ကိုယ်က အမေ တက္ကသိုလ်တက်နေတုန်း ပထမနှစ်မှာပဲ မွေးတာဖြစ်တော့ စာမေးပွဲဖြေကာနီးမှာ အမေက ကိုယ့်ကို သူ့အဖေအမေ(ကိုယ့်အဖိုးအဖွား)ဆီကို ပို့လိုက်ပါတော့တယ်။ ဒီတော့ အမေ့နို့နဲ့စောစောပြတ်လပ်ပြီး အဖိုးမွေးထားတဲ့ နွားတွေကထွက်တဲ့ နွားနို့ကိုပဲ အားပါးတရသောက်သုံးခဲ့ရတော့ အဖိုးနည်းတူ ခြေဆံလက်ဆံ ရှည်ထွက်လာသလားတော့ မသိပါဘူး။

တခါ အဖိုးအဖွားက လက်ဖက်ရည်ကြိုက်သူများဖြစ်တော့ ကိုယ်နည်းနည်းသိတတ်တဲ့အရွယ်ရောက်လာတဲ့အခါ နွားနို့အရောင်ဖြူဖြူထက်စာရင် အဲဒီနွားနို့ခွက်ထဲကို လက်ဖက်ခြောက် အချိုခြောက်နှပ်ရည်(အကျိုက်ရည်)ခပ်ပြင်းပြင်း ထည့်ထားတဲ့ နွားနို့ကဲတဲ့ လက်ဖက်ရည်ကို စောစောစီးစီးကြိုက်တတ်လာပါတယ်။

နောက်တခါ ၇ နှစ်၊ ၈ နှစ် ရောက်တော့ အဖိုးသောက်ဖို့ ဘရန်ဒီတို့၊ အရက်ဖြူ၊ အရက်နီတို့ ၀ယ်ပေးရင်းကနေ အဖိုးညစာစား အရက်သောက်တော့ အဲဒီအနံ့ကိုရှု၊ နှစ်သက်သဘောကျ၊ အဖိုးက နည်းနည်းလေးပျော်ပြီး လျှာဖျားလေးနဲ့ ကိုယ့်ကို တို့ကြည့်စေတဲ့အခါ လျှာဖျားလေးပူပူလောင်လောင်ဖြစ်သွားတာကို သဘောကျ၊ အဖိုးနဲ့ ထမင်းတွေ အများကြီးလိုက်စား ဒီလိုပဲ ပျော်စရာလေးတွေနဲ့ နေခဲ့ဖူးတယ်။

အခုတော့ ကိုယ့်ကိုသိပ်ချစ်တဲ့အဖိုးလည်း မရှိတော့ဘူး၊ အဖွားလည်း တိမ်းပါးသွားပြီ။ နွားနို့ကဲတဲ့ လက်ဖက်ရည်ပူပူကိုလည်း ကြေးခွက်ကြီးနဲ့ထည့်ပြီး မသောက်ရတော့ဘူး။ အဖိုးအမြဲသောက်တဲ့ ငါးကြေးခွံဖန်ခွက်ကြီးထဲက အဖြူရောင် အနီရောင် အရက်နံ့ပြင်းပြင်းတွေကိုလည်း ရှုရှိုက်ခွင့်မသာတော့ဘူး။ အဖိုးနဲ့အဖွားကို တစ်ခါတခါ သိပ်သတိရတယ်။

အဖေနဲ့အမေ အဆင်မပြေတော့ ကိုယ်တို့က လူမမည်လေးတွေ၊ နောက်တော့ လူကြီးတွေကွဲကွာပြီး ခွဲခွာနေထိုင်ကြ။ ကိုယ်တို့က အရွယ်မရောက်သေးသူတွေ ဖြစ်တော့ မိခင်ရဲ့အုပ်ထိန်းမှုအောက်မှာနေရတယ်၊ အဖေကတော့ သူ့မိဘအိမ်ရိပ်မှာ တစ်ယောက်တည်းပြန်နေတယ်။ သားအဖဆိုတော့ သွေးကစကားပြောတာမို့ အကြာကြီး ခွဲခွာမနေနိုင်ဘူး၊ ဒီလိုပဲ တွေ့ကြဆုံကြ ဆုံးမစကားပြောတာနာခံရတာပေါ့။

