လန်ဒန်မြို့ရောက်ကတည်းက သွားချင်တဲ့နေရာတွေထဲမှာ Madame Tussauds လည်းပါတယ်။ သူက ကမ္ဘာကျော်အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ကောင်းခြင်း ဆိုးခြင်းတွေနဲ့ နာမည်ကျော်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အားကစားသမားတွေနဲ့ တခြားနယ်ပယ်က ထင်ရှားတဲ့သူတွေကို သူတို့ပုံစံတူ၊ အရွယ်တူ ဖယောင်းရုပ်တွေကို ပြုလုပ်ပြသထားတဲ့နေရာပါ။

သမ္မတအိုဘားမားနဲ့ ဇနီးမီရှဲလ် အိုဘားမားကို တွေ့ရမယ်၊ အင်ဂျလီနာ ဂျိုလီကို တွေ့ရမယ်၊ ဗြိတိသျှဘုရင်မကြီးလည်း တွေ့မယ်ဆိုတော့ စိတ်လှုပ်ရှားရတယ်။ လန်ဒန်ရောက်စ ဒုတိယပတ်လောက်မှာပဲ သွားခဲ့ပေမဲ့ လက်မှတ်ကြိုမ၀ယ်ဘဲ ပြတိုက်ရောက်မှ လက်မှတ်ဝယ်မယ်ဆိုရင် ၂ နာရီခွဲလောက် တန်းစီရမယ်ဆိုတာကြောင့် နောင်မှပဲ ကြည့်တာပေါ့ဆိုပြီး ပြန်ခဲ့ဖူးပါတယ်။

တန်းစီပြီးလက်မှတ်ဝယ်နေတဲ့သူတွေကိုတော့ အဲဒီတုန်းက နွေရာသီ ရာသီဥတုကောင်းချိန်မို့ အသက် ၂၀ လောက်အရွယ် စကပ်တိုတိုနဲ့ ကောင်မလေးတစ်ယောက် က ဂျွမ်းတွေထိုးပြ၊ ကပြနေတာကို တွေ့ခဲ့ရပါတယ်။ တန်းစီပြီးလက်မှတ်ဝယ်သူတွေ မပျင်းရအောင် ပြတိုက်ကပဲ စီစဉ် ကခိုင်းလေသလား၊ ကောင်မလေးကပဲ ပါဖောမင့်သဘော လာကနေသလားဆိုတာကိုတော့ မသိခဲ့ပါ။

ဒီတစ်ခေါက်ကတော့ လက်မှတ်ကို အွန်လိုင်းကနေ ၃ ရက်ကြိုဝယ်လိုက်တာမို့ အဆင်ပြေပါတယ်၊ လက်မှတ်ကို ၄ နေရာ Madame Tussauds, London Eye, London Dungeon, SEALIFE Aquarium သွားဖို့ဝယ်လိုက်တာမို့ discount တွေရပေမဲ့ ပေါင် ၅၆ လောက်တော့ မြောက်သွားပြန်ပါတယ်။

Madame Tussauds က ပြင်သစ်သူပါ၊ သူ့ဆရာဖယောင်းဝိဇ္ဇာ Dr. Philippe Curtius ဆီက ဒီဖယောင်းရုပ်ထု လုပ်တဲ့အတတ်ကို တတ်မြောက်ခဲ့တယ်၊ ပြင်သစ်-အင်္ဂလိပ်စစ်ပွဲအတွင်း ဗြိတိန်ကို ရောက်လာခဲ့ပြီး သူ့ဆရာဆီက အမွေရတဲ့ အရုပ်တွေရော သူကိုယ်တိုင် လုပ်ထားတဲ့ အရုပ်တွေကိုရော မြို့တွေမှာ လှည့်လည်ပြသခဲ့ပြီး နောက်ဆုံးမတော့ အခုပြတိုက် တည်ထောင်ဖြစ်တာပါပဲ။ ပြတိုက်အဖြစ် ၁၈၃၅ ခုနှစ်လောက်ကတည်းက စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

အခုတော့ ကမ္ဘာတစ်ဝန်းက Amsterdam, Berlin, Las Vegas, New York City, Hong Kong, Shanghai, Washington, D.C. နဲ့ Hollywood မှာလည်း ပြတိုက်ခွဲတွေ ရှိနေပါပြီ။

