စာမရေးဖြစ်တာ အတော်လေးကြာသွားပါပြီ။ စာရေးတယ်ဆိုတာက မုဒ်(အာရုံသွင်းနိုင်မှု၊ စိတ်ခံစားမှု)အလွန်လိုပါတယ်။ မဟုတ်ရင် ဘယ်လိုမှ စာမရေးနိုင်ပါ။ ကိုယ်က စာအလွန်ရေးချင်သူပါ၊ နို့ပေမဲ့ ခုနပြောသလို မုဒ်လေးက မနိုးလေတော့ စိတ်ကူးရင်း ပျောက်ကုန်ပါတယ်။ တစ်ခါတလေ စိတ်ကူးက သိပ်ကောင်းနေပါတယ်။ ချက်ချင်းလည်း ချမရေးနိုင်၊ ထမရေးနိုင်ဆိုတော့ အလကားဖြစ်ကုန်ပါတယ်။ အဲဒီလို အလကားဖြစ်ဖန်များတော့ စိတ်တောင်မကူးတော့ပါ။
အခုတော့ အကြောင်းတိုက်ဆိုင်လို့ ကိုယ့်အကြောင်းကိုပဲ ဖောက်သည်ချပါဦးမယ်။
“မခံချင်လို့ အပျိုကြီးလုပ်တာကွ“
အစ်မကြီးတစ်ယောက်ကို သူဘာဖြစ်လို့အပျိုကြီးဖြစ်နေတာလဲလို့ ကိုယ်က ခင်နေတော့ သွားမေးလိုက်တာ အဲဒီလို ပြန်ဖြေပါတယ်။ ကိုယ်တောင် နည်းနည်း လန့်သွားပါတယ်။
ကိုယ်က အတွေးဆို တစ်ဖက်သတ်ဆန်ဆန် တွေးတတ်သူပီပီ သူပြောတာကို ကိုယ်တွေးသလိုတွေးတော့ တစ်မျိုးဖြစ်နေပါတယ်။ တကယ်ပဲလားလို့တောင် ထင်သွားမိပါတယ်။ အခုတော့ အဲဒီအစ်မလည်း အိမ်ထောင်ကျလို့ ကလေးတစ်ယောက်တောင် ရနေပါပြီ။
သူပြောတဲ့ မခံချင်လို့ဆိုတဲ့ အဓိပ္ပါယ်က တခြားတစ်မျိုးပါ။ တစ်ယောက်သောက ကိုယ့်အပေါ် တင်စီးမှာကို မခံချင်တာ၊ အကြောမခံချင်တာ၊ အနိုင်မခံချင်တာကို ဆိုလိုပါတယ်။ တစ်ယောက်ထဲနေရာကနေ နှစ်ယောက်တွဲနေတော့မယ်ဆိုရင် သည်းညည်းခံရတဲ့အကြောင်းကိစ္စတွေ ရှိပါတယ်။ တစ်ခါတလေ သိသိကြီးနဲ့ကို သည်းခံနေရတာမျိုးပါ။
ရည်းစားဘ၀ကထဲက သည်းခံရတာမျိုးတွေလည်း ရှိပါတယ်။ ကိုယ်က ကော်ဖီမကြိုက်ပေမဲ့ ခပ်တည်တည်နဲ့ မောင်ကြိုက်လို့ ကြိတ်မှိတ်လိုက်သောက်ရတာမျိုးတွေ၊ ကိုယ်က ငရုတ်သီးလုံးဝမစားနိုင်ပေမဲ့ ကောင်မလေးက ချဉ်ချဉ်ငန်ငန်စပ်စပ်ဆိုလို့ ကိုယ်လည်း အူကြောင်ကြောင်လိုက်လုပ် လိုက်စားရာက ချွေးတွေ တခေါင်းလုံးနဲ့ တစ်မျက်နှာလုံးရွှဲပြီး ဒုက္ခရောက်ရတာမျိုးတွေကို ကြုံဖူးသူတွေက နောက်တော့ စပ်ဖြဲဖြဲနဲ့ ပြန်ပြောပြတာကို ကြားခဲ့ဖူးပါတယ်။