သားသမီးဆိုတာ မိစုံဖစုံနဲ့နေတာ အကောင်းဆုံးပါပဲ၊ နို့ပေမဲ့လည်း တစ်ခါတခါတော့ အိမ်ထောင်ရေးဆိုတဲ့ ဆေးဝါးချိုချိုက ဘေးထွက်ဆိုးကျိုးပါလာတဲ့အခါ ဒီဆေးဝါးရဲ့ အချိုဖုံးထားတဲ့ ဆေးခါးကို သားသမီးတွေကပါ မနှစ်သက်ပေမဲ့လည်း ၀ါးမြိုကြရတာမျိုးလည်း ရှိတတ်တာပဲလေ။ ဘယ်သူ့ဘယ်သူမှ အပြစ်မရှိကြဘူး ဆိုရင်တောင် ခံနိုင်ရည်နည်းသူလေးတွေမှာတော့ ပိုထိခိုက်ခဲ့ရတာပေါ့။

နောက်တော့ အဖေနဲ့တစ်ခါတလေတွေ့တယ်။ ကျောင်းမှာတွေ့တယ်၊ ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်မှာ တွေ့တယ်။ နောက်တော့ အဖေ့နေတဲ့ အဖွားအိမ်မှာ တွေ့တယ်။

အဖေက သားကြီးကို အားကိုးတယ်။ သားကြီးကို ဆုံးမလိုက်ရင် အငယ်တွေပါ ဆုံးမပြီးသားဖြစ်မယ်လို့လည်း အဖေက တွက်ပုံရတယ်။ ကိုယ်က ငယ်ငယ်ကတည်းက အတွေးကဲသူဖြစ်တယ်။ ဘာကြောင့် ဘယ်လို ဘယ်ဖြစ်လို့ ဆိုတာတွေကို အမြဲလိုက်စဉ်းစားတယ်။

လွယ်တာကိုလည်း မကြိုက်ဘူး။ လွယ်လွယ်လေးတစ်ခုခုဖြစ်သွားရင် တစ်ခုခုပဲမှားနေသလိုလို ကိုယ်ကထင်တတ်တယ်။ ဒီတော့ ကိုယ့်ပုံစံက သွက်သွက်လက်လက် မရှိဘူး။ ငေးငေးမှိုင်မှိုင်ပုံစံဖြစ်နေတယ်။ လူကြီးတွေတစ်ခုခုပြောတာကို နားထောင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်က တစ်ခုခုကို အာရုံဝင်စားနေရင်ဖြစ်ဖြစ် ပါးစပ်ကြီးဟပြီး သတိလက်လွတ်လို ဖြစ်နေတတ်တယ်၊ တစ်ခါတလေ သွားရေတွေတောင် ကျနေတတ်တယ်။

ဒါကို အဖေက လုံးဝမကြိုက်ဘူး။ အဖေက စာလည်း အလွန်ဖတ်သူဖြစ်လေတော့ ဒါဟာ သူ့သားမှာ သိမ်ငယ်စိတ်ရှိနေတာ၊ သူ့ခမျာ အဖေနဲ့အတူမနေရလို့ စိတ်အားငယ်နေတာ၊ ဒါကြောင့် ဒီလိုဖြစ်တာပဲဆိုပြီး စိတ်မကောင်းဘူး။ သူမကောင်းလို့ မိန်းမနဲ့ကွဲနေလို့ သားသမီး(အထူးသဖြင့် သူရဲ့သားကြီး)မှာ အခုလို သိမ်ငယ်စိတ်ရှိနေတယ်ဆိုပြီး ရပ်ကွက်ထိပ်က လက်ဖက်ရည်ဆိုင်ကလေးမှာ တွေ့တဲ့တစ်ခေါက်တုန်းက အဖေက မျက်ရည်ကလေးတောင်ဝဲလို့။