ဖေဖော်ဝါရီလ ၂၂ ရက် မနက် ၁၀ နာရီအတွက် လက်မှတ်ဝယ်ထားတော့ ကိုးနာရီခွဲအရောက်လာရပါတယ်။ Jubilee လိုင်းမြေအောက်ရထားစီးပြီး Baker Street မှာ ဆင်းရပါတယ်။ ဘူတာကထွက်တာနဲ့ နာမည်ကျော် စုံထောက်ဝတ္ထုရေးဆရာ ဆာ အာသာ ကိုနင်ဒွိုင်းရဲ့ စကော့တလန်ယာ့ဒ်စုံထောက်ကြီး ရှားလော့ဒ်ဟုမ်းရဲ့ လူနှစ်ရပ်စာ ရုပ်တုကြီးရှိပါတယ်။ ဘူတာကနေ မီတာ ၁၀၀ လောက်လျှောက်လိုက်ရင်ပဲ ပြတိုက်ထဲဝင်ဖို့တန်းစီလို့ရပါပြီ။

ဝင်ပေါက်က ၁၊ ၂၊ ၃၊ ၄ ဆိုပြီး လေးပေါက်ရှိပါတယ်။ တယ်လီဖုန်း ဒါမှမဟုတ် အင်တာနက်ကနေ လက်မှတ်ဝယ်ထားရင် ၃၊ ၄ မှာ တန်းစီ၊ VIP ဆိုရင် နံပါတ် ၂ က ၀င်၊ အခုမှ လက်မှတ်ဝယ်မှာဆိုရင်တော့ နံပါတ် ၁ ပေါက်က ၀င်ရမှာဖြစ်ပါတယ်။

တန်းစီရင်းနဲ့ ကိုယ့်လိုတစ်ယောက်တည်းလာသူ ဘယ်သူရှိသလဲလို့ မျက်စိကစားရပါတယ်။ တွေ့တာကတော့ မိသားစုလိုက် (ကလေးငယ်တွေအပါအ၀င်)၊ သူငယ်ချင်းအုပ်စုလိုက်နဲ့ စုံတွဲတွေပါပဲ။ တစ်ယောက်ထဲလာတဲ့သူ တွေ့ပါစေလို့ မနေ့ညကတည်းက ဘုရားထံပါးမှာ ဆုတောင်းထားခဲ့ပါတယ်။ ပြတိုက်ထဲ ဘယ်လောက်နေရမယ်ဆိုတာ အချိန်ကန့်သတ်ထားတာမျိုး သေချာမရှိပေမဲ့ တစ်နာရီတစ်ခါ လူတွေသွင်းနေတာဆိုတော့ တစ်နာရီလောက်ပဲ အချိန်ရမယ်လို့ တွေးထားပါတယ်။ မနက် ၁၀ နာရီမှာ စ၀င်တဲ့သူတွေဆိုတော့ အဲဒီနေ့ရဲ့ အစောဆုံး ပြတိုက်ထဲဝင်တဲ့အဖွဲ့ပေါ့။

ဒီမှာ တစ်ခု စဉ်းစားထားမိတာက ပြတိုက်ထဲက နာမည်ကျော်တွေ၊ ကမ္ဘာကျော်တွေ၊ သမိုင်းဝင်ပုဂ္ဂိုလ်တွေနဲ့ အမှတ်တရဓာတ်ပုံရိုက်တာမှာ မြန်မြန်ထက်ထက် ရိုက်နိုင်ပါမှ ဖယောင်းရုပ်များများနဲ့ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ သဘောကောင်းပုံရတဲ့လူ လိုက်ရှာပြီး ရိုက်ခိုင်းနေရင်တော့ ဘယ်လိုမှ ဓာတ်ပုံများများ ရိုက်နိုင်မှာ မဟုတ်ဘူးလို့တော့ ကြိုတွေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လိုပဲ တစ်ကိုယ်တည်းလာတဲ့လူမျိုးကို တွေ့ပါစေလို့ ဆုတောင်းထားတာပါ။

တစ်ယောက်တည်း သမားဆိုရင် ပထမ မိတ်ဖွဲ့လိုက်မယ်၊ ပြီးရင် ငါတို့တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ပေးကြရအောင်လို့ စည်းရုံးကြည့်မယ်၊ လက်ခံရင်တော့ အိုကေပြီလို့ စိတ်ထဲတွေးထားပါတယ်။