ကိုယ်ကတော့ မိန်းကလေးတွေကို သနားတာနဲ့ အတည်မတွဲခဲ့တာပါလို့ ဟန်မဆောင်ဘဲ အတည်ကို ပြောပြချင်ပါတယ်။ ဒါပေမဲ့ ကိုယ်က မင်းသားရူးဖြစ်ခဲ့ဖူးလေတော့ အက်တင်ကောင်းပါတယ်။ အဲဒီလိုအက်တင်ကောင်းတာကိုပဲ အတည်မှတ်ပြီးသကာလ မိန်းကလေးတချို့က အထင်ကြီးလေးစားကြပါတယ်။ တကယ့်အတည်ဇာတ်ရုပ်က လူကြမ်းကြီးပါ။ နောက်တီးနောက်ချာကလည်း အင်မတန်လုပ်တတ်တော့ သူတို့လေးတွေကို သနားပါတယ်ဆိုပြီး အတည်မကြံတော့ပါ။
ဒါကိုပဲ တချို့တချို့တွေက တစ်မျိုးထင်ပြီး အရွေးလွန်နေလို့ပဲ သနားစရာကောင်းနေသလိုလို၊ အသည်းကွဲဝေဒနာရှင်ကြီးမို့ ကြိတ်ပြီးကယ်တင်ပေးချင်သလိုလို၊ လူလည်ကြီး သိပ်လုပ်ရင် အလည်လွန်ဘီး ဘာဖြစ်တတ်သလဲသိတယ်မို့လားဆိုပြီး ဆရာလိုလို ဘာလိုလို လုပ်တာတွေကလည်း ရှိပါသေးတယ်။ ကိုယ်ကတော့ အော် ကိုယ့်ချစ်လို့ စိတ်ပူလို့ ပြောကြတာပဲလေဆိုပြီး ၀မ်းသာရပါသေးတယ်။
သေသေချာချာ ပြန်ပြောပြရရင်တော့ မစွံတာကတော့ တကယ်ကိုမစွံတာပါလို့ဆိုရင်တော့ လွန်မယ်မထင်ပါဘူး။ ကိုယ်တိုင်ကလည်း စကားကို မတတ်သာလို့ ဟန်ဆောင်ထားနိုင်တုန်းသာ ချိုချိုသာသာ ပြောနိုင်ပေမဲ့ မျက်နှာဖုံးခွာလိုက်တာနဲ့တပြိုင်နက် အစွယ်ငေါနေတဲ့ ဘီလူးရုပ်ကထွက်လာတယ်လို့ ဆိုရမဲ့လူမျိုး ဖြစ်ပါတယ်။ မတတ်နိုင်ပါ။ ဟန်ဆောင်တာကိုတော့ ကိုယ်က အမုန်းဆုံးဖြစ်ပါတယ်။
ဟန်မဆောင်တတ်လို့ အခွင့်အရေးတွေ ဆုံးရှုံးကုန်တာ၊ ဟန်မဆောင်နိုင်တော့လို့ မိတ်ပျက်ကုန်တာလည်း အကြိမ်ကြိမ်ပေမဲ့ ကိုယ်ကတော့ လုံးဝကို ဂရုမစိုက်ခဲ့ပါ။ အဲဒါကတော့ အမေနဲ့သွားတူတယ်လို့ ပြောလို့ရပါတယ်။ အဖေနဲ့ညီငယ်ကတော့ သိပ်အားနာတတ်တော့ သူတို့မကြိုက်လည်း သည်းခံတတ်၊ ဟန်ဆောင်ဖုံးကွယ် တတ်ကြပေမဲ့ ကိုယ်နဲ့အမေနဲ့ကတော့ မကြိုက်တာနဲ့ မကြိုက်ကြောင်း ဒိုင်းကနဲပြောချလိုက်သလို ကီးမကိုက်တဲ့သူတွေနဲ့လည်း မပေါင်းမသင်းဘဲ အလွယ်တကူ နေနိုင်တယ်လို့ ပြောရပါမယ်။
အခုတော့ အဲဒီသူ့သားအကြောင်းကို သိလွန်းတဲ့အမေကပဲ ကိုယ့်ကို ၀တုတ်ကြီးတစ်ယောက်နဲ့ ပေးစားဖို့စဉ်းစားခဲ့တဲ့အကြောင်းလေး ပြောပြချင်ပါသေးတယ်။ တစ်ဖက်သားကို အားနာပေမဲ့လည်း ဟန်ဆောင်သိမ်းထားတတ်သူမဟုတ်လို့ အရိုးခံအတိုင်းပြောရပါတော့မယ်။