“သားကြီးရာ…မင်းက ယောက်ျားပဲ၊ ယောက်ျားဆိုတာ တင်းတင်းတည်တည်ရှိရတယ်ကွ။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ချရတယ်ကွ။ ဘယ်တော့မှ အရှုံးမပေးရဘူး။ မင်း ဘယ်တော့မှ မရှုံးရဘူး။ မင်း ခပ်မတ်မတ် ပြင်ထိုင်စမ်း…၊ နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်း…၊ အေး အဲဒီလိုနေ…ငါ့သားဟာ ဘယ်တော့မှ အားငယ်တဲ့ယောက်ျားမဖြစ်ရဘူး“

အဖေက အဲဒီလို ကိုယ့်ကို ဆုံးမဖူးတယ်။ အဖေက သူကိုယ်တိုင်သာ အားငယ်ချင်ငယ်မယ်၊ သူကိုယ်တိုင်သာ သူဖြစ်ချင်တာမဖြစ်လို့ စိတ်ကြေကွဲချင်ကြေကွဲမယ်။ သူ့သားကြီးဖြစ်တဲ့ကိုယ့်ကိုတော့ ခုနလို သူလိုချင်တဲ့ပုံစံကို ရိုက်သွင်းပစ်လိုက်တယ်။ ကိုယ်က အဖေ့ကိုချစ်တယ်။ သားဆိုတာ အဖေ့ကို အတုခိုးတာပါပဲ။ ကိုယ်လည်း အဖေ့ကို အမြဲအတုခိုးခဲ့တာပါပဲ။ အခုတောင် တစ်ခါတလေ ကိုယ့်ကိုယ့်ကိုယ် မှန်ထဲကြည့်တဲ့အခါ အဖေ့ကိုမြင်ရသလိုပါပဲ။ ကိုယ်ဟာ အခုဆို တဖြည်းဖြည်းနဲ့ အဖေ့အရွယ်တောင် ရောက်လာနေပါပေါ့လား။

ငယ်ငယ်ကတော့ အဖေ့လက်ဖ၀ါးကြီးတွေကို ကိုင်ကြည့်ရတာ အားရလိုက်တာလေ၊ အဖေ့လက်ဖ၀ါးကြီးတွေက ကိုယ့်လက်ဖ၀ါးသေးသေးလေးတွေနဲ့စာရင် ဘာမှမှမဆိုင်တာ…အကြီးကြီးတွေမှကိုး။ အခုတော့ အဲဒီလိုလက်ဖ၀ါးကြီးတွေ ကိုယ့်မှာရှိနေပြီလေ။ အဖေ့ကို သတိရတယ်။

တစ်ခါတလေ ကိုယ့်စိတ်ပျက်အားငယ်မိတယ်ဆိုရင် အဖေ့ကို သတိရပြီး ကိုယ့်နှုတ်ခမ်းထူထူကြီးကို တင်းတင်းစေ့ပြီး(ထော်ထော်ကြီးဖြစ်ပြီး စူပုပ်သွားတာပေါ့လေ) ခန္ဓာကိုယ်ကြီးကို ထောင်မတ်ထားလိုက်တာ မသိတဲ့လူတွေကတော့ ဒီကောင် သိပ်ဘ၀င်မြင့်တယ်လို့ ထင်ကြလိမ့်မယ်။

ကိုယ့်နဂိုပုံစံက ရယ်ပြုံးနေတတ်ပြီး သိပ်သဘောကောင်းပုံရတဲ့ မျက်နှာချိုလေးကိုး၊ ခုနလို တင်းတည်လိုက်တဲ့အခါမှာတော့ ဆယ်နှစ်လောက်အသက်ပိုကြီးသွားတဲ့ မျက်နှာတင်းတင်းကြီး ရုတ်ချည်းဖြစ်သွားတတ်တယ်။

