ရုပ်ရှင်မကြည့်တာ နည်းနည်းကြာသွားပြီး ပြန်ကြည့်ဖြစ်တဲ့ကားကတော့ ဘောလီးဝုဒ်ဘုရင်လို့ တင်စားခေါ်ကြတဲ့ မင်းသား ရှာရွတ်ခန်းပါတဲ့ My Name Is Khan ဇာတ်ကားပါ။ သမာရိုးကျ ကုလားကားတွေလို မဟုတ်ဘဲ နိုင်ငံရေးနွယ်ပြီး လူမျိုးရေး ခွဲခြားဆက်ဆံခံရတဲ့ အကြောင်းကို ဇောင်းပေးရိုက်ပြထားတာပါ။ တစ်နည်းပြောရရင်တော့ အိန္ဒိယရုပ်ရှင်က နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်ရေးလိုင်းကို အဆင့်အတန်းတစ်ခုနဲ့ ထပ်ပြီး တိုးဝင်လာတဲ့သဘောပါပဲ။

ဇာတ်ဆောင်တွေက ဟင်ဒီလိုပြောပြီး အင်္ဂလိပ်စာတန်းထိုးပါတယ်။ ကိုယ်ကြိုက်တဲ့ ကုလားမ(မင်းသမီး) ကတာတွေတော့ မပါတော့ပါဘူး။ FOX Star Entertainment က ဖြန့်ချိတဲ့ကားဖြစ်ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ကမ္ဘာတစ်ဝန်းမှာ စပြပါတယ်။ ကိုယ်ကတော့ ဖေဖော်ဝါရီလ တတိယပတ်မှ ကြည့်ဖြစ်ပါတယ်။

ရှာရွတ်ခန်း ဆိုတဲ့အတိုင်း သရုပ်ဆောင်ချက်ကတော့ ကောင်းသလား မမေးပါနဲ့၊ တွဲဖက်သရုပ်ဆောင် ကာဂျိုးကလည်း သူနဲ့အလွန်လိုက်ဖက်တဲ့ သရုပ်ဆောင် မင်းသမီး ဖြစ်တာမို့ အလွန်ကြည့်ကောင်းပါတယ်။ နိုင်ငံရေးနွယ်တဲ့ကားဖြစ်တာကြောင့် ဇာတ်အသွား နည်းနည်းအေးတာရယ်၊ ကုလားကားဖြစ်တာမို့ အပြ(အမွှန်းတင်)နည်းနည်း ပိုတာရယ်က လွဲလို့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

ဇာတ်ကားထဲက ရှာရွတ်ခန်းဟာ ငယ်ငယ်က ထူးဆန်းတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်၊ စက်ပစ္စည်းတွေကို ကောင်းကောင်းပြင်တတ်ပြီး ဥာဏ်ရည်ထက်ပါတယ်။ ဒါပေမဲ့ သာမန်ကလေးငယ်တွေလိုမျိုး မဟုတ်တဲ့အတွက် သူ့အမေက ဆရာကြီးတစ်ယောက်ဆီမှာ သီးသန့်အပ်နှံပြီး သူ့သားကို ပညာတွေသင်ပေးဖို့ ပြောပါတယ်။ ညီငယ်ကတော့ သူ့ကို သိပ်မချစ်ပါ၊ အမေက အစ်ကို့ကို ပိုဦးစားပေးလွန်းတယ်လို့ ညီဖြစ်သူက ခံစားရပါတယ်။ အဖေတော့ မရှိတော့ဘူးထင်ပါတယ်၊ သားအမိ သုံးယောက်ပဲ ဇာတ်လမ်းထဲပါပါတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ သားအငယ်က အမေရိကမှာ သွားနေပြီး အလုပ်လုပ်၊ အိမ်ထောင်ကျပါတယ်။ နောက်တော့ သားငယ်က သူတို့နဲ့ လာနေဖို့ အမေ့ကို ခေါ်ပါတယ်။ အမေက သားကြီးမပါဘဲ ငါတော့ မလာနိုင်ဘူးလို့ ပြန်ပြောလိုက်ပါတယ်။ သူတို့သားအမိက အမေတစ်ခုသားတစ်ခုလို အပြန်အလှန် စောင့်ရှောက်နေကြတာကိုးဗျာ။