ဒီမှာတစ်ခုပြောစရာရှိတာက ကမ္ဘာကျော်တွေနဲ့အတူတွဲပြီး အမှတ်တရဓာတ်ပုံရိုက်ဖြစ်ဖို့ပဲ စိတ်ကူးရှိခဲ့ပါတယ်။ ဖယောင်းရုပ်တွေကို သက်ရှိထင်ရှားရှိသူ၊ ကွယ်လွန်သွားပြီးသူတွေနဲ့ ချွတ်စွပ်တူအောင် ဘယ်လိုထုထား၊ လုပ်ထားသလဲဆိုတာကို လေ့လာဖို့၊ ကိုင်တွယ်ကြည့်ရှုဖို့ စိတ်ကူးမရှိခဲ့ရိုးအမှန်ပါ။

သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို ငါ(ကျွန်တော်) အဲဒီကိုရောက်ခဲ့တယ်၊ ဒီလိုဓာတ်ပုံတွေ ရိုက်ခဲ့တယ်ဆိုတာကိုပဲ ပြချင်(ကြွားချင်)တာပါ။ ၀င်ပေါက် ၃၊ ၄ မှာ တန်းစီခဲ့ပေမဲ့ အွန်လိုင်းကနေ ၀ယ်ထားတာမို့ VIP အပေါက်မှာ လက်မှတ်လဲရပါတယ်။ လေးနေရာစာဝယ်ထားတာမို့ လက်မှတ်လေးစောင်လုံးတစ်ခါတည်း ထုတ်ပေးလိုက်ပါတယ်။ ပြတိုက်အကြောင်းရှင်းပြထားတဲ့ ကတ်တလောက်စာအုပ်ဝယ်ဦးမလားလို့ မေးတာကို မ၀ယ်တော့ပါဘူး၊ ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီမှာပဲ ကိုယ့်နောက်က တစ်ယောက်ကျော်မှာ တစ်ယောက်ထဲလာပုံပေါ်တဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ ဒါပေမဲ့ စကားမစဖြစ်သေးဘဲ ဓာတ်လှေကားနဲ့ ပြတိုက်အပေါ်ထပ်ကို အရင်တက်လာခဲ့ပါတယ်။ အဲဒီကမှစောင့်ပြီး မေးမယ်လို့လုပ်ထားခဲ့ပေမဲ့ သူ့ကို ပြန်ရှာတာ မတွေ့တော့ပါဘူး။

အင်း…မတတ်နိုင်ဘူးလေ၊ ဒီလိုပဲ အဆင်ပြေသလို ရိုက်တာပေါ့ဆိုပြီး အထဲဝင်လာခဲ့ပါတယ်။ ဒရူးဘယ်ရီမိုးကို စတွေ့တော့ တစ်ပုံရိုက်၊ တစ်ခါ လူတစ်ယောက်ကို ရှာ၊ ဒရူးဘယ်ရီမိုးနား ကိုယ်ကကပ်ပြီး သူ့ကို တစ်ပုံရိုက်ခိုင်း။ သိပ်တော့ အဆင်မပြေဘူး။

တစ်ခါ ဒီဘက်ထွက်လာတော့ အိုး..တွေ့ပြီ။

“ခင်ဗျား…တစ်ယောက်တည်းလား“

“ဟင်..ဟုတ်တယ်“

“ဒီလိုပါ၊ ကျွန်တော်လည်း တစ်ယောက်ထဲ လာတာလေ၊ ဓာတ်ပုံရိုက်ရတာ အဆင်မပြေဘူး ဖြစ်နေတယ်။ အဲဒါ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်တစ်လှည့်စီ ရိုက်ကြရင် ကောင်းမလားလို့…။ ကျွန်တော့်နာမည်က မျိုး ပါ“

“အို့…ကျွန်မက ကရင် ပါ“

“ဟုတ်ကဲ့..တွေ့ရတာ ၀မ်းသာပါတယ်“

“ကျွန်မလည်း ၀မ်းသာပါတယ်“

“ဒါဆို ကျွန်တော်တို့ ဘယ်က စရိုက်မလဲ၊ အင်း….ဟိုမှာ ဒေးဗစ်ဘက်ခမ်း…၊ ကဲ ခင်ဗျား သူ့နားသွား…ခင်ဗျား ကင်မရာ ကျွန်တော့်ကို ပေး“