“သားကြီးရေ..မင်းမလဲ အရွယ်တောင် အတော်ရောက်လာပြီမို့၊ နောက်ပြီး ငါ့ကိုပဲ လုပ်ကျွေးပြုစုနေရတော့ ရည်းစားသနာ ဘာညာကလည်း ရှိတာမဟုတ်တော့ မင်းကို မိန်းမပေးစားဖို့ ငါစဉ်းစားလာမိပြီကွဲ့၊ သို့ပေမဲ့ မင်းအမေ ငါကိုယ်တိုင်က အိမ်ထောင်ရေးမှာ အောင်မြင်သူမဟုတ်ခဲ့လေတော့ ဒီကိစ္စတွေမှာ ကျွမ်းကျင်တဲ့ ငါ့သူငယ်ချင်းကို စီစဉ်ခိုင်းထားတယ်။ သူကလည်း မင်းဓာတ်ပုံလေးတွေ ပေးလိုက်ပါဆိုလို့ ငါပေးထားတာ အခုတော့ မင်းထီပေါက်ပြီ၊ မင်းကို သဘောကျတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်တဲ့၊ ဒီတနင်္ဂနွေ ချိန်းထားတော့ သွားလည်ကြရအောင်ကွာ“လို့ အပိုမပါတဲ့စကားနဲ့ သတင်းစကားပါးလာပါတယ်။
ကြိတ်ပြီးပီတိဖြစ်သွားသူက ကိုယ်ပါ။ အမယ်က ကိုယ့်ဓာတ်ပုံကိုမြင်ပြီး သဘောကျသွားတဲ့ကောင်မလေးက ရှိသေးသတဲ့။ တယ်စွံတဲ့ငါပါလားလို့တောင် လက်သီးလက်မောင်းတန်းကြွေးကြော်ရမလိုပါပဲ။ အမေတို့လုပ်လိုက်ရင်လည်း ပြောင်းပြန်ပါပဲ။ ကောင်မလေးကို ဓာတ်ပုံကြည့်ပြီး ကိုယ်ကရွေးရမှာမဟုတ်ဘဲ ကောင်မလေးက ကိုယ့်ကိုရွေးသွားသတဲ့။ အော်…ခေတ်တွေက ပြောင်းနေပြီပဲလေ။ အမျိုးသမီးတွေက အခွင့်အရေးတန်းတူမကတော့ဘဲ ပိုတောင်ယူတဲ့ခေတ်ရောက်သွားပြီလားမသိပါဘူးလို့ ကိုယ့်ဘာသာဖြေတွေးလေးများတွေးပြီး ကြိတ်ပြီးကြည်နူးကာနဲ့ လာလတ္တံသော တနင်္ဂနွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်စားရပါတော့တယ်။
တကယ်တည်းတွေ့ကြလေသောအခါ သတို့သမီးလောင်းမှာ အာဖရိကအလှမယ်များကဲ့သို့ ၀သောတုတ်သာ ကောင်မလေးဖြစ်နေပါတော့တယ်။ သူခမျာမလဲ အိပ်မက်ထဲက မင်းသားလေးတော့ တွေ့ပြီ၊ ဖူးစာရေးနတ်ကလေးဟာ အလွန်ကို သစ္စာ၊ သမာဓိရှိလှပေတယ်ဆိုပြီး သဘောကျနေပုံပါပဲ။ ကိုယ်ကတော့ တစ်ဖက်သတ်ဖိကစားခံရတော့မဲ့ ကစားပွဲတစ်ခုလိုဖြစ်မဲ့အရေးကနေ ရှောင်ထွက်ဖို့ အမြန်ကြိုးစားရပါတော့တယ်။
“မားသား…အလွန်ကြီး မဖြစ်စေနဲ့နော်၊ စားကောင်းသောက်ကောင်းရုံလေး အပြုံးမပျက် စကားပြောနိုင်ရုံလေး တစ်သက်မှာ ဒီတစ်ခါလောက် ဟန်ဆောင်ပြီး လစ်ကြရအောင်…“လို့ ကိုယ်က အမေ့ကို ကပ်ပြောလိုက်ရပါတယ်။ ဟန်မဆောင်တတ်တဲ့အမေကတော့
“ဟာ ငါ့သားကြီးကလည်း နည်းနည်းလေးဝတာ ဘာဖြစ်သလဲကွာ၊ မင်းကလဲ လှတယ်ဆိုတာတွေက အလကားပါကွာ။ ၀လို့လှလို့ဆိုတဲ့ စကားတောင် ရှိသေးတယ်မဟုတ်လားကွ၊ ကောင်မလေးက မင့်သဘောကျတယ်ဆိုနေတာပဲ၊ မကောင်းဘူးလား“လို့ ပြောလာပါတော့တယ်။