ဒါနဲ့ အသက်ကြီးလာတဲ့အမေ ရောဂါနဲ့သေတော့ ညီက တစ်ယောက်တည်းဖြစ်နေတဲ့ အစ်ကိုဖြစ်သူ ရှာရွတ်ခန်းကို အမေရိက ခေါ်ပါတယ်။ ရှာရွတ်ခန်းတို့က မွတ်ဆလင်တွေ ဖြစ်ပါတယ်။ ခယ်မဖြစ်တဲ့သူက စိတ်ကုဆရာဝန်ဆိုတော့ သူ့အစ်ကိုကို ဆေးရုံပြတော့ Asperger’s syndrome လို့ခေါ်တဲ့ လူမှုဆက်ဆံရေး ချွတ်ချော်တဲ့ ရောဂါလက္ခဏာ ရှိနေတာကို သိရပါတယ်။

ဒါကတော့ ဇာတ်ကားအဖွင့် ဆန်ဖရန်စစ္စကိုလေဆိပ်မှာ အဖမ်းခံရတဲ့အကွက်ကို ပြကတည်းက သိသာနေပါတယ်။ ဂေါက်တောက်တောက် အူကြောင်ကြောင်ပုံစံ ရှာရွတ်ခန်းက သရုပ်ဆောင်ထားပါတယ်။ အမှန်က သူ့မှာခုနပြောတဲ့ လူမှုဆက်ဆံရေး အဆင်မပြေတဲ့ ရောဂါကို ခံစားနေရတာ ဖြစ်ပါတယ်။

တကယ်တော့ ကိုယ်က ရုပ်ရှင်ဆို ပျော်ပျော်ပါးပါး မင်းသားမင်းသမီးညားတဲ့ကား၊ စိတ်ဆိုးလိုက် ရန်ဖြစ်လိုက်နဲ့ ချစ်စရာ အမူအယာ အကအခုန်တွေပါတဲ့ အသွက်ကားတွေကိုသာ ကြည့်ချင်တာပါ။ အခုဟာက မင်းသားက ဂေါက်တောက်တောက်ဖြစ်နေတော့ ကြည့်ရတာ မသက်သာတာတော့ အမှန်ပါပဲ။

နောက်တစ်ခုက ငယ်ငယ်ကတည်းကလို အကျင့်ဖြစ်နေတာက ဘာဇာတ်ကားကြည့်ကြည့် မင်းသားက ကိုယ်ဖြစ်သွားတာပါပဲ။ ဒီတော့ မင်းသားက ဂေါက်နေတာတို့၊ ခြောက်နေတာတို့ဆိုရင် ကိုယ်လည်း အူကြောင်ကြောင်ဖြစ်ပြီး နေရထိုင်ရ ခံစားရ ခက်သွားတတ်ပါတယ်။

တစ်ခါ မင်းသားက သရုပ်ဆောင် သိပ်ကောင်းနေရင် ကိုယ်ပါမျောသွားပြီး သိပ်ခံစားပစ်တတ်တာပါ။ ဟန်ဆောင် တင်းခံ ဖျောက်ကြည့်ပေမဲ့ ဖျောက်ရခက်သား ပါကလား။

အမေရိက ရောက်လာတဲ့ ရှာရွတ်ခန်း ခဏနေတော့ ညီဖြစ်သူက လုပ်ခိုင်းလို့ သူတို့ကုမ္ပဏီက ပစ္စည်းတွေ ရောင်းရပါတယ်၊ အလှကုန်ပစ္စည်းတွေပါ။ ဒါနဲ့ပဲ ဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်တဲ့ မင်းသမီးနဲ့ ဇာတ်လမ်းအရ တွေ့ရောဆိုပါတော့။ မင်းသမီးက ဟိန္ဒူပါ။

သိတဲ့အတိုင်း အိန္ဒိယမှာက နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်ကြောင့် ဟိန္ဒူ-မွတ်ဆလင် ပဋိပက္ခက ရှိပါတယ်။ လူမျိုးရေးသူငယ်နာမကင်းတဲ့၊ နိုင်ငံရေးရေတိမ်တဲ့ ပြည်သူတွေဆို အစိုးရတို့၊ နိုင်ငံရေးသမားတို့က သိပ်နှောက်လို့ ခြောက်လို့ကောင်းတာပေါ့လေ။