“ဒီဘက်က စကြမယ်လေ၊ အင်း ဒါက ဘယ်သူပါလိမ့်၊ ရှင်သိလား သူ့ကို..“

“တွေ့တော့ တွေ့ဖူးသလိုပဲဗျ၊ အင်း ဘယ်သူပါလိမ့်ဗျာ“

တကယ်ပြောရရင် သူထိုးပြလိုက်တဲ့လူက ကိုယ့်အိမ်ဘေးက လူလည်း မဟုတ်၊ ဒါပေမဲ့ ခပ်ညံ့ညံ့ထဲက ထင်လို့ ပညာစမ်းတာလား မသိဘူးလို့ တောင်တွေးမြောက်တွေး တွေးလိုက်သေးတယ်။ စဉ်းစားတယ်၊ မရဘူး။ အဲ…တစ်ခုရှိတာက စောစောပိုင်းထုထားတဲ့ ဖယောင်းရုပ်တွေမှာ ဒီကမ္ဘာကျော် အနုပညာရှင်တွေက ငယ်နေကြတယ်ဗျ။ တချို့ကို ကိုယ်ကလည်း ဒီဘက်ခေတ်ရုပ်တွေနဲ့ပဲ ရင်းနှီးတော့၊ တစ်ခါ ပြတိုက်ကလည်း မီးကို အမှောင်ကဲပြီး ကစားထားတော့ အရုပ်တွေနဲ့ လူတွေနဲ့ တစ်ခါတလေ မချိတ်ဆက်မိဘူးဖြစ်နေတယ်။ ဒါနဲ့…နောက်ဆုံးတော့ ဘယ်လိုမှ စဉ်းစားမရတဲ့အဆုံး ရုပ်တုနောက်က နံရံနိမ့်လေးမှာ ကပ်ထားတဲ့စာကို ဖတ်ပြီး…

“ဟား…ဂျွန်ထရာ ဘိုလ်တာဗျ၊ နာမည်ကြီးပဲ…။ ဒါကြောင့် တွေ့ဖူးပါတယ်ထင်နေတာ။ ခင်ဗျား သူ့ကို သိတယ်မို့လား“

သူကပဲ ကိုယ့်လောက် အသိမိတ်ဆွေ မပေါလို့လား။ ဒါမှမဟုတ် စာဖတ်အား၊ ရုပ်ရှင်ကြည့်အား နည်းလို့လားမသိဘူး။ သူလေးက ခေါင်းခါတယ်။ အင်း…ကိုယ့်လောက် မတော်သူလေးပေပဲလို့ စိတ်ထဲကြိတ်တွေးပြီး ကိုယ့်ကိုယ်ကိုယ် အားရသွားတယ်။ ဟဲ ဟဲ…ငါက သူ့ထက် ဗဟုသုတအရာမှာ သာနေတာပဲလို့ ထင်တစ်လုံးကို ချက်ချင်းထုတ်လိုက်မိတယ်။ နောက်တစ်ကွက်မှာတော့ သူ့ကို ပြန်လေးစားသွားရတယ်။ မိန်းမတွေ ဥာဏ်ထက်တယ်ဆိုတာ လက်တွေ့မို့ ယုံသွားပါတယ်။

“ဒီမှာ…ကျွန်မကင်မရာကို ရှင်ကတောက်လျှောက်ယူထားပြီး ရိုက်၊ ကျွန်မက ရှင့်ကင်မရာကို ယူထားပြီး ရိုက်ပေးမယ်ဟုတ်လား။ အပြင်ထွက်တော့မှ ကင်မရာပြန်လဲလိုက်ပေါ့။ နော်…။ ကဲ ကဲ..အဲဒီနှစ်ယောက်ကြားထဲ ရပ်လိုက်…ဒီဘက် နည်းနည်းတိုး…၊ ဟုတ်ပြီ..ပြုံးလိုက်စမ်းပါ“