ဒီနေရာမှာ ကိုယ့်ဖလော်ဆော်ဖီကို ခင်းကျင်းစရာရှိလာပါတယ်။ ကိုယ်က မိန်းမဆိုတာ ချောရမယ်၊ လှရမယ်လို့ တယူသန်၊ တရားသေမှတ်ထားသူပါ။ အထူးသဖြင့် ကိုယ့်အတွက်တော့ အသားဖြူဖြူ တောင့်တောင့်ဖြောင့်ဖြောင့် မျက်နှာချိုချိုလေးပေါ့လေ။ “မချောတဲ့ မိန်းမ မရှိ“လို့ ကြားဖူးပေမဲ့ ကိုယ့်မျက်စိထဲတော့ မိန်းမတိုင်းချောတယ်၊ လှတယ်လို့ မထင်မိတာကတော့ အမှန်ပါပဲ။
ကိုယ့်သူငယ်ချင်းအရင်းကြီးတွေဖြစ်တဲ့ မိန်းကလေးတချို့ မည်းမည်းပိန်ပိန် နဖူးပြောင်ပြောင် ပါးစပ်ပြဲပြဲ ဘယ်လိုမှ ကိုယ့်မျက်စိထဲ မလှဘူးလို့ ထင်ထားသူ၊ သူငယ်ချင်းမို့ မသိမသာနေလို့ရပေမဲ့ သူတို့ကိုပဲ အနောက်တိုင်းသားတချို့က အလွန်လှပပေသော နတ်သမီးလေးတွေအလား အသည်းအသန်ကြိုက်ရပါတယ်လို့ ထုတ်ဖော်ပြောဆိုကြကြောင်း ကြားသိရသောအခါ တစ်သက်မှာမှတစ်ခါ ရယ်မိတဲ့မင်းလို အကြီးအကျယ်ကြီး ရယ်မိပါတော့တယ်။ အော် ဒါကြောင့်လည်း “မချောတဲ့ မိန်းမ မရှိ“လို့ ပညာရှိတို့က နှုတ်မှမြွက်ကြားခဲ့တာပါကလားဗျာ။
ကိုယ်တို့ရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံကို တစ်ခါတခေါက် ရောက်ရှိခဲ့စဉ်ကထဲက အဲဒီအဖြေကို ကွက်ကွက်ကွင်းကွင်း မျက်စိနဲ့လည်းမြင်၊ နားနဲ့လည်း ကြားပြီးသကာလ မယုံအပ်စရာဖြစ်ပေမဲ့လည်း ယုံမှတ်ခဲ့ရကြောင်းပါ။ အဖြစ်ကဒီလို… အလွန်တရာ မည်းတူးညစ်ပတ် စုတ်ပြတ်သတ်နေသော မိန်းမလို့ ကိုယ့်မျက်စိထဲမြင်မိတဲ့ အမျိုးသမီးတချို့ကို အမေရိကန်သကောင့်သား အဖြူ၊ အမည်း အကြီးအငယ် အရွယ်စုံတို့က အသေအလဲကြိုက်နှစ်သက်ကြသတဲ့။ အော် သူတို့မျက်စိထဲတော့ ကိုယ်အထင်သေးသူတို့က နတ်သမီးဖြစ်နေကြတာပါကလား။ ဒါမှမဟုတ် “ဒါဟာ အချစ်လား“
ကိုယ်သိတဲ့ မိန်းမဆိုတာကတော့ ချောရမယ်၊ လှရမယ် ဒါနဲ့တင် လုံလောက်နေပါပြီ။ အဲ…နောက်တစ်ခုကတော့ မိန်းမဖြစ်တဲ့အတွက် အခုခေတ် “ပဲ“လို့ ခေါ်နေကြတဲ့ ဟန်မူရာပိုရမယ်။ အဆိုအပြောအားဖြင့် အမူအရာအားဖြင့် တစ်ဖက်သားကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိရမယ်ပေါ့လေ။