မင်းသားနဲ့ မင်းသမီး တဖြည်းဖြည်းရင်းနှီးလာပြီး ကလေးတစ်ယောက်နဲ့ အိမ်ထောင်ကွဲ ဟိန္ဒူမလေးကို ဂေါက်တောက်တောက် မွတ်ဆလင်က ယူမယ်ဆိုတော့ သူ့ညီက ဘာသာအယူ မတူလို့ လက်မခံပါဘူး။ ညီက လက်မခံပေမဲ့လည်း ဒူးမနာသားလေးကိုလည်း ခင်နေတဲ့ အစ်ကိုကတော့ ယူပါပြီ။ ခယ်မကလေးက အစ်ကိုကိုချစ်တော့ မင်္ဂလာဆောင်ကို အရောက်လာပါတယ်။

မင်းသားနဲ့ မင်းသမီးအချစ်မှာ ရှာရွတ်ခန်းရဲ့ ရိုးသားမှု၊ ကာဂျိုးရဲ့ အချစ်စစ်အချစ်မှန်နိုးကြားမှုကို ဒါရိုက်တာက လှလှလေး ရိုက်ပြပါတယ်။ ရုပ်ရှင်တွေကြည့်ပြီး ခံစားလို့ကောင်းတဲ့အရသာဟာ အဲဒါပါပဲ။

အပြင်မှာ ဒါမျိုးခံစားနိုင်ဖို့ဆိုရင်တော့ အချိန်တွေအများကြီးပေးရမယ်ထင်ပါတယ်။ ကိုယ်က ကူးလူးခံစားတတ်တော့၊ ခံစားလွယ်တော့ ဒီလောက်နဲ့ကိုပဲ တော်တော် ဟုတ်နေတာပါ။

ဒီတော့ ရှာရွတ်ခန်းတို့ရဲ့မိသားစုလေးဟာ သာယာစိုပြေနေတာပေါ့လေ။ အဆင်ပြေမှုဆိုတာ အမြဲတမ်းမဟုတ်ပါဘူးဆိုသလိုပါပဲ၊ အမေရိကမှာ ၉/၁၁ တိုက်ခိုက်မှုကြီး ဖြစ်တယ်။

တလွဲနိုင်ငံချစ်စိတ်ပြင်းထန်တဲ့လူတွေက ရပ်ကွက်စွန်တွေမှာရှိတဲ့ မွတ်ဆလင်တွေကို နှောင့်ယှက်တယ်၊ သူတို့ရဲ့ စီးပွားရေးတွေကို ဖျက်ဆီးတယ်။

ရှာရွတ်ခန်းတို့မိသားစုနဲ့ ရင်းနှီးတဲ့ အိမ်နီးချင်းမိသားစုက အဖေဖြစ်သူက သတင်းထောက်ဆိုတော့ အာဖဂန်နစ္စတန်မှာ စစ်ပွဲသတင်းတွေယူရင်း ဆုံးပါးတယ်။

နဂိုက ဟိုဘက်ဒီဘက်နှစ်အိမ်က ကလေးနှစ်ယောက်ဟာ သိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပေမဲ့ အဖေက တာလီဘန်တွေကို တိုက်တဲ့စစ်ပွဲမှာဆုံးတော့ ရှာရွတ်ခန်း(ဇာတ်ကားထဲက ရှာရွတ်ခန်းနာမည်က ရစ္စဗန်း ခန်း)နာမည်ကို နောက်ဆုံးအမည်အဖြစ် ယူထားရတဲ့ ကလေးကိုလည်း သူ့ သူငယ်ချင်းက မွတ်ဆလင်ကောင်၊ ဒီကောင်တွေကြောင့် ငါ့အဖေသေတာဆိုပြီး ချစ်ခင်ရာကနေ မုန်းသွားတယ်။ မခေါ်တော့ဘူး၊ ခပ်ခွာခွာနေတော့တယ်။

