချင်းကို ခပ်တည်တည်ကြီးနဲ့ ပြေးဖမ်းပြီးထိုးနေတာဆိုတော့ သူက ဘေးကနေ၀ိုင်းပတ်လည်လိုက်နေရပြီး ကြည့်နေရတာပါ။ မသိရင် နှစ်ယောက်က ရန်ဖြစ်၊ တစ်ယောက်က ဒိုင်လူကြီး လုပ်နေသလိုပါပဲ။ ဒါပေမဲ့ ဒိုင်ကလည်း ကျွန်တော့်ဘက်က ဒိုင်လိုမျိုးဖြစ်နေတာပါ။ ကျွန်တော့်သတ္တိကတော့ ကမ္ဘာကသိရမယ်လို့ ကြွေးကြော်နေသလိုပါပဲ။
ကွင်းက အိမ်ကွင်း(ရပ်ကွက်)၊ ဒိုင်က ကိုယ့်ရဲ့ ၁၂ ယောက်မြောက်ကစားသမား(ညီ)၊ ပရိသတ်က ကွင်းလုံးပြည့်ကိုယ့်ပရိသတ်(ရပ်ကွက်ကာလသားကြီးတွေ)။
သူငယ်ချင်းကို ထိုးရင်းနဲ့ ကျွန်တော်သနားသွားတယ်၊ ကိုယ့်ကိုယ်ကိုယ် သနားတာလည်းပါပါတယ်။ ဒီကောင်တော့ နာသလား၊ ဘယ်လောက်နာသလဲ မသိ၊ ထိုးရတဲ့ ကျွန်တော့်လက်တော့ နီရဲပြီး ကျိုးကျေသွားပြီလား အောက်မေ့ရပါတယ်။ လက်ဗလာနဲ့ထိုးနေတာကိုး(အမယ် လက်အိတ်တောင် ပြေးစွတ်ပြီး ထိုးရရင် ထိုးဦးမဲ့သဘော၊ ပြောနေပုံကိုက..)။
အဲဒီတုန်းက ၀ိတ်သာ မထားတာ၊ လက်ဝှေ့တော့ မကျင့်ရသေးဘူး၊ နောက်ပိုင်းတော့ နည်းနည်းကျင့်ဖြစ်သေးတယ်။ ၀ိတ်မတာ တစ်ခုကောင်းတာက ကြွက်သားတွေ တော်တော်သန်နေပြီး ညစ်သလောက် ထွက်တာ(ကြွက်သား) တွေ့ရတယ်။ အားရှိတယ်ပေါ့။
အထိုးခံရတဲ့ သူငယ်ချင်းဟာ တော်တော်သန်တဲ့ကောင်ပါ၊ အရပ်နည်းနည်းပုတာကလွဲလို့ အဲဒီတုန်းက ကျွန်တော်နဲ့ လုံးတူဆိုက်တူပါ။ ကျွန်တော့်ရပ်ကွက် မဟုတ်ရင်၊ နောက်ပြီး ကျွန်တော်လည်း ၀ိတ်သာမကစားထားရင် ဒီကောင် ကျွန်တော့်လက်က အသာလေးလွတ်ပါတယ်၊ ပြေးလို့ရပါတယ်။
နောက်တစ်ခုကလည်း ကျွန်တော်က စာတော်တဲ့ကျောင်းသား(ပညာတတ်၊ သည်းခံနိုင်သူ၊ စိတ်ရှည်သူ၊ စဉ်းစားဆင်ခြင်နိုင်သူလို့ သူငယ်ချင်းက ထင်ပုံရတယ်) ပြီးတော့ သူငယ်ငယ်က နိုင်ခဲ့ စခဲ့တဲ့ ကောင်ဟာ သူ့ကို ဘာမှတော့ လုပ်မှာမဟုတ်လောက်ပါဘူးလို့ လျှော့တွက်လိုက်ပုံလည်းရပါတယ်။ ဒါကြောင့် သူငယ်ချင်းဟာ ကိုယ့်ကို မျက်နှာချိုသွေး(ရည်းစားကို ပြုံးပြီးကြည့်တဲ့ပုံမျိုးနဲ့ပေါ့)ပြီး ပြေးပေါက်ရှာခဲ့တာပါ။