ပဲမပါတဲ့ မိန်းကလေးကြည့်ရမြင်ရတာ ဆားမပါတဲ့ဟင်းတစ်ခွက်ကို အောင့်သက်သက်နှိုက်မြည်းရသလိုပါပဲ။ ပါးစပ်ထဲသာ ဟင်းတုံးရောက်လာတယ်၊ အရသာက လုံးဝမရှိတော့ အ၀ါးခက် အစားခက်ရပါတယ်။
အဲ “ပဲ“ဘယ်လောက်ပါရမလဲဆိုတာကတော့ ဟင်းထဲ ဆားဘယ်လောက်ထည့်ရမလဲ မေးသလိုပါပဲ။ မပေါ့မလေးအောင် ဆားကို အနေတော်လေး ဟင်းထဲခတ်ရသလို မိန်းကလေးကလည်း “ပဲ“ကို အနေတော်လေး သုံးစွဲတတ်ရင် ကောင်းတာပါပဲ။ ဟင်းချက်ကျွမ်းကျင်တဲ့စားဖိုမှုးလို ကိုယ်ချက်တာကို စားမဲ့ပရိသတ်အလိုက် သူတို့အကြိုက် အငန်အပေါ့ကို လက်တန်းမှန်းဆ ပစ်ထည့်လိုက်လည်း ဟင်းချိုမပျက် အလေးအပေါ့ အတော်လေးဖြစ်နေသလို မိန်းကလေးကလည်း ကိုယ့်ကြိုက်တဲ့ယောက်ျားလေး ကိုယ့်စိတ်ဝင်စားတဲ့အမျိုးသား အသာလေး အငိုက်မိ မှိုင်တွေငေးသွားအောင် “ပဲ“ကို လိုအပ်သလိုလေး ကျွေးသွားနိုင်ရင် ကောင်းတာပါပဲလို့ ကိုယ်က ထင်ထားမိပါတယ်။
အခုတော့ အမေရဲ့ မကျွမ်းကျင်မှုကို အခွင့်ကောင်းယူပြီး သူငယ်ချင်းအကြံပေး အတိုင်ပင်ခံအမတ်ကြီးရဲ့စီမံမှုနဲ့ ရေတိမ်နစ် ပြားပြားဝပ်ရမဲ့ကိန်း ဆိုက်လုဆိုက်ခင်လေးမှာ လွတ်လမ်းရှာရမဲ့ ကိုယ့်အဖြစ်က မနှစ်ကနဲ့မတူပါတော့လားလို့ တွေးမိပါတော့တယ်။
မင်းကံကောင်းလို့ ထီပေါက်တယ်ဆိုပြီး ထီမထိုးထားတဲ့ ကိုယ့်ကို လာပြောခဆိုပြီး ငွေနည်းနည်း မုန့်ဖိုးတောင်းနေသလို ဖြစ်နေတဲ့အနေအထားကနေ ဘယ်လိုရှောင်ရမလဲ။ မပူချင်လို့ မီးဖိုနဲ့ဝေးဝေးနေပါတယ်၊ ရေနွေးဆူနေလို့ ဓာတ်ဘူးထဲလာထည့်ပေးပါလို့ ခိုင်းနေသလိုဖြစ်နေတာကိုတော့ ဘယ်လိုမှ စိတ်ကောင်းလေးနဲ့ တွေးပေးလို့ မရနိုင်တော့ပါဘူး။
“မားမားရယ်…၀တုတ်ကြီးတော့ မယူနိုင်ပါဘူးဗျာ“
“ဟဲ့..၀တုတ်ကြီးပဲ နင့်ကို သဘောကျတာကိုး၊ ဘယ်တတ်နိုင်မလဲ။ မိဘက ကောင်းလို့စီမံတာကို မင်းက ဖျက်လို့ဘယ်ဖြစ်မလဲ“
“ဟ ဟ၊ အတည်ကြီးလုပ်တော့ မလို့လားဗျာ၊ ကျွန်တော့်ကိုကော မေးပါဦးလားဗျ။ ဒီအတိုင်းဆို ခက်ရချည်ရဲ့၊ ကြည့်ကျက်ပြောပြီး အမြန်ဆုံးလစ်ကြပါဆို့ရဲ့ဗျာ“
“ဟ..မင်းဟာက မိန်းကလေးလည်း မဟုတ်ဘူး၊ စဉ်းစားပါရစေဦး ဘာညာလည်း ငါတော့ မလုပ်နိုင်ဘူး။ ငါလည်း ဒါမျိုးတွေ ကျွမ်းကျင်တာ မဟုတ်ဘူး။ ခင်ခင်ကလည်း ငါ့ခင်လို့ မင်းအတွက် သူကောင်းသလို စီစဉ်ပေးတာ၊ မင်းဘာသာ မင်းရှင်းပေတော့“