နောက်ဇာတ်ကွက်တစ်ခုမှာတော့ ဘောလုံးကစားပြီးနောက်မှာ စကြနောက်ကြရင်း တကယ်ရန်ဖြစ်ပြီး သူ့ထက်အသက်ကြီးတဲ့ ကျောင်းသားတွေ ၀ိုင်းရိုက်၊ ထိုးနှက်၊ ကန်ကြောက်လို့ ရှာရွတ်ခန်းရဲ့သား “ဆမ်“လို့ခေါ်တဲ့ ဆမ်မီးလေး ဆုံးပါးသွားတယ်။ သူ့အမေဆို ရင်ဘတ်စည်တီး မပဋာမြေလူးကိန်းဆိုက်တာပေါ့။

နောက်ဆုံးတော့ သူ(မိခင်မေတ္တာနဲ့)ပေါက်ကွဲထွက်လိုက်တာက သူ့ကြောင့် သူ့သားဆုံးတာ၊ သူ့ကြောင့်ဆိုတာက သူက ရှာရွတ်ခန်းကို ယူလိုက်လို့ သူ့သားလေးမှာ “ခန်း“ဆိုတဲ့ နောက်ဆုံးနာမည်ယူခဲ့ရပြီး မွတ်ဆလင်အထင်ခံရလို့ ရိုက်နှက်ခံပြီး သေရတယ်။ သူ့ကြောင့်ဆိုပြီး ယူကျုံးမရဖြစ်တယ်။

“မင်းကြောင့်… မင်းကြောင့်… ငါ့သားလေး ဆုံးပါးတာ“ဆိုပြီး ရှာရွတ်ခန်းကို သူ့နဲ့ဝေးရာနေဖို့ ကာဂျိုးက အော်တယ်။

ရှာရွတ်ခန်းက ခံစားနေရတဲ့ ဝေဒနာကြောင့် လူမှုဆက်ဆံရေး မကောင်းတဲ့လူပီပီ ကာလံ ဒေသံ အဂ္ဂံ ဒနံ မခွဲတတ်သူဖြစ်လေတော့ ဒါဆို ဘယ်တော့ပြန်လာရမလဲလို့ မေးလိုက်တာမှာ ဒေါသမီးတောက်လောက်နေသူကို ၀ိုင်းပြီးငြိမ်းသတ်ပေးရမဲ့အစား ပိုပြီးတောက်လောင်အောင် မီးလောင်ရာလေပင့်သဘောမျိုးဖြစ်သွားတော့ ကာဂျိုးက အမေရိကမှာရှိတဲ့ အမေရိကန်တိုင်းနဲ့ အမေရိကန်သမ္မတကို “ကျွန်တော့်နာမည် ခန်း ပါ၊ ကျွန်တော်ဟာ အကြမ်းဖက်သမား မဟုတ်ပါဘူး“လို့ သွားပြောစမ်းကွာ။ အားလုံးကို အဲဒီလိုပြန်ပြောပြီးရင် ပြန်လာလို့ စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်ပါတယ်။

စိတ်ဆိုးဒေါသထွက်နေသူပြောတဲ့စကားကို ရိုးသားပြီး လူမှုဆက်ဆံရေးနားမလည်တဲ့ ရှာရွတ်ခန်းက အတည်လို့ ယူဆတယ်။ နောက်တော့ ကာဂျိုးအိပ်နေတုန်းမှာ သမ္မတကြီးနဲ့ ရအောင်တွေ့ဖို့ ထွက်လာခဲ့တော့တယ်။

သမ္မတကိုတွေ့ဖို့ကြိုးစားရင်း ပြဿနာတွေလည်း ကြုံရတယ်။ ပိုက်ဆံပြတ်တော့လည်း လမ်းမှာ ကားပြင်တဲ့ အလုပ်တွေဘာတွေ လုပ်ရသေးတယ်။

နောက်တော့ ဂျော်ဂျီယာပြည်နယ်ဘက်ရောက်ပြီး အဖွားကြီးတစ်ယောက်အိမ်မှာလည်း ခဏနေဖြစ်ခဲ့တယ်။