ပြောရဦးမယ်၊ အဖေဟာ သူ့အမေအိမ်က သူ့အတွက်ရတဲ့ အခန်းလေးတစ်ခန်းထဲမှာ တစ်ယောက်တည်းနေရတော့ အဖော်မဲ့ပြီး အရက်ကိုပဲ အဖော်ပြုရရှာတယ်။ ဒီတော့ ကိုယ်က ကောလိပ်ကျောင်းက လစ်လစ်ပြီး အဖေ့ဆီသွားရင် အဖေက သိပ်ပျော်တယ်။ စကားပြောဖော်၊ ရွှီးဖော်ရွှီးဖက်ရသလိုပါပဲ။ သားကြီးကို လူရာသွင်းပြီး သူ့မိတ်ဆွေတစ်ယောက်လို စကားစပြောပြီ။ ဆုံးမစကားပြောတာမျိုးမဟုတ်တော့ဘဲ ဆွေးနွေးဖော်အဆင့်တိုးမြှင့်ပေးလာပြီ။

သူ့အိမ်ရှေ့က ဖြတ်သွားဖြတ်လာမှန်သမျှကိုလည်း “ဒါ ကျွန်တော့်သားကြီးပေါ့၊ ကောလိပ်တက်နေတာလေ၊ သိပ်တော်တဲ့ကောင်ပေါ့“လို့ မိတ်ဆက်ပေးပြောနေတော့တာကိုး၊ ပထမတော့ ကိုယ်က အဖေ့ကို အဲဒီလိုမပြောစေချင်ဘူး။ နည်းနည်းရှက်သလိုခံစားရတယ်။ ဒါပေမဲ့ အဖေက အားရပါးရ ဂုဏ်ယူပြီးပြောနေတာဆိုတော့ နောက်ပိုင်းမှာတော့ အဖေတစ်ခါပြောလိုက်တိုင်း ကိုယ်ကပါ ရင်ဘတ်ကြီးကော့ပြီး မျက်နှာတည်တည်အေးအေးနဲ့ ပြုံးပြနေတတ်ခဲ့ပြီ။

အဖေ့ထက်ခေါင်းတစ်လုံးမြင့်တဲ့သားကတော့ ငယ်ငယ်ကအဖိုးအဖွားတိုက်တဲ့နွားနို့တွေကြောင့်လားတော့ မသိ၊ ကိုယ်ကာယအားဖြင့် တကယ်ဖြစ်ခဲ့ပြီ။ နောက်တစ်ခုက ကိုယ်နဲ့အဖေနဲ့က အသက်အားဖြင့် ၃၇ နှစ်တောင်ကွာလေတော့ ကိုယ်ကောလိပ်ရောက်တော့ အဖေက တော်တော်အိုနေပါပြီ။ တစ်ယောက်တည်းနေရတာရော အရက်ကိုအဖော်ပြုရတာရော ပေါင်းလိုက်တော့ ပိုလို့တောင် အအိုစော(အိုစာ)တာပေါ့လေ။ နုထွားကြီးကိုယ်က အဖေ့ကိုတောင် ရင်ခွင်ထဲထား ပြန်ပွေ့ထားလို့ရနေပါပြီ။

နောက်ပိုင်း ကောလိပ်ကျောင်းကအပြန် အဖေ့ဆီရောက်တဲ့အခါ ညနေစောင်းလည်းဖြစ်တော့ အဖေစတင်သောက်သုံးနေတဲ့အချိန်တွေ ဖြစ်နေတတ်ပါပြီ။ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်လေးရောင်းပြီး ကိုယ့်လုပ်စာလေးနဲ့ကိုယ်ရပ်တည်ရတဲ့ တစ်ကိုယ်ရေဘ၀မို့ အဖေဟာ သူ့အခန်းဝလေးမှာပဲ မနက်စောစော အာရုံမတက်ခင်လေးကစပြီး ဈေးဆိုင်ထဖွင့် ရောင်းချရမှာမို့ ညနေခင်းစောစောထဲက တစ်ခွက်တစ်ဖလား စတင်လိုက်ပြီး သတ်မှတ်ပမာဏပြည့်ရင် စောစောစီးစီးအိပ်ရာဝင်တတ်နေပါပြီ။