သူ့တွက်ကိန်းမှားသွားပါတယ်၊ ကိုယ်ကလည်း သူပြုံးပြတာကို အလံဖြူလို့ မမြင်တော့ဘဲ အလံနီကြီးနဲ့ ကိုယ့်သွေးကြွအောင် ဆွတာပဲလို့ ချက်ချင်းယူဆပစ်ပြီး “အမယ် ငါ့ကိုတောင် လှောင်ပြုံးလေး ပြုံးပြလို့ပါလား၊ ဆုံးမရသေးတာပေါ့ကွာ“ဆိုတဲ့ စိတ်နဲ့ကို ဖူးဖူးရောင်အောင် ထိုးထည့်ခဲ့တာပါ။ အားရအောင်ထိုးပစ်ပြီးမှ ဆက်မထိုးနိုင်အောင် လက်တွေနာကျင်ချိန်မှာ လွှတ်ပေးလိုက်တော့ သူငယ်ချင်းဟာ အသံတိတ်ဆဲဆိုပြီး လစ်ပါတော့တယ်။ ကိုယ့်ကိုတော့ ပြန်မထိုးပါ၊ ခဲကောက်ပြီးလည်း ပေါက်မသွားခဲ့ပါ။ လူကြီးတွေ ၀ိုင်းကြည့်နေလို့လည်းဖြစ်မှာပါ။
အဲဒီလို သူငယ်ချင်းကို ထိုးသတ်ခဲ့ပြီးနောက်မှာ ကျွန်တော်ပြန်ပြီး ပူပန်နေခဲ့ရတာကတော့ သူ့သူငယ်ချင်းတွေခေါ်ပြီး ကျွန်တော့်ကို ဘယ်အချိန်ပြန်လာ ချမလဲဆိုတာရယ်၊ သူနဲ့ တစ်ခန်းထဲ စာသင်နေတဲ့ ကျွန်တော့်ညီကို ဘာများ လုပ်မလဲဆိုတာရယ်ပါပဲ။
တစ်ခုရှိတာက(ကျွန်တော် ထင်သလောက် စိတ်မပူရတာက) ကျွန်တော့်ညီက ကျွန်တော့်ထက် လက်သံပြောင်ပြီး သူငယ်ချင်းတွေနဲ့ သိပ်အဆင်ပြေအောင် နေတတ်တာပါ။
ကျွန်တော်ထိုးတုန်းကလည်း သူက ဘယ်သူ့ဘက်ကမှ ၀င်မပါခဲ့ပါဘူး။ ထိုးပြီး အိမ်အပြန်လမ်းမှာတောင် “မင်း ဘာဖြစ်လို့ ဒီလောက် ဒေါသကြီးပြီး ဟိုကောင့်ကို ထိုးတာလဲ“ဆိုတာမျိုး မေးပါသေးတယ်။ “မဟုတ်ဘူးကွ၊ ဒီကောင် ငါ့ကို မဟုတ်တာတစ်ခု လုပ်ထားလို့ ပြန်ဆုံးမတာ“လို့ ညီလေးကို ပြောပြရပါတယ်။ “အေးလေ..မင်းစိတ်ကြိုက်ထိုးခဲ့လိုက်ပြီပဲ“ဆိုပြီး ညီငယ်က ပြောပါတယ်။ ညီလေးဟာ အင်မတန်သွေးအေးပါတယ်၊ ဒါပေမဲ့ လက်ကတော့ တော်တော်သွက်ပါတယ်။
ငယ်ငယ်က ကျွန်တော်က အသက် လေးနှစ်လောက်၊ သူက သုံးနှစ်လောက်ရှိမှာပေါ့။ အဖိုးအဖွားနဲ့အတူနေတော့ ရပ်ကွက်ထဲက ကလေးတစ်သိုက်နဲ့ကစားရင်း အရွယ်နည်းနည်းထွားနေတဲ့ကလေးတစ်ယောက်က ကျွန်တော့်ကို ရိုက်လိုက်တယ်။ အာဂသူရဲကောင်း ကျွန်တော်က ငိုပြီး အိမ်ပြန်ပြေးလာတယ်။ အဖွားက သူ့မြေးထိတော့ ရင်ဘတ်စည်တီးပြီး “ဘယ်ကောင် ငါ့သားလေးကို ရိုက်သလဲ“လို့ အော်ပြီး ကျွန်တော့်ကို မေးတယ်။ အဲဒီကလေးမိဘတွေနဲ့ သွားတိုင်ဖို့လုပ်တယ်။ အဖိုးကတော့ ယောက်ျားဖြစ်တော့ အေးဆေးပဲ၊ ကလေးချင်းဆော့ရင် ဒီလိုပဲဖြစ်တတ်တာပဲလို့ အေးအေးဆေးဆေးတွေးတယ်။