အမေဟာ သူ့သားကို အလွန်ချစ်ပေမဲ့ ဒီတခွင်မှာတော့ ရှောင်လေပြီ။
ဘယ်လိုလုပ်ရပါ့မလဲ၊ ဇာတ်လမ်းကတော့ ရောင်းတန်းဝင်ဝတ္ထုများလို အတင်းကြီးကို ဆွဲစေ့ထားသလိုတော့ ဖြစ်နေပါပြီ။ ဇာတ်ရံဇာတ်ပို့များကလည်း ကောင်းလွန်းနေပြီး မင်းသားကိုလည်း ဒီတစ်ဇာတ်မှာတော့ လူဆိုးလူကြမ်းများက ဟန်ဆောင်ပန်ဆောင် မဟုတ်တော့ဘဲ မညှာမတာ တွယ်ကြပါတော့မယ်။
ဒီဇာတ်လမ်းက မှားရင်ပြန်ရိုက်လို့ရတဲ့ မြန်မာဗီဒီယိုဇာတ်ကားမဟုတ်၊ တကယ့်အရေးကြီးတဲ့ ဘ၀နဲ့ရင်းလိုက်ရမဲ့ အရေးကြီးဇာတ်ကားဖြစ်နေပါတော့တယ်။
“အမေတို့လူကြီးတွေ စီစဉ်လို့သာ ဒီကနေ့ကျွန်တော်တို့အရောက်လာကြတာပါခင်ဗျာ၊ ကျွန်တော့်မှာလည်း ဘ၀ရည်မှန်းချက်က ကြီးကြီးမားမားမှန်းထားလေတော့ ပညာကို ကောင်းကောင်းမွန်မွန်ပြည့်ပြည့်၀၀ သင်ယူလိုပါသေးတယ်၊ နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာ အဆင့်မြင့်ပညာရပ်ကြီးတွေကို ကျောင်းကြီးကျောင်းကောင်းများ မှာ သင်ယူဖို့စိတ်ဆန္ဒက နဂိုမူလလက်ဦးမဆွထဲက ရှိနေနှင့်ပြီးသလို အခုလည်း မကြာမတင်နိုင်ငံရပ်ခြားကို သွားလာဖို့က ရှိပါတယ်ခင်ဗျာ။
ဒီတော့ကာဖြင့် ဦးမင်းကြီးတို့သိတော်မူပါတဲ့အတိုင်း ပညာစုံကာမှဖြင့် ကြင်ယာနဲ့ဖက်တော်မူချင်လှပါကြောင်းကို နားနဲ့မနာ ဖ၀ါးနဲ့နာတော်မူပါမဲ့အကြောင်း ပြောလိုပါတယ်“ဆိုပြီး ယောက္ခမလောင်းကြီးတွေကို မျက်စိပေကလပ်ကလပ်ကြည့်၊ ကျိုးနေတဲ့သွှားနှစ်ချောင်းနေရာ အပါအ၀င် သွားတွေ အကုန်ပေါ်အောင် ပါးစပ်ကြီး အသားကုန်ဖြဲပြီးသကာလ သွားခဲ့ဖူးတဲ့မင်္ဂလာဆောင်တွေမှာ ဘိသိက်ဆရာတွေပြောတဲ့ ဟန်ပန်မျိုးနဲ့ ကိုယ်ကမိန်းမလိုက်တောင်းပေးရသူလိုလို ဘာလိုလိုလုပ်ပြီး အတင်းကာရော ပြောချပြေးထွက်လာရဖူးတာကို အမှတ်ရတာနဲ့ စာမရေးချင်တဲ့စိတ်ကို အတင်းအဓမ္မဖိနှိပ်ပြီးသကာလ ဖျစ်ညစ်ထုတ် ရေးသားလိုက်ရပါကြောင်းဗျာ။
“မားမား…သား…၀တုတ်ကြီးတော့ မယူနိုင်ပါဘူးဗျာ“
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၆ ရက်၊ ည ၉ နာရီခွဲ။
😛 😛 😛
ယူလိုက်ရင်တော့ အဖတ်တင်မှာပေါ့ဗျ
ဟိုအမျိုးသမီးခမျာ သနားပါတယ်၊
ဝတုတ်ကြီးတော့ ဘယ်ဖြစ်သင့်ပါ့မလဲ? ကိုမျိုးသာထက်က အရှောင်အတိမ်း ကျွမ်းကျင်ပါပေတယ်။ 🙂