အမယ် သူက တောက်လျှောက်ကြီးကို ရင်းရင်းနှီးနှီး စီမံခန့်ခွဲနေတော့တာပါလား။ ကိုယ်က မင်းသား၊ သူက ဒါရိုက်တာ ဒီလိုလားလို့ ကိုယ့်စိတ်ထဲ တွေးလိုက်မိတယ်။ အဲဒီမှာ လေးစားသွားတာပါပဲ။ တင်းတင်းရင်းရင်းနဲ့ လိုအပ်သလို ပြောတာ။ သူပြောတာ တစ်ခုမှ အပိုမပါသလို၊ လိုနေတာလည်း မရှိဘူး။

ကိုယ်တွေးထားတာက ကိုယ်ရိုက်ချင်တဲ့ နာမည်ကျော်တွေ့ရင် ကိုယ်က “ကဲ…တစ်ပုံလောက် လုပ်ပါဦး“ဆိုပြီး သူ့ကို ကိုယ့်ကင်မရာ ပေးလိုက်မယ်၊ သူက ရိုက်ပေးပေါ့၊ ပြီးရင် ကိုယ့်ကင်မရာ ကိုယ့်ပြန်ပေး။ အဲ…သူက တစ်ခါ “ကဲ…ကျွန်မကို သူနဲ့ ရိုက်ပေးဦး“ဆိုရင် ကိုယ့်က သူ့ကင်မရာလေးယူပြီး ရိုက်ပေးလိုက်မယ်။ ဒါပဲ။ ကိုယ်တွေးထားတာက သူနဲ့ကိုယ် မလှမ်းမကမ်းမှာ အတူရှိနေမယ်၊ တစ်ယောက်နဲ့တစ်ယောက် ဓာတ်ပုံရိုက်ပေးမယ်၊ ဓာတ်ပုံရိုက်ဖော်ပေါ့။

အခုတော့…ကြည့်စမ်း၊ သူစဉ်းစားတာက ဘယ်လောက်လက်တွေ့ကျသလဲ၊ ကင်မရာပြန်ပေးစရာမလိုဘူး၊ ကင်မရာလဲနေစရာလည်း မလိုဘူး။ တောက်လျှောက်ရိုက်နေ။ ဓာတ်ပုံတစ်ပုံချင်းစီမှာ အချိန် ၃၀ စက္ကန့်လောက် သက်သာသွားတယ်။ ဘယ်လောက်ကောင်းတဲ့အကြံလဲ၊ ငါ့မှာ ဘာလို့ဒီအကြံ မထွက်တာလဲ။ ကိုယ့်ဘာသာ စိတ်မကောင်းတောင် ဖြစ်သွားတယ်။

တစ်ခါ ဓာတ်ပုံ ပုံ ၁၀၀ ကျော်လောက် သူက ကိုယ့်ကို ရိုက်ပေးတဲ့အထဲမှာ ဓာတ်ပုံ ပုံ ၁၀၀ စာလောက်မှာ သူက “မျိုး…ပြုံးပါ“ “နည်းနည်းလေး ပြုံးလိုက်ပါ“လို့ အမြဲပြောပါတယ်။ ဒါကိုကြည့်ရင် သူက ၀တ်ကျေတန်းကျေ ဓာတ်ပုံရိုက်တာ မဟုတ်ဘူး၊ ပုံတိုင်းကို သူ အကောင်းဆုံး အတတ်နိုင်ဆုံး ရိုက်ပေးနေတာ၊ အဲဒီမှာ သူ့ကို လေးစားသွားတာပါပဲ။

ကိုယ်ကတော့ “မင်းက သူ့ထက် ပိုလှပါတယ်“လို့ သူတွဲရိုက်တဲ့ ဖယောင်းရုပ်နဲ့ယှဉ်ပြီး နှစ်ခါလောက်ပြောတာကလွဲလို့ သူ့ကို ဓာတ်ပုံရိုက်တဲ့အခါ ကိုယ်ကချည်း ပြုံးနေခဲ့တာပါ။

ဘာဖြစ်လို့လဲဆိုတော့ သူက လှတယ်လေ။

ဒီလိုနဲ့ပဲ သူရယ် ကိုယ်ရယ် ကမ္ဘာကျော်တွေရယ် Madame Tussauds ထဲမှာ တစ်နာရီလောက် တွေ့ဆုံခဲ့ကြပါတော့တယ်။

၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်။ နံနက် ၁၀ နာရီခွဲ။