ညီငယ်က ဘာလုပ်သလဲဆိုတော့ အုတ်ခဲထက်ပိုင်းကျိုးကို ကောက်ကိုင်တယ်၊ သူက သုံးနှစ်ဆိုတော့ အုတ်ခဲကျိုးကို သူ့လက်နှစ်ဖက်နဲ့ မနည်းမရတယ်။ ပါးစပ်ကလည်း ပြောသေးတယ်။ “အစ်ကို၊ ပြန်သွား…မင်းကို ချတာဘယ်ကောင်လဲ ပြ၊ ငါ ချမယ်“တဲ့။ အဖိုးက အဲဒါကို အမြဲတမ်းသတိတရနဲ့ပြောတယ်။
အဖိုးက မြေးဦးဖြစ်တဲ့ ကျွန်တော့်ကို အချစ်ဆုံး၊ သဲသဲလှုပ်ချစ်တာ၊ အဖွားကဆို ပိုကဲသေးတယ်။ ဒါပေမဲ့ အဖိုးအဖွားရဲ့ သိပ်ဂရုစိုက်တာကို မခံရတဲ့(အထူးသဖြင့် ကျွန်တော်လောက် ဂရုစိုက်တာ မခံရတဲ့)ညီလေးဟာ အဲဒီတုန့်ပြန်မှုတစ်ခုထဲနဲ့တင် အဖိုးကိုယ်တိုင်က လေးစားရတဲ့ ကလေးလေးဖြစ်သွားခဲ့တယ်။ ကျွန်တော့်မှာတော့ အဖိုးသေတဲ့အထိ ပြန်ပြန်ပြောတိုင်း ရှက်လိုက်ရတာ မပြောပါနဲ့တော့…။
ဒီမှာ တစ်ခုဘာသွားတွေ့ရသလဲဆိုတော့ ကျွန်တော်ဟာ အမှတ်သညာကြီးတယ်၊ လုပ်ကြံတတ်တယ်၊ အချိန်ကောင်းကိုစောင့်တယ်၊ အနိုင်ရမယ်ဆိုမှ ကစားတယ်၊ အပိုင်ထုတတ်တယ်။ ကိုယ့်ထိရင် မှတ်ထားပြီး ပြန်လုပ်တတ်တယ်စတဲ့ မကောင်းတဲ့စိတ်တွေ ရှိနေတာကို သွားတွေ့တယ်။ ဒါတွေဟာ တကယ်တော့ မကောင်းတဲ့ စိတ်တွေပါပဲ။
တကယ်ကောင်းတဲ့စိတ်ကတော့ ရန်မလိုတာ၊ သည်းခံနိုင်တာ၊ ကိုယ်လုပ်ရမဲ့အလုပ်ကို စိတ်ရှည်ရှည်နဲ့ အကောင်းဆုံးလုပ်ပေးတာ၊ ဘယ်အလုပ်ကိုမှ ဘာအကြောင်းနဲ့ဖြစ်ဖြစ် ခိုလိုက်တာ၊ ကပ်လိုက်တာ၊ လျှော့လိုက်တာမျိုး မရှိဘဲနဲ့ စေတနာထား လုပ်ပေးရမယ်ဆိုတာပါပဲ။
ကျွန်တော်ဟာ တဖြည်းဖြည်းနဲ့ပြောင်းလဲခဲ့ပါတယ်။ စိတ်ရော၊ အမူအယာ၊ အပြုအမူရော တဖြည်းဖြည်းနဲ့ ရင့်ကျက်အောင် ပြောင်းလဲခဲ့ရပါတယ်။ ဗီဇဆိုတာက ဖျောက်ရခက်သမို့ ပြောင်းလဲနေတဲ့ကြားက တစ်ခါတခါ ဆိုးစိတ်လေးက တိုးတိုးတိတ်တိတ် နိုးထတတ်ပါသေးတယ်။ မသိစိတ်နဲ့ လုပ်မိလိုက်တာမျိုး ရှိသွားတတ်ပေမဲ့ သိစိတ်ကပ်တာနဲ့တပြိုင်နက် ကောင်းစိတ်(စိတ်ကောင်း)ဘက် ပြန်လှည့်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ အခုတော့ အားလုံးချစ်အောင် ကြိုးစားနေထိုင်နေပါတယ်။ အတတ်နိုင်ဆုံးပေါ့။
ဒါပေမဲ့ တကယ်တော့ ကျွန်တော်ဟာ မာနခဲလေးပေါ့ဗျာ။
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၈ နာရီ။