တစ်ခါ သမ္မတနဲ့တွေ့ဖို့ကြိုးစားရင်း လူထုစည်းဝေးပွဲတစ်ခုမှာ ပြည်သူတွေကြားထဲကနေ “ကျွန်တော့်နာမည် ခန်း ပါ၊ ကျွန်တော်ဟာ အကြမ်းဖက်သမား မဟုတ်ပါဘူး“လို့ အော်တာကို အကြမ်းဖက်သမားလို့ကြားပြီး သူ့ကိုဖမ်းသွားကြတယ်။

နောက်တော့ ကုလား ကျောင်းသားသတင်းထောက်လေးနှစ်ယောက် အကူအညီနဲ့ ရုပ်သံသတင်းတွေမှာပါအောင်လုပ်ပြီး မီဒီယာလှုပ်ရှားမှု(ကမ်ပိန်း)ကြောင့် သူ ပြန်လွတ်လာပြန်တယ်။

သူနေခဲ့တဲ့ ဂျော်ဂျီယာက အဖွားကြီးအရပ်မှာ လေမုန်တိုင်းဝင်လို့ သွားကူညီပြန်တယ်။ ရုပ်သံသတင်းတွေမှာ ရှာရွတ်ခန်းရဲ့ လှုပ်ရှားမှုတွေ၊ သတင်းတွေ အမြဲ ပါလာပြီး သူ့ကြောင့် အမေရိကန် မွတ်ဆလင်တွေကပါ အဲဒီဒေသကို သွားကူညီကြတယ်။

အဲဒီမှာတော့ ကုလားကားက နည်းနည်းပိုပြီထင်တယ်လို့ အတွေးရောက်မိတယ်။ ဘယ်အမေရိကန်မှ မတွေ့ဘူး။ ဘယ်အမေရိကန်စစ်သားမှလည်း မတွေ့ဘူး။ သူ့ညီနဲ့သူ့ခယ်မဦးဆောင်တဲ့ မွတ်ဆလင်တွေကပဲ ရေထဲ မိုးထဲမှာ လာကူညီတယ်။ ကုလားကားထုံးစံအတိုင်း ဒီလောက်တော့ ရှိမှာပဲလို့ဆိုပြီး ထားလိုက်ပါတယ်။

တစ်ဖက်မှာလည်း ကာဂျိုးရဲ့သားသေဆုံးမှုကလည်း သေတဲ့ကလေးရဲ့ အိမ်နီးချင်းသူငယ်ချင်းက နောက်ဆုံးအဖြစ်မှန်ဖော်ထုတ်လိုက်လို့ အမှုပေါ်သွားတယ်။

ရှာရွတ်ခန်းရဲ့ သမ္မတကြီးနဲ့တွေ့ပြီး သူဟာ အကြမ်းဖက်သမားမဟုတ်တဲ့အကြောင်း ပြောတဲ့ကိစ္စကလည်း တီဗီမှာ ခဏ ခဏပါနေလို့ ကာဂျိုး သိသွားပြီး ၀မ်းနည်းဝမ်းသာဖြစ်သွားတယ်။

နောက်ဆုံးတော့ ဇာတ်ပေါင်းတာပေါ့ဗျာ၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သမ္မတအလောင်းအလျာ အိုဘားမားနဲ့ တွေ့ခွင့်ရပြီး နောက်တက်မဲ့သမ္မတက “မင်း နာမည်က ခန်း၊ မင်းဟာ အကြမ်းဖက်သမားတစ်ယောက် မဟုတ်ပါဘူး“လို့ လူထုစည်းဝေးပွဲတစ်ခုမှာ တရားဝင်ပြောကြားခံရတာကို ပြပြီး ဇာတ်ကားက အဲဒီမှာပဲ ပြီးသွားတာပေါ့ဗျာ။

ကိုယ်သွားကြည့်တဲ့ရုံက ကုလားတွေအကြည့်များတဲ့ ရုံလည်းဖြစ်၊ ကြည့်တဲ့နေ့ကလည်း တနင်္ဂနွေဆိုတော့ ရုံပြည့်ရုံလျှံပါပဲ။ ၀င်ငွေလည်း တော်တော် ကောင်းတယ်လို့ ကြားသိရပါတယ်ဗျာ။ ရန်ကုန်မှာလည်း မကြာခင် ရုံတင်မယ်လို့ ထင်ရပါကြောင်းဗျာ။

၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ မွန်းလွဲ ၃ နာရီ။