အဲဒီတော့ ပုလင်းဖွင့်ခါနီး ဒါမှမဟုတ် ပထမတစ်ခွက်သောက်ထားပြီးစ ကိုယ်ရောက်သွားတဲ့အခါ အဖေ့မှာ ပထမပိုင်းတော်တော် ဒုက္ခရောက်ရပါတယ်။ သားကြီးကလည်း ရောက်လာလို့ ပျော်လည်းပျော်၊ စကားပြောဖက် ဆွေးနွေးဖက်လည်းရပြီမို့ ပြောစရာစကားတွေကလည်း ရှိနေတယ်၊ အရက်ကလည်း သူ့အချိန်နဲ့သူ သောက်မှဖြစ်မယ်။ သားရှေ့မှာလည်း ပေါ်တင်ကြီးမသောက်ချင်တော့ အဖေ့ခမျာ တော်တော်လေး စိတ်ညစ်ရပုံပေါ်ပါတယ်။

ကိုယ်ကလည်း အဲဒီတုန်းက ချာတိတ်ဆိုတော့ အထာမနပ်၊ လျှာမသွက်ဆိုတော့ အဖေသောက်နေတာသိပေမဲ့ ခပ်တည်တည်ပဲ စကားတွေထိုင်ပြောနေမိတယ်။ အဖေကလည်း သားလာတော့ စကားပြောတာပေါ့။ အရက်တောင် ထမသောက်ပါဘူး။ အဲ…နောက်နှစ်ခါသုံးခါကြတော့ အဖေက သူ့အခန်းလေးထဲ ခဏခဏ ပြန်ပြန်ဝင်သွားတယ်၊ ခပ်မြန်မြန်သွားချလာတာပေါ့လေ။ ဒီတော့ အဖေက ကိုယ်နဲ့စကားပြောလို့လည်း ပိုကောင်းလာတာပေါ့။

ဒီနေရာမှာ အဖေ့နေတဲ့အခန်းလေးအကြောင်း စာဖွဲ့ပြချင်သေးတယ်။ အဖေနေတာက စောနကပြောခဲ့သလို သူ့အမေအိမ်။ အိမ်က နှစ်ထပ်သစ်သားအိမ်ဖြစ်တာမို့ အပေါ်ထပ်မှာက အခန်းတွေဖွဲ့ပြီး ကျန်တဲ့မောင်နှမတွေ နေကြတယ်။ အောက်ထပ်မှာက နှစ်ခန်းဖြစ်အောင် အလယ်က ကန့်ပြီး၊ တစ်ခန်းကိုတော့ သမီးတစ်ယောက်(အဖေ့ညီမ)က အိမ်လခပြန်ပေးပြီးနေသလို၊ နောက်တစ်ခန်းကတော့ အိမ်ငှားမိသားစုတစ်ခုနေကြတယ်။

အိမ်ခေါင်းရင်းက မြေပိုမြေစွယ်လေးထွက်နေတာမှာ ကားဂိုထောင်လောက်အခန်းလေးတစ်ခန်းဆောက်ပြီး မူလက ဘော်တယ်ကုလားကို ငှားစားခဲ့ပေမဲ့ တစ်အိမ်လုံးဖျက်ပြီး ကန်ထရိုက်တိုက်ပြန်ဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘော်တယ်ကုလားကို ပထုတ်လိုက်ပြီးနောက်မှာ အဖေက အဲဒီအခန်းမှာ နေပါတယ်။

အခန်းပေါက်ဝမှာရှိတဲ့ စည်ပင်မြောင်းကိုခွပြီး ဈေးဆိုင်ခုံကြီးချပြီး အဖေက ဈေးရောင်းတယ်။ ဈေးဆိုင်ခုံရှေ့ကနေ ကတ္တရာလမ်းမရောက်တဲ့အထိ သစ်ပင်လေးတွေမျိုးစုံကို အဖေကိုယ်တိုင် ၀ယ်ပြီးတစ်မျိုး၊ တောင်းပြီး ဒါမှမဟုတ် တခြားတစ်နေရာက ယူလာပြီးတစ်ဖုံ စိုက်ထားတာကြောင့် စိမ်းစိမ်းစိုစိုရှိတယ်၊ တချို့သစ်ပင်တွေမှာဆို ပန်းလေးတွေတောင် ပွင့်လို့လှနေတတ်တယ်။

အဖေက ရေလည်းတတ်နိုင်သလောက်လောင်းပေးတော့ သစ်ပင်လေးတွေက စည်ပင်ရှာတယ်။ သစ်ပင်တွေဝိုင်းနေတဲ့ကြားမှာမှ သူ့သားသမီးတွေလာရင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေလာရင် စကားပြောကြတဲ့အခါ ထိုင်နိုင်အောင်လို့ မြေစိုက်တိုင်လေးနှစ်တိုင်ပေါ် သစ်သားကျွန်းပြားလေးတစ်ချပ် ပစ်တင်ရိုက်ထားလိုက်တော့ လူတစ်ရပ်လောက်မြင့်တဲ့ သစ်ပင်အုပ်လေးကြားထဲမှာ ခုံတန်းလေးတစ်ခုရှိနေတယ်။

ခုံတန်းလေးက လူနှစ်ယောက်ထိုင်လို့ရပေမဲ့ ကိုယ်သွားရင်တော့ အဖေက သူ့သားလူကောင်ကြီးက ကြီးသမို့ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်ထိုင်စေတယ်၊ ကိုယ်ကလည်း အဲဒီလိုထိုင်ရတာ သဘောကျတယ်။ အဖေကတော့ ထိုင်ခုံတစ်လုံးနဲ့ထိုင်ပြီး သူ့အခန်းထဲဝင်လိုက်ထွက်လိုက်နဲ့ သူကြိုက်တဲ့အရက်ကို သောက်သုံးမယ်။ ပထမတော့ သူမသောက်ပေမဲ့ နောက်ကျတော့ သူသောက်လာပြီ။ ခဏနေတော့ ဘာလုပ်တယ်ထင်ပါသလဲ။

အဖေဟာ သားကြီးကို သူနဲ့တန်းတူထားလိုက်ပြီ။ ကောလိပ်ကျောင်းသားဖြစ်နေပြီဖြစ်တဲ့ ကိုယ့်ကို “ဟေ့ကောင် မင်းကော ချမလား“လို့ မေးလာပြီ။ ကိုယ်က ဘယ်လိုပြန်ဖြေရမလဲ။

“ဟာ…ကျွန်တော် မသောက်ပါဘူး“ဆိုရင် အဖေက သားကို အရက်သောက်ဖို့ စခေါ်တဲ့ ဖျက်ဆီးတဲ့ လူမိုက်လိုအဖေဖြစ်ပြီး၊ သားကတော့ လိမ္မာတဲ့ ကံငါးပါးလုံး မကျိုးမပေါက်အောင် စောင့်ထိန်းနိုင်တဲ့ သားသူတော်ကောင်းဖြစ်မယ်။

ဒါမှမဟုတ် “ကြာသလားလို့အဖေ…ကျွန်တော်က အဖေ့အခေါ်စောင့်နေတာ“လို့ဆိုရင် အဖေက “အော်..ငါ့သားက ကောလိပ်ကျောင်းသားတောင်မှ ဖြစ်ကာစရှိသေးတယ်၊ အရက်ကောင်းကောင်းသောက်တတ်နေပါပေါ့လား၊ အဖေတူသား အရက်သမား..စာမကြိုးစားတဲ့ကောင်ဖြစ်နေပါပေါ့လား“ဆိုရင် သူ့သားသူ ချောက်ကမ်းပါးထဲတွန်းချနေသူ ဖခင်ဆိုးဖြစ်မယ်၊ ကိုယ်က မကောင်းတာဆို နှစ်ခါမခေါ်ရတဲ့၊ မကောင်းတာလုပ်ဖို့ အမြဲအသင့်ရှိနေတဲ့ မလိမ္မာတဲ့ သားဖြစ်မယ်။

ဒီတော့ အဖေမေးတဲ့ “မင်းကော ချမလား“ဆိုတာကို မကြားချင်ယောင်ဆောင်ပြီး ဘယ်လိုဖြေရင်ကောင်းမလဲလို့ အပြေးအလွှားစဉ်းစားနေရတယ်။ အဲဒါကို အဖေက ကိုယ်မကြားဘူးထင်ပြီး “သားကြီး မင်းကော သောက်မလားလို့ မေးတာ၊ မကြားဘူးလား“လို့ ထပ်မေးပြော ပြောလာတော့ အဖေ့ကို မျက်လုံးချင်း ဆိုင်ကြည့်ပြီး ခပ်ပြုံးပြုံးမျက်နှာအနေအထားနဲ့ အခုလို ကိုယ်ပြောလိုက်ပါတယ်။

“အဖေ..ကျွန်တော် တစ်ခွက်ပဲ သောက်မယ်“

ကိုယ့်အဖြေက အရက်အတူသောက်ဖို့ သားအဖနှစ်ယောက်ကြားက အကောင်းဆုံးနဲ့ ကွက်တိကျတဲ့ အဖြေဖြစ်ခဲ့တယ်။ သားအဖနှစ်ယောက် မိတ်ဝတ်မပျက်(အပြုံးမပျက်) အရက်အတူသောက်နိုင်ခဲ့သလို အဖေကလည်း ဒီသားဟာ အရက်ကို မက်မက်စက်စက်ကြီး သောက်မဲ့သူ မဟုတ်ဘူးလို့ ကောင်းကောင်း ပိုင်ပိုင် တင်ကြို ဆုံးဖြတ်ထားနိုင်လိုက်တယ်။ မကောင်းဘူးလားဗျာ။

တကယ်တော့ ကိုယ်က အဲဒီမတိုင်ခင်ကတည်းက အရက်ကောင်းကောင်းသောက်တတ်နေပါပြီ။ ဒါပေမဲ့ အဖေကိုတော့ ကိုယ့်အနေနဲ့ အကောင်းဆုံးလို့ထင်ရတဲ့ အဖြေပေးပြီး အဖေနဲ့ပထမဆုံးအကြိမ် သားအဖနှစ်ယောက် အရက်အတူသောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီညနေခင်းလေးမှာတော့ အဖေ့ပန်းခြံလေးက ပိုပြီးလှနေခဲ့သလို အဖေကလည်း သူ့သားနဲ့ပထမဆုံးသောက်တဲ့ညနေခင်းမို့လား မသိပါဘူး။ တစ်ခွက်ပဲသောက်မဲ့ သားကြီး(ကိုယ်)မြည်းဖို့တောင် ငါးဥကြော်လေး အပြေးအလွှားသွားဝယ်ခဲ့ပါသေးတယ်။

အဲဒီနောက်တော့ အဖေမဆုံးခင်အထိ သားအဖနှစ်ယောက် သုံးလေးခါလောက် သောက်ဖြစ်ခဲ့ပါသေးတယ်။ သုံးလေးခါပဲ သားကြီးနဲ့အဖေ အရက်အတူ သောက်ဖြစ်ခဲ့တဲ့ အဓိကအကြောင်းကတော့ သားကြီးနေရာကို သားငယ်လေး(ကိုယ့်ညီ)က ခပ်သွက်သွက်ဝင်ယူလိုက်လို့ပါပဲ။

နောက်ဆုံးတော့ အဖေဟာ အရက်ကြောင့်ပဲ ဆုံးပါးသွားခဲ့ပါတယ်။ ကိုယ် ကောလိပ်နောက်ဆုံးနှစ် အသက် ၂၃၊ အဖေက အသက် ၆၀ အရွယ်မှာပေါ့။

(အဖေ့ကို သတိရလို့ရေးပါတယ်။)

၂၀၁၀ ပြည့်နှစ်၊ မတ်လ ၆ ရက်၊ ည ၁၁ နာရီခွဲ။